အိမ်အပြန်
အောင်ဒင်
ကျနော်က
အဝေးကြီးမှပြန်လာခဲ့တယ်
သူငယ်ချင်းများက
ဘယ်ကိုမှမသွား၊ ဒီနံရံများအတွင်းမှာပဲရှိနေကြတယ်
ကျနော်တို့ကြား ခြားခဲ့တာက
မိုင်တစ်သောင်းနဲ့နှစ်ပေါင်း နှစ်ဆယ်
အခုတော့၊ ကျနော်တို့ ပြန်ဆုံတွေ့ကြတယ်…။
အပြာရောင်ကောင်းကင်ကြီးထဲကနေ
ခုန်ချလာတဲ့ နှင်းစက်တွေဟာ
ကျနော်တို့ရဲ့၊ နွေးထွေးတဲ့အသက်ရှုသံတွေကို
အေးစက်သွားအောင် မဖျားယောင်းနိုင်ကြ
မြက်ခင်းဟောင်းကြီးပေါ်မှာပဲ
သူတို့ရဲ့ ခြေရာတွေပျောက်ဆုံး
သိပ်မဝေးသေးတဲ့ အတိတ်ကာလတစ်ခုမှာ
ရှုံးနိမ့်နာကျင်စွာကျန်ရစ်ခဲ့တဲ့
ခြောက်အိပ်မက်၊ မက်တဲ့ညတွေကို
ကျနော်တို့ ..မုန်းရက်နိုင်စွမ်းမရှိကြ…။
နွေတစ်ညမှ၊ အစပြု၍
နောက်ထပ် နွေညပေါင်းများစွာ
အဆုံးမသတ်နိုင်သေးတဲ့ ခရီးရှည်ကြီးထဲ
လွင့်မျောခဲ့ကြရသူတွေပါ
နောက်ထပ်နှစ်ပေါင်းများစွာလည်း
နွေညတွေထဲ ၊ ကြေကွဲနာကျင်နေကြဦးမှာ…။
ဘဝထဲက
နှစ်ပေါင်းနှစ်ဆယ်ကျော်ခိုးယူခံလိုက်ရလို့
အလိုမတူပဲ အိုမင်းခဲ့ရတဲ့ မျက်နှာတွေဟာ
အရေးအကြောင်းတွေနဲ့ ခန့်ငြား…
မုန်တိုင်းရိုင်းရိုင်း၊ ကြမ်းတမ်းသောလှိုင်းနဲ့
ရမ်းကားသူတွေကို အနိုင်ပိုင်းခဲ့တဲ့
သူရဲကောင်းတို့ရဲ့ ကိုယ်ခန္ဓာတွေမှာ
ဒဏ်ရာဒဏ်ချက်တွေက ထင်ရှား…
သူငယ်ချင်းတို့ရယ် ၊ မင်းတို့ဟာ
မီးတောက်မီးလျှံတွေထဲက
ပြန်လည်နိုးထလာတဲ့ ဖီးနစ်စ်ငှက်တွေပါ
တောင်ပံခတ်သံ မြင့်မြင့်မားမား…။
မြေပေါ်မှာ
အရှိန်အဝါမဲ့မဲ့ ပွင့်တဲ့ပန်းတွေ
အယဉ်ကျေးဆုံးအလှဖြာဝေဖို့အတွက်
မင်းတို့ အိပ်မက်မက်ခဲ့ကြတယ်…။
အနက်ရှိုင်းဆုံး သမုဒ္ဒရာထဲ
မျှော်လင့်ခြင်းတွေ၊ နာကျင်ခြင်းတွေ
မင်းတို့ ကြဲဖြန့်ခဲ့ကြတယ်…။
ရိုးသားမှုနဲ့ အမှန်တရား
ချစ်သောပြည်သူတို့ရဲ့ အဖိနှိပ်ခံနှလုံးသား
မွန်းကြပ်ကြေကွဲနေတဲ့ မလှမပဘဝများ
မင်းတို့ ခံစားခဲ့ကြတယ်…။
နက်ဖြန်ခါနဲ့
လမင်းကြီးကိုတောင်မှ
မြင်ခွင့်မရတဲ့ အမှောင်ထုကြီးထဲ
မင်းတို့ရဲ့ ဘဝတွေ၊ မင်းတို့ရဲ့ မာနတွေကို
ဖယောင်းတိုင်လေးတွေလို ထွန်းညှိလို့
တတ်နိုင်သလောက် လင်းချင်းစေခဲ့တယ်
မင်းတို့ချစ်တဲ့ တိုင်းပြည်ကို
မင်းတို့ အစွမ်းကုန်ချစ်ခဲ့ကြတယ်…။
မြင်ခွင့်မရတဲ့ အမှောင်ထုကြီးထဲ
မင်းတို့ရဲ့ ဘဝတွေ၊ မင်းတို့ရဲ့ မာနတွေကို
ဖယောင်းတိုင်လေးတွေလို ထွန်းညှိလို့
တတ်နိုင်သလောက် လင်းချင်းစေခဲ့တယ်
မင်းတို့ချစ်တဲ့ တိုင်းပြည်ကို
မင်းတို့ အစွမ်းကုန်ချစ်ခဲ့ကြတယ်…။
အမှောင်ထုက ကြီးစိုးနေတုန်းမို့
ဖယောင်းတိုင်လေးတွေ ဆက်ပြီးထွန်းညှိကြရဦးမယ်
မင်းတို့ ဘဝတွေ ဆက်ပြီးနာကျင်ကြရဦးမယ်
ဒါပေမည့်ကွယ်
အဆုံးစွန်တောက်ပခဲ့ရလို့
မီးဇာကုန် အရည်ပျော်ကျသွားတဲ့ ဖယောင်းတိုင်လေးအချို့ဟာ
အချိန်အတော်နောက်ကျပြီးမှ
အိမ်ပြန်ရောက်လာတဲ့ သူငယ်ချင်းကို
ခွင့်မလွှတ်၊ မကြိုဆိုနိုင်ကြတော့…။ ။ ။
(စက်တင်ဘာ ၂၇၊ ၂၀၁၄)
0 comments:
Post a Comment