မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၆၀)
ကျောင်းသားအခွင့်အရေးကို မျက်ကွယ်ပြုတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်း (၁)
၂၀၁၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မီတီက
"အမျိုးသားပညာရေးဥပဒေကြမ်း" ကို ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်၊ မတ်လ
(၁၄) ရက်နေ့မှာ အလားတူ "အမျိုးသားပညာရေးဥပဒေကြမ်း" နောက်တစ်ခုကို ပြည်ထောင်စုအစိုးရရဲ့
ပညာရေးဝန်ကြီးဋ္ဌာနက ပြည်သူ့လွှတ်တော်ကို တင်သွင်းပြန်ပါတယ်၊ ဒီ ဥပဒေကြမ်းနှစ်ခုကို တစ်ပေါင်းတည်း
ဆွေးနွေးသုံးသပ်ပြီး ပိုမိုကောင်းမွန်သောဥပဒေကြမ်းတစ်ခု ဖြစ်လာအောင် ပြင်ဆင်ရေးဆွဲဖို့
ပြည်သူ့လွှတ်တော်က မတ်လ (၁၄) ရက်နေ့မှာ ဆုံးဖြတ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မီတီကို
တာဝန်ပေးခဲ့ပါတယ်၊ ဥပဒေကြမ်းကော်မီတီက ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းစီစစ်ပြီး အတည်ပြုထားတဲ့
"အမျိုးသားပညာရေးဥပဒေကြမ်း" ကို မတ်လ (၂၀) ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို
တင်သွင်းပါတယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဥပဒေကြမ်းကော်မီတီက တင်သွင်းတဲ့
"အမျိုးသားပညာရေးဥပဒေကြမ်း" ကို လေ့လာပြီး ပြင်ဆင်ချက်တွေ တင်သွင်းဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို
တစ်ရက်ပဲ အချိန်ပေးပြီး မတ်လ (၂၁) ရက်နေ့မှာ "အမျိုးသားပညာရေးဥပဒေကြမ်း"
ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး ပြင်ဆင်ချက်များနဲ့ အတည်ပြုလိုက်ပါတယ်၊
ဒီဥပဒေကြမ်းကို "အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ရန်"
ဆိုပြီး အစိုးရသတင်းစာတွေမှာ မတ်လ (၁၇) ရက်နဲ့ မတ်လ (၁၈) ရက်တွေမှာ ဖော်ပြပါတယ်၊ သတင်းစာမှာ
ဖော်ပြတဲ့ ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မီတီက တင်သွင်းတဲ့ ဥပဒေကြမ်းလား၊
အစိုးရ ပညာရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ဥပဒေကြမ်းလား၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မီတီက
ဥပဒေကြမ်းနှစ်ခုစလုံးကို ပေါင်းစပ်စီစစ်ပြီး တင်သွင်းတဲ့ ဥပဒေကြမ်းလား ဆိုတာကို ရှင်းလင်းဖော်ပြမထားပါ၊
တစ်ခါ သတင်းစာမှာ အများပြည်သူသိခွင့်ရတဲ့ ဥပဒေကြမ်းပါ ပုဒ်မ နံပါတ်များနဲ့ မတ်လ (၂၁)
ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးကြတဲ့ ဥပဒေကြမ်းကော်မီတီက ပြင်ဆင်တင်ပြတဲ့
ဥပဒေကြမ်းပါပုဒ်မ နံပါတ်များဟာလည်း မတူညီကြပါ၊ ဒါပေမည့် သတင်းစာပါ ဥပဒေကြမ်းမှာရော၊
