BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 25, 2009

Give Me September Back !!!


ငါ့ကို စက်တင်ဘာ ပြန်ပေး


အောင်ဒင်


(၁)

စက်တင်ဘာ ဟာ အရင်လို မဟုတ်တော့ဘူး၊ မှုံကုတ်ကုတ် ကောင်းကင်ကြီး အောက်မှာ ကြေကွဲ အုံ့ဆိုင်းလို့၊ အနိုင်ကျင့်ခံထား ရတဲ့ ဘဝတခုလို ပြိုလဲမတတ် ယိမ်းလို့၊ ယိုင်လို့၊ ဟိုးတုံး က ပျော်ရွှင်ကြည်နူးစွာ ကျဆင်းခဲ့ တဲ့ မိုးစက်မိုးပေါက် တွေကလဲ အခုတော့ ရင်နင့်ကြေမွ မျက်ရည်စ တွေ ဖြစ်လို့၊

ကြာတော့ ကြာခဲ့ပါပြီ၊ အကြမ်းဖက်သမားတစု က ငါတို့ ချစ်တဲ့ စက်တင်ဘာ ကို ငါတို့ မျက်စေ့ ရှေ့မှာပဲ ချေမွဖျက်ဆီး ခဲ့တာလေ၊ ၂၁ နှစ် ရှိခဲ့ပြီ၊

(၂)

မှတ်မိနေတယ်၊ လွန်ခဲ့တဲ့ ၂၁ နှစ်က စက်တင်ဘာ ကောင်းကင်ကြီး အောက်မှာ ငါတို့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ သံဃာတော်တွေ၊ ဝန်ထမ်းတွေ၊ လက်တွဲ လမ်းလျှောက် ဒီမိုကရေစီ တံခါး ကို ခေါက်ခဲ့ကြ၊ အမှန်တရား နဲ့ ငြိမ်းချမ်းမှုကို ငါတို့ တောင်းဆိုခဲ့ကြ၊ လမ်းတွေမှာ လူတွေအပြည့်၊ မျှော်လင့်ချက်တွေ အပြည့် နဲ့ အနာဂတ် ကို ချောင်းကြည့်ခဲ့ကြ၊

ဝါရင့် နိုင်ငံရေးသမားကြီးတွေက လည်း ငါတို့နဲ့ အတူ၊ ဆရာဝန် တွေ၊ သူနာပြု ဆရာမ တွေ၊ စာရေးဆရာ၊ ကဗျာဆရာ တွေ၊ သဘင်ပညာရှင်တွေ၊ အနုပညာရှင်တွေ က လဲ ငါတို့နဲ့ အတူ၊ စက်ရုံလုပ်သား ကြီးတွေက အဖြူအစိမ်း ဝတ် ကျောင်းသားလေးကို ပခုံး ပေါ်မှာထမ်းပြီး ခွပ်ဒေါင်း အလံကို ဝှေ့ရမ်း လို့၊ လယ်သမား ကြီးတွေကလဲ စပါးရိပ်တဲ့ တံစဉ် ကို ချပြီး "ဒီမိုကရေစီ ရရှိရေး၊ တို့အရေး" တဲ့၊ တပ်မတော် သား တချို့တောင်မှ သူတို့ ကိုင်ဆောင်နေကြ၊ လူသတ်လက်နက်တွေ ကို စွန့်ပစ်ပြီး ခွပ်ဒေါင်းတွေရဲ့ ခရီးဖော်ဘဝ ရောက်ရှိကြ၊ ငါ တို့ အားလုံး အတွက် စက်တင်ဘာ ကောင်းကင်ကြီးဟာ ယုံကြည် ရဲရင့် လှပနေ ခဲ့တာပေါ့၊


အမှောင်ထု ထဲက ရုန်းထွက်ဖို့ ကျစ်ကျစ်ပါ အောင်ဆုတ်ထားတဲ့ လက်သီးဆုတ် တွေ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့တရားမျှတ မှုကို တောင်းခံတဲ့ ရင်ကွဲမတတ် အော်ဟစ် ကြွေးကြော်သံတွေနဲ့ ငါတို့ဟာ စက်တင်ဘာကို မြင့်မြတ်စေခဲ့တယ်၊


ဒါပေမည့် လူသတ်သမားတွေက စက်တင်ဘာကို သွေးစတွေနဲ့ လိမ်းကျံ၊ အရုပ်ဆိုး အထီးကျန် စေခဲ့ပေါ့၊ အဆက်မပြတ် ပစ်ခတ်လိုက်တဲ့ သေနတ်သံတွေ က စက်တင်ဘာ ကို တုံလှုပ်ခြောက်ချား စေခဲ့တယ်၊ ပလူပျံ နေတဲ့ ကျည်ဆံ တွေ၊ အကြမ်းဖက်သမားတွေရဲ့ ကြုံးဝါးသံတွေ၊ မီးခိုးလုံး တွေ၊ ပြေးလွှားနေတဲ့ ပြည်သူတွေ၊ လမ်းတွေပေါ်မှာ ပိုင်ရှင်မဲ့ ကျန်ရစ်ခဲ့တဲ့ ဖိနပ် တွေ၊ သွေးစတွေ စိုစွတ်သွားတဲ့ ကတ္တရာလမ်းမကြီးတွေ၊ အဆက်မပြတ် မောင်းနှင်နေတဲ့ မီးသဂြိုလ် စက်ကြီး ရဲ့ ငိုငြီးသံတွေ၊ အပိုင်းပိုင်း ပြတ်တောက်ပြိုလဲ သွားတဲ့ သစ်ပင်ကြီးတွေ၊ ပြည့်နှက်ကြပ်သိပ်သွားတဲ့ အကျဉ်းထောင်ကြီးတွေ၊ ဒီအနိဌာရုံ တွေ နဲ့ စက်တင်ဘာ ဟာ အကြမ်းဖက်သမားတွေ ရဲ့ အဓမ္မ သိမ်းပိုက်တာခံလိုက်ရ ပေါ့၊ ၂၁ နှစ်ရှိခဲ့ပြီ၊


(၃)


ငါတို့ စိတ်မလျှော့ကြဘူး၊ နောက်မဆုတ်ကြဘူး၊ အဆုံးအရှုံးတွေ များခဲ့ပေမဲ့ မျှော်လင့်ချက်တွေက ပိုပြီးခိုင်မာ၊ စက်တင်ဘာ ကို ပြန်သိမ်းပိုက်ကြမယ်၊ လူဆိုးလူမိုက် တွေလက်ထဲက အစိမ်းပုတ်ပုတ် စက်တင်ဘာကို ငါတို့ မေတ္တာ တရား နဲ့ ဆေးကြောလို့ သန့်ရှင်းစင်ကြယ် စေမယ်၊ မနေ့ ကဖြစ်ခဲ့တာကို ပြန်ပြင်လို့မရနိုင်ပေမဲ့ မနက်ဖြန်ကို တော့ ငါတို့ ကျေနပ်သလို ဖြစ်အောင် အားထုတ်ကြမယ်၊ ငါ့ကို စက်တင်ဘာ ပြန်ပေး၊


ဒီလိုနဲ့ ငါတို့က စက်တင်ဘာ ကိုပြန်ရဖို့ကြိုးစား၊ အကြမ်းဖက်သမား ကလည်း စက်တင်ဘာကို အရုပ်ဆိုးသည်ထက်ဆိုးစေ၊ ၂၀၀၇ ခုနှစ်ရဲ့ သံဃာ့ တော်လှန်ရေး၊ သွေး ထပ်ပေတဲ့ လမ်းမများ၊ အဖျက်ဆီး ခံရ တဲ့ တရားကျောင်းများ၊ အသတ်ခံရ တဲ့ ဘုရားသားတော်များ၊ အကျဉ်းထောင်ဖြစ်သွားတဲ့ စေတီများ၊ ငါတို့ အားလုံး ကမ္ဘာ မကြေ၊ ခေါင်းလောင်းသံက ငါတို့ကို အမြဲတမ်း တပ်လှန့်နေ၊

(၄)


သူငယ်ချင်း တို့ရေ၊ ငါ့ကို စက်တင်ဘာ ပြန်ပေး၊


ကြည်လင်တောက်ပတဲ့ ကောင်းကင်နဲ့၊ အေးမြလတ်ဆတ်တဲ့ လေပြည် နဲ့၊ အကြောက်တရား မရှိတဲ့ ပါတ်ဝန်းကျင်နဲ့၊ အမြဲတမ်း လှပနေတဲ့ ချစ်ခြင်း နဲ့၊ အကြမ်းဖက်ဝါဒီတွေ အတွက် မြေ တစ်လက္မ တောင်မရှိတဲ့၊

အပစ်ကင်း တဲ့ စက်တင်ဘာ၊ ငါတို့ ပြန်လည် သိမ်းပိုက် ကြရအောင်ပါ၊


အောင်ဒင်

၂၅ ဩဂုတ် ၂၀၀၉

0 comments: