ခက်ခက်ခဲခဲ ကုန်ဆုံးရတဲ့နေ့
အောင်ဒင်
(ဟန်သစ် မဂ္ဂဇင်း၊ ၁၉၉၅)
မျက်နှာသစ်တယ်
ရေသောက်တယ်
တံခါးဝမှာ ထိုင်တယ်
မြင်နိုင်သမျှကောင်းကင်ကင်ကို ငေးမော
ခါးသက်သောအသံကို နားစွင့်
ဒီတစ်မနက်စာ အသင့်ဖြစ်နေတော့တယ်။
ပြီးမှ
တွေ့နေကျငှက်ကလေးတွေကို နှုတ်ဆက်
နေရောင်အလင်း ဝင်းပြက်
ငါချစ်မက်မြတ်နိုးရာ ကမ္ဘာ
ခုတော့လည်း အိပ်မက်ဆန်စွာ....
ငေးတယ်
အစိမ်းရောင်သစ်ရွက်တွေ ရောထွေး
တိုတောင်းလှစွာ အကွာအဝေးကန့်သတ်
ထပ်ခါတလဲလဲ ကျက်မှတ်ရဆဲဝန်းကျင်
ငါဘာကြောင့် အသက်ရှင်နေပါလိမ့်...
တွေးတယ်
ငယ်ဘဝနဲ့ ငါ့ငွေလမင်း
လှိုင်းထနေတဲ့ မြမြက်ခင်း
ရင်းနှီးသောအပြုံးများ အေးစက်စက်
အဆိပ်ခွက်ကိုင်ထားသော လက်များ
အမှန်တရားရဲ့ နှောင့်နှေးကြန့်ကြာမှု
တုပဖန်ဆင်းခြင်း အတတ်ပညာ
ကိုယ့်ကိုကိုယ် လိမ်ညာရာမှာသာ အောင်မြင်ခဲ့...
လမ်းလျှောက်တယ်
အရှေ့မှအနောက်ကို လျှောက်တယ်
အနောက်မှအရှေ့ကို လျှောက်တယ်
ပြီး၊ ပြန်လျှောက်တယ်
လျှောက်ရင်းမောပန်း ဟောဒီလမ်းမှာ
ခြေရာများလည်း ထပ်ခါထပ်ခါ...
ဘယ်လောက် ဆွေးမြေ့စရာကောင်းသလဲ
ကြယ်တံခွန်နဲ့ ဝေးတယ်
သမုဒ္ဒရာနဲ့ ဝေးတယ်
ပစ္စုပ္ပန်နဲ့ ဝေးတယ်
အနာဂတ်နဲ့ ဝေးတယ်...
တွေးပြန်တယ် ပြီးတော့၊ ငေးတယ်
ကံကြမ္မာကို မချင့်မရဲဖြစ်
စိတ်ညစ်ကြေကွဲ၊ အရောင်ခပ်မွဲမွဲမျက်နှာ
ကိုယ့်ကိုကိုယ် ပြန်မမြင်ရတာကျတော့
ကံကောင်းပြန်ရော...
ဒီလိုနဲ့ မောပန်းသွားမှ
ဝတ္တရားတစ်ခု ထမ်းဆောင်ရသလို
ညနေစာကို မျိုချပြီး
တံခါးဝမှာ ငြိမ်ငြိမ်သက်သက်ထိုင်
မြင်နိုင်သမျှ ကောင်းကင်ကင်ကိုငေးမော
ခါးသက်သောအသံကို နားစွင့်
ဒီတစ်ညနေစာ အသင့်ဖြစ်နေတော့တယ်။
ခုမှပဲ
ဒီတစ်နေ့ဟာ၊ အသေအချာ ကုန်ဆုံးသွားတော့တယ်
ဝမ်းမြောက်ဖွယ်ပ။
4 comments:
ဒီကဗျာလေးကို နောက်တခေါက် ထပ်လာဖတ်သွားတယ်။ ထပ်ဖတ်တော့မှ ပိုခံစားလာရသလိုပဲ..။
APOLOGY!
sometimes age, you sent me this poem and a few more. i was unable to post at any website.
i was sorry and.... i am sorry for that!
GOOD TO SEE THEM HERE!!!
အစ်ကို့ ကဗျာကို ဆရာတာရာမင်းဝေ စာအုပ်တစ်အုပ်မှာကတည်းက ရင်းနှီး ခဲ့မိတာပါ။
အဲဒီကတည်းက ကြိုက်ခဲ့တယ် ..။
အခုမှ ပဲ အပြည့်အစုံ ဖတ်ရတော့တယ် ..။
ကျွန်တော့်ဖေ့စ်ဘွခ်က .. နုတ်မှာ အစ်ကို့နာမည်နဲ့share ချင်ပါတယ် ..။ ခွင့်ပြုပါ ..။
ကျွန်တော့်ဆီမှာ မှတ်ထားတာတော့ - ဟန်သစ်၊ ၁၉၉၄ အောက်တိုဘာ
Post a Comment