BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, August 10, 2013

Burma's Parliament Watch Part 31

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၆၊ ဩဂုတ်လ ၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၁) လွှတ်တော် နှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း (က)

နိုင်ငံတစ်ခုရဲ့ အနာဂတ်အတွက် တန်ဖိုးအကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှုဟာ ကလေးသူငယ်တွေ၊ လူငယ်တွေဖြစ် တယ်ဆိုရင် မှားမယ်မထင်ပါ၊ အဲဒီကလေးသူငယ်တွေ၊ လူငယ်တွေကို ငယ်ငယ်ကလေးထဲက မှန်မှန်ကန်ကန်ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်နိုင်မယ်ဆိုရင် သူတို့လေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ ပညာရေးအခြေခံကောင်းကောင်း၊ ယဉ်ကျေးမှု ကြည်ကြည်လင်လင်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရဲ့ အားကောင်းမောင်းသန်အင်အားစုကြီးဖြစ်လာပြီး သူတို့ရဲ့ နိုင်ငံကို လှပတဲ့ အနာဂတ်ဆီ ဦးဆောင်မောင်းနှင်ကြမှာပါ၊ ဒါပေမည့်လည်း ကလေးတွေရဲ့ ဘဝကို မှန်မှန်ကန်ကန်ရှင်သန်ခွင့်မပေးလို့၊ အကြောက်တရားတွေနဲ့ သိမ်ငယ်အောင်ဖန်တီးခဲ့ကြလို့၊ မကောင်းတဲ့အကျင့်စရိုက်တွေကို သင်ကြားပေးခဲ့ကြလို့၊ လွဲမှားတဲ့အတွေးအခေါ်တွေ ခေါင်းထဲရိုက်သွင်းပေးခဲ့ကြလို့၊ ကလေးတွေရဲ့ ဘဝတွေ ငယ်ငယ်ရွယ်ရွယ်မှာတင် သင်းသတ်ခံခဲ့ရပြီး အမှားများစွာနဲ့ ယဉ်ပါးအသားကျနေတဲ့ လူငယ်များဖြစ်လာကြတဲ့အခါ နိုင်ငံရဲ့ အနာဂတ်ဟာ အဆိုးဘက်ကို ဦးတည်ရောက်ရှိသွားပါလိမ့်မယ်၊

ဒီလို ကလေးတွေကို မှန်မှန်ကန်ကန်ရှင်သန်ကြီးထွားစေဖို့အတွက် လက်ဦးဆရာဖြစ်တဲ့ မိဘ၊ ဆရာသမားတွေက အဓိကကျသလို လူ့အဖွဲ့အစည်းမှာလည်း ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု၊ အကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်၊ မိဘနဲ့ ဆရာသမားတွေက ကလေးတွေကို အိမ်နဲ့ ကျောင်းမှာ ထိန်းကျောင်းပြုစုသင်ကြားကြသလို အိမ်ထက်ကျယ်ပြန့်တဲ့၊ ကျောင်းထက်ကျယ်ပြန့်တဲ့ လူ့ပါတ်ဝန်းကျင်ကြီးထဲမှာတော့ နိုင်ငံတော်ကိုယ်တိုင်က သင့်တင့်လျောက်ပါတ်တဲ့ ဥပဒေတွေ၊ စည်းကမ်းတွေချမှတ်ပြီး ဒီကလေးတွေ အမှားမလုပ်မိအောင် ထိန်းကျောင်းရမှာပါ၊ လူကြီးတွေက ကလေးတွေကို မစော်ကားအနိုင်မကျင့်နိုင်အောင် အကာအကွယ်ပေးရမှာပါ၊ အဲဒီလို သင့်တင့်လျောက်ပါတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အားနည်းနေလို့ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဆေးလိပ်သောက်တတ်ကြ၊ အရက်သောက်ကြ၊ လိင်ဆက်ဆံကြ၊ အိမ်ထောင်ပြုကြ၊ ကလေးအလုပ်သမားဖြစ်ကြ၊ လူကုန်ကူးခံ၊ ရောင်းစားခံရ၊ လူကြီးတွေရဲ့အနိုင်ကျင့်ခံရနဲ့ ဘဝနုနုကလေးတွေ လန်းဆန်းခွင့်မရရှာပဲ နစ်မွန်းနေကြတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ ပြည်ထောင်စုလွှတ်တော်မှာလည်း တာဝန်ရှိနေပါတယ်၊

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်နဲ့ လူငယ်၊

ပထမဆုံး စဉ်းစားရမှာက ဘယ်အသက်အရွယ်အထိကို ကလေးလို့ သတ်မှတ်ပြီး ဘယ်အသက်အရွယ်ကစလို့ လူကြီးဖြစ်ပြီ သတ်မှတ်ကြမလဲ ဆိုတာပါ၊ နိုင်ငံတကာ စံချိန်စံညွှန်းများအရ အသက် ၁၈နှစ်ကစလို့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူများကို ကလေး (Minor) လို့ သတ်မှတ်ကြပါတယ်၊ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ၊ ရွေးကောက်တင်မြှောက်ခြင်းအခန်း၊ ပုဒ်မ ၃၉၁၊ ပုဒ်မခွဲ (က) မှာ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈နှစ်ပြည့်သူများကိုသာ ဆန္ဒမဲပေးခွင့် ပြု သည်လို့ ပြဋ္ဌန်းထားတဲ့အတွက် အသက် ၁၈နှစ်မပြည့်သေးသူများဟာ ကလေးသူငယ်များဖြစ်ကြပါတယ်၊ 

လက်ရှိတည်ဆဲဥပဒေတစ်ခုဖြစ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) က ၁၉၉၃ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြဋ္ဌန်းခဲ့တဲ့ “ကလေးသူငယ်ဥပဒေ” ရဲ့ ပုဒ်မ ၂ (က) မှာ "ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆နှစ် မပြည့်သူကို ဆိုသည်၊"၊ ပုဒ်မ ၂ (ခ) မှာ "လူငယ်ဆိုသည်မှာ အသက် ၁၆နှစ်ပြည့်ပြီး အသက် ၁၈နှစ်မပြည့်သေးသောသူကို ဆိုသည်" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ ဒါကြောင့်မို့ အသက် ၁၈နှစ် မပြည့်သေးသူများအားလုံးကို ကလေးသူငယ်များ အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့ အထူး လိုအပ်ပါတယ်၊

ကလေးသူငယ်များကို လွတ်လပ်စင်ကြယ်စွာ ရှင်သန်ဖွံ့ဖြိုးအောင် မသင်မနေရ အခြေခံပညာရေးမူဝါဒနဲ့ သင်ကြားပို့ချဖို့လိုအပ်သလို တစ်ဘက်မှာလည်း ဆေးလိပ်၊ အရက်စတဲ့ မူးယစ်ဆေးဝါးများရဲ့ ဘေးအန္တရာယ်ကို ရှောင်ကျဉ်ဖို့၊ အချိန်မတန်ခင် လိင်ကိစ္စကို စိတ်မဝင်စားဖို့၊ မသမာသူများရဲ့ လှည့်ဖျားအသုံးချခြင်းမခံရဖို့၊ အဆုံးအဖြတ်တွေမမှားကြအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်လှပါတယ်၊ တစ်ချိန်တည်းမှာပဲ ကလေးသူငယ်များကို လမ်းမှားရောက်အောင် ချောက်တွန်းဖျက်ဆီးတတ်တဲ့၊ ကလေးသူငယ်များကို မိမိတို့ အကျိုးစီးပွါးအတွက် အသုံးချစတေးပစ်ကြတဲ့ မသမာသူလူကြီးများကိုလည်း ပြင်းပြင်းထန်ထန်အရေးယူအပြစ်ပေးသင့်ပါတယ်၊

ဆေးလိပ်သောက်ခြင်း၊ ဝယ်ခြင်းနှင့် ပါတ်သက်သော အသက်ကန့်သတ်ချက်

ဆေးလိပ်၊ စီးကရက် ဆိုတာ ကလေးတွေရဲ့ ဖြူစင်တဲ့ နှလုံးသားတွေ၊ ဘဝတွေကို စွန်းထင်းပေကြံစေတဲ့ အဆိပ် မီးခိုးတွေဖြစ်ပါတယ်၊ ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးကြီးတွေကို ဖြစ်စေတဲ့ ဆေးလိပ်တွေ၊ စီးကရက်တွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ လမ်းထောင့်က စတိုးဆိုင်ကလေးများကအစ လမ်းမကြီးတွေပေါ်က ဆူပါမတ်ကက်ကြီးများအထိ နေရာတိုင်းမှာ အလွယ်တကူ၊ ပေါပေါများများဝယ်ယူရရှိနိုင်တဲ့ ပစ္စည်းတွေပါ၊ မည်သူမဆိုဝယ်ယူနိုင်သည်ဆိုတဲ့အတိုင်း မိဘကခိုင်းလို့ဖြစ်စေ၊ လူကြီးတစ်ချို့ကခိုင်းလို့ဖြစ်စေ ၊ သူတို့ကိုယ်တိုင် ဖွာရှိုက်ဖို့ဖြစ်စေ အရွယ်မရောက်သေးတဲ့ ကလေးများက ဆေးလိပ်၊ စီးကရက်လာဝယ်ရင်လည်း အရောင်းစာရေးက အလွယ်တကူရောင်းပေးလိုက်တာပါပဲ၊