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာရော "ကျောင်းသားထုရဲ့ အခွင့်အရေးနဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး" များ လုံးဝမပါဝင်ပါ၊
ပြည်ထောင်စုအစိုးရရဲ့ ပညာရေးဝန်ကြီးဋ္ဌာနနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ကျောင်းသားထုရဲ့
အရေးကိစ္စများကို လှစ်လျူရှူနေကြောင်း ဝမ်းနည်းစိတ်ပျက်ဖွယ် အထင်အရှားတွေ့လိုက်ရပါတယ်၊
အခုတော့ ဒီ "အမျိုးသားပညာရေးဥပဒေကြမ်း" ဟာ အမျိုးသားလွှတ်တော်ရဲ့
လက်ထဲကို ရောက်ရှိသွားပါပြီ၊ အမျိုးသားလွှတ်တော်ကပါ ပြည်သူ့လွှတ်တော်က ပေးပို့လာတဲ့ ဥပဒေကြမ်းကို
ဒီအတိုင်း အတည်ပြုလိုက်ရင်ဖြင့် ကျောင်းသားထုရဲ့အခွင့်အရေးတွေကို မျက်ကွယ်ပြုထားတဲ့
"အမျိုးသားပညာရေးဥပဒေကြမ်း" ဟာ "ဥပဒေ" အဖြစ် အသက်ဝင်လာတော့မှာပါ၊
လွှတ်တော်အစည်းအဝေးများကို မေလကုန်ပိုင်းမှာ ပြန်လည်ကျင်းပမှာမို့ ကျောင်းသားသမဂ္ဂများနဲ့
ကျောင်းသားခေါင်းဆောင်ဟောင်းများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို
ချဉ်းကပ်ပြီး ပြည်သူ့လွှတ်တော်က မျက်ကွယ်ပြုခဲ့တဲ့ ကျောင်းသားထုအခွင့်အရေးပြဋ္ဌန်းချက်တွေကို
အမျိုးသားလွှတ်တော်က ထည့်သွင်းပေးနိုင်ရေး စည်းရုံးကြရမှာပါ၊ အမျိုးသားပညာရေးဥပဒေကြမ်းမှာ
ထည့်သွင်းဖို့ မဖြစ်မနေလိုအပ်တယ်လို့ ကျနော်ယုံကြည်တဲ့ ကျောင်းသားထုအခွင့်အရေးဆိုင်ရာ
ပြဋ္ဌန်းချက်များကို အောက်ပါအတိုင်း အကြံပြုချင်ပါတယ်၊ ဒီလိုအကြံပြုရာမှာ သတင်းစာပါ ဥပဒေကြမ်းရဲ့
အခန်းကဏ္ဏများအလိုက်သာ ဖြစ်ပြီး ပုဒ်မနံပါတ်များမထည့်နိုင်ပါ၊
#
အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
ဒီအခန်းမှာ အဓိပ္ပာယ်ဖော်ပြချက်ပေါင်း (၂၈) ခုနဲ့
"ပညာရေး၊ အမျိုးသားပညာရေး၊ ကျောင်းပညာရေး" စတဲ့ ဥပဒေကြမ်းပါ စကားလုံးများကို
အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ လုံးဝထည့်သွင်းမထားတာက "ကျောင်းသားထုအခွင့်အရေး၊ ကျောင်းသားသမဂ္ဂ"
ဆိုတဲ့ စကားလုံးများဖြစ်ပါတယ်၊ ဥပဒေကြမ်းတစ်ခုလုံးမှာ "ကျောင်းသားထုအခွင့်အရေး
နဲ့ ကျောင်းသားသမဂ္ဂ" တွေ ထည့်သွင်းရေးဆွဲထားခြင်းမရှိတဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုရန်
မလိုအပ်လို့ဖြစ်ပါလိမ့်မယ်၊ ဒါပေမည့် "ကျောင်းသားထုအခွင့်အရေး၊
နဲ့ ကျောင်းသားသမဂ္ဂ" ဆိုတာ အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းပြဋ္ဌန်းရမည့် အချက်များဖြစ်တာမို့
ယင်းစကားလုံးများကို အခန်း (၁) မှာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်၊
ခေတ်နဲ့အညီ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေတဲ့
