BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, August 2, 2009

I and Tar Yar Min Wai


ကျနော် နဲ့ ကဗျာ ရေးသော လူတစ်ယောက်အကြောင်း (သို့မဟုတ်)

ရွှေဘုန်းလူ (သို့မဟုတ်) တာရာမင်းဝေ


အောင်ဒင်


(၁)

ကျနော့ ကိုမွေးပြီး လေးနှစ်လောက် အကြာ မှာ မေမေ က ကျနော့ အတွက် ညီငယ် လေးတစ်ယောက် ထပ်မံ မွေးဖွားပေးပါတယ်၊ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာ လ ၁၃ ရက်၊ အင်္ဂါနေ့မှာပါ၊ သူ့ကို မွေးဖွားတော့ ငလျင် မလှုပ်ပါဖူး၊ လေကြီး မိုးကြီး မကျ ပါဖူး၊ မိုးကြိုးတွေလည်း မပစ်ပါဖူး၊ အရာခပ်သိမ်းက ပုံမှန် အတိုင်းပါပဲ၊ ကျနော်တို့ မိသားစု မှာ လူကလေးတစ်ယောက် တိုးတာက လွဲလို့ပေါ့၊ မြန်မာနိုင်ငံကတော့ ဗိုလ်ချုပ်နေဝင်း ဦးဆောင် တဲ့ စစ်အုပ်စိုး မှု အောက် ရောက် တာ လေးနှစ်ကျော် ခဲ့ပါပြီ၊


ကျနော့ မိဘ များ က အမ ဝမ်းကွဲ တစ်ယောက် ရဲ့ စကား ကို နား ယောင်ပြီး ကျနော့ ကို ချစ်ကိုကိုလို့ အမည်ပေးထားတာ မို့ သူ့ကိုလည်း လွယ်လွယ်ကူကူပဲ ချစ်ညီညီ လို့ အမည်ပေးလိုက်ကြ ပါတယ်။ မေမေ ကကျနော့ ကို သားကြီး လို့ ခေါ်ပြီး သူ့ ကို တော့ သားငယ်လေး လို့ခေါ်ပါ တယ်။ ဒီလိုနဲ့ သူ့ရဲ့ အိမ် နံမည် က အငယ်လေး ဖြစ်လာပါတယ်၊ သူကလဲ စကားပြော ရင် သူ့ကိုယ်သူ "ငယ်ငယ်"လို့သုံးလေ့ရှိပါတယ်၊

နောက် နှစ်နှစ် အကြာ ညီမ အငယ်ဆုံး ကို မွေးတော့ ကျနော် က ခြောက် နှစ်သား ရှိ ပြီး ဝတ္ထု စာအုပ် တွေ စဖတ်နေပါ ပြီ၊ စာရေးဆရာ မိုးဝေ ရဲ့ စုံထောက် ဝတ္ထု တွေဖတ်ပြီး အလွတ်စုံထောက် တင်မောင်ဆွေ နဲ့ သူ့ရဲ့ လက်ထောက် မိုးစန္ဒာ တို့ကို သဘောကျ နေချိန် မို့ ညီမလေး ကို ခင်စန္ဒာမိုး လို့ အမည်ပေး လိုက်နိုင်ပါတယ်၊ ကျနော်များ လက်ဦးမှုမရ ခဲ့ ရင် ဖြင့် ညီမလေးခမျာ ချစ်မမ ဖြစ်လာစရာအကြောင်း ရှိပါတယ်၊

သားသမီး သုံးယောက် ရှိရင် အကြီးဆုံး နဲ့ အငယ်ဆုံး က မိဘ မေတ္တာ ပိုရပြီး အလတ်က မိဘ မေတ္တာ ချို့တဲ့ တယ်လို့ ပြောကြတာ ကြားဖူး၊ တွေ့ဖူးပါတယ်၊ ကျနော်တို့မိသားစုမှာတော့ အဲဒီလို မဟုတ်ပါ၊ အလတ် ဖြစ်တဲ့ သူဟာ မိဘ နှစ်ပါး စလုံးရဲ့ အချစ်ဆုံး နဲ့ အလိုလိုက် အခံရဆုံးပါ၊ အကြီးဆုံး ကျနော်နဲ့ အငယ်ဆုံး ညီမလေးတို့ကတော့ အဆူခံရဆုံး နဲ့ မိသားစု တာဝန်တွေကို အများဆုံး မျှဝေယူရသူ တွေ ဖြစ်ခဲ့ပါတယ်၊

(၂)

ကျနော် တို့မောင်နှမ သုံးယောက် စလုံး တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက် က အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်းမှာ သူငယ်တန်းကနေ လေးတန်းအထိ ပညာ သင်ကြားခဲ့ရပါတယ်၊ ကျနော်က ငါးတန်းတစ်နှစ်ကို တောင်ဥက္ကလာပ မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း အမှတ် (၃) မှာနေခဲ့ရ ပြီး ၆ တန်း ကနေ ၁၀ တန်း အထိ ရန်ကင်း အထက (၂) စိန်မိုက်ကယ် မှာ တက်ခဲ့ပါတယ်၊ ဒါကြောင့်လည်း ကျနော့ ညီ နဲ့ ညီမပါ ရန်ကင်း အထက (၂) ကျောင်းသားတွေ ဖြစ်လာခဲ့ကြပါတယ်၊


ရွှေဘုန်းလူ ဟာ ငယ်ငယ်တုန်းကတော့ စာတော်တဲ့ ကျောင်းသား တစ်ယောက်ပါ၊ အတန်းထဲမှာ ထိပ်ဆုံးမှာရှိပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ စာမေးပွဲတိုင်း မှာ ရခဲ့တာပါ၊ တစ်တန်း ပြီး တစ်တန်း မှန်မှန်အောင် ခဲ့ပေမဲ့ ၁၀ တန်း မှာ တစ်နေပါ တော့တယ်၊ ၁၀ တန်းစာမေးပွဲ ကို လေး ကြိမ်၊ ငါးကြိမ် လောက် ဖြေ ရပြီး နှစ်ကြိမ် ဖြေ ရ တဲ့ ညီမလေး ထက် တစ်နှစ်နောက်ကျပြီး ၁၉၈၆-၈၇စာသင်နှစ် ကျမှ ပဲ ၁၀တန်း ကို မြန်မာစာ ဂုဏ်ထူး နဲ့ အောင် ပါတယ်၊ ၁၉၈၈ မတ်လအရေး အခင်း ဖြစ်ချိန်မှာ ကျနော် က ရန်ကုန် စက်မှု တက္ကသိုလ် မှာ စက်မှု အင်ဂျင်နီယာ နောက်ဆုံးနှစ်၊ ညီမလေး က ဓာတုဗေဒ အဓိက ဒုတိယ နှစ် နဲ့ ရွှေဘုန်း က အင်္ဂံလိပ် စာ အဓိက နဲ့ ပထမ နှစ်၊ ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ မှာ ကျောင်း တက်နေကြတာပါ၊

အဲဒီလို ၁၀ တန်းစာမေးပွဲ တဘုံးဘုံး ကျ ရတာနဲ့ ပါတ်သက်ပြီး ဖေဖေ က မှတ်ချက်ချ ပါတယ်၊ "ကဗျာ ရေးလို့" တဲ့၊ ဒါလည်း မှန်နိုင်ပါတယ်၊ သူ အလယ်တန်း ကျောင်းသား ဘဝမှာကတည်းက ကဗျာ တွေရေးနေပါ ပြီ၊ ရေးတော့ လဲ မြန်မာစာ ကဗျာ ညွန့်ပေါင်း ကျမ်း ကြီး တွေ ကို အသေအချာ ဖတ်ရှူလေ့လာ ပြီးရေးတာပါ၊ ရှေးကဗျာ ရေးဟန် များ ကို အတုယူ ပြီး လေးချိုး တွေ၊ ဒွေးချိုး တွေ၊ အိုင်ချင်း တွေ၊ ရတုတွေ ရေးနိုင်ပါတယ်၊ အဲဒီခေတ် က လူကြိုက်များတဲ့ သုံးကြောင်း ကဗျာလေး တွေ ရေးပါ တယ်၊ အဲဒီခေတ် က ရုပ်ရှင်ကြေးမုံ တို့၊ ဂီတပဒေသာ တို့၊ ယုဝတ၊ီ ဂီတ သတင်းစဉ်စတဲ့ ဂျာနယ် တွေမှာ ဖော်ပြခံရ ပါတယ်၊ စာမူခ မရပါ၊ စာစောင် ကို ကိုယ့်ပိုက်ဆံ နဲ့ ကိုယ် ဝယ်ရပါ တယ်၊ အဲဒီတုံးက သူ့ ကလောင်နံမည်က "မီးခိုးဖြူ" ပါ၊ ၁၉၈၂ မှာ သူ့ရဲ့ မီးခိုးဖြူ နံမည် နဲ့ ပထမ ဆုံး မဂ္ဂဇင်း ကဗျာ "စစ်ပြန်" မဂ္ဂဇင်း မှာ ပုံနှိပ်ဖော်ပြ ပါတယ်၊ အဲဒီ ကဗျာ ကလည်း လေးချိုးရှည်ကြီး ပါပဲ၊


မြန်မာစာကို နိုင်နင်း ကျွမ်းကျင်လွန်းလို့ အတန်းထဲမှာ သူ့ရေးသား တဲ့ စာစီစာကုံး တွေဟာ အမှတ်အများ ဆုံးရပြီး ဆရာ၊ ဆရာမ များ ရဲ့ အသိအမှတ် ပြုခြင်း၊ ချီးကျူး ခြင်းခံရပါတယ်၊ မြို့နယ် အဆင့်၊ တိုင်း အဆင့် စာစီစာကုံး ပြိုင်ပွဲ တွေ မှာ ကျောင်းကို ကိုယ်စားပြု ပါဝင်ရပြီး ဆုတွေလည်း ရခဲ့ပါတယ်၊ သူ့ရဲ့ အဓိက အားနည်းချက်ကတော့ သိပံ္ပ ဆိုင်ရာ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာံ တို့ ကို စိတ်မဝင်စားတာပါပဲ၊ ဒါကြောင့်လည်း ဝိဇ္ဇာ၊သိပံ္ပ ဘာသာစုံ ဖြေရတဲ့ ၁၀ တန်း ကို တော်ရုံနဲ့ မအောင်တာပါ၊ နောက်ပိုင်း ၁၀ တန်း ကို ဝိဇ္ဇာ သတ်သတ်၊ သိပံ္ပသတ်သတ်၊ ခွဲလိုက်တဲ့ အခါကျမှ ပဲ ဝိဇ္ဇာတွဲ သက်သက်ကိုယူပြီး စိတ်ကြိုက်မြန်မာစာ ဂုဏ်ထူး နဲ့ အောင်ပါတော့တယ်၊ အင်္ဂလိပ် စာ မှာလည်း ဂုဏ်ထူးမှတ် နီးပါးရလို့ ရန်ကုန်တက္ကသိုလ် ကို အင်္ဂံလိပ်စာ အဓိကနဲ့ တက်ရောက်ခွင့်ရ ပါတယ်၊ ဒါပေမဲ့ ၁၉၈၈ မတ်လ အရေးအခင်း ကစ ခဲ့တဲ့ လူထု အရေးတော်ပုံကြီးက သူ့ရဲ့ ပညာ ရေး လမ်းကြောင်းကို အဆုံးသတ်ပေး လိုက်ပါတယ်၊ ဘဝ တက္ကသိုလ်က ကျောင်းပြီးခဲ့ပေမဲ့ ရန်ကုန် တက္ကသိုလ်ကတော့ ကျောင်း မပြီးခဲ့ပါ၊

(၃)

၁၉၈၈ လူထုအရေးတော်ပုံကြီး ဟာ မြန်မာနိုင်ငံ က သန်းပေါင်းများစွာသော ပြည်သူ တွေရဲ့ ဘဝတွေကို အကြီးအကျယ် ရိုက်ခတ်ပြောင်းလဲစေခဲ့ပါတယ်၊ အဲဒီထဲမှာ ကျနော်တို့ မိသားစုကလေးလဲ ပါခဲ့တာပေါ့၊ ဖေဖေက နိုင်ငံရေး သမား ဟောင်း၊ သတင်းစာဆရာဟောင်းကြီး ဖြစ်ပြီး သားသမီး သုံးယောက်စလုံးက တက္ကသိုလ် ကျောင်းသား တွေ ဖြစ်နေတဲ့ အခါ ကျောင်းသား လှုပ်ရှားမှုကစ ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှု ကြီးမှာ ကျနော် တို့ မိသားစု တစ်စုလုံး ကျရာနေရာကနေ တာဝန် ထမ်းဆောင်ခဲ့ကြတာပေါ့၊ ကျနော်တို့ ညီအကို နှစ်ယောက်စလုံး ကျောင်းသား ခေါင်းဆောင် မောင်မောင်ကျော် နဲ့ တွဲဖက် ပြီး "ဗမာ ပြည်၊ ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး" (Burma Youth Liberation Front) ကို ရန်ကုန် တက္ကသိုလ် ဂျွန် အရေးအခင်း တစ်ပတ်ကြာ ဆန္ဒပြမှုတွေအပြီးမှာ မြေအောက် အဖွဲ့အစည်းတစ်ခု အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့ ကြပြီး နယ်စပ်ဒေသ အခြေစိုက် တော်လှန်ရေး အဖွဲ့ များနဲ့ စတင်ဆက်သွယ် ခဲ့ကြ ပါတယ်၊ မောင်မောင်ကျော် ကတော့ ဂျွန် လကုန်မှာ ထိုင်း၊ မြန်မာ နယ်စပ်ကို လျှို့ဝှက် ထွက်ခွာသွားပါတယ်၊ အဲဒီ နောက် ဩဂတ်စ် ၈ ရက် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာရေး အတွက် ကျနော်တို့အားလုံး မြန်မာနိုင်ငံ တနံတလျား ခရီးတွေထွက် ပြီး ပြည်သူတွေ ကျောင်းသားတွေ ကြားထဲ မှာ လျှို့ဝှက်စွာ စည်းရုံးရေး ဆင်းကြရပါတယ်၊

၁၉၈၈ ဒီဇင်ဘာ၊ ဗကသ များ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းကြတဲ့အခါ ကျနော်က ဒု- ဥက္ကဌ (၂) ဖြစ်လာပြီး ရွှေဘုန်းလူ က ဗဟိုကော်မီတီ ဝင် တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။ ၁၉၈၉၊ မတ်လ ၂၃ ရက်နေ့မှာ ဥက္ကဋ္ဌမင်းကိုနိုင် အဖမ်းခံရ၊ ဧပြီ ၂၃ ရက် နေ့ မှာ ကျနော် အဖမ်းခံရပြီးတဲ့ နောက် မှာတော့ ရွှေဘုန်းလူ တစ်ယောက် သူ့ရဲ့ "ကျောင်းဖွင့်ချိန်" ကဗျာ နဲ့ ထင်ရှား လာပြီး ဗကသ များ အဖွဲ့ချုပ် ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မီတီ ဝင် တစ်ယောက်လည်း ဖြစ်လာပါတယ်၊ အဲဒီ နောက် သူ အိန္ဒိယ နယ်စပ်ဘက် ကို ထွက်ခွါသွားပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ ကြိုးစားပါသေးတယ်၊ အဆင်မပြေမှုတွေ များလွန်းတာနဲ့ မြန်မာနိုင်ငံထဲ ပြန်လည် ဝင်ရောက်လာပြီး ၁၉၉၀ ဖေဖော်ဝါရီ လမှာ အဖမ်းခံရပါတယ်၊ စစ်ထောက်လှမ်းရေး ရဲ့ စစ်ကြောရေး စခန်း မှာ ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက် ခံရပြီး နောက် စစ်ခုံရုံး က သူ့ကို အလုပ်ကြမ်း နဲ့ ထောင် ငါးနှစ် ချလိုက်ပါတော့တယ်၊

(၄)

ကျနော် က အင်းစိန်ထောင်ထဲမှာ ၁၉၈၉ ဧပြီ လ က နေ ၁၉၉၀ မေလ အထိ ၁၃ လ ပုဒ်မ ၁၀ (က) နဲ့ အထိန်းသိမ်း ခံခဲ့ ရ ပြီး ၁၉၉၀ မေလ ၂၃ ရက်နေ့၊ ရွေးကောက်ပွဲ လုပ်ဖို့ လေးရက် အလိုမှာမှ အင်းစိန်ထောင်တွင်း စစ်ခုံရုံး တင်ပြီး ပြစ်ဒဏ် ချခံရ တာပါ၊ ၁၃ လ လုံးလုံး မိသားစုနဲ့ အဆက်အသွယ်မရခဲ့ ပါ။ ပြစ်ဒဏ် လေးနှစ် ကျခံရပြီး မှ တရားဝင် အကျဉ်းသား ဖြစ်လာပြီမို့ နှစ်ပတ် တစ်ခါ ထောင်ဝင်စာ တွေ့ခွင့်ရပါတယ်၊ ပထမဆုံး ထောင်ဝင်စာမှာပဲ ဖေဖေနဲ့ မေမေက ပြောလို့ ရွှေဘုန်းလူ တစ်ယောက် ထောင်ငါးနှစ်ကျပြီး ၅ ဆောင် မှာရောက် နေတယ် ဆိုတာ သိရပါတယ်၊


စတွေ့တွေ့ချင်း မေမေ က ကျနော့ ကို "သားကြီး ရယ်၊ မင်းညီလေး ကို မင်းအနား ခေါ်ထားနိုင်ဖို့ ကြိုးစားကြည့်ပါကွယ်" တဲ့။ အဲဒီ အချိန်မှာ ကျနော်တို့ ထောင်ဝင်စာ တွေ့ရတဲ့ အချိန်၊ နေ့ရက်ကလည်း မတူ လို့ ဖေဖေ နဲ့ မေမေ ခမျာ တစ်ပတ်ကို နှစ်ကြိမ် လာရပါတယ်၊

အဲဒါနဲ့ ထောင်ပိုင် တန်းစီ လှည့်တဲ့ အချိန်မှာ ကျနော် က ကျနော့ ညီ ကို ကျနော် နဲ့ အတူထားပေး ဖို့ တောင်းဆို တော့ ထောင်ပိုင်က ခွင့် ပြုပါတယ်၊ ဒီလိုနဲ့ ရွှေဘုန်းလူ တစ်ယောက် ကျနော်ရှိရာ ၅ တိုက် (တိုက် အမှတ် ၅) ကို ရောက်လာပါတော့တယ်၊ အဲဒီတုန်း က ကျနော်က ၅ တိုက်၊ အခန်းအမှတ် ၁၉ မှာပါ၊ အခန်းဖော် တွေက ကိုတင်မြင့် (ဦးရဲထွန်း အမှုတွဲ)၊ သာကေတ NLD က မြင့်သောင်း နဲ့ လှသန်း တို့ပါ၊ ရွှေဘုန်းလူ ရောက်လာတော့ ၈ ပေ ၁၂ပေ အခန်းကျဉ်း ကလေးထဲ မှာ ကျနော် တို့ ၅ ယောက် အတူနေ ကြရ ပါတယ်၊

သူ ရောက်မလာခင်က ကျနော် စိတ်ပူခဲ့ရတာ ရှိပါတယ်၊ သူနဲ့ ကျနော် က ညီအကို အရင်းတွေ ဖြစ်ပေမဲ့ သိပ်ပြီး တည့်လှတာ မဟုတ်ပါဖူး၊ သူက ၄ ဂဏန်း သမား ဖြစ်ပြီး ကျနော်က ၈ ဂဏန်း သမား ဖြစ်နေလို့လား တော့ မသိပါဖူး၊ မကြာခဏ ငြင်းခုန်၊ စိတ်ဆိုး၊ ဒေါသထွက်၊ ရန်ဖြစ်နေကျ ပါ၊ ဒီ အခန်းကျဉ်း ကလေးထဲ မှာ ထပ်ပြီး အဆင်မပြေကြရင်ဖြင့် ကျနော်တို့ နှစ်ယောက် တင်မက ကျန်တဲ့ အခန်းဖော်တွေပါ အကြီးအကျယ် စိတ်ညစ်ကြရမှာပါ၊

ဒါပေမဲ့ ကျနော် မျှော်လင့်ထားသလောက် ပြဿနာ များများစားစား မရှိခဲ့ပါ၊ ထောင်ဝင်စာ တွေ့ဖို့လည်း အတူထွက်ခွင့်ရခဲ့ လို့ ဖေဖေ နဲ့ မေမေ လည်း အတန်အသင့် စိတ်ချမ်းသာခဲ့ ကြရပါတယ်၊ သိပ်မကြာပါဖူး၊ ညီအကို နှစ် ယောက် တစ်ခန်းထဲ အတူရှိနေတာ ကို မကြိုက်တဲ့ ထောင်မှူးတစ်ယောက်က သူ့ကို ကျနော့ အခန်းထဲကနေ သုံးခန်းကျော် အခန်းအမှတ် ၂၂ ကို ရွှေ့ပြောင်းလိုက်ပါတယ်၊