ကျနော်တို့နိုင်ငံက ကလေးသူငယ်တွေဟာ ဆေးလိပ်နဲ့ ငယ်ငယ်ကလေးကတည်းက ယဉ်ပါးကြရသူတွေ များပါတယ်၊ အိမ်မှာ မိဘက ဆေးလိပ်သောက်မယ်၊ ကျောင်းမှာ ဆရာ၊ ဆရာမက ဆေးလိပ်သောက်မယ်၊ ရပ်ကွက်ထဲမှာ လူကြီးများက ဆေးလိပ်သောက်မယ်၊ တီဗွီကြည့်တဲ့အခါ ဇာတ်လမ်းထဲက မင်းသားက စီးကရက်သောက်မယ်၊ လမ်းသွားတဲ့အခါ လမ်းဘေးက ကြော်ညာဆိုင်းဘုတ်ကြီးတွေမှာ ကြော်ငြာသရုပ်ဆောင်က ဆေးလိပ်သောက်ပြမယ်၊ ဒီလိုနဲ့ ဆေးလိပ်ဆိုတာကို သူတို့ဘဝမှာ နေ့တဓူဝမြင်ဘူးနေကြတာပါ၊ နည်းနည်းလေးကြီးလာ၊ အသက် ၇နှစ် ၈နှစ်လောက်ရောက်လို့  ပိုက်ဆံကိုင်တတ်၊ ဈေးဝယ်တတ်တဲ့အချိန်ရောက်တော့ မိဘတွေ၊ လူကြီးတွေက ကလေးတွေကို ပိုက်ဆံပေးပြီး လမ်းထိပ်က ကုန်စုံဆိုင်မှာ ဆေးလိပ်ဝယ်ခိုင်းတတ်ကြ၊ ကလေးတစ်ယောက်အဖို့ သူဒီလို ရင်းနှီးခဲ့ရတဲ့ ဆေးလိပ်ကို သူကိုယ်တိုင် ဖွာချင်စိတ်ပေါက်လာတာ သိပ်မဆန်းလှပါဘူး၊ သူ့ပါတ်ဝန်းကျင်က သူ့ကို သင်ပေးလိုက်တာပါ၊ အဲဒီ ကလေးတွေရဲ့ ပါတ်ဝန်းကျင်မှာလည်း ဆေးလိပ်မီးခိုးတွေ ထောင်းထောင်းထအောင် သောက်နေတဲ့ လူကြီးတွေ၊ သူတို့ကို ပိုက်ဆံပေးပြီး ဆေးလိပ်သွားဝယ်ခိုင်းတဲ့ လူကြီးတွေ၊ သူတို့ဆေးလိပ်လာဝယ်တာကို အလွယ်တကူရောင်းချပေးတဲ့ ဈေးရောင်းသူတွေ၊ သူတို့ဆေးလိပ်စမ်းသောက်တာကို မြှောက်ပေးနေတဲ့ လူကြီးတွေနဲ့ သူတို့ဖြစ်ပျက်နေသမျှကို မသိချင်ယောင်ဆောင်နေတဲ့ လူကြီးတွေ၊ ဒီလိုနဲ့ ငယ်ငယ်ရွယ်ရွယ်ကလေးဘဝမှာပဲ သူတို့လေးတွေရဲ့ ဖြူစင်တဲ့ နှလုံးသားတွေ အဆိပ်သင့်ခဲ့ကြပါတယ်၊

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တိုင်းမှာ ဆေးလိပ်ရောင်းချမှုနဲ့ပါတ်သက်ပြီး အသက်ကန့်သတ်တဲ့ ဥပဒေပြဋ္ဌန်းထားပါတယ်၊ ပြည်နယ် ၅၀ ထဲက ၄၆ ပြည်နယ်မှာ အသက် ၁၈နှစ်ပြည့်ပြီးသူကိုသာ ဆေးလိပ် ရောင်းချခွင့်ရှိပြီး အလာဘားမား၊ အလက်စကား၊ နယူးဂျာစီ နဲ့ ယူတား ပြည်နယ်တွေမှာတော့ အသက် ၁၉ နှစ်ပြည့်ပြီးသူကိုသာ ဆေးလိပ် ရောင်းချခွင့်ပြုပါတယ်၊ ဈေးဆိုင်များဟာ ဆေးလိပ်အပါအဝင် ဆေးလိပ်နဲ့ပါတ်သက်တဲ့ပစ္စည်းတွေ (ဓာတ်ငွေ့မီးခြစ်က အစ) ကို အသက် ၁၈ နှစ်အောက်ကလေးသူငယ်များကို ရောင်းချခွင့်မရှိပါ၊ ဆိုင်အရောင်းစာရေးက သူ့ဆီမှာ ဆေးလိပ်လာဝယ်သူကို အသက်ပြည့်တယ်လို့ မထင်ရင် မှတ်ပုံတင်တောင်းယူစစ်ဆေးခွင့်ရှိပြီး အသက်မပြည့်ရင် (၁၈နှစ် မပြည့်ရင်) ရောင်းချခွင့်မရှိပါ၊ တကယ်လို့ ၁၈ နှစ်အောက်ကလေးကို ဆေးလိပ်ရောင်းချတာကို ဖော်ထုတ်တွေ့ရှိရင် ဥပဒေအရ အဲဒီ ဈေးရောင်းသူကို ဒါဏ်ငွေချမှတ်အရေးယူပါတယ်၊ 


အမေရိကန်ပြည်ထောင်စုမှာ ဩဇာအာဏာကြီးမားတဲ့ အစားအသောက်နှင့် ဆေးဝါးများဆိုင်ရာအေဂျင်စီ (Food and Drug Agency/FDA) ဆိုတာရှိပါတယ်၊ အဲဒီ အေဂျင်စီက အေးဂျင့်တွေက ဆေးလိပ်အရောင်းဆိုင်တွေကို ရှောင်တခင် ဝင်စစ်တတ်ကြပါတယ်၊ သူတို့စစ်ဆေးပုံက အသက် ၁၈နှစ်အောက် ကလေးတစ်ယောက်ကို သင်ကြားပေးပြီး ဆေးလိပ်အရောင်းဆိုင်မှာ ဆေးလိပ်ဝယ်ခိုင်းပါတယ်၊ အဲဒီဆိုင်က အဲဒီကလေးကို မှတ်ပုံတင်မစစ်ပဲ၊ အသက်ပြည့်မပြည့်မစစ်ပဲ ဆေးလိပ်ရောင်းလိုက်တာနဲ့ အေဂျင်စီရဲ့ အေးဂျင့်တွေက ချက်ချင်းဆိုင်ထဲဝင်ရောက်ပြီး လက်ပူးလက်ကြပ်ဖမ်းဆီးအရေးယူပါတယ်၊ ဒါကြောင့် အမေရိကန်စတိုးဆိုင်တွေမှာ "၁၈နှစ်မပြည့်ရင် ဆေးလိပ်မရောင်း၊ မင်းရဲ့ မှတ်ပုံတင်ကဒ်ကို အသင့်ပြင်ထားပါ" (Under 18, No Tobacco; We Card, Please Have Your ID Ready) ဆိုတဲ့ အမှတ်အသားတွေကို ဆိုင်ဝမှာ ထင်ထင်ရှားရှားကတ်ထားပြီး ဘယ်သူပဲ ဆေးလိပ်ဝယ်ဝယ် အသက်အရွယ်မရွေး မှတ်ပုံတင်စစ်ပါတော့တယ်၊



ကျနော်တို့ အာရှတိုက်က အိမ်နီးချင်းတွေကို ကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံမှာ အသက် ၁၈ နှစ်အောက်ကို ဆေးလိပ်ရောင်းချတာဟာ ရာဇဝတ်မှုပါ၊ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အသက် ၁၉နှစ်မပြည့်သေးသူကို စီးကရက်ရောင်းချခွင့်မရှိပါ၊ ဖိလစ်ပိုင်နိုင်ငံမှာလည်း အသက် ၁၈နှစ်နဲ့အထက်ရှိသူများသာ ဆေးလိပ်နဲ့ ဆေးလိပ်နှင့်ပါတ်သက်သောပစ္စည်းများကို ဝယ်ယူခွင့်ရှိပါတယ်၊ မလေးရှားနိုင်ငံမှာလည်း အလားတူပါပဲ၊ ကမ္ဘာ့နိုင်ငံအများစုမှာ ကလေးသူငယ်များကို ဆေးလိပ်စတဲ့ မူးယစ်ဆေးဝါးများရဲ့ အန္တရာယ်မှ ကာကွယ်ဖို့ နိုင်ငံအလိုက် ဥပဒေတွေ ပြဋ္ဌန်းဆောင်ရွက်ကြပါတယ်၊ ကျနော်တို့နိုင်ငံမှာလည်း ကလေးတွေကို ဆေးလိပ်နဲ့ မယဉ်ပါးအောင်၊ ဆေးလိပ်အန္တရာယ်က ကာကွယ်နိုင်အောင် ဥပဒေပြု အရေးယူကြဖို့လိုပါပြီ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
ဇူလိုင်လ ၂၆၊ ၂၀၁၃
 


0 comments: