BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, November 6, 2013

Peace.....Still Far Away, Part Six



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၆)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၁၊ နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၃)
==================

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု

မြန်မာပြည်အရှေ့မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု တစ်ခုရှိပါသေးတယ်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု (Peace and Democracy Front) (PDF) လို့အမည်ရပြီး ပန်ဆန်းအခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party/UWSP)၊ မိုင်းလားအုပ်စုလို့ ခေါ်ကြတဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(National Democratic Alliance Army/NDAA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့) (Myanmar National Democratic Alliance Army/MNDAA) နဲ့ ဒီမိုကရေစီတပ်မတော်သစ် (ကချင်) (New Democratic Army-Kachin/NDA-K) တို့ပါဝင်ကြပါတယ်၊ ဒီတပ်ပေါင်းစုမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က တပ်အင်အား သုံးသောင်းလောက်၊ မိုင်းလားအုပ်စု (NDAA) က  တပ်အင်အားနှစ်ထောင် လောက်ရှိကြပြီး နှစ်ဖွဲ့စလုံးက အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးသား ဖြစ်ပါတယ်၊ ဒီမိုကရေစီတပ်မတော်သစ် (ကချင်) (NDA-K) နဲ့   မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်အဖွဲ့) ကတော့ တပ်အင်အား တစ်ထောင်လောက်စီ အသီးသီးရှိကြပြီး နှစ်ဖွဲ့စလုံးက မြန်မာ့တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များ (Border Guard Force/BGF) အဖြစ် ရပ်တည်နေကြတာပါ၊ တပ်အင်အား စုစုပေါင်း သုံးသောင်းလေးထောင်လောက်ရှိတဲ့ ဒီတပ်ဖွဲ့တွေကို ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ဖက်ဒရယ်ကောင်စီက စည်းရုံးနေခဲ့တာအတော်ကြာပြီ ဖြစ်ပေမည့် အောင်မြင်မှုမရှိသေးပါ၊

ဖက်ဒရယ်ကောင်စီက ဦးဆောင်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ (ဒုတိယ) တိုင်းရင်းသားညီလာခံကို ပီဒီအက်ဖ် (PDF) တပ်ပေါင်းစုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပေမည့် လေ့လာသူအဖြစ်သာ တက်ရောက်တာဖြစ်လို့ ညီလာခံက ဆုံးဖြတ်ချက်တွေကို ပီဒီအက်ဖ် (PDF) က သဘောတူတယ်လို့ ပြောလို့မရပါ၊ ပီဒီအက်ဖ် တပ်ပေါင်းစုဝင် တပ်ဖွဲ့များရဲ့ သဘောထားက အစိုးရကို အတိုက်အခံလုပ်ဖို့ထက် အစိုးရနဲ့ ပြေလည်အောင်ဆက်ဆံပြီး သူတို့လိုချင်တာကို တောင်းမယ်ဆိုတဲ့ မူဝါဒမျိုးရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲမှာ တပ်အင်အားအကြီးမားဆုံးဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီကတော့ ၂၀၀၈ ဖွဲ့စည်းပုံက ဖန်တီးပေးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊တရုတ်-မြန်မာနယ်စပ်က မြို့နယ် ၆ ခု၊ ခရိုင်နှစ်ခုပါဝင်တဲ့ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” (Wa Self-Administrative Division) ကို လက်မခံပဲ ရှမ်းပြည်နယ်နဲ့တန်းတူ ပြည်နယ်အဆင့်ပေးဖို့၊ ဝပြည်နယ်ကိုလည်း လက်ရှိဖွဲ့စည်းပုံက ပေးထားတဲ့ မြို့နယ်များ (ဝ မြောက်ပိုင်း) သာမက ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်ဒေသက သူတို့က ဝတောင်ပိုင်းလို့ခေါ်တဲ့ မြို့နယ်တွေ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြားဆက်စပ်နယ်မြေများကိုပါ ထည့်သွင်းပေးဖို့ တောင်းဆိုနေကြပါတယ်၊ ပိုပြီးရှင်းအောင်ပြောရရင် ဝတပ်ဖွဲ့က ရှမ်းပြည်နယ်ရဲ့ လေးပုံတစ်ပုံလောက်ကို ဝပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေတာပါ၊

အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ

ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ ပါတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု (PDF) မှာပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) နဲ့ သဘောထားထပ်တူရပ်တည်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA-North) တို့အပြင် အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိပါသေးတယ်၊

တပ်အင်အား ၁၅၀၀ လောက်ရှိတဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (Democratic Karen Benevolent Army/ DKBA-KHB)၊ တပ်အင်အား ၅၀၀ လောက်ရှိတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (Karen Peace Council/KPC)၊ တပ်အင်အား ၁၀၀၀ လောက်ရှိတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (National Socialist Council of Nagaland-Kaplan/NSCN-K)၊ တပ်အင်အား ၁၀၀ လောက်ရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party/ALP) တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားကြပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲကို ကြိုတင်စည်းကမ်းသတ်မှတ်ချက်များမထားပဲ တက်ရောက်ကြမည့်ပုံရှိပါတယ်၊

ဒီတပ်ဖွဲ့တွေအပြင် အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးရုံမက မြန်မာ့တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များဖြစ်နေတဲ့ တပ်အင်အား လေးထောင်လောက်ရှိတဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (Democratic Karen Buddhist Army/DKBA)၊ တပ်အင်အား ၅၀၀ လောက်ရှိတဲ့ ကရင်နီအမျိုးသားများ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Karenni Nationalities Peoples’ Liberation Front/ KNPLF)၊ မြန်မာ့တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ ဖြစ်နေတဲ့ တပ်အင်အား ၅၀၀ လောက်ရှိတဲ့ ကယန်းပြည်သစ်ပါတီ (Kayan New Land Party/KNLP)၊ တပ်အင်အား ၁၀၀၀ လောက်ရှိတဲ့ လားဟူပြည်သူ့စစ်တပ်ဖွဲ့ (Lahu Militias) ၊ တပ်အင်အား ၁၀၀၀ လောက်ရှိတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (Plaung State Liberation Organization/PSLO)၊ တပ်အင်အား ၁၀၀၀ လောက်ရှိတဲ့ ပအို့အမျိုးသားအဖွဲ့ (Pa-O National Organization/PNO)၊ တပ်အင်အား ၁၀၀၀ လောက်ရှိတဲ့ ရှမ်းပြည်နယ်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၃) နှင့် တပ်မဟာ (၇) (Shan State Army-North 3rd and 7th Bridgates) များလည်းရှိပါသေးတယ်၊

ဒီတိုင်းရင်းသားတပ်ဖွဲ့တွေအားလုံးဟာ မြန်မာအစိုးရနဲ့၊ မြန်မာ့တပ်မတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အများစုဟာ မူလတိုင်းရင်းသားတပ်မတော်များမှ အကြောင်းအမျိုးမျိုးနဲ့ ခွဲထွက်လာကြတဲ့ တပ်ဖွဲ့များဖြစ်ကြပါတယ်၊ အချို့တပ်များဆိုရင် အပစ်အခပ်ရပ်စဲရေး အဆင့်ကိုကျော်ပြီး မြန်မာ့တပ်မတော်အောက်ကို ခိုလှုံဝင်ရောက်လို့ နယ်ခြားစောင့်တပ်ဖွဲ့များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ ဖြစ်နေကြပါပြီ၊ နအဖစစ်အစိုးရရဲ့ အမျိုးသားညီလာခံအောင်မြင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက် အထောက်အကူပြုခဲ့ကြပါတယ်၊ အောက်တိုဘာ လက်မှတ်ရေးထိုးပွဲကို ဒီတပ်ဖွဲ့အားလုံး တက်ရောက်ကြဖို့ အလားအလာရှိပါတယ်၊

မတူညီသော လက်နက်ကိုင်တပ်ပေါင်းစုများ၊ မတူညီသော နိုင်ငံရေးမူဝါဒများ

အထက်မှာ တင်ပြခဲ့တဲ့အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ အနည်းဆုံး အုပ်စု လေးစုကွဲနေပါတယ်၊ (၁) ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC)၊ (၂) ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု (PDF)၊ (၃) မြန်မာ့တပ်မတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသော အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖြစ်နေသောအဖွဲ့အစည်းများ၊ (၄) လက်နက်ကိုင်မဟုတ်သော နယ်စပ်ဒေသအခြေစိုက်တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်ပအခြေစိုက်တိုင်းရင်းသားပညာရှင်များနှင့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကေအန်ယူ (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ပါဝင်သော တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မီတီ (WGEC) တို့ဖြစ်ပါတယ်၊ 

ဒီအုပ်စု လေးစုမှာ  ငြိမ်းချမ်းရေးဆိုင်ရာ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒတွေ မတူညီကြသလို မျှော်လင့်ချက်များလည်း ကွာခြားကြပါတယ်၊
ဖက်ဒရယ်ကောင်စီက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရက်စဲရေး ထပ်မံရေးထိုးဖို့လိုမလို မေးခွန်းထုတ်နေချိန်၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲနဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေကို နှစ်ဘက်သဘောတူချမှတ်ဖို့ တောင်းဆိုနေချိန်မှာ ဖက်ဒရယ်ကောင်စီထဲက ကေအန်ယူ (KNU) နဲ့ ဖက်ဒရယ်ကောင်စီမှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတော့ အောက်တိုဘာလမှာ နေပြည်တော်ကို လာပြီး ဘာကြိုတင်စည်းကမ်းသတ်မှတ်ချက်မှမရှိပဲ လက်မှတ်ထိုးဖို့ ပြင်နေကြပါပြီ၊ ဖက်ဒရယ်ကောင်စီက နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံတကာ ဖြန်ဖြေသူတွေ၊ စောင့်ကြည့်ကြီးကြပ်သူတွေပါဝင်ဖို့ တောင်းဆိုနေချိန်မှာ တိုင်းရင်းသားလုပ်ငန်းကော်မီတီ (WGEC) နဲ့ ကေအန်ယူ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့က နိုင်ငံတကာ ဖြန်ဖြေသူတွေမလိုအပ်ကြောင်း သဘောထားရှိကြပါတယ်၊

ဖက်ဒရယ်ကောင်စီက အစိုးရကိုယ်စားလှယ်များနဲ့ အကြိုညှိနှိုင်းဆွေးပွဲများ၊ အကြိုတိုင်းရင်းသားညီလာခံများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပဲ ကျင်းပခဲ့၊ ကျင်းပချင်ပေမည့် ဖက်ဒရယ်ကောင်စီဝင် အဖွဲ့ဝင်အချို့နဲ့ ဖက်ဒရယ်ကောင်စီမှာမပါတဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့များက ပြည်တွင်းကို သီးခြားစီဝင်ရောက်ပြီး ရန်ကုန်မှာ၊ နေပြည်တော်မှာ၊ ပြည်နယ်မြို့တော်တွေမှာ ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကျင်းပနေကြပါတယ်၊ ဆက်ဆံရေးရုံးတွေ ဖွင့်နေကြပါတယ်၊ အချို့ဆိုရင် ခရိုနီစီးပွါးရေးသမားများနဲ့ ပေါင်းပြီး အထူးအခွင့်အရေးရ စီးပွါးရေးလုပ်ငန်းတွေ စတင်နေကြပါပြီ၊ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး၊ ဗမာပြည်နယ်ဖွဲ့စည်းရေး စတဲ့မူဝါဒတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တူညီတဲ့ ရပ်တည်ချက်မရှိပါ၊ ဒီကြားထဲ ရှမ်းပြည်နယ်ရဲ့ လေးပုံတစ်ပုံကို ဖဲ့ထုတ်ပြီး ပြည်နယ်ဖွဲ့စည်းပေးစေချင်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ တောင်းဆိုချက်ကလည်း စိတ်ပူစရာပါ၊