၁၉၉၀၊ စက်တင်ဘာ ၂၆ ရက်နေ့ ကတော့ အင်းစိန်ထောင်မှာ သမိုင်းဝင်တဲ့ နေ့တစ်နေ့ ပါ၊ ရွေးကောက်ပွဲ အပြီး အာဏာလွှဲ ပြောင်းပေးဖို့ ငြင်း ဆန်နေတဲ့ နဝတ စစ်အုပ်စု ကို အင်းစိန်ထောင် ထဲက နိုင်ငံရေး အကျဉ်းသား တွေက တညီတညွတ် ထဲ ဆန္ဒပြခဲ့ကြတာပါ၊ ၂ တိုက် နဲ့ အမျိုးသမီး ဆောင်တွေက စတင်ခဲ့ပြီး ကျန်တဲ့ တိုက် အားလုံး က နိုင်ငံရေး အကျဉ်းသားအားလုံး ပါဝင်ဆင်နွှဲ ပြီး နိုင်ငံရေး အကျဉ်းသား များအားလုံး လွတ်မြောက်ရေး နဲ့ အာဏာလွှဲပြောင်းရေး အော်ဟစ် တောင်းဆိုခဲ့ကြ တာပါ၊ တိုက်ခန်း ကျဉ်းကလေးရဲ့ သံတံခါး ကို မျက်နှာအပ်ပြီး ဒီမိုကရေစီကြွေးကြော်သံ တွေ အသံကုန် အော်ဟစ်ခဲ့ကြတာပါ၊ အာဏာပိုင်တွေဘက်ကလည်း ရက်ရက်စက်စက် အကြမ်းဖက် တုံ့ပြန်ခဲ့တာပါ၊ တိုက်ခန်းတွေထဲက အကျဉ်းသား တစ်ချို့ကို ဆွဲထုတ်ပြီး ပြင်းပြင်းထန်ထန် နံပါတ်ဒုတ်တွေ၊ ခါးပတ် တွေ၊ လက်သီးတွေ၊ စစ်ဖိနပ်ကြီးတွေ နဲ့ ရိုက်နှက် ခဲ့ပါတယ်။ အဲဒီထဲ ရွှေဘုန်းလူလည်း ပါသွားခဲ့ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက် ခံရပါတယ်၊ အဲဒီနောက်မှာတော့ ရွှေဘုန်းလူ ကို ထောင်အာဏာပိုင်တွေက တိုက်ကနေ အဆောင် ၅ ကို ပြောင်းရွှေ့လိုက်ပါတော့တယ်၊ တိုက်အားလုံး က နိုင်ငံရေး အကျဉ်းသားအားလုံးကိုလည်း ထောင်ဝင်စာ နှစ်လ ပိတ်လိုက် ပါတယ်၊ လူသတ်မှုတွေနဲ့ ထောင်ကျတဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသားတွေကို တိုက်တန်းစီးတွေ ခန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ပါတော့တယ်၊

(၅)

ဒီလိုနဲ့ ရွှေဘုန်းလူ နဲ့ ကျနော် ထောင်ထဲမှာ ကွဲကွာသွားပြီးတဲ့နောက် နောက်တစ်ကြိမ် ပြန်ဆုံကြရပြန်ပါတယ်၊ ဒီတစ်ခါတော့ အင်းစိန်ထောင်မှာ မဟုတ်တော့ပါဘူးး၊ ရန်ကုန် ကနေ မိုင် နှစ်ရာကျော် ကွာဝေးတဲ့ မကွေးတိုင်းအတွင်းက သရက်ထောင်မှာပါ၊

ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ဟာ တစ်နေရာတည်းမှာ ကြာကြာ နေရလေ့ မရှိပါဖူး၊ အာဏာပိုင်တွေက အကြောင်း အမျိုးမျိုး ပြပြီး တနေရာ က တနေရာ ပြောင်းရွှေ့ နေတာပါ၊ ကျနော်လည်း ၁၉၉၀ အကုန်လောက်မှာ ၅ တိုက်ကနေ ၄ဆောင် ကို ရွှေ့ပြောင်းခံရပါတယ်၊ အဲဒီအဆောင်မှာလည်း ၆ လလောက်ပဲ နေလိုက်ရတယ် ထင်ပါတယ်၊ ဆောင်းတွင်းကြီး အေးစက်စက်တစ်ညမှာ အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား ၉၉ ယောက်ကို သရက်ထောင်ကို ရုတ်တရက် ရွှေ့ပြောင်းလိုက်ပါတယ်၊ မနက် ၂ နာရီ လောက် မှာ လက်နက်အပြည့်အစုံနဲ့ အကျဉ်းထောင် ဝန်ထမ်း တွေက အဆောင်တွေကို ဝိုင်း ပြီး အကျဉ်းသား အားလုံး ကို အိပ်ရာက နှိုးပြီး ပုံစံ ထိုင်ခိုင်း ပါတယ်၊ ပြီးတော့မှ ထောင်အရာရှိတွေက ထောင်ပြောင်းစာရင်းမှာ ပါသူတွေကို နာမည် ခေါ်ပြီး ရှိတဲ့ပစ္စည်း ယူပြီး ထွက်လာခိုင်းပါတယ်၊ တကယ်တော့ ဘာပစ္စည်း မှ ယူချိန် မရပါ၊ ကိုယ့်အိပ်ရာလိပ်တောင် ပြည့်စုံအောင် မလိပ်နိုင်ခဲ့ပါ၊ အသားလွတ်ကြီး ကြိမ်းမောင်းနေတဲ့ ဝန်ထမ်းတွေက ကျနော်တို့ကို နွာအုပ်ကြီး မောင်းသလို မောင်းပြီး ထောင်ဗူးဝကို ခေါ်သွားကြပါတယ်၊ ထောင်ဗူးဝမှာတော့ အဆောင် ပေါင်းစုံနဲ့ တိုက် ပေါင်းစုံက ရွေးချယ် ခေါ်ထုတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၉၉ ယောက် နဲ့ ကျနော်တို့ကို ထိန်းဖို့ ရည်ရွယ်ပြီး ကျနော်တို့နဲ့အတူ ထောင်ပြောင်းလိုက်ရမယ့် နှစ်ကြီး ဝါရင့် ရာဇဝတ် အကျဉ်းသား စိုးမြတ် တို့ ဆုံကြရပါတယ်၊ ဒီ ထောင်ပြောင်းအုပ်စုထဲ ကျနော်က ၄ ဆောင် ကပါလာပြီး ရွှေဘုန်းလူ က ၅ ဆောင်ကနေ ပါလာပါတယ်၊ ထောင်ဗူးဝမှာ ကျနော်တို့ အားလုံးကို ပုံစံဆံပင် ညှပ်၊ ခြေကျင်း ရိုက်၊ ပြီးတဲ့နောက် အင်းစိန်ဘူတာကို ကားကြီး နှစ်စီး နဲ့ ခေါ်ဆောင်သွားပါတော့တယ်၊ အင်းစိန် ကနေ ပြည် ကို လော်ကယ်ရထား အချုပ်တွဲ နဲ့ခေါ် သွားပြီး ပြည်ထောင်မှာ တစ်ည အိပ်ရ ပါတယ်၊ နောက် တစ်ရက်မှာ ပြည်ဆိပ်ကမ်း ကနေ သဘောင်္ နဲ့ သရက်ကို ခေါ်ဆောင် သွားပြီး အင်မတန်မှ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ သရက်ထောင်ကြီးထဲကို ကျနော် တို့ ရန်ကုန်က နိုင်ငံရေးအကျဉ်းသားတွေ ကို ပစ်ထည့် လိုက်ပါတော့တယ်၊ သရက်ထောင်ရဲ့ ငရဲခန်းများအကြောင်းတော့ တစ်နေ့ကျမှ ရေးပါဦးမယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ ညီအကို နှစ်ယောက် သရက်ထောင်၊ အဆောင် နှစ် မှာ ပြန်ဆုံစည်း ကြရပြန်ပါပြီ၊

သရက်ထောင် မှာ ကျနော်တို့ မရောက်ခင်ကတည်း က နိုင်ငံရေး အကျဉ်းသား တစ်ချို့ ရှိနေပါတယ်၊ ရှေ့နေ ဦးဇော်မျိုးဝင်း တို့၊ မကသ ဥက္ကဌ မင်းဇေယျ တို့ ပါ၊ ၁၉၉၀ စက်တင်ဘာ ၂၆ ထောင်တွင်းဆန္ဒပြမှု ကြီးကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲအပြီးမှာ ရက်ရက်စက်စက် ရိုက်နှက်ပြီး သူတို့ကို ထောင်ပြောင်း လိုက်တာပါ၊ သူတို့အားလုံး တိုက်ထဲမှာ နေရပါတယ်၊ ရောက်ရောက်ချင်း ကျနော်တို့ အုပ်စု ထဲက ၁၀ ယောက်ကို တိုက်ထဲ ပို့လိုက်ပြီး ကျန်တဲ့လူ တွေကို အဆောင် နှစ်ဆောင်မှာ ရာဇဝတ်အကျဉ်းသား တွေနဲ့အတူ ထားပါတယ်၊ သရက် မြို့ဟာ ခရိုင်မြို့ ဖြစ်ပြီး ရန်ကုန်ကနေ မိုင် ၂၅၀ ကျော် ကွာဝေးပါတယ်၊ ရန်ကုန်ကနေ လာဖို့ဆိုရင် ပထမ ပြည် အထိ ကား နဲ့ ဖြစ်စေ၊ ရထား နဲ့ ဖြစ်စေ လာရ ပါတယ်၊ အဲဒီနောက် ပြည် ကနေ အောင်လံ ကို ကားထပ်စီး၊ အောင်လံ ဆိပ်ကမ်းကနေ သဘောင်္ (သို့မဟုတ်) ကူးတို့သမ္ဗာန် စီးပြီး ဧရာဝတီ မြစ်ကြီးကို ဖြတ်ကူးပြီး မှ သရက် ကို ရောက်ပါတယ်၊ ဧရာဝတီ မြစ်ကြီး လှိုင်းကြီးချိန်မှာ မြစ်ကို ဖြတ်ဖို့ မဖြစ် နိုင်လို့ ရေငြိမ်တဲ့အချိန်ထိ စောင့်ကြရတတ်ပါတယ်၊

ကျနော်တို့ အများစုက ရန်ကုန်သားတွေ ဖြစ်ကြပြီး မန္တလေး နဲ့ ပဲခူးတိုင်းများ က လူတချို့လည်း ပါပါတယ်၊ ဧရာဝတီ တိုင်း နဲ့ ကရင်ပြည်နယ်က ဖထီး ကြီးတွေလည်း ပါပါတယ်၊ အင်းစိန်ထောင်မှာတုန်းကတော့ မိသားစုတွေ က နှစ်ပတ်တစ်ခါ ထောင်ဝင်စာ လာနိုင်ကြပေမဲ့၊ သရက်ထောင် ပြောင်းလိုက်တဲ့အခါမှာတော့ ပုံမှန် မလာနိုင်တော့ပါဘူး၊ ခရီးကဝေးတဲ့အပြင် ကုန်ကျစရိတ်က များလွန်းတော့ မိသားစု တွေ အတော် ဒုက္ခ ရောက်ကြရပါတယ်၊ တချို့ က သုံးလမှ တစ်ခါလောက်၊ တချို့က ၆လ မှ တစ်ခါလောက် ပဲ လာနိုင်ပါတော့တယ်၊ အဲဒီ တော့ မိသားစုက ထောင်ဝင်စာ လာတွေ့ရင်း ထောက်ပံ့တဲ့ အစားအသောက် နဲ့ ဆေးဝါး တွေကိုသာ အားကိုး အားထား ပြုနေရ တဲ့ ကျနော်တို့အတွက်လည်း အဆင်မပြေ မှုတွေ ပိုပြီး များလာတာပါပဲ၊


(၆)

ကျနော်တို့ ရောက်တဲ့အချိန်မှာ သရက်ထောင်ပိုင်က ဗိုလ်ကြီး သောင်းညွန့် ပါ၊ ရှေ့တန်း စစ်မျက်နှာမှာ ကျောင်းသားတပ်တွေနဲ့ တိုက်ခဲ့ဖူးပြီး အရေးနိမ့်ခဲ့ပြီးတဲ့ နောက် သူ့ဆရာ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ဘုန်းမြင့် ရဲ့ စောင်မကြည့်ရှူ မှု နဲ့ ထောင်ပိုင် ဖြစ်လာတာပါ၊ ဒါ့ကြောင့် သူက ကျောင်းသား တွေ၊ ကရင် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို မုန်းပါတယ်၊ ပြီးတော့လည်း ကျနော် တို့ ကို အင်းစိန်ထောင်က ဆိုးလွန်းလို့ ထောင်ပြောင်းလိုက်တာလို့လည်း နားလည် ထားပါတယ်၊ ဒါ့ကြောင့် သူက ကျနော်တို့အားလုံး ကို သံမဏိ စည်းကမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါတယ်၊ သူကစ ပြီး ရန်လို နေမှတော့ သူ့လက်အောက် က အရာရှိတွေ ဝန်ထမ်းတွေကလည်း ကျနော်တို့အပေါ် အနိုင်ကျင့် ဆက်ဆံကြမယ် ဆိုတာ အထူးရှင်းပြဖို့လိုမယ် မထင်ပါ၊ ကျနော်တို့နဲ့ အတူနေရတဲ့ ရာဇဝတ် အကျဉ်းသားတွေကိုလည်း လျှော့ရက် တွေဆုချမယ် လို့ မြှူဆွယ်ပြီး ကျနော်တို့အပေါ် အနိုင်ကျင့်ခိုင်း၊ အပြစ်ရှာခိုင်း၊ ထောက်လှမ်းခိုင်းကြပါတယ်၊ ရေဆွဲ၊ ဆန်အိပ်ထမ်း၊ တောင်ယာ စတဲ့ အလုပ်ကြမ်းတွေကို လဲ နေပူကျဲကျဲ မှာ လုပ်ကြရပါတယ်၊

ဒီလို နဲ့ပဲ ကျနော်တို့အားလုံး ဟာ မကြာခဏ ထောင်တွင်းမှာပဲ ရုံးတင်ခံရ၊ အပြစ်ပေး ခံရ၊ အရိုက်အနှက် ခံ နေကြရတာပါ၊ အဲဒီလို ဖိနှိပ်နေရတာကို မှအားမရသေးလို့ နောက် တစ်မျိုး ထပ်ထွင်ပြန်ပါသေးတယ်၊ ဒီလိုပါ၊


တစ်ရက်မှာ ထောင်ပိုင်က အမိန့်တစ်ခုထုတ်ပြန်ပါတယ်၊ အဲဒါ ကတော့ အဲဒီအချိန် ကစပြီး အကျဉ်းသား တွေအားလုံးဟာ ထောင်ဝင်စာ တွေ့ချိန်မှာ အချိန်စေ့ရင် တာဝန်ကျဝန်ထမ်း က ပုံစံလို့ အော်မှာဖြစ်ပြီး အကျဉ်းသားက မိသားစုနဲ့ စကားပြော နေတာ ချက်ချင်းရပ် ပြီး မိသားစု ရှေ့မှာတင် ကြမ်းပေါ်မှာ ပုံစံ ထိုင်ရမှာပါ၊ အကျဉ်းသားက ပုံစံ ထိုင်နေတဲ့ အချိန်မှာ မိသားစုက ထောင်ဝင်စာခန်းထဲက ထွက်ခွာသွား ကြရမှာပါ၊

ကျနော်တို့ ထောင်ထဲ မှာ ပုံစံ ထိုင်ရပါတယ်၊ ပုံစံ (၁) (၂) (၃) (၄)၊ ပုံစံကြီး ဆိုပြီး ရှိပါတယ်၊ ပုံစံ (၁)က ထိုင် ပုံစံ ပါ၊ ထောင်ဖွင့်ချိန်၊ ထောင်ပိတ်ချိန်၊ လူရေတွက်တဲ့ အချိန်တွေမှာ ထိုင်ရပါတယ်၊ တင်ပလ္လင် ခွေမှာ လက်နှစ်ဖက် ကို ရှေ့ဆန့်ပြီး လက်သီး ဆုတ်ပြီး ဒူးပေါ်တင်ထား ရပါတယ်၊ မျက်နှာကိုလည်း ငုံ့ထားရပါတယ်၊ ပုံစံ (၂) က ရပ် ပုံစံပါ၊ ထောင်အရာရှိ နဲ့ တွေ့ရတဲ့ အချိန်၊ အဆောင်မှာ ထောင်ပိုင် တန်းစီ လှည့်တဲ့ အချိန်တွေမှာ ရပ်ရပါတယ်၊ မတ်တပ်ရပ်၊ လက် ဖဝါး နှစ်ဖက် ကို ချိတ်ဆက်ပြီး လုံချည် ခါးပုံစ ရှေ့ မှာချထားရပါတယ်၊ မျက်နှာကိုလည်း ငုံ့ ထားရပါတယ်၊ ပုံစံ (၃) က အရေးပေါ် ပုံစံလို့ ခေါ်ပါတယ်၊ အလုပ် လုပ်နေတုန်း ထောင်အရာရှိ အနားရောက် လာတဲ့ အချိန်မှာ အရေးပေါ်ထိုင်ရတာပါ၊ ဆောင့်ကြောင့် ထိုင် ရင်း လက်နှစ်ဖက်ကို ရှေ့ထုတ်၊လက်သီးဆုပ် ပြီး ဒူး ပေါ် တင်ထားရ ပါတယ်၊မျက်နှာကတော့ ထုံးစံ အတိုင်း ငုံ့ ထားရပါတယ်၊ အခု ထောင်ဝင်စာ တွေ့ ချိန်မှာ အဲဒီ ပုံစံ (၃) ထိုင်ရ မယ်လို့ အမိန့်ထွက်လာတာပါ၊ ပုံစံ (၄) ကတော့ အပြစ်ပေး ပုံစံ မို့ ရှေ့ က ပုံစံ သုံးခု ထက် အများကြီး ပိုဆိုးပါတယ်၊ ပုံစံကြီး ဆိုတာက လည်း ထောင်တွင်းမှာ အရေးပေါ်အခြေ အနေ တစ်ခု ဖြစ်ချိန်မှာ ထိုင်ရတာ မို့ အလွန့် အလွန်ကိုဆိုးတယ်လို့ပဲ ပြောပါရစေ။ သေချာ တာက အဲဒီ ပုံစံတွေ အားလုံးမှာ မျက်နှာကို ငုံ့ထားရတာပါ၊ ခွင့်ပြုချက်မရဘဲ မျက်နှာ မော့ကြည့်ရင် အပြစ်ရှိပါတယ်၊ ပုံစံ ထိုင်တာ မမှန်ရင် အပြစ်ရှိပါတယ်၊ တိုက်ပိတ်ခံရပါတယ်၊ အရိုက်အနှက် ခံရပါတယ်၊ လူ တစ်ယောက် ကို စိတ်ဓာတ်ရေးရာ ချိုးနှိမ် ဖို့၊ အနိုင့်အထက် ပြုကျင့်ဖို့ ၊ လူတစ်ယောက် အပေါ် အခြားတစ်ယောက်က လူပါးဝ စော်ကား နိုင်ဖို့၊ စံနစ်တကျ တီထွင်ထားတာပါ။

ဒီအမိန့်ထွက်လာတော့ သရက်ထောင်ထဲက အကျဉ်းသားအားလုံး မကျေမနပ် ဖြစ်ကြပါ တယ်၊ နိုင်ငံရေး အကျဉ်းသားတွေ တင်မကပါဘူး၊ ရာဇဝတ် အကျဉ်းသား တွေပါ သူတို့ရဲ့ မိသားစုဝင်တွေရှေ့ မှာ ကိုယ်ရဲ့ နိမ့်ကျရမှုကို မပြချင် ကြပါဖူး၊ ဘယ်ထောင်မှာ မှ ဒီလိုစည်းကမ်းမျိုးမရှိတဲ့ အတွက် ဒါ ထောင်ပိုင်က သက်သက် အာဏာ အလွဲသုံးပြီး မတရားလုပ်တယ် ဆိုတာကို သဘောပေါက် နားလည်ကြပါတယ်၊ ဒါပေမဲ့ အမိန့်ကို မလိုက်နာရင်လည်း အပြစ်ရှိတယ်ဆိုပြီး ထောင်ဝင်စာ အပိတ်ခံ ရမယ်၊ တိုက်ပိတ်ခံ ရမယ်၊ အရိုက်အနှက် ခံရမယ်၊ ဒီတော့ ဒီမတရားမှုကြီးကို သူတို့အဖို့မှာတော့ လက်သင့်ခံ လိုက်နာရုံကလွဲလို့ တခြားနည်းလမ်း မရှိကြပါဖူး၊ ဒီလိုနဲ့ အဲဒီအမိန့်က အသက်ဝင်လာခဲ့ပြီး ဆိုးပါတယ် မိုက်ပါတယ် ဆိုတဲ့ ရာဇဝတ် အကျဉ်းသားတချို့ ထောင်ဝင်စာ မှာ၊ သူတို့ ရဲ့ မိသားစုတွေ ရှေ့ မှာ ကျကျနန ပုံစံ ထိုင် ပြီး ပြန်လာခဲ့ကြ ပါပြီ၊ သူတို့ အားလုံးက ကျနော်တို့ နိုင်ငံရေး အကျဉ်းသား တွေ ဘယ်လို တုံ့ပြန် ကြမလဲ ဆိုတာ စောင့်ကြည့်နေကြ လေရဲ့။


ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ မှာလည်း ထောင်ဝင်စာ လာနိုင်တဲ့ မိသား စု က နည်းတဲ့အပြင် ဝေးလံလွန်းလို့ ၃/၄ လ လောက်မှ တစ်ခေါက်လာနိုင်ကြတာပါ၊ ဒီတော့ တစ်ပတ်မှာ နိုင်ငံရေးအကျဉ်းသား ၂ ယောက် ၃ ယောက် လောက်ပဲ ထောင်ဝင်စာ လာတာ ရှိပါတယ်၊ အဲဒီ အမိန့်ထွက်တဲ့ အပတ်မှာ ထောင်ဝင်စာလာဖို့ ကျနော် တို့ အဆောင်က အလှည့်ကျတာက ကျနော်တို့ ညီအကို နှစ်ယောက်ပါ၊ ရဲဘော်တွေ အားလုံး က ကျနော်တို့ ညီအကို ကို ဘာဖိအားမှ မပေးပါဖူး၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး ယုံကြည်သလို ရင်ဆိုင်ဖို့ပဲ ပြောကြပါတယ်။ ဟုတ်ပါတယ်၊ ဒါ ဟာ ဖြင့် တစ်ယောက်ချင်း ရင်ဆိုင်ရမယ့် တိုက်ပွဲပါ၊

ကျနော်တို့ ညီအကို နှစ်ယောက် ခေါင်းချင်းဆိုင်ကြပါတယ်၊ ရွှေဘုန်း က ပြောပါတယ်၊ "ကိုကို ဆုံးဖြတ်ပါ၊ ငယ်ငယ် နောက်က လိုက်ပါ့မယ်" တဲ့၊ ဒါနဲ့ ကျနော့်အစီအစဉ်ကို သူ့ကို ရှင်းပြတယ်၊ သူက ချက်ချင်းပဲ သဘောတူပါတယ်၊

ထောင်ဝင်စာ လာတဲ့နေ့ကို ရောက်ပါ ပြီ၊ မနက် မိုးလင်းကတည်းက ဘုရားရှိခိုးပြီး၊ ဘုရားစာတွေ ရွတ်ဖတ်ပြီး ကိုယ့်ကိုကိုယ် စိတ်ရှင်းလင်းအောင် လုပ်ကြပါတယ်၊ ဘယ်သူနဲ့မှလည်း စကားမပြော ဖြစ်ပါ၊ ဒီလိုနဲ့ မနက် ၁၀ နာရီ လောက် ထောင်ဝင်စာ ရုံးက ဝန်ထမ်း တစ်ယောက် နဲ့ အဆောင်ထောင်မှူး ရောက်လာပြီး ကျနော်တို့ နှစ်ယောက်ကို ထောင်ဝင်စာ တွေ့ဖို့ လာခေါ်ပါတယ်၊ ညီအကို နှစ်ယောက် စလုံး တပြိုင်တည်း မတွေ့ရပါ၊ တစ်ယောက်ပြီးမှ တစ်ယောက် တွေ့ရ မှာပါ၊ ဒါနဲ့ တိုင်ပင် ထားတဲ့အတိုင်း ကျနော် အရင် လိုက်သွားခဲ့ပါတယ်၊ အဆောင် ရုံးခန်း မှာပဲ ကျနော်က အဆောင် ထောင်မှူး ကို သတင်းပို့စရာ ရှိကြောင်း ပြောပါတယ်၊ ထောင်မှူး က ခွင့်ပြု တဲ့အခါကျမှ ကျနော်က ကျနော် ဒီနေ့ ထောင်ဝင်စာ တွေ့ရမယ့် အခွင့်အရေး ကို စွန့်လွှတ်ကြောင်း၊ ထောင်ဝင်စာတွေ့မှာ မဟုတ်တဲ့ အကြောင်း တင်ပြလိုက်ပါတယ်၊ သူ မမျှော်လင့်တာ ကြားလိုက်ရတဲ့အတွက် ထောင်မှူးလည်း အလန့်တကြား ဖြစ်သွားပါတယ်၊ "ဘာဖြစ်လို့လဲ" လို့ အမောတကော မေးပါတယ်၊


"ထောင်ဝင်စာတွေ့ချိန် မှာ ဆရာတို့က ပုံစံ လို့ အော်လိုက်ရင် ကျနော်တို့က မိသားစုနဲ့ စကားပြောနေတာ ချက်ချင်း ရပ်ပြီး အရေးပေါ် ပုံစံ ထိုင်ရမယ်လို့ အမိန့်ထုတ်ထား တယ်လို့ ကျနော် တို့ သိရပါတယ်၊ အဲဒီလို လုပ်ဖို့ အတွက် ကျနော့မှာ ပြဿနာ ရှိပါတယ်၊ ကျနော့ ဖေဖေ က အသက် ၇၀ ကျော်ပါပြီ၊ မေမေကလည်း အသက် ၆၀ ကျော်ပါပြီ၊ သူတို့မှာလည်း နှလုံးရောဂါ၊ သွေးတိုးရောဂါ တွေနဲ့ပါ၊ ပြီးတော့ ဟိုး အဝေးကြီးကနေ ကျနော်တို့ကို တွေ့ဖို့ ကားတတန်၊ ရထားတတန် နဲ့ ဧရာဝတီ မြစ် ကြီးကို ဖြတ်ပြီး လှိုင်းတွေ၊ လေတွေ ကြားက စွန့်ပြီး လာကြရတာပါ၊ ကျနော်တို့ကို ခဏတဖြုတ် တွေ့ရချိန်မှာပဲ ကျနော်တို့ သူတို့ရှေ့မှာ ပုံစံ ထိုင်ရတာကို သာ တွေ့လိုက်ရရင် သူတို့ ရင်ကျိုး ကြမှာပါ၊ ကျနော့ကြောင့် သူတို့ စိတ်ထိခိုက်ရ၊ ကြေကွဲရတာ မဖြစ်စေချင်ပါဖူး၊ ဒါ့ကြောင့် ကျနော့ရဲ့ ထောင်ဝင်စာ တွေ့ရမယ့် အခွင့်အရေးကို ကျနော် စွန့်လွှတ် ပါတယ်၊ ကျနော် မတွေ့နိုင်ပါ၊"

ထောင်မှူးလည်ဲး ဘာပြန်ပြောရ မှန်းမသိဖြစ်သွားပြီးတဲ့နောက် ကျနော့ကို အဆောင်မှူး ရုံးခန်း မှာပဲ ဝန်ထမ်း တစ်ယောက်နဲ့ထား ခဲ့ပြီး ထောင်ပိုင် ထံသတင်းပို့ဖို့ ထွက်ခွာ သွားပါတယ်၊ ၁၅ မိနစ်လောက်အကြာ မှာတော့ ထောင်ဝန်ထမ်း တွေ တစ်အုပ်ကြီး နဲ့ ပြန်ရောက်လာပြီး ကျနော့ ကို ထောင်ပိုင်ရုံးခန်းစီ အပြစ်ရှိသူ တစ်ယောက်လို အတင်း ဆွဲခေါ်သွားကြပါတော့တယ်၊

ထောင်ပိုင် ရုံးခန်းထဲမှာတော့ ဒေါသ အမျက် ချောင်းချောင်းထွက်နေတဲ့ ထောင်ပိုင် က ကျနော့ကို ကြိမ်းမောင်းပါတော့တယ်၊

"ဟေ့ကောင်၊ မင်းဘာ လူပါးဝတာ လဲ၊ ဒါ ထောင် ကွ၊ ငါ က ထောင်ပိုင် ကွ၊ ငါ ထုတ်ပြန်တဲ့ စည်းကမ်းကို မင်း လိုက်နာရမယ်၊"

ကျနော် ကလည်း ပြန်ပြောပါတယ်၊

"ဗိုလ်ကြီး၊ထောင်ဝင်စာ တွေ့တယ် ဆိုတာ ကျနော့ ရဲ့ အခွင့်အရေး ပါ၊ အခု ကျနော့ရဲ့ အခွင့်အရေးကို ကျနော့ဘာသာ စွန့်လွှတ်တာပါ။"

ထောင်ပိုင်မှာ ပြောစရာ စကား မရှိတော့ပါဘူး၊ ထောင်မှူးကို "ဒီကောင့်ကို ပြစ်ဒဏ် တိုက်ကို ပို့လိုက်" လို့ ညွှန်ကြားပါတယ်။ ဒီလိုနဲ့ ကျနော့ ကို ပြစ်ဒဏ် တိုက်ထဲ ပို့ လိုက်ပါတော့တယ်၊


ပြစ်ဒဏ်တိုက်မှာ အခန်း ၁၂ ခန်း ရှိပြီး တခြား တိုက်ပိတ်ခံရသူတွေ အဲဒီ အချိန်မှာ မရှိလို့ တစ်တိုက်လုံး မှာ ကျနော် တစ်ယောက်တည်း ရှိပါတယ်။ သိပ်မကြာပါဘူး၊ ကျနော့ဘေးက အခန်းတစ်ခန်း တံခါး ဖွင့်သံ၊ ပြန် ပိတ်သံ ကြား ရပါတယ်။ ဝန်ထမ်း တွေ ထွက်ခွါ သွားတဲ့ အသံ ကြားရ ပြီး ခဏအကြာ မှာ တော့ "ကိုကို၊ ဘယ်အခန်း မှာလဲ" လို့ အော်မေးလိုက်တဲ့ ရွှေဘုန်းလူ ရဲ့ အသံကို ကြား လိုက်ရပါတယ်။ သူနဲ့ ကျနော် နဲ့အကြား အခန်းတစ်ခန်း ခြားပါတယ်။ ကျနော်တို့ ကြိုတင်တိုင်ပင်ထားတဲ့ အတိုင်းပဲ သူကလည်း သူ့အလှည့်မှာ ထောင်ဝင်စာ တွေ့ဖို့ ကို စွန့်လွှတ်ကြောင်း ကြေငြာလိုက်တဲ့အတွက်ကြောင့် ကျနော့လိုပဲ ထောင်ပိုင်က ခေါ်တွေ့ ကြိမ်းမောင်းပြီး တိုက်ထဲ ပို့လိုက်တာပါ၊


