BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Thursday, August 6, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၀)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၄၊ ဇူလိုင်လ ၉ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၀) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (က)

#မြန်မာနိုင်ငံနှင့် အကျဉ်းထောင်များ

၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများမှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားတဲ့ "အကျဉ်းထောင်များဥပဒေကြမ်း" ကို ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အကျဉ်းထောင်ဆိုတာ တရားဥပဒေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံတစ်ခုအတွက်၊ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ခုအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားများအားလုံးဟာ  ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့၊ နိုင်ငံတဝှမ်းဩဇာသက်ရောက်တဲ့ ဥပဒေများကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ ဥပဒေချိုးဖောက်သူများ၊ ဥပဒေကို အလွဲသုံးစားလုပ်သူများကို အုပ်ချုပ်ရေးအာဏာကိုင်စွဲတဲ့ အစိုးရက ဖမ်းဆီးပြီး တရားစီရင်ရေးအာဏာပိုင်များထံမှာ တရားစွဲဆိုပါတယ်။ တရားရုံးများက စွပ်စွဲခံရသူမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးတဲ့နောက် ဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ရင် အကျဉ်းဦးစီးဋ္ဌာနအား အကျဉ်းသားအား သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကာလမှာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ပါတယ်။ အကျဉ်းဦးစီးဋ္ဌာနက တရားရုံးများမှာ တရားရင်ဆိုင်နေဆဲ အချုပ်သားများနဲ့ တရားရုံးများမှ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသားများကို အကျဉ်းထောင်များမှာ တာဝန်ယူချုပ်နှောင်ထိန်းသိမ်းရပါတယ်။

ထောင်ဒဏ်ဆိုတာက တစ်စုံတစ်ယောက်ကို လူ့အဖွဲအစည်းအတွင်းကနေ ကာလအကန့်အသတ်နဲ့ ထုတ်ပယ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးများမှ ထောင်ဒဏ်ချမှတ်လိုက်သူများကို လူ့အဖွဲ့အစည်းနဲ့ ခွဲခြားပြီး ကန့်သတ်ချုပ်နှောင်ဖို့ အကျဉ်းထောင်ဆိုတာ လိုအပ်လာပါတယ်။ ဒါပေမည့် အဲဒီ အကျဉ်းထောင်များဟာ ပြစ်ဒဏ်ကျခံရသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ရာ ဋ္ဌာနကြီးများ မဖြစ်ရပါ။ ဥပဒေချိုးဖောက်သူကို အာဏာပိုင်များက ဂလဲ့စားချေရာ ဋ္ဌာနကြီးများ မဖြစ်ရပါ။ ပြစ်ဒဏ်ကျခံရသူများဟာ ကာလအကန့်အသတ်နဲ့ ပြစ်ဒဏ်ကျခံရတာမို့ သူတို့ရဲ့ ပြစ်ဒဏ်ကာလပြည့်မြောက်ပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ကြတဲ့ အချိန်မှာ အရင်ကမှားခဲ့တာတွေကို နောင်တရပြီး နောက်နောင် ထပ်မမှားအောင် ရှောင်ကြဉ်ဖို့ အသိတရားရှိလာသူတွေ၊ ကျူးလွန်ခဲ့မိသော အမှားအယွင်းများအတွက် လူ့အဖွဲ့အစည်းကို အလုပ်နဲ့ ပြန်လည်ပေးဆပ်ချင်သူတွေဖြစ်လာအောင် ပြုပြင်ပြောင်းလဲပေးရာ ဋ္ဌာနကြီးများသာ ဖြစ်သင့်ပါတယ်။

၁၉၆၂ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်အထိ စစ်အစိုးရအဆက်ဆက်  အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ အကျဉ်းထောင်များဟာ နိုင်ငံရေးသဘောထားမတူညီသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ အစိုးရအာဏာကို ဖီဆန်သူများ၊ လက်နက်ကိုင်တော်လှန်ရေးသမားများကို ဖမ်းဆီးချုပ်နှောင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ရာဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးအာဏာရဲ့ စွက်ဖက်မှုကြီးမားပြီး ငွေများတရားနိုင်တဲ့ တရားစီရင်ရေးစနစ်ကြောင့် ရိုးသားဖြောင့်မတ်သူများ၊ မတရားစွပ်စွဲခံရသူများ ပြစ်ဒဏ်ကျပြီး ဘဝဖျက်ဆီးခံရတဲ့ ဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။ ပြစ်ဒဏ်ကျခံရသူများကို လူသားအဖြစ်က အဆင့်နှိမ့်ချလိုက်တဲ့ ဋ္ဌာနကြီးများဖြစ်ခဲ့ပါတယ်။ အကျဉ်းထောင်တွင်း အာဏာပိုင်များရဲ့ အဂတိလိုက်စားမှုများနဲ့ အကျဉ်းသားအချင်းချင်း နိုင့်ထက်စီးနင်း အနိုင်ကျင့်အုပ်ချုပ်စေမှုများကြောင့် သာမာန်မှားယွင်းခဲ့သူများကို ပိုပြီးကောက်ကျစ်ရက်စက်တဲ့ ရာဇဝတ်မှုကြီးများကျူးလွန်နိုင်အောင် မကောင်းမှုသင်တန်းပေးရာ ဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ၊ အစားအသောက်နဲ့ သန့်ရှင်းတဲ့ရေ အလုံအလောက်မထောက်ပံ့နိုင်တာမို့ ကူးစက်ရောဂါများ အလွန်အမင်းကူးစက်ပျံ့ပွါးရာ ဋ္ဌာနကြီးများ၊ အင်အားချို့တဲ့သူများရဲ့ သချိုံင်းများ ဖြစ်ခဲ့ပါတယ်။ အကျဉ်းဦးစီးဝန်ထမ်းများက အကျဉ်းသားများကို ဂုတ်သွေးစုပ်ရာဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်အတွက် လုပ်အားပေးပေါ်တာများ ထောက်ပံ့ပေးရာ ဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။  

ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က အသစ်ပြဋ္ဌာန်းမည့် "အကျဉ်းထောင်များ ဥပဒေ" မှာ ပြီးခဲ့တဲ့ အာဏာရှင်ခေတ်အကျဉ်းထောင်များမှာ ရှိခဲ့တဲ့ အမှားအယွင်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အကျင့်စရိုက်များ မပါဝင်အောင် စီစစ်ဖယ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ "အကျဉ်းသားများရဲ့ အခွင့်အရေးများ" ကို အာမခံထည့်သွင်းဖို့ လိုအပ်ပါတယ်။ အကျဉ်းထောင်အုပ်ချုပ်ရေးစနစ်ဟာ အကျဉ်းသားများအနေနဲ့ အမှားတွေကို တာဝန်သိသိပြင်ဆင်ပြီး ပြစ်ဒဏ်ကာလပြီးမြောက်တဲ့အခါ လူ့အဖွဲ့အစည်းထဲကို တာဝန်သိနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့ ပြုပြင်လေ့ကျင့်ပေးတဲ့ စနစ်မျိုးဖြစ်အောင် ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ "အကျဉ်းထောင်များ ဥပဒေကြမ်း" ကို အောက်ပါအတိုင်း ဆွေးနွေးအကြံပြုချင်ပါတယ်။

#နိုင်ငံရေးအကျဉ်းသား

ဒီဥပဒေကြမ်းမှာ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ စကားလုံးကို လုံးဝရှာမတွေ့ပါ။ လွှတ်တော်ကိုယ်စားလှယ်များက "နိုင်ငံရေးအကျဉ်းသား" နဲ့ ပါတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ဥပဒေကြမ်းမှာ ဖြည့်စွက်ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် အစိုးရများက "နိုင်ငံရေးအကျဉ်းသား" ဆိုတာမရှိဘူးလို့ ငြင်းဆိုလေ့ရှိကြပါတယ်။ နဝတ၊ နဝဖစစ်အစိုးရများလက်ထက်မှာလည်း မြန်မာနိုင်ငံမှာ "နိုင်ငံရေးအကျဉ်းသား" မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ်အထိ အလားတူငြင်းဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ "ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများ" လို့ လက်ခံခဲ့တာပါ။

