BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, March 30, 2013

Dream 50

အိပ်မက် ၅၀
အောင်ဒင်
(၁)
အိမ်အမိုးပေါ်မှာ… နှင်း
လမ်းမပေါ်မှာ …နှင်း
ပါတ်ဝန်းကျင်ကသစ်ပင်တွေပေါ်မှာ…နှင်း
ဖြူသောနှင်းတို့၊ ဟင်းလင်းပြင်မှ
ပြိုဆင်းကျသက်၊ ဒီမနက်မှာ… ၊

အလင်္ကာကို၊ ရင်မှာကြိုးတုပ်
ကကြိုးရုပ်တစ္ဆေ
"ချစ်သူရေ"… လို့
ဆို့နင့်ကြေကွဲ၊ မခေါ်ရဲခက်
ဖော်ကွဲလက်နဲ့၊ သက်မဲ့နာရီ
ရာသီတံခါး၊ သော့ခတ်ထားရဲ့
အနှစ်ငါးဆယ် ပြည့်ခဲ့ပြီ… ၊

ဆုလာဒ်လေလား၊ ကျိန်စာလား
ကြည်နူးဖို့ရောက်ခဲ့တာလား
ကြေကွဲဖို့လူဖြစ်လာသလား
နားခိုရာထက်၊ ရှက်သောနှင်းဆီ
ပန်းပလီလား၊ နွမ်းမည်လားကွယ်
မုသားစောင်းကြိုး၊ နှိုးခတ်ပူဇော်
ကြွေသော်ခဏ၊ နေပျော်ကြခဲ့
“မာန” မည်သော၊ “လောက”ကဗျာ
ကာလမရွေး၊ သီကြွေးနိုင်စေ… ၊

(၂)
အံ့ဩမိရဲ့
ဒီ ဖရိုဖရဲ ကိုယ်ခန္ဓာကြီး
အလွမ်းတွေ မနိုင်ရင်ကာဖိဆီးလို့
ဒီလောက်ထိ အသက်ရှင်သန်ခဲ့ပုံ…၊

လူ့သမိုင်းရဲ့
အကောင်းအဆိုးအနှစ်ငါးဆယ်
ရခဲ့သမျှကို တွယ်ဖက်တပ်မက်
အဖော်မဲ့မဲ့ ဖြတ်သန်းနိုင်ခဲ့ပုံ…၊

တစ်ကိုယ်ထဲ
ဆိုခဲ့တဲ့သီချင်း
ရေးခဲ့တဲ့ကဗျာ
ငိုငြီးခဲ့တဲ့စကား
နှလုံးသားမှာ၊ ခိုင်မာထုဆစ်
အိပ်မက်တွေ အမြဲအသစ်ဖြစ်ခဲ့ပုံ…၊

ချစ်ခင်သူနည်းနည်းကို
ပိုပြီးတန်ဘိုးထားတတ်
မုန်းသူနဲ့ မုန်းကြသူတွေကို
ဥပေက္ခာပြု ရှောင်ကျဉ်တတ်
ဘာမှမမြဲဘူးဆိုတဲ့ အနိစ္စတရားကို
ထပ်ခါထပ်ခါ သင်ကြားနာကျင်ခဲ့ရပုံ…၊

ကိုယ့်သမိုင်းကိုယ်ရေးနေတာပါ
ဘဝစာမျက်နှာဆိုတာ
မလှပရင်တောင်မှ
ဖျက်ပစ်ဖို့၊ ပြင်ပစ်ဖို့မလို
လက်ရေးလှလှနဲ့အစားထိုးဖို့မလို
ကိုယ့်အရှိတရားနဲ့ကိုယ်ရပ်တည်ရဲခဲ့ပုံ… ၊ 

(၃)
သီချင်းတွေက ညလေကိုခိုစီး
ဝမ်းနည်းစကားကို ဆွေးဆွေးမြေ့မြေ့ဆိုညီးနေကြ
"အစဉ်အလာကို ရိုသေတတ်ရင်
အဆုံးအမကို နာခံတတ်ရင်
လျှောက်တဲ့လမ်းမှာ ရွှံ့မစင်နိုင်ဘူး"… တဲ့
ဦးခေါင်းတစ်ချို့ရဲ့ ညွတ်ခြင်းပုံပြင်
ရာဇဝင်အိုရဲ့ ဂီတ
သွေးကြောထဲက မာနကိုထိပါးနေသပ…၊