နောက် နာရီဝက်လောက် ကြာ တော့ နောက်တစ်ယောက် ထပ် ရောက်လာ ပြန်ပါတယ်၊ သူကတော့ (တစ်) ဆောင် က စည်သူထွတ် ပါ၊ စက်မှုတက္ကသိုလ် ကျောင်းသား တစ်ယောက်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဗဟို ကော်မီတီ ဝင်၊ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်ရဲ့ သားပါ၊သူ့အမေ ကလည်း ဒီနေ့မှာပဲ ထောင်ဝင်စာ လာတွေ့ပြီး သူကလည်း ကျနော်တို့ လိုပဲ ပုံစံ မထိုင်ချင်လို့ ထောင်ဝင်စာ မတွေ့ချင်ကြောင်း ငြင်းဆန်လို့ ထောင်ပိုင်က တိုက်ထဲ ပို့လိုက် တာပါ၊ သူ ရောက်လာတဲ့ အချိန်ဟာ နေ့လယ် တစ်နာရီ ကျော်နေပါ ပြီ၊ ကျနော်တို့ကို ဘယ်သူက မှ နေ့လယ်စာ ထမင်း မကျွေးပါ၊ တိုက်ခန်းကျဉ်းကလေးထဲမှာလည်း ထိုင်စရာ ဝါးဖျာတောင် မရှိပါ၊

နေ့လည် ၃ နာရီ လောက်မှာ တော့ ကျနော် တို့ ညီအကို နှစ်ယောက် ကို ထောင်ဝန်ထမ်း တွေက လာခေါ်ပါတယ်၊ ထောင်ပိုင်ရုံးခန်း မှာတော့ ထောင်ပိုင်၊ ဒု ထောင်ပိုင်၊ ထောင်မှူးကြီး နဲ့ အခြား ထောင်အရာရှိတွေအပြင် ကျနော်တို့ ရဲ့ မိဘ တွေပါ ရှိနေကြပါတယ်၊ ကျနော်တို့ အခန်းထဲကို ရောက်ရောက်ခြင်း ပဲ ထောင်ပိုင်က ကျနော်တို့ မိဘတွေ ကို "ကဲ၊ ခင်ဗျား သားတွေကို ခင်ဗျား ကိုယ်တိုင် မေးကြည့်၊ ကျုပ် တို့က ရိုက်သလား၊ မရိုက်သလား ဆိုတာ"


ဖေဖေ က "သားတို့၊ ဖေဖေ့ကို မှန်မှန် ပြောစမ်း၊ မင်းတို့ ကို ထောင်အရာရှိတွေက ရိုက်နှက်ထားသလား ။ ညှင်းပန်း နှိပ်စက်သလား.။”

ကျနော်တို့ နှစ်ယောက်စလုံး က အရိုက်မခံရသေးကြောင်း ပြောပါတယ်၊ အဲဒီ တုန်းက ရွှေဘုန်း ရဲ့ ဘယ်ဘက် မျက်လုံး မှာ သွေးခြေ ဥနေပါတယ်၊ ည အိပ်တုံးက မျက်လုံး နားကို ပိုးကောင် ဖြတ်သွား လို့၊ ယား လို့ လက်နဲ့ပွတ်သပ်ရင်းက ဖြစ်တာပါ၊ ဒါကို မြင်တော့ မေမေ က သူ့သား အရိုက်ခံထားရ တယ် လို့ထင် ပြီး၊ "ဟယ်၊ ကြည့်စမ်း၊ ငါ့သား လေး မျက်လုံး မှာ သွေးခြေ ဥနေပါ လား၊ သားလေး၊ သားလေး ကို သူတို့ ရိုက် ထားသလား" ဆိုပြီး စိုးရိမ်တကြီး မေးပါတယ်၊ ဒါနဲ့ပဲ ရွှေဘုန်း က သူ ညက အိပ်ရင်း မျက်လုံးကို လက်နဲ့ ပွတ်မိလို့ ဖြစ်တာပါ လို့ အမြန်ပြန် ဖြေရပါတယ်၊ ဖေဖေက ထောင်ပိုင်ဘက် လှည့် ပြီး "အခုထိ အရိုက်မခံရသေးဘူး ဆိုတော့ ငါတို့ ပြန်သွားရင် မင်း က ငါ့သား တွေ ကို ရိုက်မှာလား"


အသက် ၇၀ ကျော် ဖေဖေက ထောင်ပိုင် ကို "မင်း" နဲ့ "ငါ" နဲ့ ပြောတာ ကို အသက် ၄၀ ကျော် ထောင်ပိုင် အတော် ခံရ ခက်နေပုံပါပဲ။ ဒေါသတကြီး နဲ့ တုံ့ပြန်ပါတယ်၊ "ကျုပ် ခင်ဗျား သား တွေကို လက်ဖျားနဲ့တောင် မထိဘူး၊" ဖေဖေ က သူ့ကို မကြည့် တော့ပဲ ကျနော်တို့ကို "ဘာကြောင့် ထောင်ဝင်စာ မတွေ့နိုင်ရတာလဲ " လို့ မေးပါတယ်၊ ကျနော်က ထောင်ပိုင် နောက်ဆုံး ထုတ်ပြန်တဲ့ ထောင်ဝင်စာတွေ့ချိန် မိသားစုရှေ့မှာ ပုံစံ ထိုင်ရမယ့် အမိန့်ကို ရှင်းပြပြီး ကျနော်တို့အနေနဲ့ အဲဒီလို ဖေဖေ နဲ့ မေမေ ရှေ့မှာ ပုံစံ မထိုင်ချင်လို့ အခုလို ထောင်ဝင်စာ တွေ့ခွင့် စွန့်လွှတ်ရတဲ့ အကြောင်း ရှင်းပြပါ တယ်၊

အဲဒါ နဲ့ ဖေဖေ က ထောင်ပိုင်ကို မေးပါတယ်၊ "ဒီလို စည်းကမ်းမျိုး ဘယ်ထောင်မှာမှ မရှိဘူး၊ မင်းက ဘာလို့ ဒီအမိန့်ကို ထုတ်ရတာလဲ၊ အကျဉ်းသားတွေဟာလည်း လူတွေပဲ၊ သူတို့ကို လူတွေလိုပဲ ဆက်ဆံသင့်တယ်၊ ဒီအမိန့်ကတော့ အတော့်ကို လူမဆန်တဲ့ အမိန့် ပဲ"။

ထောင်ပိုင် ဒေါသ ပေါက်ကွဲပါတော့တယ်၊ "ဒါ ကျုပ် ထောင်၊ ကျုပ် ကြိုက် သလို အုပ်ချုပ်မယ်၊ ကျုပ် ကြိုက်သလို အမိန့်ထုတ် မယ်၊ ခင်ဗျား ဘာမှ ပြောစရာ မလိုဘူး၊ ခင်ဗျား သားတွေ ဒီထောင်ထဲမှာ ရှိနေသရွေ့ ကျုပ်အမိန့်ကို နာခံ ရမှာပဲ၊"

မေမေက ဝင်ပြောပါတယ်၊ "အေးကွယ်၊ မင်းက ဒီထောင်ကို အုပ်ချုပ်နေသလို၊ မင်းက တို့သားတွေကို အုပ်ချုပ် နေသလို၊ မင်းကို လည်း အုပ်ချုပ်နေတဲ့ လူ ရှိတာပါပဲ၊ မင်းနဲ့ ဆွေးနွေးလို့ မရရင် မင်းကို အုပ်ချုပ်တဲ့ လူတွေနဲ့ တို့ စကားပြောရမှာပေါ့၊"

ထောင်ပိုင် ဆက်ပြီး သီးမခံနိုင်တော့ပါဖူး၊ "တော်ပြီ၊ တော်ပြီ၊ ခင်ဗျားတို့ မကျေနပ်ရင် ကြိုက်တဲ့နေရာ တိုင်၊ ကျုပ် ဂရုမစိုက်ဘူး၊ ဟေ့ကောင်တွေ၊ ဒီကောင် နှစ်ကောင် ကို ပြန်ခေါ်သွား တော့၊ ခင်ဗျားတို့လည်း သွားကြတော့၊"

ကျနော်တို့ နှစ်ယောက်လည်း ကမန်းကတန်း ဒူးထောက်ပြီး ဖေဖေ နဲ့ မေမေ ကို ကန်တော့ ကြရပါတယ်၊ အဲဒီနောက် ဝန်ထမ်း တွေက ကျနော်တို့ နှစ်ယောက်ကို တိုက်ထဲ ပြန်ထည့်လိုက်ကြပါတယ်၊ စည်သူထွတ်ကိုလည်း သူ့မိခင် နဲ့ ထောင်ပိုင်ရုံးခမ်း မှာ အလားတူ ပေးတွေ့ပါတယ်၊

နောက်မှ ကျနော်တို့ သိရတာက ဖေဖေ နဲ့ မေမေ ကို ထောင်အရာရှိတွေက ကျနော်တို့ နှစ်ယောက်က ထောင်ဝင်စာ မတွေ့နိုင်ဘူးလို့ ငြင်းဆန်ကြောင်းပြောတာကို ဖေဖေ နဲ့ မေမေက လက်မခံပါဘူး၊ "ဒါ မင်းတို့ ငါ့သားတွေကို ရိုက်နှက်ထားလို့၊ သူတို့ကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ရှိနေလို့၊ငါ့သားတွေက ငါတို့ကို မတွေ့စေချင်တာပဲ ဖြစ်ရမယ်၊" လို့ ဖေဖေက စွပ်စွဲပါသတဲ့၊ ပြီးတော့ ထောင်ပိုင် နဲ့ တွေ့ခွင့်တောင်းတော့ ထောင်ပိုင် က တွေ့ ဖို့ငြင်းဆန်ပါသတဲ့၊ အဲဒီမှာတင် ဒီကိစ္စကို တိုင်မယ် ဆိုပြီး သရက်မြို့လယ်ခေါင် က ခရိုင် (ခဝတ) ဥက္ကဌ ရုံးကို ချီတက်သွားပါ သတဲ့၊ (ခဝတ) ဥက္ကဋ္ဌက အတွေ့မခံပေမဲ့ တာဝန်ရှိသူ တစ်ယောက်က ထောင်ပိုင်ထံ ဖုန်းဆက် ပြီး ဒီ ကိစ္စကို တိုးတိုးတိတ်တိတ် ဖြေရှင်းဖို့ တိုက်တွန်း ပါသတဲ့၊ အဲဒီ အချိန်မှာ ရန်ကုန် က လာတဲ့ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက် သူတို့သား ကျောင်းသားအကျဉ်းသားတွေ ကို ထောင်ဝင်စာတွေ့ခွင့် မရလို့ ဒေါသပေါက်ကွဲနေကြတယ် ဆိုတဲ့ သတင်းက သရက်မြို့ကျဉ်းကျဉ်း ကလေးမှာ ပျံ့နှံ့ကျော်ကြား နေပါပြီ၊ အဲဒီ အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ကို ကြည့်မြင်ချင် လို့ သရက်ထောင် ရှေ့ ကို စုဝေး ရောက်လာ ကြသူ များလည်း ရှိကြပါတယ်၊ ဖေဖေက ခရိုင် (ခဝတ) ဥက္ကဌ ရုံး ကို သွားမယ်ဆိုပြီး မြင်းလှည်း ငှားတော့ လိုက်ပို့ပေးချင် တဲ့ မြင်းလှည်း သမား ၅ယောက် ၆ယောက် လောက် ရှိပါသတဲ့၊ လိုက်ပို့ပေး တဲ့ မြင်းလှည်း ဆရာကြီးကလည်းခရိုင် (ခဝတ) ဥက္ကဌ ရုံး မှာ စောင့်ပေး၊ ပြီးတော့ ထောင်ကို ပြန်ပို့ပေးတဲ့အပြင် ပိုက်ဆံ ပေးတော့လည်း မယူ ဘူးးတဲ့၊ ဒါကြောင့်လည်း နောက်ဆုံးမှာ ထောင်ပိုင်က သူရိုက်နှက်ထားတာမဟုတ်တဲ့ အကြောင်းသက်သေပြဖို့အတွက် ဖေဖေနဲ့ မေမေကို သူ့ရုံးခန်းကို ခေါ်ပြီး ကျနော်တို့ နှစ်ယောက်နဲ့ ပေးတွေ့တာပါ၊

