BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, January 28, 2014

Appointment of Army Officers in Union Election Commission


Myanmar’s Government Appoints Military to the Election Commission

January 28, 2014 


The December 27 Myanmar State Gazette announced that 58 military officers with the rank of major and 3 with the rank of captain have been appointed to the Union Election Commission (UEC). According to the announcement, these active military officials were transferred from the Office of the Commander-in-Chief (Army) to the UEC to fill its organizational structure. The majors are to serve as assistant directors and the captains as administrative officers in the various commission offices, possibly in districts and townships. These appointments have been in effect since December 2, but the official announcement was not made until more than three weeks later.

What, if any, impact the appointment of military officers to the commission staff may have on the election process is impossible to predict at this stage, but it appears to be the first time under Myanmar’s 2008 constitution that active duty military personnel have been appointed to help conduct elections. If this trend continues unopposed, many more military officers may be transferred to the UEC before 2015. This will be unacceptable, because it will not bode well for free and fair elections.

The UEC is one of the highest level authoritative bodies in Myanmar, with vast power conferred by the 2008 constitution “to monitor and decide the fate of political parties, arrange or postpone or cancel election schedules, hold elections, judge election-related cases, and investigate members of parliament if just one percent of their constituents complain and fire them if allegations are found true.”

The president nominates the chairman and members of the UEC, but the parliament has no right to reject the nominees as long as they meet the standard qualifications. The constitution also makes the UEC more powerful by stating in Article 402 that, “The resolution and functions made by the Union Election Commission on the following matters shall be final and conclusive: (a) election functions; (b) appeals and revisions relating to the resolutions and orders of the election tribunals; (c) matters taken under the law relating to political party.”


This powerful body is being led by Tin Aye, a former lieutenant general in the previous military regime, who remains loyal to President Thein Sein. In June 2013 several members of parliament called for the UEC to hold by-elections to fill vacancies: 16 in the lower house, 4 in the upper house, and 16 in state and regional parliaments. Tin Aye simply replied that as the UEC is busy with preparations for the 2015 elections, there is no plan to conduct by-elections for the time being.

His response effectively deprived 2 million people of representation in the parliament at a time when momentous decisions will be made, and froze the elected membership in the parliament at less than the intended 75 percent. In any case, his decision as the chairman of the UEC is final.
Filling these vacant seats as soon as possible is critical, as the parliament is preparing to discuss amending the constitution in the current and coming sessions in 2014. The military, which holds 25 percent of the seats in parliament, already has veto power because amendments to the constitution can be made only with the approval of more than 75 percent of the parliament. Occupying less than their intended 75 percent of the legislature only further weakens the position of the elected representatives. Their vote count is now just 72 percent.

Tin Aye is being criticized by some in the media not just for refusing to hold the by-elections, but also for accompanying President Thein Sein on his visits to several parts of the country. He is supposed to be independent and should not associate with any political party members or office holders. Seeing him at the side of Thein Sein on presidential trips and at the conference of the ruling Union Solidarity and Development Party (USDP) in 2013 raised many politicians’ eyebrows. The recent appointment of 61 army officers to senior positions in the UEC is sure to discomfort many more.

Placing military officers in high level positions in the civil service is a decades-old practice of Myanmar’s successive military regimes, which have all aimed to award their soldiers and keep civilian staff under control. Such practices are a relic of the past and should be stopped if the country is truly on the path to democracy. The UEC is supposed to be an independent commission, free of influence by the ruling party and the military. The conduct of the elections in 2015 will be questionable if the chairman of the UEC cannot prove that he does not favor the ruling party, that he is not an ally of the current president, and that he is not associated with the military.

Meanwhile the clock is rapidly ticking down on the time left for amending the constitution before the 2015 elections.

Ms. Priscilla Clapp is the former chief of mission of the U.S. Embassy in Myanmar and is currently working on Myanmar with a number of institutions. Mr. Aung Din is a democracy and human rights activist and former political prisoner in Myanmar. 