တကယ်တော့ နိုင်ငံရေးအမြင်မတူသူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ဖန်တီးထားတဲ့ မတရားတဲ့ဥပဒေတွေ၊ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေရှိနေသ၍၊ ယင်းဥပဒေများကို အသုံးချပြီး ဖမ်းဆီးထောင်ချထားသူတွေရှိနေသ၍ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ မတရားမမျှတတဲ့ ဥပဒေများဖြစ်ကြတဲ့ နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ဟန့်တားကာကွယ်သည့်ဥပဒေ (၁၉၇၅ ခုနှစ်)၊ ၁၉၀၈ မတရားသင်းအက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံချက်အက်ဥပဒေ၊ စတဲ့ ဥပဒေများက ယနေ့အထိ တည်ဆဲဥပဒေများ ဖြစ်ကြပါတယ်။ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်းဆိုတဲ့ ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ ၁၂၂ (၁)၊ ၁၂၂ (၂)၊ ၁၂၃၊ ၁၂၄၊ ၁၂၄ (က)၊ ၁၂၄ (ခ) တို့လည်း ရှိနေပါသေးတယ်။ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ ၅၀၅ (ခ) ဆိုတာလည်း ရှိပါသေးတယ်။  ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (၂၀၁၁ ခုနှစ်) ဆိုတာလည်း ရှိပါသေးတယ်။ စစ်အစိုးရများလက်ထက်က ဒီဥပဒေတွေကို အသုံးပြုပြီး နိုင်ငံရေးအမြင်ကွဲလွဲသူများ၊ အစိုးရကို ဝေဘန်သူများကို ပြစ်ဒဏ်ပေး၊ ထောင်ချခဲ့တာပါ။ အရပ်သားအစိုးရလက်ထက်မှာ အထက်ပါ ပုဒ်မများအပြင် လွှတ်တော်အသစ်က ပြဋ္ဌာန်းတဲ့ ငြိမ်းစုစီ ဥပဒေကိုပါ အသုံးချပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူနေဆဲဖြစ်ပါတယ်။ မတရားမမျှတတဲ့ ဥပဒေများ၊ အမိန့်အာဏာများကို မဖျက်သိမ်းပဲ ဆက်လက်ကျင့်သုံးနေသ၍၊ နိုင်ငံရေးအရ အတိုက်အခံပြုသူများကို အရေးယူဖမ်းဆီးနေသ၍ "နိုင်ငံရေးအကျဉ်းသား" ဆိုတာ မြန်မာနိုင်ငံမှာ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် "အကျဉ်းထောင်များဥပဒေ" မှာ "နိုင်ငံရေးအကျဉ်းသား" များရဲ့ အခန်းကဏ္ဍကို ထည့်သွင်းရေးဆွဲဖို့ အထူးလိုအပ်လှပါတယ်။

ဥပဒေကြမ်းရဲ့ အခန်း (၁) က "အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ" ဖြစ်ပါတယ်။ ဒီအခန်းမှာ "နိင်ငံရေးအကျဉ်းသား" အဓိပ္ပာယ်ဖော်ပြချက်ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ကူညီရေးအသင်း (အေအေပီပီ)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအသင်း (FPPS) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲကနေ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်ကို အောက်ပါအတိုင်းအများသဘောတူ သတ်မှတ်နိုင်ခဲ့ပါတယ်။

"မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့် အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း တို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊ ဥပဒေတစ် ရပ်ရပ် အရဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃)ရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချီခြင်း၊ ဆန္ဒထုတ်ဖေါ်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဍာန် တစ်ခုခုဖြင့်လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကို လည်းကောင်းနိုင်ငံရေးအကျဉ်းသားဟုသတ်မှတ်သည်။"

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို "အကျဉ်းထောင်များဥပဒေ" ရဲ့ အခန်း (၁) မှာ ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။

Thursday, July 9, 2015

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ

မိုးမခမီဒီယာ၊ ဇူလိုင် ၈၊ ၂၀၁၅ http://moemaka.com/archives/44478

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ
အောင်ဒင်

ဟောဒီ စက်ရုံကြီးထဲ
တစ်နေ့ကို အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ရ
ပိတ်ရက်မရှိ၊ ခွင့်တစ်ရက်တောင်မှ မယူပဲ
နေ့စဉ်ရက်ဆက် အလုပ်လုပ်ပါမှ
တစ်လဝင်ငွေ ကျပ်တစ်သိန်း နှစ်သောင်းလောက် ရသူပါ…။

အညံ့ဆုံးဆန်နဲ့၊ အသီးအရွက် ရေလုံပြုတ်နဲ့
သက်သတ်လွတ်စားကြတာတောင်မှ
တစ်လကို မိသားစု စားစရိတ်က
ကျပ် ၈ သောင်းလောက် ကုန်ကျပါတယ်…။

ဟိုး မြို့စွန်မြို့ဖျားမှာ
ဓနိမိုး ထရံကာ တဲစုတ်ကလေးက
တစ်လ ကျပ် ၄ သောင်း အိမ်ငှါးခ ပေးရပါတယ်…။

တစ်လကုန်တဲ့အခါ
စားစရိတ်နဲ့ အိမ်ငှါးခက
ရသမျှ လခနဲ့ အတူတူဆိုတော့
သားသမီးများ လိုတာဖြည့်ဆီးပေးဖို့
အတိုးကြီးကြီးနဲ့ ငွေချေးငှါးတဲ့
စက်ရုံထဲက မန်နေဂျာထံ
ဒူးထောက် အညံ့ခံရပြန်ပါတယ်…။

အဲဒီလို
ခက်ခက်ခဲခဲ ရှင်သန်နေရတဲ့ကျနော်တို့ကို
အနည်းဆုံးလုပ်ခ တစ်နေ့ ကျပ် ၃,၆၀၀ မပေးချင်တဲ့
အလုပ်ရှင်ကြီးရယ်
အံ့ဩမလားတော့မသိ
ခင်ဗျားတို့ဘဝကို ကျနော်စာနာမိပါတယ်…။

ခင်ဗျားတို့မှာလည်း
နိုင်ငံခြားက အမှာစာတွေ မလာရင် စိတ်ပူရ
ဒေါ်လာဈေးမတည်ငြိမ်ရင် စိတ်ပျက်ရ
လျှပ်စစ်မီးမမှန်လို့ ဒီဇယ်ဆီနဲ့ မောင်းနှင်ရတဲ့ စက်ရုံကြီးထဲ
မြေကြီးငှါးခကို အလွန်အကျွံပေးနေရတာ၊
ဝန်ကြီးဋ္ဌာနက လုပ်ငန်းပါမစ်ရဖို့အတွက်
ငွေတွေအများကြီး ပူဇော်ခဲ့ရတာ၊
စက်ရုံတည်ဆောက်ခွင့်ရဖို့အတွက်
သက်ဆိုင်ရာမှန်သမျှကို ကြေးပံ့ခဲ့ရတာ၊
လျှပ်စစ်မီတာတပ်ဆင်ခွင့်ရဖို့အတွက်
ငွေကို လေလို သုံးခဲ့ရတာ၊
အဘတွေကို ပေးရ၊ အမတွေကို ပေးရနဲ့
စာရင်းမပြနိုင်တဲ့ ကုန်ကျစားရိတ်တွေ ရှိခဲ့တာ…။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေကြောင့်
ကျနော်တို့ကို အနည်းဆုံးပေးရတာတောင်မှ
ခင်ဗျားတို့ရဲ့ အမြတ်အစွန်းတွေ လျော့နည်းနေရတာ
စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ …။

ခင်ဗျားတို့နဲ့ ကျနော်တို့ဟာ
တကယ်တော့ ဘဝတူတွေပါ
(ရီစရာကောင်းနေမလား မသိ)
ခင်ဗျားတို့မပေးချင်တဲ့ ၃,၆၀၀
ကျနော်တို့လည်း မရချင်တော့ပါ…။

တစ်ခုတော့ ကူပါဗျာ
အနည်းဆုံးလုပ်ခ မပေးချင်နေ
ကျနော်တို့ကို
အများဆုံး ဒုက္ခတွေ မပေးဖို့
ခင်ဗျားတို့ရဲ့ အဘတွေ၊ အမတွေကို
ပြောပေးကြပါလားဗျာ…။ ။ ။

(ဇူလိုင်လ ၈ ရက်၊ ၂၀၁၅)

Friday, July 3, 2015

စစ်နှင့် ပြည်သူ

(ခေတ်ရနံ့မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၁၅)



စစ်နှင့် ပြည်သူ

အောင်ဒင်

(၁)
 
ပြဿနာက
တစ်ဘက်နဲ့ တစ်ဘက် မယုံကြည်တာက စတယ်
စာချုပ်တစ်ခုကို ဖောက်ဖျက်တာက စတယ်
ကိုယ့်မြေ ကိုယ့်ဒေသမှာ
ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်တာက စတယ်
မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရာက စတယ်
လွတ်လပ်ရေး တကယ်စစ်မစစ်
ငြင်းခုန်ကြရာက စတယ်…။

မကျေနပ်တဲ့ အကြောင်းအမျိုးမျိုးကို
စားပွဲဝိုင်းမှာ ဆွေးနွေးတောင်းဆိုလို့ မရတော့တဲ့ အဆုံး
လက်နက်ကိုင်ကြ၊ အင်အားစုကြ၊ တိုက်ခိုက်ကြ၊
ရည်ရွယ်ချက်ရှိရှိ တော်လှန်ခဲ့ကြတာ
အနှစ်ခြောက်ဆယ်ကျော်ခဲ့ပါပြီ
ဘယ်လို အဆုံးသတ်ရမှန်း မသိကြတော့
တချို့တွေလည်း အဆုံးသတ်ဖို့ကို စိတ်မဝင်စားတော့…။

နိုင်ငံတစ်ခုကို
တည်ဆောက်ဖို့ ခက်ခဲသလောက်
ဖျက်ဆီးရတာ သိပ်လွယ်ပါတယ်
အမုန်းတရားနဲ့ ကောလာဟဠ
နေရာတိုင်းမှာ မျိုးစေ့ချ
အာဃာတအဆိပ်ပင်တွေ ရှင်သန်ကြီးထွား
အတ္တများများ အားပြိုင်
တစ်ဘက်နဲ့ တစ်ဘက် အနိုင်တိုက်ကြပါလိမ့်မယ်…။

(၂)
 
စစ်တိုက်တယ်ဆိုတာ 
အလံတွေ နေရာချကြတာပါ
ဒီဘက်တပ်က နိုင်ရင်
ဟိုဘက်တပ်ရဲ့ မြေမှာ ဒီဘက်တပ်ရဲ့ အလံကိုလွှင့်
ဟိုဘက်တပ်ကနိုင်ရင်
ဒီဘက်တပ်ရဲ့မြေမှာ ဟိုဘက်တပ်ရဲ့ အလံကိုလွှင့်…။

အဲဒီလို အလံတွေ တလူလူလွှင့်နိုင်ဖို့
ပစ်လိုက်ရတဲ့ ကျည်ဆံတွေ
ဖြုန်းလိုက်ရတဲ့ အမြောက်ဆံတွေ
သတ်လိုက်ရတဲ့ အသက်တွေ
ဖျက်ဆီးလိုက်ရတဲ့ ဘဝတွေ
ဟောဒီ တောင်ကုန်းကလေးဟာ
လူ့အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့မြေ
ရှုံးတဲ့ဘက်က နိုင်တဲ့ဘက်ကို  ကမ္ဘာမကြေ…။

အလံနဲ့ တူတဲ့ စစ်သူကြီးတွေကတော့
လုံခြုံစိတ်ချရတဲ့ ဋ္ဌာနချုပ်စခန်းထဲက
သဲနဲ့ ဆောက်တဲ့ စစ်ဆင်ရေးမြေပုံကြီးရှေ့မှာ
ခရိုနီတစ်ယောက် လက်ဆောင်ပေးထားတဲ့
ကျူးဘားဆေးပြင်းလိပ်ကို…ဖွာ
လက်အောက်ငယ်သားတစ်ယောက်က ကန်တော့ထားတဲ့
ရွှေအနားကွပ် ကြိမ်တုတ်ကလေးကို ဝှေ့ရမ်းပြီး
စစ်ရေးစွမ်းရည်တွေ ပြနေလေရဲ့…။

(၃)
 
လက်နက်နဲ့ အနိုင်ကျင့်သူတွေကို
လက်နက်ရှာပြီး ပြန်ဆန့်ကျင်တယ်
ဒါ…သဘာဝကျပါတယ်…။

အနိုင်ကျင့်သူကို ဆန့်ကျင်ရင်း
ကိုယ်တိုင်လည်း
လက်နက်နဲ့ အနိုင်ကျင့်သူ ဖြစ်လာတတ်တယ်
ဒါလည်း…သဘာဝကျပါတယ်…။

သဘာဝမကျတာက
လက်နက်မရှိ၊ လက်နက်မရှာ
ကိုယ့်ဘဝနဲ့ကိုယ် ခက်ခဲစွာရပ်တည်ရှင်သန်နေကြရတဲ့
သာမာန်ပြည်သူတွေကပဲ
အနိုင်ကျင့်ခံရသူ သားကောင်များ ဖြစ်နေကြရတာ…။

ခက်တော့ ခက်တယ်
ကံ…ကံ၏အကျိုးဆိုပြီး၊ ကံကြမ္မာကို ရိုးမယ်ဖွဲ့ကြ
ဒီဘဝမှာ အနိုင်ကျင့်ခံရတာဟာ
အတိတ်ကံ မလှပလို့
အတိတ်ဘဝက ကောင်းတာမလုပ်ခဲ့မိလို့…ဆိုကြ…။

ဒီလိုဆိုရင်
ဒီဘဝမှာ အနိုင်ကျင့်နေကြသူတွေက
အတိတ်ဘဝမှာ ကောင်းတာလုပ်ခဲ့ကြတယ်လို့ ယူဆရမလား
ဒီဘဝမှာ ကောင်းတာတွေလုပ်ရင်
နောင်ဘဝမှာ သူများကို အနိုင်ကျင့်ရလိမ့်မယ်လို့ ယုံကြည်ရမလား…
။

ဘာကိုမှ မကိုးကွယ်တော့လည်း
ဘဝမှာ ကြောက်စရာတွေကများ
တစ်ခုခုကို ကိုးကွယ်တော့လည်း
သံသယနဲ့ မေးခွန်းထုတ်စရာတွေကများ
လူတိုင်းလူတိုင်းရဲ့ နှလုံးသားမှာ
ယုံကြည်မှုရှိရုံနဲ့ ဘုရားမပွင့်နိုင်ပါ…။

(၄)
 
မမျှော်လင့်၊ မတောင့်တ
စစ်လမ်းကြောင်းက
ဘယ်မြို့ပေါ်မဆို တည့်တည့်ကျနိုင်တယ်…။

ရိက္ခာဆိုလည်း
မွေးထားတဲ့ တိရိစ္ဆာန်လေးတွေ ရှာပေးရ
စစ်ကြောင်းများရန်ပုံငွေဆိုလည်း
စုဆောင်းထားတာလေးတွေ ထည့်ရ
အထမ်းသမားဆင့်ခေါ်လို့
လူငှါးမတတ်နိုင်ရင်
အိမ်ကရှိတဲ့လူပဲ မနိုင်မနင်းလိုက်ထမ်းပေးရ…။

သတင်းပေးလို့ စွပ်စွဲခံရရင်ဖြင့်
ခုခံခွင့်၊ ချေပခွင့်မရှိ
စစ်မြေပြင်တရားသူကြီးရဲ့ အမိန့်နဲ့
ကိုယ့်ကျင်းကိုယ်တူး ဘဝကူးရ…။

စစ်သားသစ်စုဆောင်းတော့
အကြောင်းပြရှောင်တိမ်းလို့မရ
မူလတန်းတက်နေတဲ့ ကလေးတောင်မှ
သူ့အရပ်ထက်မြင့်တဲ့ သေနတ်ကြီးကိုင်ရ…။

စိုက်ပျိုးခွင့်မရရှာတဲ့
မြေမြှုပ်မိုင်းအပြည့်နဲ့ လယ်ကွင်းတွေထဲမှာ
မုဆိုးမတွေ သားပျောက်ရှာနေရ
ဒါတွေဟာ တကယ်ဖြစ်နေတာပါ…။

(၅)

လက်နက်ကိုင်တွေက
ငြိမ်းချမ်းရေးကို အလိုလားဆုံးလူသားတွေဟာ
ကျုပ်တို့ပါဗျာ…လို့…ပြောကြ ။

ဒါပေမည့်
သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက
အနိုင်ရတဲ့ ငြိမ်းချမ်းရေး
တစ်ဘက်ဘက်က လက်နက်ချတဲ့ ငြိမ်းချမ်းရေး
ဒါမှမဟုတ်
နှစ်ဘက်အကျိုးတူ အာဏာဝေမျှတဲ့ ငြိမ်းချမ်းရေး
ဘယ်ဘက်ကမှ လက်နက်တွေနဲ့ မဝေးချင်ကြ
ဒါကြောင့်လည်း…ငြိမ်းချမ်းရေးနဲ့…ဝေးကြ…။

(၆)
 
ပြည်သူတွေကလည်း
ငြိမ်းချမ်းရေးကို လိုချင်တောင့်တ
သူတို့ ဆန္ဒက၊ ရိုးသားလွန်းလှပါတယ်…။

သူတို့ရဲ့ ဘဝတွေမှာ
ဘယ်လက်နက်ကိုင်ကိုမှ မကြောက်ရွံ့ချင်ပါ
ဘယ်စစ်တပ်ကမှ အနိုင်ကျင့်မခံရချင်ပါ
ဘယ်တပ်ဖွဲ့ကိုမှ မထောက်ပံ့ချင်ပါ
ဘယ်ပြဿနာကိုမှ လက်နက်နဲ့ မဖြေရှင်းချင်ပါ…။

သူတို့ရဲ့ ဘဝလယ်ကွင်းမှာ
မြေမြှုပ်မိုင်းတွေ ကင်းရှင်းပြီး
နှင်းရည်ဆန်းတဲ့ ကောက်ပဲသီးနှံတွေ
လတ်ဆတ် ရှင်သန်ချင်ကြတာပါ…။

သူတို့ရဲ့ ပတ်ဝန်းကျင်မှာ
ယမ်းနံ့တွေ၊ အဆိပ်ငွေ့တွေ ကင်းရှင်းပြီး
မီးခိုးနံ့သင်းတဲ့ တောင်ယာလေကို
ငြင်သာအားရ ရှူရှိုက်ချင်ကြတာပါ…။

တောင်ကုန်းပေါ်က
စာသင်ကျောင်းလေးမှာ
သူတို့ကလေးတွေရဲ့ စာအံသံတွေ
အနှောက်အရှက်မရှိ ဆူညံနေစေချင်တာပါ…။

ဘုရားကျောင်းက
ခေါင်းလောင်းသံနဲ့အတူ
သူတို့ရဲ့ တနင်္ဂနွေနေ့တွေကို
ငြိမ်ငြိမ်သက်သက် ကုန်ဆုံးချင်ကြတာပါ…။

ဆုတောင်းတာတွေ
သိပ်များ…များနေလို့လား
သူတို့ဟာ ဒီဆုတောင်းနဲ့ မထိုက်တန်လို့လား
ဒုက္ခသည်စခန်းက အလွမ်းတွေရဲ့
ပင်ပန်းနွမ်းနယ်မှုကို မျက်ကွယ်ပြုလို့
ငြိမ်းချမ်းရေးဟာ…ဟိုး…အဝေးမှာ…။။။

(ဇွန်လ ၁၀ရက်၊ ၂၀၁၅)