တိုက်ကို ပြန်ရောက် ပြီး သိပ်မကြာခင်မှာ ကျနော်တို့ရဲ့ ထောင်ဝင်စာ ပစ္စည်းတွေကို ဝန်ထမ်းတွေက လာပို့ပါတယ်၊ ဖေဖေ နဲ့ မေမေ သယ်ဆောင်လာကြတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေပါ၊ အထုတ်တွေအားလုံးကတော့ သေသေချာချာ ရှာထားလို့ ဖရိုဖရဲ ဖြစ်နေပါတယ်၊ ညနေစောင်းမှာတော့ ဝန်ထမ်းတွေက ကျနော်တို့ အဆောင်မှာ ကျန်ခဲ့တဲ့ အိပ်ရာလိပ်တွေ လာပို့ပြန်ပါတယ်၊ တိုက်မှာ ကျနော်တို့ ကြာမယ် ဆိုတဲ့သဘောပါပဲ၊


တိုက်မှာ နေရတဲ့ ကာလတွေဟာ ကျနော်တို့ ညီအကို နှစ်ယောက် ရဲ့ အနီးစပ်ဆုံး၊ အညီညွတ်ဆုံး၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အရှိဆုံး နေ့ရက်တွေပါ၊ ကျနော်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်၊ အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ် ကျနော်တို့ ဘဝတွေရဲ့ ကာလသုံးပါးအကြောင်းတွေ ဆွေးနွေး ဖြစ်ကြတယ်၊ ကဗျာတွေ အများကြီး စိတ်ကူး နဲ့ ရေးပြီး တစ်ယောက် ရေးတဲ့ ကဗျာ တစ်ယောက်ကို ရွတ်ဖတ် ပြပြီး ဝေဖန် အကြံပြုကြတယ်၊


ညတစ်ည မှာတော့ သူက ကျနော့ကို မေးပါ တယ်၊

"ကိုကို ထောင်ကလွတ် ရင် ဘာလုပ်မယ် စိတ်ကူးထားသလဲ"

ကျနော်က "အရင်ဆုံး အလုပ် တစ်ခုခု ရှာရမှာပေါ့ကွာ၊ ဖေဖေ ရော၊ မေမေရော၊ ညီမလေး ရော၊ သူတို့အား လုံး ပင်ပန်းလှပြီ၊ အိမ်မှာလည်း အကြွေးတွေ တင်နေတာ များလှ ပြီ၊ ဒီ အကြွေးတွေ အမြန်ဆုံး ဆပ်နိုင်အောင် ကြိုးစားရမှာပေါ့၊"

သူက "ငယ်ငယ်တော့ ထောင်ကလွတ်ရင် စာပေလောကထဲ ခြေစုံပစ် ဝင်တော့မယ်၊ စာရေးဆရာ တစ်ယောက်အဖြစ် ရပ်တည် တော့မယ်၊"

ကျနော်က "ကောင်းပါ တယ်ကွာ" လို့ ထောက်ခံလိုက်တဲ့ အခါ သူက "ငယ်ငယ် ကိုကို့ဆီက တစ်ခု တောင်းချင်တယ်" လို့ပြောပါတယ်၊

"ဘာများ လဲကွာ" လို့ ကျနော်က မေးလိုက်တော့ သူက "တာရာမင်းဝေ ဆိုတဲ့ နံမည် ကို ငယ်ငယ့်ကလောင် နံမည် အဖြစ် သုံးချင်တယ်၊ ကိုကို အဲဒီ နံမည် ငယ်ငယ့်ကို ပေးနိုင်မလား?"


"တာရာမင်းဝေ" ဆိုတာ ကျနော့ ရဲ့ ကလောင် အမည်ခွဲ တစ်ခုပါ၊ "ဒတ္ထ" ဆိုတဲ့ ကလောင် အမည် နဲ့ ကဗျာတွေ ရေးနေတဲ့အချိန်မှာ ပဲ စကားပြေ ရေးရင် သုံးဖို့ "တာရာမင်းဝေ" ဆိုတဲ့ ကလောင်အမည်ကို မွေးထား ခဲ့တာပါ၊ ၁၉၈၆ လောက်က ထုတ်ဝေတဲ့ တောင်ဥက္ကလာပ မြို့နယ် နှစ်လည် မဂ္ဂဇင်း တစ်အုပ်မှာ ကျနော့ ရဲ့ "ခေတ် ရဲ့ ဟာသ" ဆိုတဲ့ ကဗျာတစ်ပုဒ် "တာရာမင်းဝေ" ကလောင် နဲ့ ဖော်ပြခဲ့ ပြီးပါပြီ၊ အခု ကျနော့ညီ က ဒီနံမည်ကို ကျနော့ထံ က တောင်းခံနေပါတယ်၊ ကျနော် ကြည်ကြည်နူးနူး ပဲ၊ "ယူပါကွာ" လို့ ပေးလိုက်ပါတယ်၊


(၇)

တိုက်မှာ နှစ်ပတ်လောက် နေပြီးတဲ့အခါ ကျနော်တို့ကို အဆောင် ပြန်ပို့ပါတယ်၊ ထောင်ပိတ်ချိန် တန်းစီနေကြတဲ့ အချိန်မှာ ဝန်ထမ်းတွေ ရောက်လာပြီးတော့ တိုက်ခန်းတံခါး တွေ ဖွင့်ပြီး ကျနော်တို့ကို ပစ္စည်းတွေ သိမ်းပြီး ထွက်ခဲ့ကြဖို့ ပြောပါတယ်၊ အဲဒီနောက် အဆောင်ကို ပြန်ခေါ်သွားပါတယ်၊ အဆောင်ကို ပြန်ဝင်တဲ့ အချိန်မှာ ထောင်ပိတ်ချိန် လူရေတွက်ဖို့ ငြိမ်သက်စွာ တန်းစီနေကြတဲ့ အကျဉ်းသား အုပ်ကြီးကို ဖြတ်သန်း သွားရပါတယ်၊ သူတို့အားလုံးက ကျနော်တို့ကို ဝမ်းသာတဲ့၊ ကျေးဇူးတင်တဲ့ မျက်လုံးများနဲ့ ကြည့်နေကြပါတယ်၊ အဲဒီ အချိန်မှာ ထောင်ပိုင်က ထောင်ဝင်စာ တွေ့ချိန်မှာ ပုံစံထိုင်ရမယ့် အမိန့်ကို ပြန် ရုပ်သိမ်းလိုက်ပါပြီ၊

ထောင်ပိတ်ပြီး တန်းဖြုတ်ပြီးတဲ့ အချိန်မှာတော့ နိုင်ငံရေး အကျဉ်းသား တွေရော၊ ရာဇဝတ် အကျဉ်းသား တွေရော၊ ကျနော်တို့ ညီအကို နှစ်ယောက် အနား ဝိုင်းအုံ ရောက်ရှိလာကြပြီး ကျနော်တို့ကို ကျေးဇူးတင်စကား ပြောကြပါတယ်၊ အမိန့် ရုပ်သိမ်း သွား လို့ အားလုံး ဝမ်းသာပျော်ရွှင်နေကြ ပေမဲ့၊ ကျနော်တို့ကို အဆောင်ကို ပြန်ပို့ လိုက်ပြီ ဖြစ်ပေမဲ့၊ ကျနော်ကတော့ စိတ်ထင့်နေဆဲ ပါပဲ၊ ထောင်ပိုင် က ကျနော်တို့ အပေါ် တစ်နည်းနည်း နဲ့ အကောက်ကြံ လိမ့်ဦးမယ်လို့ ထင်နေဆဲ ဖြစ်ပါတယ်၊ ကျနော် ထင်တာ မှန်ကြောင်း သိပ်မကြာခင်မှာပဲ သိလိုက်ရပါတယ်၊

နောက် တစ်ပတ်လောက် အကြာနေ့လယ်ဘက် ထမင်းစား ပြီး အဆောင်ခဏ ပိတ်ချိန်မှာ ထောင်မှူး တစ်ယောက်နဲ့ ဝန်ထမ်း တွေရောက်လာပြီး ရွှေဘုန်းလူ ကို ပစ္စည်း တွေ သိမ်းပြီး လိုက်ခဲ့ဖို့ခေါ်ထုတ်သွားပါတယ်၊ ရွှေဘုန်း လည်း သူ့ပစ္စည်းလေးတွေ ကမန်းကတန်း သိမ်းပြီး လိုက်သွားရပါတယ်၊ အဆောင်ကို ပြန်ရောက် မလာတော့ပါ၊ ညနေစောင်းလောက်မှာ ကျနော်တို့ ကြားရတာက ရွှေဘုန်းလူ ကို သရက်ထောင်ကနေ သာယာဝတီ ထောင် ကို ပြောင်းလိုက်ပြီ တဲ့၊ ထောင်ပိုင်က အကျင်းဦးစီး ဌာန ညွှန်ချုပ် စီ စာတင် ပါသတဲ့၊ "အောင်ဒင်" နဲ့ "ရွှေဘုန်းလူ" ညီအကို နှစ်ယောက်ကို တစ်ထောင်ထဲ မှာ အတူထား ရင် အုပ်ချုပ်ရ ခက်တာမို့ တစ်ယောက်ယောက်ကို သူ့ရဲ့ သရက်ထောင် ကနေ အခြား ထောင် တစ်ထောင် ကို ပြောင်းရွှေ့ ပေးဖို့ တောင်းဆိုပါ သတဲ့၊ ဒီလို နဲ့ ကျနော်တို့ ညီအကို နှစ်ယောက် သရက်ထောင်မှာ အတူနေရတဲ့ကာလ အဆုံးသတ်ခဲ့ရပါတော့တယ်၊

(၈)

ကျနော်က ၁၉၉၃ ဂျူလိုင်လ မှာ သရက်ထောင် က လွတ်ပါတယ်၊ ရွှေဘုန်းလူ က ၁၉၉၄ ဖေဖော်ဝါရီလ မှာ သာယာဝတီ ထောင်က လွတ်ပါတယ်၊ သူ မလွတ်ခင်မှာ ကျနော် သာယာဝတီထောင်ကို သုံးကြိမ် သွားပြီး ရွှေဘုန်းလူ ကို ထောင်ဝင်စာ တွေ့ခဲ့ပါတယ်၊ သာယာဝတီ ထောင် ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို သူ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သလို သူ့အင် သူ့အား နဲ့ နိုင်သလောက်လည်း တုံ့ပြန် တော်လှန်ခဲ့ပါသေးတယ်၊


သူလွတ်ပြီးတဲ့နောက် ၁၉၉၅ ဖေဖော်ဝါရ်ီလ မှာ ကျနော် စင်္ကာပူ နိုင်ငံကို အလုပ် ရှာဖို့ ထွက်ခွာသွားခဲ့ပါ တယ်၊ အဲဒီနောက် ၁၉၉၆ မတ်လမှာ နှစ်ပတ် ကြာ၊ ၁၉၉၈ ဇန်နဝါရီ လမှာ သုံးပတ် ကြာ၊ နှစ်ကြိမ် ပြန်ခဲ့ချိန်တွေမှာ သူနဲ့ ပြန်တွေ့ခဲ့ပါသေးတယ်၊ အဲဒီ အချိန်မှာ သူဟာ "တာရာ မင်းဝေ" ဆိုတဲ့ အောင်မြင် ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်နေပါပြီ၊ သူ့ရဲ့ အောင်မြင်မှု အတွက် ကျနော် ဝမ်းသာ ဂုဏ်ယူရ ပါတယ်၊ ၁၉၉၈ ဇန်နဝါရီ လမှာ သူ့ကို ကျနော် နောက်ဆုံး တွေ့ခဲ့ရတာပါ၊ အဲဒီနောက် ကျနော် မြန်မာနိုင်ငံကို ပြန်မရောက် ဖြစ်တော့ပါဘူး။


သူ့ရဲ့ နောက်ဆုံး အခြေအနေကို ကျနော့ဆီ အကြောင်းကြားတာက ကိုဇာဂနာ ပါ၊ ၂၀၀၇ ဩဂတ်စ် ၄ရက် နေ့ နေ့လယ်ပိုင်း (ရန်ကုန်မှာတော့ ၄ရက်နေ့ ည) မှာ ကိုဇာဂနာ နဲ့ ကျနော် နဲ့ အွန်လိုင်း ချက်တင်း လုပ်နေချိန် မှာပဲ ကိုဇာဂနာ က ပြောပါတယ်၊ "ခင်ဗျား ညီ အခြေအနေ မကောင်းဘူး" တဲ့၊ သူက အဲဒီလို ပြောပေမဲ့ ကျနော်က သိပ်ပြီး ဆိုးတယ် မထင်ခဲ့မိပါ၊ အဲဒီည မနက် သုံးနာရီ လောက်မှာတော့ မလေးရှား မှာ အလုပ်လုပ်နေတဲ့ ညီမအငယ်ဆုံး ဖုန်းဆက်လာပါတယ်၊ ညီမက ဖုန်းထဲမှာ ငိုရင်းနဲ့ "ကိုကို ရေ၊ အငယ်လေး ခုနကတင် ဆုံးပြီ" လို့ပြောပါတယ်၊အိပ်ရာ က ကယောင်ခြောက်ချား ထရင်း သူ့ကို ကျနော် ပြန်မတွေ့နိုင်တော့ဘူး ဆိုတာကို လက်ခံ နားလည် လိုက်ရပါတော့တယ်၊

အဲဒီရက်တွေအတွင်း ကျနော့် သူငယ်ချင်းတွေကို ဆက်သွယ်ပါတယ်၊ မင်းကိုနိုင် ကို၊ ကိုကိုကြီး ကို၊ မြအေး ကို၊ ကျနော် သူတို့တွေကို တောင်းဆိုပါတယ်၊

"ငါ့ညီ ကွာ ဗကသ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်၊ နိုင်ငံရေး အကျဉ်းသား တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်၊ သေတဲ့အထိလည်း အာဏာရှင် ကို ဒူးမထောက်ခဲ့ပါဘူး၊ ဒီတော့ သူ့ရဲ့ အသုဘမှာ ရုပ်အလောင်းကို ကျောင်းသား သမဂ္ဂ ရဲ့ ခွပ်ဒေါင်း အလံ လွှမ်းခြုံ ပြီး ဗကသ ဥက္ကဌ မင်းကိုနိုင် က အမိန့်ပြန်တမ်း ဖတ်စေချင် ပါတယ်၊"


ကျနော့ သူငယ်ချင်းတွေ အားလုံး အလုပ်များကုန်ပါတယ်၊ ကျနော့ကိုလည်း သူတို့ အလိုလိုက်ချင်ကြပါတယ်၊ ရွှေဘုန်းလူ ကိုလည်း သူတို့ ချစ်ကြပါတယ်၊ တကယ်တော့ သူတို့ အားလုံးက တချိန်ချိန်မှာ ရွှေဘုန်းလူ တစ်ယောက် သူတို့ နဲ့ ပြန်လည် လက်တွဲပြီး "၈၈ မျိုးဆက် ကျောင်းသားများ" အုပ်စုမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့် နေ ခဲ့ကြတာပါ၊ တဘက်မှာလည်း သူတို့မှာ အကန့်အသတ် တွေရှိနေပြန်ပါတယ်၊ ရွှေဘုန်းလူ ကလည်း တိုက်ရင်း ခိုက်ရင်း ကျဆုံးသွားတာ မဟုတ်ပြန်ပါဘူး၊ နောက်ဆုံးတော့ သမဂ္ဂ အလံ လွှမ်းဖို့နဲ့ အမိန့် ပြန်တမ်း ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း၊ ဒါပေမယ့်လည်း သူတို့အားလုံး အသုဘကိုသွားပြီး သူတို့သူငယ်ချင်းကို အကောင်းဆုံး နှုတ်ဆက်ကြမယ်လို့ အကြောင်းပြန်ပါတယ်၊

ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီး အနှစ်နှစ်ဆယ် နှစ်ပတ်လည် မတိုင်မီ တစ်ရက် အလို ၊ ၂၀၀၇ ခုနှစ် ဩဂတ်စ် ၇ ရက်နေ့ မှာ ရွှေဘုန်းလူ (သို့မဟုတ်) တာရာမင်းဝေ ကို ရေဝေး သုဿန်မှာ အားလုံး နှုတ်ဆက်ခဲ့ကြရပါတယ်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နဲ့ ၈၈ မျိုးဆက်ကျောင်းသားများက ရွှေဘုန်းလူသို့ နောက်ဆုံးနှုတ်ဆက်ခြင်း ဆိုင်းဘုတ် ကိုင်ဆောင် တက်ရောက် ခဲ့ကြပြီး မင်းကိုနိုင် က အားလုံးရဲ့ ကိုယ်စား "ကြယ်ကြွေ သူတို့သား" ကဗျာ ကို ရွတ်ဆို ဂုဏ်ပြု ခဲ့ပါတယ်၊

(၉)

"ကဗျာ ရေးသောလူ တစ်ယောက် အကြောင်း" ဆိုတာ ရွှေဘုန်းလူ မဖြစ်ခင်၊ တာရာမင်းဝေ မဖြစ်ခင်က မီးခိုးဖြူ အမည်နဲ့ ရေးခဲ့တဲ့ သုံးကြောင်း ကဗျာကလေးပါ၊ ဒီစာစုကိုရေးတော့ ကျနော် နဲ့ သူနဲ့ ပတ်သက်ခဲ့သမျှ၊ အတူ ဖြတ်သန်းခဲ့သမျှတွေ ထဲက အမှတ်တရ ဖြစ်ရတာ တွေ ကို စုစည်းတင်ပြတာ မို့ "ကျနော် နဲ့ ကဗျာ ရေး သောလူ တစ်ယောက် အကြောင်း" လို့ ခေါင်းစဉ်ပေး လိုက်ပါတယ်၊


အကိုကြီး ကိုအောင်ချိမ့် ရဲ့ ကဗျာ တစ်ပိုဒ် ကို သတိရမိပါတယ်၊


"လမ်းတူသူများချင်းသာ

ဒဏ်ရာကိုပြုစု

သွေးတိတ်အောင် ကုသလို့

ဒို့နောက်ကလူတွေလည်း

သတိရနေကြဦးတော့မယ်၊"……. တဲ့၊

အမှန်ပါပဲ၊ လမ်းတူသူ၊ ဘာသာစကားတူသူ၊ ခံစားချက် တူသူ များ၊ ရင်ခုန်သံ တူသူ များ အချင်းချင်းသာ တစ်ယောက် ရဲ့ ဝေဒနာ ကို တစ်ယောက်က သိနားလည် ပြီး အားပေး နိုင်ကြတာပါ၊ ဖေးမ ပြုစုဖို့ မငြိုငြင်ကြတာပါ၊ သွေးစက်တွေကို မျက်ရည်များနဲ့ တိတ်စေကြမှာပါ၊ အဲဒီ လူတွေကိုလည်း ဘာသာစကား တူတဲ့၊ နှလုံးသားတူတဲ့၊ လမ်းတူတဲ့ ၊ ရင်ခုန်သံ တူသူ နောက်လူတွေက အမှတ်ရနေကြမှာပါ၊ အခု ရွှေဘုန်းလူ ကို ၊ တာရာမင်းဝေ ကို ကျနော်တို့ အမှတ်ရနေကြသလိုပေါ့၊ ၊ ။


လေးစားစွာ


အောင်ဒင်

၁၇ ဂျူလိုင် ၂၀၀၉

1 comments:

Anonymous said...

တမေ့မော ဖတ်သွားတယ်ဗျာ။ အလေးပြုတယ်။