Friday, January 24, 2014

Burma's Parliament Watch Part (51)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၁၊ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၅၁) လွှတ်တော်နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ (ခ)

#နိုင်ငံသားဖြစ်ခြင်း

ကမ္ဘာ့နိုင်ငံများမှာ နိုင်ငံသားဖြစ်ခြင်းနဲ့ ပါတ်သက်ပြီး အနည်းဆုံး လေးမျိုးခွဲခြားထားပါတယ်၊ (က) မွေးရာပါနိုင်ငံသားဖြစ်ခြင်း (Citizenship by Birth) ၊ (ခ) မျိုးရိုးဆက်နွယ်မှုဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Descent)၊ (ဂ) လက်ထပ်ထိန်းမြားခြင်းဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Marriage)၊ နဲ့ (ဃ) သတ်မှတ်ထားသောအရည်အချင်းပြည့်မီ၍ ခွင့်ပြုချက်ဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Naturalization) တို့ ဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခြင်းကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံသားဖြစ်ခြင်းပြဋ္ဌန်းချက်များနဲ့ နှိုင်းယှဉ်သုံးသပ်ပြချင်ပါတယ်၊

#မွေးရာပါ နိုင်ငံသားဖြစ်ခြင်း (Citizenship by Birth)

၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသား ဖြစ်ပါတယ် (ပုဒ်မ ၅)၊ နိုင်ငံတော်အတွင်း၌ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ အားလုံးဟာ မွေးရာပါ နိုင်ငံသားဖြစ်ကြပါတယ် (ပုဒ်မ ၇-က)၊ မြန်မာနိုင်ငံသားဥပဒေမှာ မြန်မာနိုင်ငံအတွင်း မွေးဖွားတယ်ဆိုရုံနဲ့ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မပေးပါ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများနဲ့ အာဆီယံနိုင်ငံများမှာလည်း အလားတူပါ၊ နိုင်ငံတွင်းမွေးဖွားတာနဲ့ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်မပေးပါ၊ ဒါပေမည့် ချွင်းချက်အနေနဲ့ ခွင့်ပြုတာတွေရှိပါတယ်၊

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံအတွင်းမှာ မွေးဖွားပြီး နိုင်ငံသားမဟုတ်သူ မိဘနှစ်ပါးက နိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပါတယ်၊ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ တွေ့ရတဲ့ မိဘမဲ့ကလေးများကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ တရုတ်နိုင်ငံမှာ နိုင်ငံမဲ့မိဘနှစ်ပါးမှ တရုတ်နိုင်ငံအတွင်း မွေးဖွားတဲ့ ကလေးများ သို့မဟုတ် မိဘမဲ့ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံအတွင်းမွေးဖွားတဲ့ မိဘမဲ့ကလေးများဟာ နိုင်ငံသားများဖြစ်ပါတယ်၊ နီပေါနိုင်ငံမှာတော့ မိဘနှစ်ပါးက နိုင်ငံသားမဟုတ်စေဦးတော့ ယင်းမိဘများက နိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးတို့မှ မွေးဖွားတဲ့ ကလေးကို နိုင်ငံအတွင်း မွေးဖွားသည်ဖြစ်စေ၊ နိုင်ငံပြင်ပမှာ မွေးဖွားသည်ဖြစ်စေ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပါတယ်၊ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံမဲ့ မိဘနှစ်ပါးက နိုင်ငံတွင်းမှာမွေးဖွားတဲ့ ကလေး၊ နိုင်ငံတွင်းမှာ စွန့်ပစ်ထားခြင်းခံရတဲ့ မိဘမဲ့ကလေးများကို နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊

မြန်မာနိုင်ငံမှာလည်း နိုင်ငံမဲ့၊ မိဘမဲ့ ကလေးများကို နိုင်ငံသားဖြစ်ခွင့်ပေးရေး စဉ်းစားသင့်ပါတယ်၊ အပြစ်ကင်းစင်တဲ့ ကလေးများကို နိုင်ငံမဲ့ မဖြစ်စေသင့်ပါ၊ ဒီလိုပြောတော့ ဗုဒ္ဓဘာသာဝင်အချို့က ဘာသာခြားတွေမှာ အိမ်ထောင်ဖက်တွေအများကြီးနဲ့မို့ မိသားစုတစ်စုထဲမှာတင် ကလေးတွေအများကြီးရှိနေတာကို ထောက်ပြပြီး ကန့်ကွက်လိမ့်မယ်ထင်ပါတယ်၊ အိမ်ထောင်ဘက်များလို့ ကလေးမွေးဖွားမှုများပြားတာကို ထိန်းချုပ်ဖို့ဆိုပြီး မိသားစုတစ်စုမှာ ကလေးနှစ်ယောက်ထက်ပိုမယူရလို့ လူ့အဖွဲ့အစည်းတစ်ခုတည်းအပေါ် သီးခြားအမိန့်ထုတ်ကန့်သတ်တာမျိုး မဖြစ်သင့်ပါ၊ နိုင်ငံတစ်ဝှမ်းမှာ အားလုံးအပေါ်သက်ရောက်တဲ့ "တစ်လင်တစ်မယားစနစ် ဥပဒေ" ပြဋ္ဌန်းဖို့ သင့်ပါတယ်၊ဘာသာခြားတွေကို အိမ်ထောင်ဘက်အများကြီးရှိတာကို ပြစ်တင်ရှုံ့ချပြီး ဗုဒ္ဓဘာသာဝင်တွေကျတော့ မယားပြိုင်စနစ်ခွင့်ပြုထားတာ မသင့်တော်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကလေးများဟာ မိဘများကြောင့် အပြစ်ပေးမခံရသင့်ပါ၊ တိုင်းရင်းသားဒေသတွေမှာ၊ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတွင်း ပြည်တွင်းစစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်ရင်း နိုင်ငံမဲ့ ဘဝရောက်ကြရတဲ့ တိုင်းရင်းသားမိဘများကနေ မွေးဖွားတဲ့ နိုင်ငံမဲ့ကလေးတွေ သောင်းနဲ့ချီပြီး ရှိနေတာကိုလည်း ငဲ့ညှာကြစေချင်ပါတယ်၊

#မျိုးရိုးဆက်နွယ်မှုဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Descent)

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၈၂၄ ခုနှစ်မှာ ဖြစ်ပွါးတဲ့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မတိုင်မီ၊ ၁၈၂၃ ခုနှစ်မတိုင်မီကတည်းက အမြဲအခြေချနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၃)၊ တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၅)၊ နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှသော်လည်းကောင်း နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသူများသည်လည်း နိုင်ငံသားဖြစ်ပါတယ် ပုဒ်မ (၇-က/ခ/ဂ)၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများရဲ့ သားသမီးများနဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနဲ့ လက်ထပ်ခြင်းဖြင့် မွေးဖွားတဲ့ တတိယမျိုးဆက်များဟာလည်း နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၇-ဃ/င/စ)၊

ကမ္ဘေဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအို (လော) နိုင်ငံ တို့မှာ နိုင်ငံသားမိခင် သို့မဟုတ် ဖခင်တစ်ယောက်ရဲ့ တရားဝင်သားသမီးကို နိုင်ငံပြင်ပမှာမွေးဖွားသည်ဖြစ်စေ နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ အိန္ဒိယနိုင်ငံမှာတော့ အိန္ဒိယနိုင်ငံသား ဖခင်က မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာမွေးသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ အိန္ဒိယနိုင်ငံသား မိခင်က နိုင်ငံတွင်းမှာမွေးဖွားတဲ့ ကလေးကိုလည်း  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ မလေးရှားနိုင်ငံမှာ  တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ မလေးရှားနိုင်ငံသားမိဘနှစ်ပါးက မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာမွေးသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ မလေးရှားနိုင်ငံအတွင်းမှာ မလေးရှားနိုင်ငံသား မိခင်ကမွေးတဲ့ ကလေးကိုလည်း  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ 