ပြည်တွင်းမှာလည်းအတူတူကွဲ

ဒီလို ကွဲပြားမှုတွေက နယ်စပ်ဒေသနဲ့ ပြည်ပရောက် တိုင်းရင်းသားအဖွဲ့အစည်းများကြားမှာတင် ဖြစ်ပေါ်နေတာမဟုတ်ပါ၊ ပြည်တွင်းက တိုင်းရင်းသားအင်အားစုများကြားမှာလည်း အလားတူဖြစ်ပေါ်နေပါတယ်၊
ပြည်တွင်းမှာ အဓိကကျတဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုနှစ်ခုရှိပါတယ်၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများစုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (United Nationalities Alliance/ UNA) နဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများစုပေါင်း ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation/ NBF) တို့ဖြစ်ကြပါတယ်၊ ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တစ်ယောက်မှ မရှိပဲ ညီနောင်တိုင်းရင်းသားပါတီများကတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အနည်းငယ်ရှိပါတယ်၊

ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ မှာရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားများဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက်၊ ကချင် ပြည်နယ်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ချုပ်၊တို့ပါဝင်ကြပါတယ်၊ ဒီတပ်ပေါင်းစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ဖွဲ့စည်းရေးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဗမာပြည်နယ်အပါအဝင် ရှစ်ပြည်နယ်နဲ့ ဖွဲ့စည်းရေးဆိုတဲ့ မူဝါဒများကို ကိုင်ဆွဲထားပါတယ်၊

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းမှာ  အဖွဲ့ဝင်များအဖြစ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ကယန်းအမျိုးသားပါတီတို့ ပါဝင်ပါတယ်၊ အခြားတိုင်းရင်းသားပါတီများဖြစ်ကြတဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအို့အမျိုးသားအဖွဲ့ချုပ်၊ "ဝ" ဒီမိုကရေစီပါတီ၊ "ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီများလည်း လေ့လာသူအဖြစ်ပါဝင်တယ်လို့ သိရပါတယ်၊ ဒီတပ်ပေါင်းစုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ လက်ရှိ တိုင်းဒေသကြီး (၇) ခုကို ပြည်နယ်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးဆိုတဲ့ မူဝါဒများအပေါ်ရပ်တည်ပါတယ်၊

ပြည်တွင်းမှာ နိုင်ငံရေးပါတီများမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေက အခုအချိန်အထိတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့၊ ကချင်ဒုက္ခသည်များကို ကူညီဖို့၊ အပစ်အခတ်ရပ်စဲရာဒေသများမှာ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြပ်ထိန်းသိမ်းဖို့၊ ပြည်တွင်းမှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းရဲ့ ဆွေးနွေးပွဲတွေမှာ သက်သေအဖြစ်ပါဝင် တက်ရောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြ၊ ပြည်တွင်းမှာ နိုင်ငံရေးပါတီများက ဦးဆောင်ကျင်းပတဲ့ ဒေသအလိုက်ညီလာခံတွေမှာ တစ်ဖွဲ့ချင်းအလိုက် တက်ရောက်ဆွေးနွေးတာရှိပေမည့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ပါတ်သက်ပြီး တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဏကို စုပေါင်းဆွေးနွေးတာ၊ စုပေါင်းဖွဲ့စည်းတာ၊ စုပေါင်းမူဝါဒတွေချမှတ်တာ မတွေ့ရသေးပါ၊ မကြာခင် ဒီအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုတွေ တွေ့မြင်ရမယ်ထင်ပါတယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၈၊ ၂၀၁၃

0 comments: