မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၂၁) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (က)
တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်၊
တရားဥပဒေစိုးမိုးမှ၊ တရားဥပဒေရဲ့ အထက်မှာ မည်သူမှမရှိမှ၊ အဂတိလိုက်စားမှုကင်းမဲ့ပြီး
လွတ်လပ်မျှတပွင့်လင်းသော တရားစီရင်ရေးစနစ်ရှိမှ နိုင်ငံတစ်ခုဟာ တည်ငြိမ်အေးချမ်းမှာဖြစ်ပါတယ်၊
တိုင်းပြည်တည်ငြိမ်အေးချမ်းမှပဲ စီးပွါးရေး၊ ပညာရေး၊လူမှုရေးဖွံ့ဖြိုးတိုးတက်မှာပါ၊
"တရားဥပဒေ" ဆိုရာမှာလဲ "ဥပဒေ" ဆိုတဲ့စကားလုံးကို
"တရား" ဆိုတာနဲ့ အထူးပြုထားတဲ့အတိုင်း တရားမျှတတဲ့ ဥပဒေတွေဖြစ်ဖို့လိုပါတယ်၊
"ဥပဒေ" ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုကို ထိန်းကြောင်းကြပ်မတ်တဲ့
စည်းမျဉ်းစည်းကမ်းတွေဖြစ်ပြီး အာဏာရှင်အစိုးရများအတွက်တော့ ပြည်သူလူထုက နိုင်ငံရေးနိုးကြားပြီး
သူတို့ရဲ့ အာဏာကို မဖီဆန်အောင် ကန့်သတ်ချုပ်ချယ်မှုတွေဖြစ်ပါတယ်၊ ၁၉၆၂ခုနှစ်က စလို့
တော်လှန်ရေးကောင်စီစစ်အစိုးရ၊ မဆလပါတီအစိုးရ၊ နဝတစစ်အစိုးရ နဲ့ နအဖစစ်အစိုးရတွေလက်ထက်မှာ
နိုင်ငံရေးအမြင်ကွဲပြားသူတွေ၊ အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ဖန်တီးခဲ့တဲ့ ဥပဒေတွေ၊
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ အများအပြားရှိခဲ့ပါတယ်၊ အချို့ဥပဒေတွေဆိုရင် ဗြိတိသျှကိုလိုနီအစိုးရလက်ထက်ထဲက
ရှိခဲ့ပြီး အာဏာရှင်စနစ်ကို အထောက်အကူပြုတာမို့ ပြင်ဆင်ပြီး ဆက်လက်သုံးစွဲကြတာပါ၊ အဲဒီ
မတရားတဲ့ ဥပဒေတွေ၊ ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေဟာ
ဒီမိုကရေစီစနစ်ကို ပြောင်းလဲ အကောင်အထည်ဖော်နေပြီဆိုတဲ့ ဒီကနေ့အချိန်ကာလမှာတောင် ဆက်လက်တည်ရှိနေတာတွေ့ရပါတယ်၊
နှစ်နှစ်သက်တမ်းရှိလာပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာလဲ ဒီဥပဒေတွေကို ဖျက်သိမ်းဖို့
ပြင်ဆင်ဖို့တင်ပြဆွေးနွေးတာတွေ မရှိခဲ့ပါ၊
၂၀၁၃ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့
လွှတ်တော်ရုံးခွဲအဆောက်အအုံမှာ "ခေတ်စနစ်နဲ့ မကိုက်ညီသော တည်ဆဲဥပဒေဟောင်းများပယ်ဖျက်ခြင်း၊
ပြင်ဆင်ခြင်းနှင့် ခေတ်စနစ်နှင့် ကိုက်ညီသော ဥပဒေသစ်များပြဋ္ဌန်းခြင်း ညှိနှိုင်းအစည်းအဝေး"
ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဦးဆောင်ပြီးကျင်းပတယ်လို့ သိရပါတယ်၊ အဲဒီအစည်းအဝေးမှာ
ဦးရွှေမန်းက "ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း၊ ဥပဒေအောက်တွင် အားလုံးတပြေးညီဥပဒေအတိုင်းလိုက်နာ
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြောင်းလဲပြုပြင်လိုက်သည့် ဒီမိုကရေစီစနစ်နှင့်
လိုက်လျောညီထွေသော ဥပဒေများ ရှိနေပြီလား၊ မရှိဘူးလားဆိုတာကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊
ထို့ကြောင့် မိမိတို့အနေဖြင့် ယနေ့ခေတ်စနစ်နှင့်လျော်ညီသော ဥပဒေများ ဖြစ်တည်နေအောင်
တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အစားထိုးရန် သို့မဟုတ်
ဥပဒေများသည် မလုံလောက်သေးပါကလည်း ဥပဒေများအသစ် ပြဋ္ဌန်းပေးရန်လိုအပ်ကြောင်း ၊ ပြဋ္ဌန်းပေးပြီးသောဥပဒေများကို
နိုင်ငံအတွင်းရှိပြည်သူများလိုက်နာရန်ဖြစ်သကဲ့သို့ သက်ဆိုင်ရာဋ္ဌာနများကလည်း ဥပဒေအတိုင်း
လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ယနေ့ပြောဆိုနေသည့် တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ကြောင်း"
ပြောဆိုသွားတာ ကြားလိုက်ရပါတယ်၊ ပြီးတော့ ဦးရွှေမန်းက လာမည့် ဇူလိုင်လနှင့် ဩဂုတ်လ များတွင်
ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းပြဋ္ဌန်းနိုင်ရန်
မေလကုန်နောက်ဆုံးထား၍ ဝိုင်းဝန်းအကြံပြုပြင်ဆင်ပေးရန် ပြောဆိုတယ်လို့လဲ သိရပါတယ်၊
ဒီလိုပြောတာကြားရတော့ မတရားတဲ့ ဥပဒေများဖျက်သိမ်းရေးအတွက်
အားတက်မိပါတယ်၊ လာမည့် ဇူလိုင်လမှာ ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက
စလို့ ဦးရွှေမန်းရဲ့ အခန်းကဏ္ဏက ပိုပြီးမြင့်မားလာပါပြီ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့
နာယကတာဝန်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပထမ နှစ်နှစ်ခြောက်လ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယ
နှစ်နှစ်ခြောက်လ၊ တာဝန်ယူရတာမို့ ၂၀၁၃ခုနှစ် ဇူလိုင်လကစပြီး ဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်အပြင်
ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကိုပါ ၂၀၁၅ခုနှစ် ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်တဲ့အထိ
တာဝန်ယူရမှာဖြစ်ပါတယ်၊ တခါ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်က
နှုတ်ထွက်လိုက်ပြီမို့ ဦးရွှေမန်းဟာ လွှတ်တော်မှာ အများစုပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့
ဥက္ကဋ္ဌလဲ ဖြစ်လာပါတယ်၊ ဒီတော့ မတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်း၊ ပြင်ဆင်ဖို့ လိုအပ်တဲ့
ထောက်ခံမဲအရေအတွက်ရအောင် ဦးဆောင်စီမံနိုင်တဲ့အနေအထားမှာရှိနေပါတယ်၊ ဦးရွှေမန်းဟာ ၂၀၁၅
ရွေးကောက်ပွဲကနေ နိုင်ငံတော်သမ္မတဖြစ်လာနိုင်တဲ့ အလားအလာလဲ ရှိနေတော့ ဒီနှစ်နှစ်ခွဲသက်တမ်းအတွင်း
သူ့ရရှိထားတဲ့ အခွင့်အာဏာတွေကို မှန်မှန်ကန်ကန်အသုံးချလို့ သူပြောသလို "ပြည်သူ့အတွက်၊
နိုင်ငံအတွက် အကျိုးစီးပွါးမဖြစ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ အကျိုးစီးပွါးဖြစ်ထွန်းမည့်
ဥပဒေများကို အသစ်ပြဋ္ဌန်းဖို့" အမှန်တကယ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်၊
ဒါကြောင့်မို့ ဖျက်သိမ်းဖို့၊ ပြင်ဆင်ဖို့လိုအပ်နေတဲ့ ဒီမိုကရေစီစနစ်နဲ့