ကိုယ်ခန္ဓာကို
အတတ်နိုင်ဆုံး ဟန်ချက်ညီအောင်ထိန်းလို့
နာရီလက်တံပေါ်မှာ လမ်းလျှောက်ထွက်ခဲ့
လူတစ်စုပိုင်တဲ့ ဆည်းဆာမှာ
အရှိန်အဝါ၊ အာဏာနဲ့ အရောင်အသွေးတို့တောက်ပ
ငါ့မှာတော့ ဘဝသီချင်းကို ဆားမပါပဲနဲ့သောက်ရ
ခပ်နွမ်းနွမ်းကောင်းကင်ကြီးအောက်မှာ
ရွက်ခြောက်ကြွေသံကအစ
ဆူညံခါးသီးလှပါပေါ.့..၊

ခွင့်လွှတ်လိုက်ကြ
တစ်ဆယ့်ရှစ်ရာစုအသွေးအသားနဲ့ လူတွေ
ဆံပင်ဖြူဖြူကို တစ်ချောင်းချင်းရေတွက်
မျက်ဖြေလင်္ကာကို အသက်ရှည်ဆေးလိုချစ်မက်
နောက်တစ်နေ့မနက်မှာ မျက်နှာသစ်မယ်တဲ့
ထမင်းသိုးတစ်ထုပ်လို စွန့်ပစ်ခဲ့ကြ
ရင်ခုန်သံအဟောင်းနဲ့အတူ ကနေပါစေ... ၊

ရဲရဲကြီးချဉ်းကပ်လာတဲ့
ဘဝတစ်ခုရဲ့ နောက်ဆုံးနှစ်များမှာ
အားလုံးကိုပေးဆက်
ချစ်သူ့ရဲ့လက်များ
ခစားဖက်ပွေ့၊ မနေ့တစ်နေ့ကလို
ကြိုတင်မျှော်လင့်ခြင်း
ယုံကြည်ရင့်ကြက်ခြင်း
ဟင်းလင်းပြင်မှ၊ ဘဝတံခါး
ညများရှည်ကြာဦးတော့မယ်… ၊

(၄)
အချစ်တွေဆုံးသွားမှာကို စိုးလွန်းလို့
အချစ်ဆုံးလို့တောင်မခေါ်ရက်ပါဘူးကွယ်…လို့
ပထမဆုံးချစ်သူကို ချွဲခဲ့ဘူး
နောက်တစ်ယောက်ကိုလဲ ပြောခဲ့ဖူး
အခုတော့လဲ
နောက်ဆုံးချစ်သူကိုပဲ ရဲရဲချစ်ချင်ပါတော့တယ်… ၊

အဝေးကောင်းကင်မှာ
အုပ်ဖွဲ့ပျံသန်းလာတဲ့ ငှက်တွေ
ငါ့အပေါ် အလွမ်းတွေကြဲချ… ၊

အချစ်ရေ
တို့အတူနေကြပါစို့
ညနေခင်းတစ်ချို့မှာ တေးသံကလေးတွေသာတုံး
အချိန်အခါတံတိုင်းရဲ့နောက်မှာ အမုန်းအိပ်ပျော်နေရဲ့
ရူးသွပ်တဲ့ ပန်းများရဲ့ရာဇဝင်
မှိုင်းမှိုင်းညို့ညို့သွေးပျက်ရင်ပြင်
တို့…ကောင်းကင်ကြီးက စိတ်မချရဘူးမဟုတ်လား …၊။

အောင်ဒင်
မတ် ၃၀၊ ၂၀၁၃

(မိမိ၏ ၂၀၁၃ခုနှစ်၊မတ်လ ၈ရက်နေ့တွင်ကျရောက်သော အနှစ် ၅၀ပြည့်မွေးနေ့သို့)

1 comments:

နှင်းခါးမိုး said...

အနှစ် ၅၀ တဲ့။ အခုတော့ ကိန်းဂဏန်းလေးတခုမျှသာ။ တကယ်လည်း ဒီထက်မပိုခဲ့ပါဘူးလေ။ (ကျနော့်အတွက်ပြောတာပါ)။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပျော်ရွှင်ပါစေဗျာ။ ချစ်ခင်သူတွေကို အရင်ကထက် ပိုတန်ဘိုးထားမိသလို ပိုလို့လည်း သတိရနေမိပါတယ်။