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်သစ်ဟာ "ကျောင်းသား ဗဟိုပြုပညာရေးစနစ်" ဖြစ်ရမှာပါ၊
အရင် အာဏာရှင်ခေတ်ဟောင်းကလို "ဆရာဗဟိုပြုပညာရေးစနစ်" မဖြစ်သင့်တော့ပါ၊ "ကျောင်းသား ဗဟိုပြုပညာရေးစနစ်" ဖြစ်ဖို့အတွက်
ကျောင်းသားထုအခွင့်အရေးများနဲ့ ကျောင်းသားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုရေးတွေဟာ
မရှိမဖြစ်လိုအပ်ချက်တွေပါ၊ ဒီလိုအပ်ချက်ကို ဖြည့်ဆီးနိုင်ဖို့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်က မတ်လ (၂၁) ရက်နေ့အစည်းအဝေးမှာ ကြိုးစားခဲ့ပါတယ်၊ ဦးသိန်းညွန့်က အခန်း
(၁) မှာ "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထည့်သွင်းဖို့
ပြင်ဆင်ချက်တစ်ရပ် တင်ပြခဲ့ပါတယ်၊ ပညာရေးဝန်ကြီးဋ္ဌာနကိုယ်စားလှယ် ဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က
သဘောမတူပါ၊ ဥပဒေကြမ်းကော်မီတီကလည်း သဘောမတူပါ၊ ဦးသိန်းညွန့်ရဲ့ တောင်းဆိုချက်အရ လွှတ်တော်ဥက္ကဋ္ဌက
မဲခွဲတဲ့အခါ ဦးသိန်းညွန့်အဆိုကို ထောက်ခံသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၂) ဦးပဲရှိလို့
အဆို အရေးနိမ့်ခဲ့ပါတယ်၊
အခန်း (၁) မှာပဲ "ကျောင်းသားဗဟိုပြုချဉ်းကပ်နည်း"
ဆိုတာကို "သင်ယူသူများ သင်ယူမှုဖြစ်ထွန်းစေရန် ဆရာများက ထိရောက်သောနည်းလမ်းများကိုအသုံးပြု၍
နှစ်လိုဖွယ်ရာ ဆရာ၊ ကျောင်းသားဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်ပေးသော သင်ကြား၊ သင်ယူမှုဖြစ်စဉ်"
လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်၊ လုံလောက်တယ်လို့ မထင်ပါ၊" ကျောင်းသားဗဟိုပြုချဉ်းကပ်နည်း"
ဆိုတာ လက်ရှိကျင့်သုံးနေတဲ့ ဆရာဖတ်ပြသမျှကို "၏၊ သည်" မရွေး အလွတ်ကျက်၊ ကျက်ထားတဲ့အတိုင်း
အတိအကျဖြေမှ စာမေးပွဲအောင်ရတဲ့ စနစ်မျိုးကို ကျောခိုင်းပြီး (က) ကျောင်းသားရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးဖို့၊ (ခ) ကျောင်းသားတွေရဲ့
တီထွင်ဖန်တီးလိုစိတ်ကို နှိုးဆွပေးဖို့၊ (ဂ) ကျောင်းသားတွေရဲ့ ဦးဏှောက်ကို အလွတ်ကျက်ထားရတဲ့
စာတွေနဲ့ ပြည့်နှက်မနေစေပဲ လွတ်လပ်စွာ ရင့်ကျက်စေဖို့၊ (ဃ) စာသင်ခန်းဆိုတာကို ကျောင်းသားတွေ
သူတို့ကိုယ်ပိုင်ဆန္ဒနဲ့ ပျော်ရွှင်စွာလာရောက်သင်ကြားချင်တဲ့ စိတ်တွေရှိအောင် ဖန်တီးဖို့၊
(င) အကြောက်တရားတွေကင်းစင်ပြီး ကျောင်းသားနဲ့ ဆရာ အပြန်အလှန်လေးစားမှုရှိဖို့ စတဲ့အချက်တွေနဲ့
ပြည့်စုံရမှာပါ၊ လက်ရှိဥပဒေကြမ်းပါ ဖွင့်ဆိုချက်က မပြည့်စုံ၊ မတိကျလို့ ပြန်လည်ပြင်ဆင်သင့်ပါတယ်၊
#
အခန်း (၂) ရည်မှန်းချက်များ
ဒီအခန်းမှာ ရည်မှန်းချက်ပေါင်း (၁၁) ချက် ပြဋ္ဌန်းထားပါတယ်၊
