BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, November 23, 2014

လူတစ်ယောက်ရဲ့ ညနေခင်း



လူတစ်ယောက်ရဲ့ ညနေခင်း

အောင်ဒင်

မောတယ်
အသက်ရှူကြပ်တယ်
အနှစ်ငါးဆယ်ကျော်ရှင်သန်ခဲ့တဲ့ ဒီခန္ဓာကိုယ်ကြီးကို
တဖြေးဖြေးကျဉ်းမြောင်းလာတဲ့ နှလုံးသွေးကြောများက
သည်းသည်းမည်းမည်း တိုက်ခိုက်နေကြ…။

ဘာမှမခက်ပါဘူး
နှလုံးသွေးကြောကျဉ်းတာကို
ဆေးသွင်းပြီး ချဲ့လို့ရတယ်
လိုအပ်ရင် ခွဲစိတ်ကုသနိုင်တယ်
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
အဆုတ်၊ ကျောက်ကပ်၊ နှလုံး
အားလုံးကို အစားထိုးကုသနိုင်တယ်
အရက်တော့ ဖြတ်ရမယ်…တဲ့…။

ခက်တာက နှစ်ခုပဲရှိပါတယ်
တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
ပိုက်ဆံကို ကျောက်ခဲလေးတွေနဲ့ အစားထိုးသုံးစွဲလို့ မရသေးတာရယ်
ရှာဖွေနိုင်သမျှကလည်း အရက်ဖိုးလောက်ပဲ ရှိတာရယ်
မောတယ်…။

(နိုဝင်ဘာ ၂၃၊ ၂၀၁၄)

Thursday, November 13, 2014

စာအုပ်မိတ်ဆက်ပွဲ ဖိတ်စာ၊ အောက်တိုဘာ ၂၂၊ ၂၀၁၄၊ ရန်ကုန်


ဒီမိုကရေစီ၊ ခွဲခြားဆက်ဆံခြင်းနှင့် မြေအောက်စာတမ်းများ


အနှစ်နှစ်ဆယ် ကဗျာစု


Saturday, November 8, 2014

ကိုအောင်ဒင်နှင့် တွေ့ဆုံခြင်း (ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၄)

စက်မှုတက္ကသိုလ်ကျောင်းသား၊ ဗကသခေါင်းဆောင်၊ မြန်မာ့အရေးလှုပ်ရှားသူတစ်ဦး သို့မဟုတ် ကိုအောင်ဒင်နှင့် တွေ့ဆုံခြင်း (ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၄)

အယ်ဒီတာအဖွဲ့



အမေရိကန်ပြည်ထောင်စုမှာ ၁၆ နှစ်ကြာ နေထိုင်ပြီး မြန်မာ့ဒီမိုကရေစီရေး ဆောင် ရွက်ခဲ့တဲ့ ကိုအောင်ဒင်ဟာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကိုအောင်ဒင်ဟာ စက်မှု တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး ၈၈ အရေးတော်ပုံကြီးမှာ ဗကသကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ သူလည်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မှာ နေထိုင်စဉ်အတွင်း ပထမပိုင်းမှာ မြန်မာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး (Policy Director) အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (U.S. Campaign for Burma- USCB) ကို တည်ထောင်ပြီး အမှု ဆောင်ညွှန်ကြားရေးမှူး (Executive Director)  အဖြစ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအထိ ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်တဲ့အတွက် စာဖတ်သူများ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့မျှော်လင့်ပြီး မြန်မာပြည် ပြန်လာခိုက် တွေ့ဆုံမေးမြန်း တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

မေး။  ကိုအောင်ဒင်က အမေရိကားမှာ ၁၆ နှစ်လောက်နေခဲ့ပြီး  အခု မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေတွေ့ရလဲ။ ဘယ်လိုခံစားချက် တွေဖြစ်ပေါ်သလဲဆိုတာ အရင်ဆုံး ပြောပြပေးပါလား။

 ဖြေ။ အပြောင်းအလဲတွေ့တာကတော့ လမ်းတွေကျယ်လာတယ်။ အဆောက်အအုံကြီး တွေများလာတယ်။ လမ်းတွေကျယ်ပေမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့အခါကျတော့ လမ်းတွေပျက်စီးနေတာ တွေ့ရတယ်။  အဲဒီလိုပဲ အဆောက်အအုံတွေ ကြီးမားခမ်းနားနေ ပေမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတော့ ယိုယွင်းပျက်စီးနေတာကို တွေ့ရတယ်။ လူတွေကလည်း ဆင်းရဲတဲ့လူက ပိုများများလာတယ်။ ချမ်းသာတဲ့လူတွေက နန်းတော်ကြီးလို ဆောက်ထားတဲ့ အဆောက်အအုံထဲမှာ လုံလုံခြုံခြုံ ခမ်းခမ်းနားနား နေထိုင်ကြပေမဲ့ သာမန်လူအများစုကတော့ ဆင်းရဲတွင်း နက်မြဲနက်နေတာကို တွေ့နေရတယ်။ တစ်နည်း အားဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုက ပိုပြီး ကြီးသထက်ကြီးနေကြတယ်။ နောက်တစ်ခုက လူလတ်တန်းစားက ပျောက်သလောက် ဖြစ်နေတယ်။ တိုင်းပြည် တစ်ခုရဲ့ စီးပွားရေးတိုးတက်မှုဆိုတာ လူလတ်တန်းစားပေါ် မူတည် တယ်။ လူလတ်တန်းစား အရေအတွက် ဘယ်လောက်များသလဲ။ လူလတ်တန်းစား အရေအတွက်က တိုင်းပြည်အတွက်အရေးကြီး တယ်။ လူလတ်တန်းစားကလည်း ရှင်သန်စရာအကြောင်း သိပ်မရှိ ဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ လယ်သမားက လယ်လုပ်စရာ မြေမရှိဘူး။ အလုပ်သမားကျတော့လည်း လစဉ်ဝင်ငွေရဲ့ တစ်ဝက် ကျော် သို့မဟုတ် သုံးပုံနှစ်ပုံလောက်ကို အိမ်လခအဖြစ်သုံးနေရ တယ်။ လစဉ်ဝင်ငွေထဲကနေ သူတို့အတွက် စုဆောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အမျိုးသားလုပ်ငန်းရှင်တွေကလည်း ဒီစနစ် ကြီးအတွင်းမှာ လွတ်လပ်စွာယှဉ်ပြိုင်ရင်း စီးပွားရေးစနစ်က ခရိုနီ တွေနဲ့ အာဏာရှိတဲ့လူတွေကပဲ ဆက်လက်လွှမ်းမိုးထားတဲ့ အတွက်ကြောင့် အမျိုးသားဓနရှင်တွေက ဒီခရိုနီတွေနဲ့ ဈေးကွက် ထဲမှာ ယှဉ်ပြိုင်ဖို့ အခွင့်အရေးကမရှိဘူး။ အဲဒါကြောင့်မို့ ဆင်းရဲတဲ့ သူက ပိုဆင်းရဲပြီး လူလတ်တန်းစား ပေါ်ပေါက်ဖို့အတွက် အခွင့် အရေးက မရှိဘူး။ ခံစားချက်ကတော့ အနည်းဆုံးတော့ ကျွန်တော် မြင်တာက ပြီးခဲ့တဲ့နှစ်ပေါင်း၂ဝ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ကြတယ်။ အဲဒီလို ရုန်းကန်လှုပ်ရှားတဲ့အချိန်မှာ တစ်ဖက်က စစ်အစိုးရရဲ့ ဖိနှိပ်မှုကလည်း အရမ်းကိုကြီးမားတယ်။ ဖိနှိပ်မှုက ကြီးမားလွန်း အားကြီးလို့ ဘယ်လိုပဲလုပ်လုပ် ဘယ်လောက်ပဲ ငြိမ်းချမ်းစွာ ဆောင်ရွက်သည်ဖြစ်စေ လှုပ်ရှားမှုအားလုံးက အကျဉ်းထောင်ထဲ ရောက်ပြီး ညှဉ်းပန်းနှိပ်စက်မှုနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ ဒီကနေ့ ကျတော့ ဘာပဲပြောပြော ဖြေလျှော့မှုတစ်ခုက စတယ်ပေါ့။ နှစ် ပေါင်းများစွာ ပိတ်ဆို့ဖိနှိပ်ခံထားရာကနေ အခုဆိုရင် အသက်ရှူ ခွင့်လေးတော့ရပြီလို့ ယူဆရတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားသူ တွေ လွတ်လပ်စွာပြောဆိုဆွေးနွေး ဝေဖန်ခွင့်ရှိလာကြပြီ။ သတင်း မီဒီယာတွေမှာလည်း လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ရှိနေ ကြပြီ။ ပြည်သူလူထုအနေနဲ့ကလည်း အစိုးရသတင်းစာကိုပဲ အားကိုးနေရတဲ့ အဆင့်ကနေ သတင်းဌာနပေါင်း မြောက်မြားစွာ က သတင်းတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ရပြီ။ အခုချိန် မှာ ကျွန်တော်မြင်တာ အသက်ရှူခွင့်လေးကရှိတယ်။ အဲဒီ အသက် ရှူခွင့်က ရာသက်ပန်လည်း ဖြစ်ချင်မှဖြစ်မယ်။ အသက်ရှူခွင့် ရပေမဲ့ ဒီကောင်းကင်ကြီးက အခုချိန်ထိ လုံးဝကြည်လင်သန့်ရှင်း မနေသေးဘူး။ အသက်ရှူခွင့်ရတဲ့အချိန်မှာ မြန်မာနိုင်ငံကို အုပ်မိုးနေတဲ့ ဒီကောင်းကင်ကြီးကို သန့်ရှင်းအောင်လုပ်နိုင်မှပဲ အသက်ရှူရတာ ပိုပြီးတန်ဖိုးရှိတယ်။ လွတ်လပ်တဲ့လေကိုရဖို့ ကျွန်တော်တို့ အများကြီး အလုပ်လုပ်ရဦးမယ်။ အလုပ်လုပ်တဲ့အခါ ကျတော့ ဘယ်လိုပုံစံလုပ်ကြမလဲ။ အရင်လိုပဲ ထိပ်တိုက်ရင်ဆိုင် တွေ့ပြီး ဆောင်ရွက်ကြမှာလား၊ သို့မဟုတ် ဆွေးနွေးညှိနှိုင်း အဖြေ ရှာပြီးတော့ သွားမလား။ ကျွန်တော်မြင်တာက ကျွန်တော်တို့ ဘက်ကလူတွေ အတော်များများ ဆွေးနွေးညှိနှိုင်းမှုနဲ့ လိုက်လျော ညီထွေ နေထိုင်နိုင်တာ မတွေ့ရသေးဘူး။ တစ်ဖက်က စစ်ခေါင်း ဆောင်တွေကို အခုချိန်ထိ ရန်လိုတဲ့အနေအထား၊ ရန်စတဲ့ အနေ အထားမျိုးတွေ တွေ့နေရတယ်။ အဲဒီတော့ သက်ရောက်မှုတိုင်း မှာတူညီသော တုံ့ပြန်မှုရှိတယ်။ ဒီဘက်ကလည်း စစ်ခေါင်းဆောင် တွေကို ရန်စတယ်၊ စိန်ခေါ်တယ်ဆိုရင် ဟိုဘက်ကလည်း အင်အား နဲ့ တုံ့ပြန်မှုတွေရှိလာမှာပဲ။ လွတ်လပ်ခွင့်ကို တိုးချဲ့တဲ့နေရာမှာ ပျော့ပြောင်းညင်သာတဲ့ နည်းနဲ့ မသွားဘဲ ထိပ်တိုက်ရင် ဆိုင်တဲ့ နည်းနဲ့သွားမယ်ဆိုရင် ရှိပြီးသား အသက်ရှူခွင့်လေးတောင်  ဆုံးရှုံး သွားနိုင်တဲ့ အနေအထားလည်း ရှိတယ်ဆိုတာ သတိပြုသင့်တယ်။

အသက်ရှူခွင့်ဆိုတာ နှစ်ဖက်စလုံးအတွက်ဗျ။ စစ်တပ်နဲ့ အုပ် ချုပ်သူများဘက်မှာလည်း အသက်ရှူခွင့်ရတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်းနှစ်ဆယ်ကျော်အတွင်း သူတို့က မြန်မာပြည်သူတွေကို အဓမ္မ ဖိနှိပ်ချုပ်ချယ်နေတုန်းက အမေရိကန်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ နိုင်ငံတွေက ဒီစစ်အစိုးရအပေါ်မှာ ဖိအားပေးမှုတွေ ကြီးကြီးမားမား ကျင့်သုံးခဲ့လို့ စစ်အစိုးရအနေနဲ့ အသက်ရှူကျပ်ခဲ့ရတာ ရှိတယ်။ အခုကျတော့ နိုင်ငံတကာက သူတို့ကို ပြုပြင်ပြောင်းလဲရေးလုပ် တယ်လို့ အသိအမှတ်ပြုပြီးတော့ ဖိအားပေးမှုတွေ လျှော့ချပေး တာ၊ ရုပ်သိမ်းပေးနေတာရှိတယ်။ ဒါကြောင့် စစ်တပ်နဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီအနေနဲ့ အသက်ရှူခွင့်ရလာတာပဲ။ ဒါကြောင့် စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ကလည်း ဒီအသက်ရှူခွင့်ကို တန်ဖိုး ထားဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်မသွားဘဲ နောက်ကြောင်းပြန်လှည့်ချင်တဲ့ အပြုအမူ၊ အတွေးအခေါ်တွေ ကို ရပ်စဲဖို့လိုပါတယ်။ လူထုအပေါ် တင်းတင်းမာမာ ဆက်ဆံတာ၊ မီဒီယာအပေါ် ဆတ်ဆတ်ထိမခံ တုံ့ပြန်တာ၊ ကျောင်းသားတွေ အပေါ် စိတ်မရှည်နိုင်ဖြစ်နေတာတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေးယန္တရားထဲမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေ၊ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ ငွေကြေးခဝါချမှုတွေကို ထိထိ ရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။ အစိုးရကိုယ်တိုင်က လူထုအပေါ် စိတ်ရှည်လက်ရှည်သည်းခံပြီး အရပ်ဘက်အဖွဲ့အ စည်းများ၊ သတင်းမီဒီယာများ၊ ကျောင်းသားများနဲ့ ပူးပေါင်းဆောင် ရွက်ပြီးရရှိလာတဲ့ အသက်ရှူခွင့်တွေကို ပိုပြီးခိုင်မာ၊ ပိုပြီးလတ် ဆတ်အောင် ကြိုးစားဖို့လိုပါတယ်။

မေး။  လွှတ်တော်ကို သွားရောက်လေ့လာတဲ့အခါမှာ ဘာတွေများ ထူးခြားတာတွေ့ရပါသလဲ။

 ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးမဏ္ဍိုင်တို့၊ တရားစီရင်ရေးမဏ္ဍိုင်တို့ ပေါ်လာတဲ့ အခါမှာ ဥပဒေပြုတာနဲ့ ပတ်သက်ပြီး ဒီလွှတ်တော်ဟာ လက်ညှိုး ထောင်ခေါင်းညိတ် လွှတ်တော်လို့ မြင်ခဲ့တယ်။ အထင်ကြီးမှုမရှိ ဘူးပေါ့။ တဖြည်းဖြည်း လွှတ်တော်ကို လေ့လာရင်းနဲ့ပဲ လွှတ်တော် တွင်းမှာ ပြောင်းလဲရေးအချို့ ဖြစ်လာတာတွေ့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ လွတ်လပ်စွာဝေဖန် ဆွေးနွေးခွင့်ရလာကြ တယ်။ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်အမတ်တွေကအစ တိုင်းပြည် တိုးတက်ရေးအတွက် လွတ်လပ်စွာပြောဆို ဆွေးနွေးလာတာကို တွေ့လာရတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အခါမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေပါ လွှတ်တော်ထဲရောက် လာကြပြီးတော့ လွှတ်တော်ကပိုပြီးတော့ တက်ကြွလာတာရှိ တယ်။ အဲဒီတက်ကြွမှုက အမြင့်ကြီးလားဆိုတော့ အမြင့်ဆုံးတော့ မရောက်သေးဘူး။ လွှတ်တော်မှာ လိုအပ်ချက်တွေ အများကြီးရှိ တုန်းပဲ။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို ကြည့်မယ်ဆိုရင် ကောင်း တာတွေလည်းပါသလို မကောင်းတာတွေလည်းပါတယ်။ ရပ်ကွက် နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေဆိုရင် အရင်တုန်းကတော့ မရှိ ဘူး။ အခုတော့ရှိတယ်။ ကောင်းသလိုလိုထင်ရပေမဲ့ ပြန်လိုက်ကြည့် တဲ့ အခါကျတော့ တချို့က အမှန်တကယ် ရွေးချယ်တင်မြှောက် ခွင့်ရှိတာမဟုတ်ဘူး။ ရပ်ကွက်တစ်ခုမှာ ဆယ်အိမ် တစ်ယောက်စု ပြီး ဆယ်အိမ်မှူးဆိုတာ ဖြစ်လာတယ်။ ရပ်ကွက်ထဲမှာ စုထားတဲ့ ဆယ်အိမ်မှူးတွေကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်ရွေးချယ် တယ်။ တကယ်လို့များ ရပ်ကွက်ထဲမှာရှိတဲ့ လူတွေက၊ ၁၈ နှစ် ကျော်ပြီးသား မဲပေးခွင့်ရှိသူအားလုံးက၊ ရပ်ကွက်ထဲမှာရှိတဲ့ မဲပေး ခွင့် ရှိသူအားလုံးက မဲဆန္ဒပေးပြီး ခန့်အပ်တယ်ဆိုတော့မှ။ ဒါပေမဲ့ အရင်တုန်းက မရှိခဲ့တဲ့ဥပဒေက အခုရှိလာတယ်။ အလားတူပဲ ငြိမ်း၊ စု၊ စီမှာဆိုရင်လည်း အရင်ကမရှိဘူး။ အခုရှိလာတယ်။ တစ်ဖက်မှာ ကောင်းတယ်။ ရှိလာတဲ့ဟာကိုပဲ ကန့်သတ်ချက်တွေ ကရှိတုန်းပဲ။ ကန့်သတ်ချက်တွေကို ပြင်ဖို့လည်း ကြိုးစားရဦးမယ်။ မကြာသေးခင်က ပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ဆိုရင် ကောင်းတာတွေလည်းရှိသလို မကောင်းတာတွေလည်း ရှိနေတယ်။ ကျောင်းသားများရဲ့ လုပ်ပိုင်ခွင့်၊ အစုအဝေးဖွဲ့စည်း ခွင့်တွေကို လုံးဝငြင်းပယ်ထားတယ်။ ဥပဒေအသစ်တွေ ပြဋ္ဌာန်း လာတာတွေ့ရတယ်။ တချို့ ဥပဒေဆိုလည်း တိုင်းပြည်အတွက်၊ ဒီမိုကရေစီစနစ်အတွက် အားကောင်းတဲ့ ဥပဒေတွေဖြစ်တယ်။ တချို့ဆိုလည်း ဥပဒေထဲမှာကိုက ကန့်သတ်ချက်အချို့ ရှိနေတယ်။ ဒါတွေကို ဖယ်ရှားနိုင်ဖို့ လိုတာပေါ့။
လွှတ်တော်ထဲကို ထဲထဲဝင်ဝင် ဝင်ကြည့်တဲ့အခါကျတော့ ဥပမာ အောက်တိုဘာ ၁၆ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျွန်တော်တို့သွားပြီး လေ့လာတဲ့အခါကျတော့ အမျိုးသား လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်လေး ယောက်ကတင် တယ်ဗျ။ ကြယ်ပွင့်ပြမေးခွန်းတွေတင်တယ်။ မေးခွန်းလေးခုစလုံးက အတူတူပဲ။ အတူတူပဲဆိုတော့ သက်ဆိုင်ရာမဲဆန္ဒနယ်မှ ရပ်ကွက် ထဲမှာ ကျေးရွာချင်းဆက် လမ်းဖောက်တာတို့၊ ရှိပြီးသားလမ်းက ပျက်စီးယိုယွင်းနေလို့ အဲဒါကို ပြုပြင်ထိန်းသိမ်း တာတို့ အဲဒါတွေကို မွေးမြူရေးနဲ့ရေလုပ်ငန်းဦးစီးဌာနကနေ လုပ်ဆောင်ပေးနိုင်စွမ်းရှိမရှိ မေးခွန်းထုတ်ကြတယ်။ ဆိုတော့ အစိုးရရဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်း ဦးစီးဌာနဝန်ကြီးကဖြေတယ်။ သူ့အဖြေက ကိန်းဂဏန်းတွေတော့ ရွတ်ပြတယ်။ မိုင်ပေါင်း ဘယ်လောက်ရှိတယ်။ ကုန်ကျစရိတ်က ဘယ်လောက်ရှိတယ်။ သို့သော်လည်း လက်ရှိ ဘတ်ဂျက်ထဲမှာ အဲဒီလမ်းတွေကို ဖောက်ပေးဖို့၊ ပြုပြင်ပေးဖို့မပါဘူး။ သူတို့ဌာန အနေနဲ့လည်း ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်နေပါ တယ်။ ဒီလိုပဲ ပြောပြီးရပ်သွားတယ်။ အဲဒါကို လွှတ်တော်ကိုယ်စား လှယ်လေးယောက်က ဆက်စပ်မေးခွန်း မမေးကြဘူး။ ကျွန်တော် ဆိုရင် ဟုတ်ပြီ ဒီနှစ်အတွက် ဘတ်ဂျက်ထဲမှာ မပါဘူးဆို ဘယ်နှစ် မှာပါမလဲ။ ဦးစားပေး အခြေအနေအတိုင်းလုပ်မယ်ဆို ဘယ်အချိန် မှာဦးစားပေးမလဲ။ ဆင့်ကဲဆင့်ကဲ ဆက်စပ် မေးခွန်းထုတ်ဖို့ လို တယ်ဗျ။ ဒါပေမဲ့ အဲဒီ လွှတ်တော်ကိုယ်စားလှယ် လေးယောက်က ဆက်စပ်မေးခွန်းမထုတ်ဘဲ ရပ်သွားတယ်။ လွှတ်တော် အဆောက် အအုံကြီးက ကြီးမားတယ်ဗျ။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် တွေအတွက် အရေးကြီးတဲ့ ရုံးဌာနတို့၊ ပံ့ပိုးကူညီမယ့် လက် ထောက်တွေမရှိကြဘူး။ အဲဒါတွေ ဝမ်းနည်းစရာ ကောင်းတယ်။ နောက်တစ်ခုက လွှတ်တော်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေစုဝေးပြီး ဥပဒေတွေပြဌာန်းတဲ့ အဆောက်အ အုံကြီး။ အဲဒီအဆောက်အအုံကြီးကိုယ်တိုင်ကိုက ပြည်သူတွေနဲ့ ကင်းကွာ နေတယ်။ ပြည်သူတွေနဲ့ ဝေးတဲ့နေရာမှာ တည်ဆောက် ထားတယ်။ ပြီးတော့ ပြည်သူတွေက ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရ ဘူး။ အထဲက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက ပြည်သူတွေနဲ့ ထိတွေ့ခွင့်မရကြဘူး။ ဒီလွှတ်တော် အဆောက် အအုံထဲရောက်သွားရင် သူတို့က သီးခြားကမ္ဘာတစ်ခုကို ရောက် သွားသလိုပဲ။ လွှတ်တော်အဆောက်အအုံ အတွင်းမှာ ဆွေးနွေးနေ တဲ့ ကာလတစ်လျှောက်လုံး ပြည်သူတွေနဲ့ ထိတွေ့ခွင့်မရကြဘူး။ အစည်းဝေးပြီးလို့ ကိုယ့်ဒေသကိုယ် ပြန်ရောက်မှပဲ ပြည်သူတွေနဲ့ အဆက်အဆံရှိတော့တယ်။ ဒါကိုက ပြည်သူ့ကိုယ်စားလှယ်များ ကို ကိုယ်စားပြုတယ်ဆိုတဲ့ အဆောက်အအုံကြီးက ပြည်သူတွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို စည်းခြားထားသလိုပဲ အဲဒါကြီးကတော့ စိတ်မကောင်းစရာပေါ့။ နောက်တစ်ခု အဲဒီမှာ တွေ့တယ်။ လွှတ်တော်အစည်းအဝေးလုပ်တုန်း ကြားမှာ လက်ဖက် ရည်သောက်ဖို့ အချိန်တစ်ချိန်နားတယ်။ နားပြီးတော့ ပြန်စတဲ့ အချိန်မှာ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်အချို့က ခွင့်နဲ့ ထွက်သွားကြတာ တွေ့ရတယ်။ ဘာလို့ခွင့်တင်လဲဆိုတော့ အဲဒီတစ် ချိန်တည်းမှာပဲ ရေးရာကော်မတီအစည်းဝေးရှိလို့ သွားကြတာလို့ သိရတယ်။ ရေးရာကော်မတီ အစည်းအဝေးက ဒီအဆောက်အအုံ ထဲမှာမဟုတ်ဘူး။ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အဆောက်အအုံထဲမှာ။ အဲဒီလို ဝေးကွာတဲ့ အဆောက်အအုံတစ်ခု ကိုသွားရတဲ့အတွက်ကြောင့် လက်ရှိ လွှတ်တော်အစည်းအဝေးကနေ ခွင့် တိုင်ပြီးတော့ ထွက်သွားကြတယ်။ တကယ်လို့များ ရေးရာကော်မတီ အားလုံးသည် လွှတ်တော်အစည်း အဝေးကျင်းပရာ အဆောက်အအုံ ထဲမှာ ရှိမယ်ဆိုရင် အဲဒီလို ခွင့်ယူပြီး ထွက်သွားဖို့ လိုချင်မှလိုလိမ့်မယ်။ မဲခွဲဖို့အချိန်မှာ ချက်ချင်းပြန်လာနိုင် တာမျိုးပေါ့။ လွှတ်တော်ကိုယ်စား လှယ်များကိုယ်တိုင်ကိုက မဲပေးခွင့်၊ ဆွေးနွေးခွင့်တွေနဲ့ ပတ်သက်ပြီး အ ကန့်အသတ်ရှိနေတာ တွေ့ရတယ်။ မကောင်းဘူးလားဆိုတော့ မဟုတ် ဘူး။ ကောင်းလာတဲ့ အတိုင်းအတာတစ်ခုရှိတယ်။ ဒါဟာဆိုရင် နှစ်ပေါင်းလေးဆယ်လောက်အတွင်းမှာ ဥပဒေပြုလွှတ်တော်ဆိုတာ ပထမဆုံးပြန်ပေါ်လာတာပဲ။ ပထမဆုံး ပြန်ပေါ်လာတဲ့အတွက် ကြောင့် လိုအပ်ချက်တွေက အများကြီးရှိ မှာပဲ။ အဲဒီအများကြီးကို ရှေ့လျှောက်ဘယ်လို ပြင်နိုင်ကြမလဲ။ နောက်တစ်ခု ဆိုးတာက အတိုက်အခံတွေရဲ့ အခန်းကဏ္ဍလုံးဝမရှိဘူး။ အတိုက်အခံပါတီရဲ့ အခန်းကဏ္ဍမရှိတဲ့ အခါကျတော့ အမှန်တော့ဗျာ ဒီမိုကရေစီဆို တာ အတိုက်အခံရှိမှ တန်ဖိုးရှိတာ။ အလားတူပဲ လွှတ်တော် တွင်းမှာ လူနည်းစုပါတီနဲ့ လူများစုပါတီကြား မူဝါဒတွေနဲ့ပတ်သက် ပြီးတော့ ကွဲကွဲပြားပြား ဆွေးနွေးညှိနှိုင်းနိုင်မယ်။ အခု လွှတ်တော် တစ်ခုလုံးက အသံတစ်သံတည်းသွားရတဲ့ အခါကျတော့ ကျွန် တော့်စိတ်ထဲ ဒီမိုကရေစီသိပ်မဆန်ဘူးလို့တော့ မြင်တယ်ပေါ့ဗျာ။ ဒါကျွန်တော်မြင်တဲ့ အတိုင်းအတာပါ။

မေး။  အမျိုးသားလွှတ်တော်ကို သွားလေ့လာတဲ့နေ့မှာပဲ အမျိုး သား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့လည်းတွေ့ဆုံခွင့် ရခဲ့တယ် လို့သိရပါတယ်။ ဦးခင်အောင်မြင့် နဲ့တွေ့တဲ့အခါမှာ ဘယ်လိုအကြောင်းအရာတွေများ ပြောဖြစ်၊ ဆွေးနွေး ဖြစ်တယ်ဆိုတာလည်းပြောလို့ရ ရင်ပြောပြပေးပါဦး။

 ဖြေ။ တွေ့တဲ့အခါကျတော့ဥက္ကဋ္ဌကြီးက ကျွန်တော့်ကို နေ့လယ်စာ စားဖို့ဖိတ်ပါတယ်။ နေ့လယ်စာ မစားခင်မှာ ကျွန်တော်တို့ အလွတ် သဘောစကားပြောကြတယ်။ ဒီ လွှတ်တော်ရဲ့ဖြစ်စဉ်ပေါ့။ ၂ဝဝ၈ ဖွဲ့စည်းပုံပြီးတဲ့နောက် လွှတ်တော်ရွေးကောက်ပွဲ စတဲ့အချိန်ကစပြီး အခုထိပေါ့။ ဒီဖြစ်စဉ်သမိုင်း။ သူ ဒါတွေရှင်းပြပါတယ်။ တချို့ဟာ တွေကျတော့လည်း ကျွန်တော်တို့ အဝေးကမြင်တဲ့အမြင်က သူ ကိုယ်တိုင်ရှင်းပြတဲ့အခါကျတော့မှ ကျွန်တော်မြင်တဲ့အမြင်က လွဲတာတွေလည်းရှိတာပေါ့ဗျာ။ ဆိုပါတော့ လွှတ်တော်အချိန် ဇယားကိစ္စ။ ကျွန်တော်ကထင်တာ လွှတ်တော်မှာ အချိန်ဇယားမရှိ ဘူး။ အမေရိကန်မှာကျတော့ နှစ်တစ်နှစ်အစမှာ အတိုက်အခံ ပါတီခေါင်းဆောင်နဲ့ အာဏာရပါတီခေါင်းဆောင် နှစ်ယောက် ပေါင်းပြီးတော့ လွှတ်တော်ရဲ့ တစ်နှစ်တာဆွေးနွေးပွဲ အစီအစဉ် အချိန်ဇယားရေးဆွဲထားတယ်။ အဲဒီအချိန်ဇယားအရ လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်ကာလကနေ ဘယ်ကာလအထိ ဝါရှင် တန်ဒီစီမှာရှိရမယ်။ ကျန်တဲ့ကာလတွေမှာ သူတို့မဲ ဆန္ဒနယ်ပြန်ပြီး တော့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရမယ်။ အချိန် ဇယားက အတိအကျ ထုတ်ထားပြီးသားဆိုတော့ လွှတ်တော်ကိုယ် စားလှယ်တွေအတွက် သိပ်ပြီးတော့ အပန်းမကြီးဘူးပေါ့ဗျာ။ ခုကျ တော့ အဲဒီလိုအချိန်ဇယား မရှိတဲ့အခါကျ တော့ လွှတ်တော်ကိုယ်စားလှယ် တွေက လွှတ်တော်အစည်းအဝေး တက်ဖို့လာပြီးမှ တစ်စုံတစ်ရာ ပြဿ နာဖြစ်တဲ့အခါ ဖြေရှင်းဖို့အတွက် ပြန်ကြရတာတွေရှိတယ်။ အဲဒါမျိုး တွေရှိတဲ့အခါကျတော့ လွှတ်တော် တစ်ခုရဲ့နှစ်စမှာပဲ အချိန်ဇယားရှိဖို့ လိုတယ်လို့ ကျွန်တော်ကရေးဖူး တယ်။ ဥက္ကဋ္ဌကြီးရှင်းပြပုံအရဆို အချိန်ဇယားကရှိတယ်။ တစ်နှစ်မှာ လွှတ်တော်အစည်းအဝေး သုံးကြိမ် ကျင်းပတယ်။ သုံးကြိမ်ကို ဘယ်အ ချိန်ကနေ ဘယ်အချိန်ပေါ့။ အဲဒီ အချိန် ဇယားကိုလည်း လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ပေးပြီး သားလို့သိရတယ်။ တစ်ခုတော့ရှိ တယ်။ အသေးစိတ်အချိန်ဇယားကို သူတို့ ကြိုတင်မပြောနိုင်ဘူး။ အစိုးရဘက်ကလာပြီး ပြန်လည် ဖြေရှင်းမယ့် ပုဂ္ဂိုလ်များရဲ့အလှည့်ကို စောင့်ရတဲ့အခါကျတော့ မနက်ဖြန်အတွက်လုပ်မယ့် အစီအစဉ်ကို ဒီနေ့မှ ထုတ်ပြန်နိုင် တယ်။ တစ်ရက်ပဲ ကြိုထုတ်နိုင်တယ်။ ဒါကတော့ သူပြောမှ ကျွန်တော့်ဘက်က ရှင်းသွားတဲ့ ကိစ္စပေါ့။ တစ်ဖက်မှာ ကျွန်တော် မြင်တာကတော့ လွှတ်တော် နှစ်ခုသဘောထားမတိုက်ဆိုင်ရင် ပြည်ထောင်စုလွှတ်တော်ခေါ်ပြီးတော့ မဲခွဲဆုံးဖြတ်တာကိုး။ ကျွန်တော်က အဲဒါကို မတရားဘူးလို့ထင်တာ။ မတရားဘူး ဆိုတာက အမျိုးသားလွှတ်တော်က ၂၂၄ ယောက်ပဲရှိတယ်။ ပြည် သူ့လွှတ်တော်က ၄၄ဝ ရှိတယ်။ အရေအတွက်မှာကိုက အမျိုးသား လွှတ်တော်က ပြည်သူ့လွှတ်တော်ထက် အများကြီးနည်းနေပြီ။ ထက်ဝက် နီးပါး နည်းနေတယ်။ လွှတ်တော်နှစ်ရပ်သဘောထား မတူညီတာကို ပြည်ထောင်စုလွှတ်တော်ဆိုပြီး အစည်းအဝေး ခေါ်ပြီး မဲခွဲတဲ့အခါမှာ ပြည်သူ့လွှတ်တော်ဘက်ကမဲက အများစု ဖြစ်တယ်။ အဲဒီအခါကျတော့ အမျိုးသားလွှတ်တော် ဘက်က ဘယ်လိုပဲ သဘောထားရှိရှိရှုံးတာပဲ။ အဲဒါမျိုးလည်း ကျွန်တော် ပြောတယ်။ သူတို့ဘက်က ယုံကြည်ချက်ကတော့ အဲဒီလိုမဖြစ် အောင် ကြိုးစားထားတယ်။ သဘောမတူတဲ့ အချက်တွေကို အသေအချာ နှစ်ဖက်ပြင်ပက ကျွမ်းကျင်သူတွေနဲ့ပါ ညှိနှိုင်း ဆွေးနွေးပြီးတော့ အားလုံး လက်ခံနိုင်အောင် လုပ်ပါတယ်ပေါ့။ အဲဒီလို လုပ်ပြီးတော့မှ အဲဒီ ပြင်ဆင်ချက်တွေနဲ့ မဲခွဲတာပေါ့။ သူကတော့သူ့ရဲ့လက်ရှိစနစ်ကို သဘောကျပုံရပါတယ်။ ကျွန်တော် ကတော့ သိပ်မကြိုက်ဘူး။ အမေရိကန်မှာကျတော့ လွှတ်တော် နှစ်ရပ် သဘောထားကွဲရင် လွှတ်တော်နှစ်ရပ်စလုံးက ကိုယ်စား လှယ် အရေအတွက် ညီတူညီမျှပါတဲ့ Conference Committee  ဆိုတာဖွဲ့ရတယ်။ အဲဒီမှာ နှစ်ဖက်သဘောထားကွဲလွဲမှုတွေကို အကြိတ်အနယ်ဆွေးနွေး၊ ဆွေးနွေးပြီးတော့မှ နှစ်ဖက်လက်ခံနိုင်တဲ့ မူကြမ်းတစ်ရပ်ကို ရအောင်ပြုစုရတယ်။ အဲဒီမူကြမ်းကိုမှ လွှတ် တော်နှစ်ရပ်ကို သီးခြားမဲခွဲပြီး ဆောင်ရွက်ရတယ်။ အဲဒီလို စနစ်မျိုးကတော့ ဒီမြန်မာနိုင်ငံမှာ မရှိသေးဘူးဗျ။ နောက်တစ်ခုက Voting Record လွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲပေးမှု မှတ်တမ်းပေါ့။ အဲဒါလည်း လူထုအတွက် အရမ်းကိုအရေးကြီး တယ်။ ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က လွှတ်တော်ထဲမှာ ဘယ်လိုအဆိုကိုတင်သွင်းသလဲ။ ဥပဒေကြမ်း တွေ မဲခွဲရာမှာ ဘယ်ဘက်က ရပ်တည်ခဲ့သလဲ။ အဲဒါတွေ အားလုံးက သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူတွေက သိမှသာလျှင် ဒီပုဂ္ဂိုလ်ကို နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ပြန်ပြီးမဲပေးဖို့ သင့်မသင့် ဆုံးဖြတ်နိုင်မယ်။ ခုကျတော့ မဲပေးတဲ့မှတ်တမ်းက လွှတ် တော်ထဲမှာပဲရှိတယ်။ ဒါပေမဲ့ အများပြည်သူကို ထုတ်ပြန်ခြင်းမရှိတဲ့ အခါကျတော့ ပြည်သူလူထုက သိခွင့်မရှိဘူး။ သိခွင့်မရှိတဲ့အတွက် သူတို့ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘာတွေ ဆောင်ရွက်နေလဲဆိုတာကို ဆုံးဖြတ်နိုင်လောက်တဲ့ အနေအထား မရှိကြဘူး။ အဲဒါကတော့ လွဲချော်မှုလို့ ယူဆရတာပေါ့။ ဘာပဲ ဖြစ်ဖြစ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောသလိုပဲ ဆက်ပြီး ကောင်းအောင် ကြိုးစားနေတယ်။ ကျွန်တော်လည်း အဲဒီလို ဆက် ပြီးကောင်းအောင်ကြိုးစားနေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့် ဘက်ကလည်း မြင်တာတွေ့တာ ဝေဖန်စရာရှိတာတွေကို ဆက်ပြီး တော့ ဝေဖန်နေမှာပေါ့။ ဆောင်းပါးတွေနဲ့ဖြစ်စေ၊ စာတွေနဲ့ဖြစ်စေ ဆက်ပြီးတော့ ဝေဖန်နေမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်မှုမျိုးလည်း လုပ်ဖို့လိုတယ်ဗျ။

အရေးကြီးတာတစ်ခု ကျွန်တော်ပြောမယ်။ နောက်တစ်ရက် ၁၇ ရက်နေ့ကျတော့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျွန်တော်တက်တယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လေ့လာတဲ့အခါကျတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကားကြီးတွေနဲ့ လာပြီးတော့လေ့လာကြတယ်။ လူကြီးတွေပါတယ်။ လူငယ်လေး တွေပါတယ်။ ကျွန်တော်တို့နဲ့ ဟိုဘက်ဒီဘက် ထိုင်ပြီး လေ့လာကြ တာပေါ့ဗျာ။ အရင်နေ့တွေကလည်း အဲဒီလိုပဲ။ ကျွန်တော်တို့ အမျိုးသားလွှတ်တော် အစည်းအဝေးကို သွားလေ့ လာတဲ့အခါမှာ လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ မြို့နယ်အဖွဲ့တစ်ဖွဲ့ပဲ ကားကြီးတွေနဲ့ ရောက်လာပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လေ့လာနေ ကြတာကို တွေ့ရတယ်။ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ ဒါဟာ ကြံ့ခိုင်ရေးပါတီအတွက် သိပ်ကောင်းတဲ့ လှုပ်ရှားမှုပဲဗျ။ လာလေ့လာတဲ့ ပါတီဝင်တွေအတွက် ဒီလွှတ်တော်အဆောက် အအုံကြီးတစ်ခုလုံးက သူတို့အတွက်ကြီးမားပြီး ရင်သပ်ရှုမောစရာ ကောင်းတဲ့ အဆောက်အအုံကြီးဖြစ်တယ်။ ဒီ အဆောက်အအုံကြီး ထဲမှာ သူတို့ပါတီခေါင်းဆောင်တွေက လွှတ်တော်အစည်းအဝေး ကို ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတာ သူတို့တွေ့မယ်။ ဆို တော့ သူတို့မှာ ယုံကြည်မှုတစ်စုံတစ်ရာပေါ့ဗျာ။ သူတို့ခေါင်းဆောင် တွေ၊ ပါတီအပေါ်မှာ ယုံကြည်မှု တစ်စုံတစ်ရာရှိသွားတယ်။ အဲဒီ ယုံကြည်မှုဆိုတာက တစ်ချိန် ၂ဝ၁၅ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ခုနက လာရောက်လေ့လာကြတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက အင် မတန်အားကောင်းတဲ့ ကေဒါတွေဖြစ်လာကြလိမ့်မယ်။ သူတို့က တကယ်ကျတော့ ရပ်ကွက်မှာ၊ မြို့နယ်မှာ အခြေခံကျတဲ့ အဖွဲ့ဝင် တွေပေါ့။ သူတို့က ရွေးကောက်ပွဲအတွက် အင်မတန် အားကိုးစရာ ကောင်းတဲ့ ကေဒါတွေဖြစ်လာကြလိမ့်မယ်။ အဲဒါမျိုးကို ကျွန်တော် တို့ အခြားနိုင်ငံရေးပါတီများ ကလည်း သတိပြုသင့်တယ်။ မိမိတို့ရဲ့ ပါတီဝင်တွေကို လွှတ်တော်နဲ့ပတ်သက်ပြီးတော့ လေ့လာနိုင် အောင် စီစဉ်ပေးဖို့လိုတယ်။ အဲဒီလို ကိုယ်တိုင်ကိုယ်ကျ လေ့လာရ တဲ့အခါကျတော့ ကောင်းကောင်း သဘောပေါက်တာပေါ့။ အဲဒီလို သဘော ပေါက်ခြင်းအားဖြင့် သက်ဆိုင်ရာပါတီဝင်က သက်ဆိုင်ရာ ပါတီအတွက် လှုပ်ရှားချင်စိတ်တွေ ပေါ်သွားတယ်။ အဲဒါ အင် မတန်ကောင်းတယ်။ အခုဆို ကျွန်တော်တွေ့သလောက်ကတော့ ကြံ့ခိုင်ရေးပါတီက အစည်းအဝေးလုပ်တဲ့အချိန်တိုင်း မြို့နယ် အသီးသီးက အဖွဲ့ဝင်တွေကိုကားနဲ့ခေါ်လာပြီး လွှတ်တော်ကို လေ့လာခွင့်ပြုတယ်။ လွှတ်တော်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း အဲဒီလူတွေကို လေးလေးစားစား လိုက်ရှင်းပြတာကိုး။ ဒီမိုကရေစီ အင်အားစုဘက်က အဲဒီလိုလေ့လာတာ တော်တော်အားနည်း တယ်။ အဲဒါကိုက ကျွန်တော်တို့အတွက် ၂ဝ၁၅ရွေးကောက်ပွဲမှာ စိုးရိမ်စရာအချက် တစ်ချက်ပဲ။

မေး။ နောက်တစ်ခုက အမျိုးသားလွှတ်တော်ရောက်တဲ့ အခါ ကျတော့ ဘူးလက်လို့ နာမည်ကြီးတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနဲ့လည်းဆုံဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုတွေ့ဆုံဖြစ်လဲဆိုတာ အဲဒါလေး နည်းနည်းရှင်းပြပါ လား။

 ဖြေ။ တွေ့တာကတော့ ဒီလိုပါ။ အမျိုးသားလွှတ်တော်ကို လျှောက်လေ့လာနေတုန်း အမျိုးသားလွှတ်တော်ညွှန်ကြားရေးမှူး က ကျွန်တော်တို့ကို ရှင်းပြနေတုန်း ကျွန်တော့်သူငယ်ချင်း အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေရောက်လာတယ်။ ကိုသိမ်းဆွေနဲ့ လျှောက်ကြည့်နေတုန်းမှာ ကိုသိမ်းဆွေက ကျွန်တော့်ကို ဦးလှဆွေနဲ့ မိတ်ဆက်ပေးတယ်။ ဦးလှဆွေက ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ မိတ်ဆက်တဲ့အခါကျ တော့ သူကလည်း ကျွန်တော့်စာအုပ်တွေကို ဖတ်ဖူးတယ်ဗျ။ ကျွန်တော့်ရဲ့ လွှတ်တော်အနီးကြည့်အဝေးကြည့်စာအုပ်ရော နွေတစ်ညမှအစပြု၍ပါ ဖတ်ဖူးတယ်။ အဲဒီအခါကျတော့ သူလည်း ဝမ်းသာအားရပါပဲ။ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ စာဖတ် ပရိသတ်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပါတယ်။ လက်ဆွဲ နှုတ်ဆက်ကြ၊ စကားပြောကြပေါ့။ ဦးလှဆွေက ကျွန်တော်တို့ ဓါတ်ပုံရိုက်ကြရအောင်ဆိုပြီး ကျွန်တော်တို့ ဓာတ်ပုံတွဲရိုက်ကြတယ်။ အဲဒီလိုတွဲရိုက်တဲ့အတွက် အခုဆိုဝိုင်းပြီးဝေဖန် ပြောဆိုနေကြတာရှိ တယ်။ ကျွန်တော်က အရင်တုန်းကနိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ခဲ့ပြီး အခုချိန်မှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှာမှ ပါဝင်တာ မရှိပါဘူး။ ကျွန်တော် တစ်သီးပုဂ္ဂလအနေနဲ့ လာတယ်။ စာရေးဆရာတစ်ယောက်အနေ နဲ့ လွှတ်တော်ဆိုင်ရာဆောင်းပါးတွေ ရေးတဲ့အခါမှာ အချက် အလက် ပြည့်စုံအောင်လာပြီး လေ့လာတဲ့သဘောပဲ။ အဲဒီအခါကျ တော့ ဦးလှဆွေနဲ့တွေ့ဆုံခြင်းဟာ ကျွန်တော့်အတွက် နိုင်ငံရေး ပြစ်မှုမဟုတ်ပါဘူး။ ဦးလှဆွေဆိုတာ ကျွန်တော့်ရဲ့ စာဖတ် ပရိသတ်တစ်ယောက်ပဲ။ စာဖတ်ပရိသတ်တစ်ယောက်ကို ကျွန်တော် အသိအမှတ်ပြုရတဲ့ သဘောပါပဲ။

မေး။  လက်ရှိအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး တော့ အားနည်းချက် အားသာချက်တွေကို နည်းနည်းပြောပြ ပေးပါလား။