မကိုက်ညီတဲ့ တည်ဆဲဥပဒေများကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြချင်ပါတယ်၊
နိုင်ငံတော်အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ
ပထမဆုံးပြောချင်တာက ၁၉၇၅ခုနှစ်မှာ မဆလအစိုးရရဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်ကနေ
ပြဋ္ဌန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် (၃) " နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏
ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ပါ၊ ဒီဥပဒေဟာဖြင့် "မည်သူမဆို တရားရုံးတစ်ခုခုမှ
နည်းလမ်းတကျ စစ်ဆေးပြီး အပြစ်ရှိသည်ဟု မဆုံးဖြတ်မခြင်း အပြစ်မဲ့သူဟုယူဆရမည်" ဆိုတဲ့
တရားစီရင်ရေးဆိုင်ရာအခြေခံမူဝါဒကို ဆန့်ကျင်ပြီး လူတစ်ယောက်ကို အန္တရာယ်ရှိတယ်လို့ သံသယရှိရုံနဲ့
တရားရုံးရဲ့ ခွင့်ပြုချက်မလိုပဲ ဖမ်းဆီးထိန်းချုပ်နိုင်အောင် ဖန်တီးထားတာပါ၊ ဒီဥပဒေအရ
နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပြုတဲ့ ပြစ်မှုကျူးလွန်သူ
(ဒါမှမဟုတ်) ကျူးလွန်ရန်ကြံစည်အားထုတ်နေသူလို့ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီးစတဲ့ ဝန်ကြီးသုံးပါးပါဝင်တဲ့ ဗဟိုအာဏာပိုင်အဖွဲ့က ယုံကြည်တယ်ဆိုလို့ရှိရင်
ယင်းစွပ်စွဲခံရသူကို ဗဟိုအာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဖမ်းဆီးချုပ်နှောင်ခြင်း၊
နေအိမ်အကျယ်ချုပ်ဖြင့်တားဆီးအရေးယူခြင်းများ လုပ်နိုင်ပါတယ်၊ ဖမ်းဆီးဖို့၊ တားမြစ်ကန့်သတ်ဖို့အတွက်
တရားသူကြီးရဲ့ ခွင့်ပြုချက်မလိုပါ၊ ဗဟိုအာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားချက်ပဲလိုပါတယ်၊
ပြန်လွှတ်ဖို့၊ တားမြစ်ချက်တွေရုပ်သိမ်းဖို့ကိုလဲ ဗဟိုအာဏာပိုင်အဖွဲ့ကပဲ ဆုံးဖြတ်ပါတယ်၊
ရုံးတင်တရားစွဲစရာမလိုတဲ့အတွက် အရေးယူခံရသူမှာ ဥပဒေအကျိုးဆောင်နဲ့ ခုခံချေပခွင့်လဲ
မရှိပါ၊
ဒီဥပဒေမှာ အရေးယူတဲ့ ပြစ်ဒါဏ်တွေကို ပုဒ်မ ၁၀ (က) နဲ့ ၁၀
(ခ) မှာ ပြဋ္ဌန်းထားပါတယ်၊ ၁၉၇၅ ခုနှစ်မှာ မူလပြဋ္ဌန်းစဉ်က ပုဒ်မ (၁၀) (က) အရ အရေးယူခြင်းခံရသူအား
တစ်ကြိမ်လျင်ရက်ပေါင်း ၆၀ ထက်မပိုပဲ စုစုပေါင်း ရက်ပေါင်း ၁၈၀အထိ (၆လ) ဖမ်းဆီးချုပ်နှောင်ထားနိုင်ပြီး ပုဒ်မ (၁၂)
အရ ဝန်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ခြောက်လထက်ပိုပြီးလဲ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားနိုင်ပါတယ်၊
ပုဒ်မ (၁၀) (ခ) အရ အရေးယူခြင်းခံရသူအား တစ်နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ပြီး ပုဒ်မ
(၁၃) အရ ဝန်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တစ်နှစ်ထက်ပိုပြီး တားဆီးနိုင်ပါတယ်၊ ပုဒ်မ
(၁၁) အရ တားဆီးမှုဆိုတာကို (က) မည်သည့်နေရာတွင်မနေထိုင်ရဟု သတ်မှတ်ခြင်း (ခ) မည်သည့်နေရာဒေသတွင်သာ
နေထိုင်ရမည်ဟု သတ်မှတ်ခြင်း (ဂ) သွားလာမှုကိုလိုအပ်သလို တားဆီးခြင်း နဲ့ (ဃ) သတ်မှတ်ထားသောအရာဝတ္ထုများကို
လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်း လို့အဓိပ္ပါယ်ဖွင့်ဆိုပါတယ်၊
လွယ်လွယ်နဲ့ ရှင်းအောင်ပြောရရင်တော့ ဝန်ကြီးသုံးပါးအမိန့်နဲ့ ဖမ်းနိုင်တယ်၊ ပုဒ်မ
(၁၀) (က) အရ ထောင်ထဲမှာ ၆ လအထိဖမ်းဆီးထိန်းသိမ်းနိုင်တယ်၊ ပုဒ်မ (၁၀) (ခ) အရ နေအိမ်အကျယ်ချုပ်နဲ့
တစ်နှစ်အထိတားမြစ်နိုင်တယ်၊ ပုဒ်မ (၁၂) နဲ့ (၁၃) အရ ဝန်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့
ပုဒ်မ (၁၀) (က) နဲ့ ပုဒ်မ (၁၀) (ခ) က ပြစ်ဒါဏ်ကာလတွေကို တိုးမြှင့်နိုင်တယ်လို့ ဖြစ်ပါတယ်၊
ပုဒ်မ (၁၄) မှာ "ဝန်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊
ဆက်လက်တားဆီးမှုပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက်ပေးရာတွင် တစ်ကြိမ်လျင် တစ်နှစ်ထက်မပိုစေပဲ
စုစုပေါင်း ၃နှစ်အထိ ခွင့်ပြုနိုင်သည်" လို့ ဖမ်းဆီးချုပ်နှောင်ခွင့်၊ တားမြစ်ခွင့်သက်တမ်းကို
သတ်မှတ်ထားပါတယ်၊ ၁၉၉၁ ခုနှစ်မှာ နဝတအစိုးရက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
ဥပဒေအမှတ် ၁၁/၉၁ နဲ့ ပုဒ်မ (၁၄) အရ ဆက်လက်ဖမ်းဆီးခွင့်၊ တားမြစ်ခွင့်ကို သုံးနှစ်ကနေ
၅နှစ်အထိ တိုးမြှင့်လိုက်ပါတယ်၊
ဒီဥပဒေကို အသုံးချပြီး မဆလအစိုးရခေတ်က နိုင်ငံရေးအတိုက်အခံတွေ၊
စီးပွါးရေးသမားတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်၊ နဝတ၊ နအဖစစ်အစိုးရတွေလက်ထက်မှာလဲ
ဒီဥပဒေကို သုံးပြီး နိုင်ငံရေးအတိုက်အခံတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်၊
နဝတ၊ နအဖခေတ် ဒီဥပဒေရဲ့ သားကောင်တွေထဲမှာ အထင်ရှားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊
ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်မှူးအောင် စတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ မင်းကိုနိုင်၊
ကိုကိုကြီးစတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ
၁၉၈၉ ခုနှစ် ဇူလိုင်လကနေ ၁၉၉၅ခုနှစ် မတ်လအထိ တစ်ကြိမ်၊ ၂၀၀၀ခုနှစ် စက်တင်ဘာလကနေ ၂၀၀၂
ခုနှစ် မေလအထိ တစ်ကြိမ်၊ ၂၀၀၃ခုနှစ် မေလကနေ ၂၀၀၉ခုနှစ် မေလအထိ တစ်ကြိမ်၊ သုံးကြိမ်တိုင်အောင်
ပုဒ်မ (၁၀) (ခ) နဲ့ နေအိမ်မှာ တားမြစ်ခံခဲ့ရပါတယ်၊
၂၀၀၉ခုနှစ် မေလကနေ နောက်ဆုံးပြန်လွတ်တဲ့
၂၀၁၀ နိုဝင်ဘာလအထိကတော့ ပုဒ်မ (၁၅) အရ ကန့်သတ်တားဆီးမိန့်ကို ချိုးဖောက်လို့ဆိုပြီး
နေအိမ်အကျယ်ချုပ် ၁၈လကျခံရတာပါ၊
မင်းကိုနိုင် ဆိုရင်လဲ ၁၉၈၉ခုနှစ် မတ်လမှာအဖမ်းခံရပြီး
ပုဒ်မ (၁၀) (က) နဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရတာပါ၊ ၁၉၉၀ခုနှစ်
ဒီဇင်ဘာလကျမှ စစ်ခုံရုံးတင် တရားစွဲပြီး ပြစ်ဒါဏ် (၁၅) နှစ် ချမှတ်တာပါ၊ အစိုးရရဲ့
လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒါဏ်လျှော့ပေါ့ပေးမှုများကြောင့် သူ့ရဲ့ ပြစ်ဒါဏ်ကာလဟာ
၁၉၉၉ ခုနှစ် ဇူလိုင်လမှာပြည့်မြောက်ခဲ့ပေမည့် နအဖအစိုးရက ပြန်လွှတ်မပေးပဲ ပုဒ်မ (၁၀)
(က) နဲ့ ထပ်မံထိန်းသိမ်းခဲ့ပါတယ်၊ ဒါကြောင့်မို့ ပုဒ်မ (၁၄) အရအမြင့်ဆုံးထိန်းသိမ်းနိုင်တဲ့ကာလ
၅နှစ်ခွဲပြည့်မြောက်ပြီး ၂၀၀၄ခုနှစ် နိုဝင်ဘာလကျမှ ပြန်လည်လွတ်မြောက်ပါတယ်၊ ကိုကိုကြီးကိုလဲ
စစ်အစိုးရက ၁၉၉၀ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးပြီး ထောင်ဒါဏ်အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်၊
လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒါဏ်လျှော့ရက်များကြောင့် သူ့ရဲ့ ပြစ်ဒါဏ်ကာလဟာ ၁၉၉၉ခုနှစ်ကုန်ပိုင်းမှာ
ပြည့်ပါတယ်၊ ဒါပေမည့် အစိုးရက ပြန်လွှတ်မပေးပဲ "နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏
ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ဖြင့် ရုံးမတင်၊ တရားမစွဲပဲ နောက်ထပ်
၅နှစ်ခွဲ ထပ်မံချုပ်နှောင်ခဲ့လို့ ၂၀၀၅ခုနှစ် မတ်လကျမှပဲ အကျဉ်းထောင်က ပြန်လွတ်ပါတယ်၊
နောက်ကြောင်းပြန်မလှဲ့မှာကို
သေချာစေချင်လို့ပါ
ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေကြီးက ဒီမိုကရေစီလမ်းကြောင်းပေါ်
ရောက်နေပါပြီဆိုတဲ့ ကျနော်တို့မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ဆက်လက်တည်ရှိနေဆဲပါ၊ “ရှိပေမည့်
အာဏာပိုင်တွေက ဒီဥပဒေကို အသုံးမချရင် ပြီးတာပဲ” လို့ ဆင်ခြေပေးလို့မရပါ၊ ဒီလိုမတရားတဲ့
ဥပဒေတွေကို အပြီးတိုင်ဖျက်သိမ်းနိုင်မှ "နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူး"
ဆိုတာကို စိတ်ချယုံကြည်ရဲမှာပါ၊
တခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊
နိုင်ငံသားများ၏အခွင့်အရေးနှင့် တာဝန်များအခန်းမှာပါတဲ့ ပုဒ်မ ၃၇၆ ပြဋ္ဌန်းချက်တွေကလဲ
စိတ်မချမ်းသာစရာပါ၊ ပုဒ်မ ၃၇၆ မှာ "နိုင်ငံတော်လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှါ ဥပဒေနှင့်အညီ
ကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်က ခွင့်ပြုသည့်
ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရပဲ မည်သူ့ကိုမှ ၂၄နာရီထက်ပို၍
ချုပ်နှောင်ခြင်းမပြုရ၊" လို့ပြဋ္ဌန်းထားတော့ လက်ရှိအစိုးရက ဒီ "နိုင်ငံတော်အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ကို မဖျက်သိမ်းသ၍
တည်ဆဲဥပဒေအဖြစ်နဲ့ လိုရင်လိုသလို အသုံးချနိုင်တဲ့ အခွင့်အာဏာရှိနေပါတယ်၊
ဒါကြောင့်မို့
ပြည်ထောင်စုလွှတ်တော်ကနေ "နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ
ကာကွယ်စောင့်ရှောက်သည့်ဥပဒေ" ကို အမြန်ဆုံး ဖျက်သိမ်းသင့်ပါကြောင်းနဲ့ အလားတူဥပဒေမျိုးကိုလဲ
ဥပဒေအသစ်အဖြစ်မပြဋ္ဌန်းသင့်ကြောင်း နှိုးဆော်လိုက်ရပါတယ်၊
ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မေလ ၂ရက်၊ ၂၀၁၃
မေလ ၂ရက်၊ ၂၀၁၃