မဆလအစိုးရနဲ့ စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ ဝါဒဖြန့်ချီရေးကြွေးကြော်သံတွေကို စုပေါင်းထည့်သွင်းထားသလိုပါပဲ၊
လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးများနဲ့ လူအများကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များဖြင့်
တိုင်းပြည်ကို တည်ဆောက်မောင်းနှင်တဲ့ ဒီမိုကရေစီစနစ်အတွက် အင်မတန်အရေးကြီးတဲ့ အောက်ပါပြဋ္ဌန်းချက်ကို
ရည်မှန်းချက်တစ်ခုအဖြစ် ထည့်သွင်းပြင်ဆင်သင့်ပါတယ်၊
"ကျောင်းသားများအနေဖြင့်
လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို နားလည်သိရှိရန်နှင့် စနစ်တကျ ကျင့်သုံးတတ်စေရန်၊
မိမိ၏အခွင့်အရေးများကို လွတ်လပ်စွာကျင့်သုံးရင်း အခြားသူများ၏ အခွင့်အရေးများကိုလည်း
အသိအမှတ်ပြု လေးစားမှုရှိရန်၊"
#
အခန်း (၃) ပညာရေးအခြေခံမူများ
ဒီအခန်းမှာ ပညာရေးအခြေခံမူပေါင်း (၁၇) ချက် ပြဋ္ဌန်းထားပါတယ်၊
ကျောင်းသားသမဂ္ဂများရဲ့ အလံ လေးလက်ထဲက အလံနှစ်လက်ဖြစ်တဲ့ "ဒီမိုကရေစီပညာရေးနဲ့
ကျောင်းသားအခွင့်အရေး" များကို အာမခံတဲ့ အခြေခံမူများ မပါရှိပါ၊ ဒါကြောင့်မို့
အောက်ပါ ပြင်ဆင်ချက်ကို အခြေခံမူတစ်ရပ်အဖြစ် ထည့်သွင်းသင့်ပါတယ်၊ "ကျောင်းသားများ၏ အခွင့်အရေးကို အကာအကွယ်ပေးသည့်
ဒီမိုကရေစီပညာရေးဖြစ်ခြင်း၊"
#
အခန်း (၅) အခြေခံပညာကဏ္ဏ
အခြေခံပညာကဏ္ဏမှာ ပုဒ်မပေါင်း (၁၉) ခုပါဝင်ပါတယ်၊ ကျောင်းသားများရဲ့
အခွင့်အရေးကို အကာအကွယ်ပေးမည့် ပြဋ္ဌန်းချက်များ လုံးဝမပါဝင်ပါ၊
ကျနော်တို့ အခြေခံပညာကျောင်းတက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်
(၄၀) ကျော်ကနေ ဒီကနေ့အထိ အခြေခံပညာကျောင်းတွေမှာ အပြောင်းအလဲမရှိတဲ့အရာကတော့ ရက်စက်ကြမ်းကြုတ်တဲ့၊
ကျောင်းသားတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညိုးနွမ်းနစ်နာစေတဲ့ အပြစ်ပေးစနစ်ပါ၊
မြန်မာနိုင်ငံရဲ့ ခေတ်မမီ၊ ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေအရ မိဘနဲ့ ဆရာတွေမှာ သား၊ သမီး
နဲ့ ကျောင်းသားကို ရိုက်နှက်ခွင့်၊ အပြစ်ပေးခွင့်ရှိတယ်လို့ ယူဆနေကြဆဲပါ၊ မိဘတွေက သားသမီးကို
အိမ်မှာလည်း ရိုက်နှက်ဆုံးမတဲ့အပြင် ကျောင်းသွားအပ်တဲ့အခါမှာလည်း ဆရာကို "ကြိုက်သလို
ရိုက်၊ မကျိုးမပဲ့ မကန်းရင်ပြီးရော" ဆိုပြီး ရက်ရက်ရောရော ခွင့်ပြုကြပါတယ်၊ ဆရာတွေကလည်း
ရိုက်နှက်ဆုံးမရတာကို ဆရာ့ဝတ္တရားလို့ နားလည်လက်ခံထားကြပါတယ်၊ ကြိမ်လုံးကို အရွယ်အစားမျိုးစုံ
စုဆောင်းထားပြီး ကြိမ်တစ်လုံးပြီး တစ်လုံးကျိုးတဲ့အထိ ရိုက်ရတာကို ကျေနပ်နှစ်သိမ့်တဲ့
ဆရာ၊ ရိုးရိုးကြိမ်လုံးနဲ့တင် အားမရပဲ ကြိမ်လုံးကို ရေစိမ်လို့၊ သားရေဂွင်းပါတ်လို့
ရိုက်ရမှ ကျေနပ်တဲ့ဆရာတွေ အများကြီး ရှိကြပါတယ်၊ ရိုက်ပုံကလည်း အပြစ်ရှိတယ်ဆိုတဲ့ ကျောင်းသားကို
အတန်းရှေ့ကို ထွက်စေပြီး ကျောင်းသားအများရှေ့မှာ လုံချည်လှန်လို့ ခြေသလုံးကို ရိုက်တာ၊
တင်ပါးကိုရိုက်တာ၊ လက်ဖဝါးဖြန့် ဆန့်တန်းခိုင်းပြီး လက်ဖဝါးကို ရိုက်တာ စသည်ဖြင့် ရက်စက်လှပါတယ်၊
ဒီကြိမ်လုံးဒဏ်ရာတွေက ကျောင်းသားရဲ့ ခြေသလုံး၊ တင်ပါး၊ လက်ဖဝါးတွေမှာအပြင် ငယ်ရွယ်နုနယ်တဲ့
နှလုံးသားမှာပါ ဒဏ်ရာထင်ကျန်ရစ်ခဲ့တာပါ၊
အချို့ဆရာတွေကြတော့ ရိုက်တာထက် အရှက်ခွဲတဲ့ နည်းကို သုံးပြီး
အပြစ်ပေးကြပါတယ်၊ စာသင်ခန်းထဲမှာပဲ ခုံပေါ်တက်ပြီး အချိန်အတော်ကြာ မတ်တပ်ရပ်ခိုင်းတာ၊
ကျောင်းအပြင်က ဟင်းလင်းပြင်မှာ နေပူလှန်းတာ၊ ဇီးစေ့ကို ဒူးအောက်မှာထားပြီး ဒူးထောက်နေခိုင်းတာ၊
အဲဒီလိုလည်း ရက်စက်တတ်ကြပါတယ်၊ အချို့ဆရာတွေကြတော့ ကိုယ်တိုင်ရိုက်ရတာကြာတော့ ပင်ပန်းလွန်းလို့
ကိုယ်တိုင်မရိုက်တော့ပဲ အပြစ်ရှိတဲ့ ကျောင်းသားချင်း အပြန်အလှန်ရိုက်ခိုင်းတာမျိုး
အပျင်းဖြေတတ်ကြပါသေးတယ်၊ ပါးစပ်နဲ့ အော်ဟစ်ကြိမ်းမောင်းတာကတော့ အသေးအဖွဲဖြစ်ပါတယ်၊
စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းမှာ ကျနော်တို့ ရိုက်နှိုက်ညှင်းပန်းခံရတော့ ထောက်လှမ်းရေးတွေရဲ့
နှိပ်စက်နည်းတွေနဲ့ အခြေခံပညာကျောင်းက ဆရာတွေရဲ့ နှိပ်စက်နည်းတွေဟာ အတော်ဆင်တူတာ တွေ့ရပါတယ်၊
အခြေခံပညာ အလယ်တန်း၊ အထက်တန်းလောက်မှာတော့ ရိုက်နှက်ပြစ်ဒဏ်ပေးတာအပြင် ငယ်ရွယ်လှပတဲ့
ကျောင်းသူကလေးတွေကို ကိုယ်ထိလက်ရောက်စော်ကားတဲ့၊ စော်ကားဖို့ကြံစည်ဖျားယောင်းတဲ့ ဆရာတွေလည်း
ရှိလာပါတယ်၊
အခြေခံပညာကျောင်းသား ဘဝမှာ ဆရာတွေပေးခဲ့တဲ့ ပြစ်ဒဏ်က ကျောင်းမှာတင်
မကျန်ရစ်ခဲ့ပဲ ဘဝတစ်လျှောက်လုံး တွယ်ကပ်ပါလာခဲ့ပါတယ်၊ နှလုံးသားမှာ ထင်ကျန်ရစ်ခဲ့တဲ့
ဒဏ်ရာတွေကြောင့် လူတောမတိုးရဲတဲ့ဘဝမျိုး၊ သိမ်ငယ်လွန်းတဲ့ ဘဝမျိုး၊ ကိုယ့်ကိုယ်ကို
မယုံကြည်ရဲတော့တဲ့ ဘဝမျိုးနဲ့ ဒီကျောင်းသားရဲ့ အနာဂတ်လမ်းခရီးဟာ မဖြောင့်တန်းတော့ပါ၊
ဒါကြောင့်မို့ ကျောင်းသားတွေကို အခြေခံပညာ ကျောင်းသားဘဝမှာ ဆရာတွေရဲ့ ညှင်းပန်းနှိပ်စက်မှု၊
စော်ကားမှုတွေနဲ့ အညွန့်ချိုးမခံရစေဖို့ အောက်ပါ ပြဋ္ဌန်းချက်ကို ထည့်သွင်းသင့်ကြောင်း
အကြံပြုပါတယ်၊
"အခြေခံပညာကျောင်းအားလုံးတွင်
ကျောင်းသားများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေသည့် ပြစ်ဒဏ်ပေးခြင်းများ
လုံးဝမပြူရ၊ ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ထိတွေ့မှုများ လုံးဝမပြုလုပ်ရ၊"
ဆက်ပါဦးမယ်၊
အောင်ဒင်
မတ်လ ၂၈၊ ၂၀၁၄
မတ်လ ၂၈၊ ၂၀၁၄
0 comments:
Post a Comment