 ဖြေ။ ကျောင်းသားတွေ လက်မခံကန့်ကွက်တာ သူတို့အပိုင်း ပေါ့နော်။ ကျွန်တော်သဘောမတူတဲ့ အပိုင်းကို ကျွန်တော်ပြော မယ်။ သူတို့သဘောမတူတဲ့ အပိုင်းကို ကျွန်တော်အသိအမှတ် ပြုတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်နဲ့တော့ကွဲတာပေါ့။ အခုဆို အမျိုးသားပညာရေး ဥပဒေမှာပါတယ်။ သူတို့ဘက်က အမျိုးသား ပညာရေးကောင်စီပေါ့။ ဗဟိုကနေ ဦးစီးချုပ်ကိုင်မယ့် ဗဟိုအမျိုး သားပညာရေးကောင်စီဆိုတာ ရှိရမယ်ဆိုတာပါတယ်။ ကျွန်တော့် အယူအဆကတော့ အဲဒီလိုကောင်စီမျိုး ရှိသင့်တယ်။ ဘာလို့လဲဆို တော့ အခုချိန်မှာ တက္ကသိုလ်၊ ကောလိပ်အားလုံးကို လုံးဝ လွတ် လွတ်လပ်လပ် လွှတ်ပေးလိုက်ဖို့ အချိန်မတန်သေးဘူးလို့ ကျွန်တော်ထင်တယ်။ အစိုးရက တစ်စုံတစ်ရာတော့ ထိန်းချုပ်မှု ရှိဖို့လိုတယ်။ ဒါကြောင့်မို့ အမျိုးသားပညာရေးကောင်စီဆိုတာ ရှိဖို့လိုတယ်။ အဲဒီကောင်စီမှာမှ အစိုးရဘက်က ကိုယ်စားလှယ်တွေ အပြင် ဆရာ ဆရာမများဘက်က ကိုယ်စားလှယ် ပါဝင်ဖို့လိုတယ်။ ကျောင်းသားထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်ပါဖို့လို တယ်။ မြို့မိမြို့ဖများက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်ပါဖို့ လိုတယ်။ အမျိုးသားပညာရေး ကောင်စီဆိုပြီး အစိုးရက လုံးဝထိန်းချုပ် ထားတာမဟုတ်ဘဲ ခုနကိုယ်စားလှယ်များက ဝိုင်း ဝန်းပြီး ပညာရေးမူဝါဒနဲ့ ပတ်သက်ပြီး တော့လုပ်တဲ့ အဖွဲ့အစည်းအဲဒီလိုမျိုး ကျွန်တော်က ဖြစ်စေချင်တာ။ ဒါက တစ်ခုပေါ့။ နောက် တစ်ခုက သက်ဆိုင် ရာကျောင်းတွေကို လွတ်လပ်ခွင့်ပေး လိုက်ပြီဆိုရင် စိုးရိမ်စရာရှိတာက ကျွန်တော်တို့ ဆရာတွေပဲ။ အဲဒီမှာသင် တဲ့ ဆရာတွေကို ပြောတာမဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်း တာဝန်ယူမယ့် ဆရာ  တွေကိုပြောတာ။ အဲဒီဆရာတွေပေါ် မှာ ကျွန်တော်တို့ ဘယ်လောက်ထိ ယုံ ကြည်မှုရှိမလဲ။ အဲဒီဆရာတွေက မဆလခေတ်၊ နဝတခေတ် အားလုံးကို ဖြတ်သန်းခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဗျ။ အဲဒီ လွတ်လပ်ခွင့်က သူတို့လက်ထဲမှာ ရသွားပြီဆိုရင် သူတို့က ကျောင်းကို အုပ်ချုပ်တဲ့နေရာမှာ ကျောင်းသားထု မကြိုက်တဲ့ဟာတွေ ဖြစ်သွားနိုင်တယ်။ အဲဒီအခါကျမှ ကျောင်းသားထုနဲ့ ဆရာတွေနဲ့ ထိပ်တိုက်တွေ့ကြ မယ်ဆိုရင် ဒါမကောင်းတဲ့ လက္ခဏာဖြစ်လာလိမ့်မယ်။ ဒါကြောင့် အခုကာလမျိုးမှာတော့ အမျိုးသားကောင်စီဆိုတာ လိုအပ်တယ်။ ခုနပြောသလို ကျောင်းတွေကို သီးခြားရပ်တည်ခွင့်ပေးဖို့ အချိန် စောသေးတယ်။ တကယ်လို့ ပေးလိုက်ပြန်ရင်လည်း သီးခြားရပ် တည်ခွင့်၊ သီးခြားလွတ်လပ်ခွင့်ဆိုတာကို အပြည့်အဝအသုံးချသွား မှာက ဆရာ ဆရာမတွေ ဖြစ်ပြီးတော့ ကျောင်းသားထုအတွက် သိပ်ပြီးအခွင့်အရေး မရတာတွေလည်း ရှိလာနိုင်တယ်။ ဒါကြောင့်မို့ ဒီကြားကာလပေါ့ဗျာ။ တစ်ချိန်မှာ ဒီစနစ်ကို ခိုင်မာအောင် လေ့ကျင့်တည်ဆောက်နိုင် ပြီးပြီဆိုရင် လုံးဝလွတ်လပ်တဲ့အဆင့်ကို ဆက်ပြီး တောင်းဆိုသင့်တာပေါ့ဗျာ။ အခုချိန်မှာတော့ ခုနပြော သလိုပဲ အမျိုးသားပညာရေးကောင်စီမှာ ကျောင်းသားထုရဲ့ ခေါင်း ဆောင်ပါဖို့လိုတယ်။ အဲဒါကို တောင်းဆိုသင့်တယ်။ ဆရာ ဆရာမ များ ကိုယ်စားလှယ်ပါဖို့လိုတယ်။ ပြီးတော့ မြို့မိမြို့ဖကိုယ်စားလှယ် ပါဖို့လိုတယ်။ ဒါက ကျွန်တော်မြင်တဲ့ အချက်ပေါ့။ နောက်တစ်ခုက
Inclusive Education ဆိုပြီး သူတို့ရေးထားတာတွေ့တယ်။ ကလေးတွေ ဖွံ့ဖြိုးမှု နောက်ကျတဲ့ အခါကျတော့ သင်တန်းထဲမှာ တခြားကလေးများနဲ့အမီ တန်းတူမသင်နိုင်ဘူး။ ပုံမှန်အားဖြင့်တော့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အဲဒီကလေးတွေကို အထူး လိုအပ်ချက်ရှိသော ကလေးများဆိုပြီး အထူး ဃျူျေ တွေခွဲထုတ်ပြီး တော့ သင်ကြား တယ်။ ကလေးတွေကို ပုံမှန်ဖြစ်လာအောင် ဆရာ ဆရာမတွေကလည်း သီးခြားနည်းပညာတွေနဲ့ အားသွန်ခွန်စိုက် ကူညီကြတယ်။ နှစ်နှစ်ဖြစ်စေ၊ သုံးနှစ်ဖြစ်စေ အထူးစာသင် ခန်းတွေမှာသီးခြား သင်ပြီးတဲနောက် တဖြည်းဖြည်းနဲ့ ဒီကလေး တွေက အခြားကလေးတွေနဲ့ တန်းတူပါဝင်ဆင်နွှဲနိုင်ပြီ ဆိုတဲ့အခါ ကျတော့ မူရင်းစာသင်ခန်းကို ပြန်ပြီးလွှဲပြောင်းပေး တယ်။ ဒါပေမဲ့ အဲဒီကလေးကို သီးခြားအထူးစာသင်ခန်းမှာ အထူးစာသင်နည်း တွေနဲ့ မသင်ဘဲလက်ရှိစာသင်ခန်းထဲမှာ အခြားကလေးများနဲ့ ဆက်သင် မယ်ဆိုရင် အဲဒီကလေးရဲ့ စိတ်ပိုင်း ဆိုင်ရာညှိုးနွမ်းမှုက အင်မတန်ကြီးမားတယ်။ သူနဲ့အခြားကလေးများနဲ့ ဆက်သွယ်လို့ မရဘူး။ သူနဲ့ ဆရာ ဆရာမနဲ့ ဆက်သွယ်လို့မရဘူး။ ဘာပဲသင်သင် သူ့ခေါင်းထဲ မရောက်ဘူး။ သူ့ဘာသာ သူစိတ်တိုပြီး နောက်ဆုံး အဲဒီစိတ်တိုမှု တွေ၊ ဝမ်းနည်းမှုတွေက အိမ်ရောက်တော့ ပေါက်ကွဲ တယ်။ အဲဒီတော့ အိမ်က အဖေအမေနဲ့ မတည့်တာတ၊ို့ အိမ်မှာ သောင်းကျန်းတာတို့ စသည်ဖြင့် ဖြစ်တတ်တယ်။ အားလုံးပါဝင် ရမယ့် ပညာရေးစနစ်ဆိုတော့ လက်ခံတာပေါ့။ ဒါပေမဲ့ အထူး လိုအပ်ချက်ရှိသော ကလေးတွေအတွက်တော့ အထူးသင်ကြားပို့ချ နိုင်မယ့် စာသင်ခန်းတော့လိုအပ်တယ်။ ကျွန်တော်တော့ အဲဒီလို မြင်တယ်။

မေး။  အခုမြန်မာပြည် ပြန်ရောက်ပြီးတဲ့အခါမှာ ကိုအောင်ဒင် တက်ခဲ့တဲ့ စက်မှုတက္ကသိုလ်ကိုလည်း လေ့လာကြည့်ရှုခဲ့တယ်လို့ သိရတယ်။ နောက်တစ်ခုက ရန်ကုန်တက္ကသိုလ် ကြီးကိုလည်း လှည့်လည်ကြည့်ရှုခဲ့တယ်လို့ သိရတယ်။ အဲဒီတော့ ကျောင်း သားတစ်ယောက်အနေနဲ့ရော နဂိုကလည်း ၈၈ ကာလ ဗကသ ရဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင် လှုပ်ရှားခဲ့တဲ့ သူတစ်ဦးအနေနဲ့ရော အခုချိန်မှာ ကျောင်းတွေကို သွားကြည့် တဲ့အခါ ဘယ်လိုမြင်တွေ့ခဲ့ရပါသလဲ။ နောက်တစ်ခုက ကျောင်း သား သမဂ္ဂတွေလည်း သူ့ကျောင်းနဲ့ သူ၊ သူ့အနေအထားနဲ့သူ လုပ် ဆောင်နေကြတာရှိတယ်။ လက်ရှိ ကျောင်းသား သမဂ္ဂတွေရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ရှေ့ကနေသွားခဲ့ တဲ့ နောင်တော်တစ်ယောက်အနေနဲ့ ဘာတွေများ ဝေဖန် အကြံပြုစရာရှိလဲ။

 ဖြေ။ အဲဒါနှစ်ချက်ပေါ့၊ တစ်ချက်က ဒီကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်က တရားဝင်ခွင့်ပြုထားတာ မရှိသေးဘူး။ မရှိသေးတဲ့ အတွက်ကြောင့် ကျောင်းသားတွေက သက်ဆိုင်ရာကျောင်းမှာ ကျောင်းသားအဖွဲ့အစည်းတွေ တည်ထောင်တဲ့အခါမှာ အနှောင့် အယှက်တွေလည်း အများကြီးကြုံရတယ်။ ကျောင်းသားထု ကိုယ် တိုင်ကလည်း အများစုက ဒီသမဂ္ဂတွေမှာ ပူးပေါင်းပါဝင်မှု အားနည်းတယ်။ ကျောင်းသားများကို လွတ်လပ်စွာ အဖွဲ့အစည်း တည်ထောင်ခွင့်ပေးတယ်ဆိုတာ ပါဖို့လိုတယ်။ အခုကတည်းက အရေးကြီးတဲ့ ပြဌာန်းချက်ကမပါဘူးဗျ။ မပါတဲ့အတွက်ကြောင့်မို့ ကျွန်တော်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေတာ။ ပါရမယ်။ အဲဒီလိုပါမှသာလျှင် ကျောင်းသားထုက သမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရှိမယ်။ လွတ်လပ်စွာ လှုပ်ရှား ခွင့်ရှိမယ်။ တရားဝင်ဖွဲ့စည်းတည်ထောင်ခွင့် ရှိတယ်ဆိုရင် အခြား ကျောင်းသားတွေကလည်း သက်ဆိုင်ရာသမဂ္ဂမှာ ပါဝင်ပူးပေါင်း လာကြမှာပေါ့။ နောက်တစ်ချက်ကကျတော့ ကျောင်းသားသမဂ္ဂ တွေအနေနဲ့ ကျွန်တော်တွေ့တယ်ဗျ။ အခုသူတို့လုပ်နေတာတွေ ကျွန်တော်လေးစားပါတယ်။ ဒီမြေသိမ်းယာသိမ်းကိစ္စတွေမှာ သူတို့ အဖိနှိပ်ခံပြည်သူတွေဘက်ကနေ ရပ်တည်လှုပ်ရှားကြတာ။ အလုပ် သမားဆန္ဒပြပွဲတွေမှာ အလုပ်သမားထုကို ထောက်ခံကြတယ်။ ကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာ ကျောင်းဝင်းထဲ မှာလည်း လုပ်စရာတွေအများကြီးရှိတယ်။ စာသင်ခန်းတွေကပိုပြီး တော့ ကြံ့ခိုင်ဖို့လိုအပ်တယ်။ စာသင်ဆောင်တစ်ဆောင်နဲ့ တစ် ဆောင်ကြားမှာ မြက်ရိုင်းတောတွေ အကြီးကြီးထနေတာကို ရှင်း လင်းဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို လိုအပ်ချက်တွေဖြည့် ဆည်းပေးဖို့ တောင်းဆိုရမှာလေ။ ကျောင်းသားထု ကိုယ်စားပြုပြီး ကျောင်းသားအရေးကိစ္စတွေ တောင်းဆိုရမှာ။ အလားတူပဲ လုံခြုံမှုပေါ့ဗျာ။ မြက်ရိုင်းတွေထူထပ်နေတဲ့ တောကြီးထဲမှာအဆိပ်ရှိ တဲ့ အန္တရာယ်ရှိတဲ့ သတ္တဝါတွေ အများကြီးရှိနိုင်တာကိုး။ အဲဒီလို ဝန်းကျင်မှာ ကလေးတစ်ယောက်၊ ကျောင်းသားတစ်ယောက် သည် ဘယ်လိုမှ စိတ်ဖြောင့်ဖြောင့်နဲ့ ကျောင်းတက်နိုင်မှာမဟုတ် ဘူး။ နောက်တစ်ခါ အဆောင်မလောက်ငတာ၊ အဆောင်ရဲ့အရည် အချင်းမပြည့်မီတာ၊ အဆောင်မှာကျွေးတဲ့ အစားအသောက်တွေ ရဲ့ အဆင့်အတန်းမမီတာ၊ ဆရာ ဆရာမများရဲ့ လာဘ်စားမှု၊ ဆရာ ဆရာမများရဲ့ ခွဲခြားဆက်ဆံမှု၊ ပညာရေး အဆင့်အတန်းနိမ့်ကျမှု၊ လုံလောက်တဲ့ လက်တွေ့ပစ္စည်းတွေမရှိခြင်း၊ လုံလောက်တဲ့ နည်း ပညာပံ့ပိုးမှုတွေမရှိဘူး၊ အရည်အချင်းပြည့်ဝတဲ့ ဆရာတွေမရှိဘူး။ ကျောင်းထဲမှာကိုပဲ ကျောင်းသားထုအတွက် လိုအပ်ချက်တွေက အများကြီးပဲဗျ။ ကျောင်းသားသမဂ္ဂတွေအနေနဲ့ အမျိုးသားရေးအ တွက် လှုပ်ရှားနေဖို့လိုသလို တစ်ချိန်တည်းမှာပဲ ကျောင်းသားထု ကျောင်းသားအခွင့်အရေး အတွက်လည်း လှုပ်ရှားဖို့လိုအပ်တယ်။ အဲဒီနှစ်ခုကြားမှာ မျှမျှတတ ဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော် အကြံပြုပါတယ်။
စက်မှုတက္ကသိုလ်ကို ကျွန်တော်ရောက်တဲ့အခါကျတော့ ကျောင်းသားလေးတွေတွေ့ပါတယ်။ ယူနီဖောင်းနဲ့ ကျောင်းတက်ရ တယ်။ ဆိုတော့ တက္ကသိုလ်ကျောင်းသားဖြစ်လျက်နဲ့ ကိုယ် နှစ်သက်သလို လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်တောင် မရှိဘူး ဆိုရင် သူတို့ပြောပြောနေတဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ဆို တာ အလကားပဲ။ ကျောင်းသားဗဟိုပြု ပညာရေးစနစ်ဆိုတာ အလကားပဲ။ ကျောင်းသားထုကို အထူးသဖြင့် တက္ကသိုလ်ကျောင်း သားတွေကို ယူနီဖောင်းဝတ်ပြီးတော့ ကျောင်းတက်ခိုင်းတဲ့ဟာကို လည်း ကျောင်းသားထုက ကန့်ကွက်သင့်တယ်၊ ရှုတ်ချသင့်တယ်။ ဒါကိုလက်မခံသင့်ဘူးပေါ့ဗျာ။ ဒါတွေကို ပြင်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တောင်းဆိုသင့်တယ်။

မေး။  နောက်တစ်ခုကတော့ ကိုအောင်ဒင်ထူထောင်ခဲ့တဲ့ အဖွဲ့
US Campaign For Burma(USCB) ဒီအဖွဲ့တည် ထောင်ဖြစ်ပုံရယ်၊ အခုချိန်မှာကျတော့ ကိုယ်တိုင်တည်ထောင်ခဲ့ တဲ့ အဖွဲ့ကနေ ဘာဖြစ်လို့ နုတ်ထွက်ခဲ့ရတာလဲ။ ရှင်းပြပေး ပါဦး။

 ဖြေ။ ကျွန်တော်အမေရိကားရောက်တော့ ၂ဝဝ၁ ခုနှစ်။ အဲဒီ အချိန်မှာ ဒေါက်တာဇာနည်ခေါင်းဆောင်တဲ့
Free Burma Coalition ဗမာပြည်လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ဆိုတာရှိ တယ်။ အဲဒီမှာ ကျွန်တော်က ပထမ Fellowship အသင်းဝင် အနေနဲ့ လုပ်တယ်။ နောက်ကျတော့ မူဝါဒရေးရာ ညွှန်ကြားရေး မှူးအနေ နဲ့လုပ်တယ်။ အဲဒီကာလမှာပဲ အပြောင်းအလဲတချို့ဖြစ်တယ်။  ဒေါ်အောင်ဆန်းစုကြည်ကိုစစ်တပ်က နေအိမ်အကျယ်ချုပ် ကနေ ပြန်လွှတ်ပေးလိုက်တယ်။ လွှတ်ပေးတဲ့ သက်တမ်းကလည်း ဘယ် လောက်မှမရှိ ၁၈လဝန်းကျင်ပဲ။ အဲဒီ ၁၈ လလည်းပြီးရော ဒီပဲယင်း အကြမ်းဖက်မှုဖြစ်တယ်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့။ ဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ တော်တော်ကြီးကို အရှိန်ရတယ်ပေါ့ဗျာ။ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ သိအောင် အထူးသဖြင့် အမေရိကန်အစိုးရသိအောင် တင်ပြပြီးတော့ အမေရိ ကန်ပြည်ထောင်စုကနေ မြန်မာစစ်အစိုးရဘက်ကို အင်မတန်ပြင်း ထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ရေးကိုလုပ်ခဲ့တယ်။ အဲဒီ နောက်ပိုင်းကျတော့ ဒေါက်တာဇာနည်ရဲ့ အမြင်မှာ အပြောင်း အလဲတွေ ရှိလာခဲ့တယ်။ တစ်အချက် အဲဒီတုန်းက Free Burma Coalition ဟာ အမေရိကန်ကျောင်းသားတွေနဲ့ ဗမာကျောင်းသား တွေ ပူးပေါင်းလှုပ်ရှားတဲ့ အဖွဲ့ပေါ့ဗျာ။ မြန်မာများပဲပါတဲ့ အဖွဲ့အ စည်းအဖြစ် ပုံစံပြောင်းချင်တယ်။ နောက်တစ်ခုက စီးပွားရေးပိတ် ဆို့မှုနဲ့ပတ်သက်လို့ သူက ဒါကို သိပ်အလေးအနက်မထားချင်တော့ ဘူး။ US လွှတ်တော်ကို Advocacy လုပ်တာကို သူကမကြိုက် တော့ဘူး။ အဲဒီလိုမူဝါဒဆိုင်ရာ ကွဲလွဲမှုတွေရှိလာတဲ့အခါ ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကိစ္စမှာ အမေရိ ကန်လို အင်အားကြီးနိုင်ငံများရဲ့ အထောက်အပံ့၊ ကူညီမှုသည် အရေးကြီး ဆဲဖြစ်တယ်၊ လိုအပ်ဆဲဖြစ်တယ်။ အဲဒီတော့ ကျွန်တော် တို့လုပ်နိုင်တာ ဒါပဲလုပ်နိုင်တာကိုး။ ကျွန်တော်တို့ ပြင်ပရောက်နေ တဲ့ လူတစ်ယောက်အနေနဲ့ သက်ဆိုင်ရာ ရောက်ရာနိုင်ငံကအစိုးရ ကို မြန်မာနိုင်ငံဒီမိုကရေစီရေးအပေါ်ကူညီဖို့၊ ထောက်ပံ့ဖို့ စည်းရုံး လှုံ့ဆော်ရုံကလွဲလို့ အခြားဘာမှ လုပ်စရာမရှိဘူးလို့ ကျွန်တော်က မြင်တယ်။ ဒီသဘောထားကွဲလွဲမှုနဲ့ ကျွန်တော် င်္Free Burma Coalition  ကနုတ်ထွက်လိုက်တာ။
နုတ်ထွက်ပြီးတဲ့နောက် ၂ဝဝ၃ ခုနှစ်ထဲမှာပဲ US Campaign for Burma အမေရိကန် ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ကို ကျွန်တော်တည်ထောင်တယ်။ ကျွန်တော်အနေနဲ့က ဒီအဖွဲ့အစည်းအနေနဲ့ အမေရိကန်အစိုးရနဲ့ အမေရိကန်လွှတ် တော်ကို ထပ်မံလွှမ်းမိုးဖို့ ကြိုးစားမယ်။ မြန်မာနိုင်ငံဆိုင်ရာမူဝါဒနဲ့ ပတ်သက်ပြီး ထပ်မံလွှမ်းမိုးဖို့ ကြိုးစားမယ်။ လွှမ်းမိုးဖို့ ကြိုးစားတဲ့ နေရာမှာ အဓိကကတော့ မြန်မာနိုင်ငံအတွက် နှစ်စဉ်ချမှတ်နေတဲ့ ထောက်ပံ့ငွေကိုများ သထက်များလာအောင် ထိုင်းနယ်စပ်၊ အိန္ဒိယ နယ်စပ်နဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေပေါ်မှာ အမေရိကန် အစိုးရပို၍ပို၍ ကူညီစောင့် ရှောက်အောင်၊ နောက်တစ်ခုက မြန်မာစစ် အစိုးရအပေါ်မှာ အမေရိကန်အစိုးရ ပို၍ ပို၍ ဖိအားပေးအောင်၊ ဒါအဓိကရည်ရွယ် ချက်တွေပေါ့။ ဆိုတော့ အဲဒီရည်ရွယ်ချက် အတိုင်း ကျွန်တော်တို့ ဆက်လက်လှုပ်ရှား ကြပါတယ်။ လှုပ်ရှားမှုကတော့ USCB  အနေနဲ့ အောင်မြင်မှုကတော့ အတိုင်းအတာ ကြီးကြီးမားမားရှိပါတယ်။ ခုနပြောတဲ့ Congress လွှတ်တော်ကနေ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် နှစ်စဉ်ချပေးတဲ့ ထောက် ပံ့ငွေကို ကျွန်တော်တို့က သန်းပေါင်းများစွာ တိုးမြှင့်နိုင်တယ်။ သန်းပေါင်းများစွာဆိုတဲ့ နေရာမှာ ၂ဝဝ၁ ခုနှစ် ကျွန်တော်ရောက် တုန်းကဆို Congress လွှတ်တော်ကနေ ချမှတ်ပေးတဲ့ငွေက ဒေါ်လာတစ်သန်းဝန်းကျင်ပဲရှိတယ်။ ၂ဝဝ၃ခုနှစ် နောက်ပိုင်းကစ ပြီး အဲဒီငွေကြေးပမာဏကို ဒေါ်လာ ၁၂ သန်း၊ ၁၃ သန်း၊ ၁၅ သန်း၊ နောက်ဆုံး အခုဆိုရင် သန်း ၈ဝ ကျော်သွားပါပြီ။ အခုပိုင်း ကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ ဒါက US AID က မြန်မာနိုင်ငံ တွင်းမှာ တရားဝင်လှုပ်ရှားလို့ရတဲ့ အခါကျတော့ US AID ရဲ့ Budget ပေါ့ဗျာ။ ယေဘုယျပြောချင်တာကတော့ အကျပ် အတည်းကာလတစ်ခုမှာ မြန်မာနိုင်ငံအတွက် Congress က ထောက်ပံ့တဲ့ ငွေကြေးကို အမြင့်မားဆုံးဖြစ်အောင် ကျွန်တော်တို့ မြှင့်တင်နိုင်ခဲ့တယ်။ နောက်တစ်ခါ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်၊ မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စု က ပိုပြီးစောင့်ရှောက်ကူညီအောင် ကျွန်တော်တို့ အားစိုက်ထုတ်နိုင် ခဲ့တယ်။ အဲဒီနှစ်တွေမှာ အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ကမ္ဘာ့ဒုက္ခသည်တွေကို ခွဲတမ်းချပြီး လက်ခံတာရှိတယ်။ မြန်မာ နိုင်ငံက ဒုက္ခသည်တွေကို သူတို့လက်ခံတာ ရာဂဏန်းအထိတော့ လက်ခံတာရှိတယ်။ နောင် နှစ်မှာ ဒီထက်မကပိုပြီး လက်ခံဖို့ ဝိုင်းပြီး တိုက်တွန်းကြတဲ့အခါ ၂ဝဝ၆၊၂ဝဝ၇ နှစ်တွေမှာ စုစုပေါင်း သောင်းနဲ့ချီပြီး လက်ခံခဲ့တာရှိ တယ်။ အဲဒီအတွက်ကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများနဲ့ မလေးရှား၊ အိန္ဒိယနယ်စပ် က ဒုက္ခသည်စခန်းများက မြန်မာမိသားစုပေါင်း သိန်းနဲ့ချီပြီး အမေ ရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်နိုင်ခဲ့တယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာ့အရေးကိစ္စကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ Agenda တစ်ခု ဖြစ်လာအောင် အမေရိကန်ပြည်ထောင်စုက တင်သွင်းဖို့ ကျွန်တော်တို့လှုံ့ဆော် နိုင်ခဲ့တယ်။ ကျွန်တော်တို့ လှုံ့ဆော်မှုအောင်မြင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တင်သွင်းချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲတဲ့အခါ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက် မဲ ၃ မဲ၊ ကြားနေမဲ ၃ မဲနဲ့ မြန်မာ့အရေးကိစ္စဟာ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက ဝင်ရောက်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့တယ်။
ကျွန်တော်တို့က ရောက်တဲ့ကာလတွေ မှာပြန်ကြည့်ရင် မြန်မာဆိုတာ အမေရိကန် ပြည်ထောင်စုအတွက် ဘာမှအရေးမကြီး ဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ် လစီမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဆိုတာ ဟိုးအောက်ဆုံးမှာရှိတယ်။ အဲဒီလိုမျိုး အောက်ဆုံးမှာရှိတဲ့ မြန်မာနိုင်ငံကို အမေရိ ကန်ပြည်ထောင်စု နိုင်ငံခြားမူဝါဒများရဲ့ ထိပ်ဆုံးကိုရောက်အောင်ပို့တဲ့ နေရာမှာ ဆင့်ကဲဆင့်ကဲ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ကျွန်တော်တို့ လိုချင်တာက မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တစ်ယောက် ခန့်အပ်ဖို့။ ဒါကို ကျွန်တော်တို့လိုချင်တယ်။ မြန်မာ့အရေးကိစ္စကို နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက အခြားနိုင်ငံများကိစ္စကိုဖြေရှင်းရင်း ဆောင်ရွက်နေတာထက် စာရင် မြန်မာ့အရေးကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ၂၄ နာရီ တစ်ပတ် ၇ ရက် အချိန်ပြည့်တာဝန်ယူဆောင်ရွက်မယ့် အထူးသံတမန် တစ် ယောက်ခန့်ခြင်းအားဖြင့် မြန်မာပြည်အရေးကိစ္စကို အမေရိကန် ပြည်ထောင်စုက ဘယ်လောက်ထိ အရေးပေးတယ်ဆိုတာကို ထင်ရှားပြီးတော့ လှုပ်ရှားမှုမှာလည်း အားကောင်းမယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ အထူး ကိုယ်စားလှယ်နဲ့ Coordinator Position ကိုခန့်ဖို့ ကြိုးစားတယ်။ ၂ဝဝ၇ ခုနှစ်မှာ ကျွန်တော်တို့ အဲဒီဟာ အောင်မြင်ခဲ့တယ်။ Tom Lantos Block Burmese Jade Act  ဥပဒေနဲ့အတူ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အမေရိကန် Congress လွှတ်တော်ကနေ အမေရိကန်အစိုးရကို တာဝန်ပေးနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ သင့်တော်တဲ့လူကို ရဖို့ကြိုးစား ကြတယ်။ အဲဒီမှာဆို အခု သံအမတ်ကြီးဖြစ်နေတဲ့ ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် အဖြစ် ကျွန်တော် တို့ ခန့်အပ်နိုင်ခဲ့တယ်။ သူ့ကိုခန့်အပ်နိုင်တဲ့အတွက်ကြောင့် သူက နေစပြီး မြန်မာနိုင်ငံစစ်အစိုးရနဲ့ အမေရိကန်အစိုးရကြား တိုက်ရိုက် ဆက်ဆံမှုတွေ စတင်နိုင်ခဲ့ပြီးတော့ Engagement Policy ပေါ့။ အဲဒါကို သူတို့ ဆက်လုပ်နိုင်ခဲ့တယ်။ ဒါတွေက ကျွန်တော်တို့ လုပ်ခဲ့တဲ့အတိုင်းအတာတွေ။ ဘယ်လောက် ပဲ ကျွန်တော်တို့ လုပ်နိုင်ခဲ့လုပ်နိုင်ခဲ့ ကျွန် တော်တို့ အဖွဲ့အစည်းတွေက တစ်ဖက်မှာ ကြည့်မယ်ဆိုရင် ငွေရေးကြေးရေးက အင်မ တန်ချို့တဲ့တဲ့ အဖွဲ့အစည်းတွေပါ။ အမေရိ ကားမှာဆို Foundation တွေအများကြီးရှိ တယ်။ အဲဒီ ဖောင်ဒေးရှင်းကြီးတွေက ကျန်း မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ကိစ္စတွေမှာ အများကြီး ထောက်ပံ့ကူညီကြပေမဲ့ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ သိပ်ပြီး ထောက်ပံ့ကူညီမှုမရှိဘူး။ ဒါကြောင့် US Campaign for Burma သည် အင်မတန် ချို့တဲ့တဲ့ငွေကြေးနဲ့ ရပ်တည်ခဲ့ ကြရတယ်။ အဲဒီလိုရပ်တည်ပေမဲ့လည်း တစ်ဖက်မှာကျ တော့ GrassrootLevel ကျောင်းသားတွေ ကြားထဲမှာ၊ ပြည်သူတွေကြားထဲမှာ ထောက်ခံမှုအပြည့်အဝရှိတယ်။ ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ထောက်ခံမှုတွေကို သုံးပြီးတော့ Congress လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်တော်တို့အရေး ကိစ္စကို စိတ်ဝင်စားလာအောင်၊ ကျွန်တော်တို့ကို ကူညီချင်စိတ် ပေါ်လာအောင် ကျွန်တော်တို့က လုပ်ခဲ့ရတယ်။ တစ်ဖက်မှာကျ တော့ ကျွန်တော်တို့နဲ့ အားပြိုင်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒါ ကကျတော့ အမေရိကန် Chamber of Commerce တို့၊ US-Asean Business Council တို့၊ Total, Chevron အစရှိတဲ့ ရေနံကုမ္ပဏီနဲ့ စီးပွားရေးကုမ္ပဏီကြီးတွေက ဒေါ်လာ သန်းပေါင်း များစွာ အသုံးချပြီးတော့ Lobbyist  တွေအများကြီး ရှိတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ပြီးတော့ Congress လွှတ်တော် ကိုစည်းရုံးကြရတယ်။ သူတို့ဘက်မှာ ငွေကြေးအမြောက်အမြားသုံး နိုင်တယ်။ ကျွန်တော်တို့ဘက်မှာ မသုံးနိုင်ဘူး။ ကျွန်တော်တို့ဘက် က သာမန်ပြည်သူတွေရဲ့ ထောက်ခံမှုရှိတယ်။ သူတို့ရဲ့ရပ်တည် ချက်က စစ်အစိုးရကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း ပေး၊ ဒါမှသာလျှင် အပြောင်းအလဲကို ဖန်တီးနိုင်မယ်။ ကျွန်တော်တို့ ဘက်ကျတော့ စစ်အစိုးရကို ဖိအားပေးရမယ်။ ဒီမိုကရေစီ အင်အားစုကို ပို၍ပို၍ ထောက်ခံရမယ်။ အဲဒီလမ်းကြောင်းနှစ် ကြောင်းနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့ကြရာမှာ အဲဒီနှစ်တွေမှာတော့ ကျွန်တော်တို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ဘက်က အားကောင်းခဲ့တယ်။

၂ဝ၁၂ ခုနှစ်အစမှာ ရခိုင်ပြည်နယ်မှာလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ စတင်ဖြစ်ပွားတယ်။ အမေရိကန်မှာ ရိုဟင်ဂျာတွေက အားကောင်းတယ်။ သူတို့ရဲ့
Issue ကို ထိရောက် အောင် Lobby လုပ်နိုင်ကြတယ်။ လုပ်နိုင်တာက အမေရိကန်မှာ မကဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက ဥရောပမှာလည်း  Lobby လုပ်နိုင်ကြတယ်။ သူတို့ကိုထောက်ခံလာအောင်၊ သူတို့ကို ကယ်တင် အောင် နိုင်ငံတကာအစိုးရတွေကို ပန်ကြားနေတာတွေ အများကြီး ရှိတယ်။ ကျွန်တော်ကကျတော့ ရိုဟင်ဂျာဆိုတာ ကျွန်တော့် အနေ နဲ့ လက်မခံဘူး။ ကျွန်တော်သူတို့ကို လူသားအနေနဲ့တော့အသိ အမှတ်ပြုတယ်။ အဲဒီကြားမှာနှစ်ခုပေါ့။ ရိုဟင် ဂျာဆိုတဲ့ လူမျိုးစု တစ်စုကို ဖန်တီးပြီးတော့ လူမျိုးစုအခွင့်အရေး ရအောင်တောင်း တာ ကျွန်တော်လုံးဝကန့်ကွက်တယ်။ သို့သော်လည်း လူသား တစ်ယောက်အနေနဲ့တော့ သူတို့က လူသားဆိုင်ရာအခွင့်အရေး ရသင့်တယ်။ ဒါက ကျွန်တော့်ရဲ့ အမြင်ပေါ့ဗျာ။ အဲဒီနှစ်ခုကြား ထဲမှာ ကျွန်တော်တတ်နိုင်သလောက် ကျွန်တော့်အဖွဲ့အစည်း အနေနဲ့ ရိုဟင်ဂျာ Campaign ထဲမှာ မပါအောင် ကြိုးစားတယ်။ ကျွန်တော်က အမှုဆောင်ဒါရိုက်တာ ဖြစ်တဲ့ အတွက်ကြောင့် အတိုင်းအတာတစ်ခုအထိပေါ့။ ရိုဟင်ဂျာ Issue ကို US Campaign ကနေ လှုံ့ဆော်တာမျိုးမရှိအောင် ကိုင် တွယ်နိုင်ခဲ့တယ်။ ဥပမာ အင်္ဂလန်မှာဆို Burma Campaign UK ဆိုတာရှိတယ်။ သူတို့ဆို ရိုဟင်ဂျာတွေကို ခေါင်းဆောင်တင်ပြီး ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအတွက် တောင်းဆိုနေတာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ အဲဒီကလူတွေကို အမေရိကန်ပြည်ထောင်စုကို ပို့ဖို့ကြိုးစားပေမဲ့ ကျွန်တော်တို့က လက်မခံခဲ့ဘူး။ လာရင်လည်း သူတို့နည်းသူတို့ ဟန်နဲ့လာပြီး လှုပ်ရှားသွားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပယောဂတော့ တော်တော်ကင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၂ ခုနှစ်မှာ ခုနပြောတဲ့ ပြဿနာဖြစ်တဲ့အခါကျတော့ ကျွန် တော့်လက်အောက် ဝန်ထမ်းတွေကအစ၊ ကျွန်တော့်အထက် Board of Directors အဆုံး US Campaign သည် လူ့အခွင့် အရေးအတွက် ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာ တွေအတွက် Campaign တွေလုပ်ရမယ်။ ကျွန်တော်ကတော့ USCB သည် လူ့အခွင့်အရေးအဖွဲ့မဟုတ်ပါ။ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်တယ်။ ဆိုလိုတာက ပြည်တွင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် အားပေးထောက်ပံ့ရန် ဖွဲ့ထားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို တခြားလူ့အခွင့်အရေးအဖွဲ့များနဲ့ တန်းတူယှဉ်လို့မရဘူး။ လူ့အခွင့်အရေးအဖွဲ့ကကျတော့ သူတို့သိတာ လူ့အခွင့်အရေး တစ်ခုပဲလေ။ ကျွန်တော်တို့ကျတော့ တိုင်းပြည် အပြောင်းအလဲကို တည်ပြီးစဉ်းစားတော့ဘယ်နည်းက အပြောင်း အလဲကို ဖြစ်စေမလဲ၊ ဘယ်နည်းက အပြောင်းအလဲကို နှောင့်နှေး စေမလဲ။ အဲဒီပေါ်မှာ မူတည်ပြီး စဉ်းစားကြတယ်။ ကျွန်တော် တို့သည် လူ့အခွင့်အရေးအဖွဲ့အစည်းမဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သည် ဒီကိစ္စမှာမပါနိုင်ဘူး။ နှစ်အချက် ရိုဟင်ဂျာက ကျွန်တော့်အတွက် ပြဿနာရှိတယ်။ သူတို့တင်တဲ့သမိုင်းကို ကျွန် တော်လက်မခံနိုင်ဘူး။ ဒါပေမဲ့ သူတို့ဟာ လူသားတွေဖြစ်တဲ့ အတွက်ကြောင့် လူသားတွေခံစားသင့်တဲ့ အခွင့်အရေးတော့ခံစား သင့်တယ်။ ကိုယ်တိုင်တောင်မှ မြန်မာနိုင်ငံကထွက်ပြီး တခြားနိုင်ငံမှာ ခိုလှုံတဲ့အခါမှာ ပထမ ဒုက္ခသည်၊ နောက်တော့ တရားဝင် နေထိုင်ခွင့်ရတယ်။ နောက်ဆုံး ကျတော့ ဆင့်ကဲဆင့်ကဲ အသိအမှတ်ပြုခံကြရတာကိုး။ သူတို့ လည်း တခြားနိုင်ငံက ထွက်ပြေးလာပြီး ဒီနိုင်ငံမှာ ခိုလှုံမယ်ဆိုရင် သူတို့လည်း ဒီနိုင်ငံအပေါ်မှာ သစ္စာရှိမယ်ဆိုရင် သူတို့ကိုလည်း တရားဝင်နေ ထိုင်ခွင့် ပေးသင့်တာပေါ့။ ဒါကျွန်တော့်အမြင်။ တရား ဝင် နေထိုင်ခွင့်တောင်းတဲ့နေရာမှာ ရိုဟင်ဂျာဆိုတဲ့ Campaign  ကြီးနဲ့ အလံထောင်ပြီးတောင်းတာမျိုး၊ အကြမ်းဖက်လှုံ့ဆော်တာ မျိုး ဒါကိုတော့ ကျွန်တော်လုံးဝလက်မခံဘူး။ အဲဒီကိစ္စနဲ့ ပတ်သက် ပြီး ကျွန်တော့်လက်အောက်က ဝန်ထမ်းတွေက Board of Directors ကိုတိုင်တယ်ပေါ့ဗျာ။ Board of Directors နဲ့ ကျွန်တော်နဲ့ ထိပ်တိုက် စကားပြောကြရတယ်။ Board of Directors ခုနစ်ယောက်ရှိတယ် တစ်ယောက်ပဲဗမာ၊ ကျန်တဲ့ ၆ ယောက်က အမေရိကန်။ သူတို့က ကျွန်တော့်ကို ဒီ Campaign လုပ်ရမယ်။ ကျွန်တော်ကလည်း မလုပ်နိုင်ဘူး။ ကျွန်တော့်ကို သူတို့က စဉ်းစားပါဦးပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း သိပ်သည်းမခံနိုင်တော့ဘူး။ ဒါဆိုရင်လည်း မင်းတို့လုပ်ချင်ရာလုပ် ကြတော့ ငါထွက်တယ်ဆိုပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် နုတ်ထွက်ခဲ့ပါတယ်။

မေး။ လက်ရှိအနေအထားမှာ
Democratic Forces  တွေအနေနဲ့ ဘယ်လိုရပ်တည်သင့်တယ်၊ လှုပ်ရှားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ကျွန်တော်ပြောနိုင်တာကတော့ စောစောပိုင်းက ကျွန်တော်တို့ အသက်ရှူခွင့်မရကြဘူး။ အခုဘာပဲပြောပြော အသက်ရှူခွင့် ရှိလာပြီ။ အဲဒီအသက်ရှူခွင့်ကို ကျွန်တော်တို့ တန်ဖိုး ထားပါ။ ရရှိထားတဲ့ အခွင့်အရေးကိုမှ တန်ဖိုးမထားဘူးဆိုရင် ဒီထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကိုရဖို့ခက်တယ်။ နှစ်အချက် က ရရှိထားတဲ့အခွင့်အရေးကို စနစ်တကျ အသုံးချပေါ့ဗျာ။ အခွင့် အရေးဆိုတာ အမှန်တကယ်တော့ ပိုက်ဆံအိတ်တစ်အိတ်လိုပါပဲ။ ကိစ္စရှိတိုင်း ထုတ်သုံးနေရင် နောက်ဆုံးအရေးကြီးချိန်မှာ ပိုက်ဆံ မကျန်တော့ဘူး။ စုဆောင်းထားတဲ့ငွေတွေကို သုံးစွဲတဲ့နေရာမှာ သေသေချာချာစနစ်တကျ သုံးဖို့လိုပါတယ်။ လိုတဲ့နေရာသုံး၊ မလိုတဲ့နေရာမသုံးနဲ့ပေါ့ဗျာ။ လက်ရှိရတဲ့အခွင့်ရေးကို တန်ဖိုးထား၊ လေးလေးစားစား ယုံယုံကြည်ကြည်သုံးစွဲ၊ ဒီအခွင့်အရေးကို တိုးချဲ့ဖို့ အတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာပေါ့ဗျာ။ အားလုံးလည်း သိတာပဲ။ ဒါကြီးက စစ်အစိုးရ လမ်းပြမြေပုံအတွင်း သွားရင်း နောက်ဆုံးမှာ ဖြေလျှော့ရေး
Liberalization လုပ်တဲ့ အဆင့်ပဲ။ တစ်ဖက်မှာကျတော့ လူတွေအကုန်အပြောင်းအလဲ ဖြစ်တယ်ဗျ။ တပ်ထဲမှာလည်း အပြောင်းအလဲဖြစ်တယ်။ အထူးသဖြင့် လက်ရှိ ယူနီဖောင်းဝတ်ထားတဲ့ ဗိုလ်ချုပ်များနဲ့ ယူနီဖောင်းချွတ်ပြီး အရပ် သားဖြစ်လာတဲ့ ဗိုလ်ချုပ်များကြားမှာလည်း ကွဲလွဲမှုတွေရှိတယ်။ စစ်တပ်ထဲမှာလည်း ကွဲလွဲမှုတွေရှိတယ်။ ကြံ့ခိုင်ရေးထဲမှာလည်း ကွဲလွဲမှုတွေရှိတယ်။ အရပ်သားဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့တဲ့ ကြံ့ခိုင် ရေးထဲမှာလည်း ကွဲလွဲမှုတွေရှိတာပဲ။ ဒီစနစ်က လူတွေအားလုံးကို တစ်နည်းအားဖြင့် ကွဲစေတယ်။ ပြန်လည်းစုစည်းစေတယ်။ ပြောင်း လဲလာတဲ့လူတွေကို စည်းရုံးပြီးတော့၊ မပြောင်းလဲတဲ့ လူတွေကို စည်းရုံးမယ်ဆို တစ်စုတစ်ဝေးဖြစ်လာနိုင်တယ်။ အပြောင်းအလဲကို လက်မခံနိုင်တဲ့ လူတွေကလည်း တစ်စုတစ်ဝေးဖြစ်လာနိုင်တယ်။ အခုထက်ထိက ရောထွေးနေတဲ့ သဘောရှိတယ်။ အချိန်ကာလ တစ်ခုမှာ အဲဒီစည်းက ခြားသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်။ အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲနီးလာလေလေ သို့ မဟုတ် ၂ဝ၁၅ရွေးကောက်ပွဲအပြီးမှာ ထင်ထင်ရှားရှားအပြောင်း အလဲကို ဘယ်သူကလက်ခံပြီး ဆောင်ရွက်ချင်သလဲ။ အပြောင်း အလဲကို ပိတ်ဆို့ဟန့်တားချင်တဲ့ လူတွေကြားမှာ ကွဲပြားမှုက ရှိလာပါလိမ့်မယ်။ အဲဒီလိုအချိန်ကာလအတွက် ကျွန်တော်တို့က စိတ်ရှည်လက်ရှည် သည်းခံဖြတ်သန်းဖို့တော့ လိုတာပေါ့ဗျာ။ ကျွန်တော်အမြဲပြောပါတယ်။ ညီညွတ်ရေးဆိုတာလိုအပ်တယ်။ အြ<ွကင်းမဲ့ညီညွတ်ရေးဆိုတာ ဘယ်နေရာမှာမှ မရှိဘူး။ အဲဒီတော့ မညီနိုင်တာတွေကို ညီအောင် အတင်းညှိနေမယ့်အစား ယုံကြည် ချက်တူရာ ပုဂ္ဂိုလ်တွေစုပြီး ခိုင်မာအောင်၊ ညီညွတ်အောင် တည် ဆောက်ကြပါ။ ယုံကြည်ချက်တူတယ်လို့ ပြောတဲ့နေရာမှာ တခြား ဘက်က ပြောင်းလာချင်တဲ့လူတွေကိုလည်း လက်ကမ်းကြိုဆိုပါ။ အဲဒီလိုနဲ့ တစ်ချိန်ချိန်မှာ အပြောင်းအလဲကို တန်ဖိုးထားပြီး ဆက် လက်တိုးချဲ့ချင်တဲ့လူနဲ့ အပြောင်းအလဲကို ဟန့်တားချင်တဲ့ လူတွေ ကြား စည်းတစ်စည်းက သိသိသာသာ ကွဲပြားလာပါလိမ့်မယ်။ စိတ်ရှည်လက်ရှည်နဲ့ ဖြတ်သန်းဖို့လိုပါတယ်။

အယ်ဒီတာအဖွဲ့