နီပေါနိုင်ငံမှာ နိုင်ငံသားဖခင်ကမွေးတဲ့ ကလေးကို  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မိဘတစ်ယောက်က ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်ဆိုရင် ကလေးကို ဘယ်နေရာမှာပဲ မွေးမွေး  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ထိုင်းနိုင်ငံမှာ တရားဝင်လက်ထပ်ထိန်းမြားခြင်းမပြုထားတဲ့ ထိုင်းနိုင်ငံသား မိခင်နဲ့ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံမဲ့ ဖခင်က မွေးတဲ့ ကလေးကို နိုင်ငံပြင်ပမှာ မွေးဖွားသည်ဖြစ်စေ  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ ထိုင်းနိုင်ငံအတွင်းမှာ မွေးဖွားပြီး အနည်းဆုံး မိဘတစ်ပါးက ထိုင်းနိုင်ငံသားဖြစ်မယ်ဆိုရင်လည်း အဲဒီကလေးကို  နိုင်ငံသားဖြစ်ခွင့်ပေးပါတယ်၊ 

မြန်မာနိုင်ငံမှာတော့ နိုင်ငံသားတစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက်တို့ တရားဝင်လက်ထပ်ထိန်းမြား၍ဖြစ်စေ၊ လက်မထပ်ပဲဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ မွေးဖွားသော ကလေးများနဲ့ ပါတ်သက်ပြီး "နိုင်ငံသား" ဖြစ်ခွင့် လုံးဝမပေးထားပဲ "နိုင်ငံသားပြုခွင့်ရသူ" ဖြစ်ရန် လျှောက်ထားခွင့်ပဲ ရှိပါတယ်၊ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့်  နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူနှင့်  နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများဟာ "နိုင်ငံသားပြုခွင့်" ရရန် ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်ပါတယ် (ပုဒ်မ ၄၃-က/ဂ/င)၊

ကျနော့်အမြင်အရ မြန်မာနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးတို့ နိုင်ငံတွင်းမှာဖြစ်စေ၊ နိုင်ငံပြင်ပမှာဖြစ်စေ တရားဝင်လက်ထပ်ထိန်းမြားပြီး မွေးဖွားတဲ့ ကလေးများကိုလည်း မြန်မာနိုင်ငံသားဖြစ်ခွင့် ပေးသင့်ပါတယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေက ပူးတွဲနိုင်ငံသားဖြစ်မှုကို လက်မခံတာမို့ ဒီကလေးရဲ့ မိဘများက ကလေးကို အခြားနိုင်ငံသား မဖြစ်စေချင်ပဲ၊ မြန်မာနိုင်ငံသားပဲ ဖြစ်စေချင်တယ်ဆိုရင် ကြိုဆိုလက်ခံသင့်ပါတယ်၊

#လက်ထပ်ထိန်းမြားခြင်းဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Marriage)

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားတစ်ဦးဟာ မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ်ကို အလိုအလျောက်မရနိုင်ပါ (ပုဒ်မ ၁၅-ခ)၊

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးရဲ့ နိုင်ငံခြားသူ အိမ်ထောင်ဘက်ဟာ လက်ထပ်တဲ့နေ့က စလို့ နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊ နိုင်ငံသားအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသားကတော့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေပြည့်မီမယ်၊ နိုင်ငံတွင်းမှာလည်း နှစ်နှစ်ဆက်တိုက်နေတယ်ဆိုရင် နိုင်ငံသားလျှောက်ခွင့်ရှိပါတယ်၊ သူတို့ရဲ့ မူလနိုင်ငံသားအဖြစ်တွေကိုတော့ စွန့်လွှတ်ရမှာပါ၊ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသူဟာ သူမရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးရင် အင်ဒိုနီးရှားနိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်၊ မလေးရှားနိုင်ငံမှာလည်း အလားတူပါ၊ ဒါပေမည့် လက်ထပ်ခြင်းဟာ ပထမနှစ်နှစ်အတွင်းမှာ ကွာရှင်းပြတ်စဲမယ်၊ လက်ထပ်ခြင်းပျက်ပြယ်မယ်ဆိုရင် ပေးအပ်ထားတဲ့ မလေးရှားနိုင်ငံသားဖြစ်မှုကို ပြန်လည်ရုပ်သိမ်းပါတယ်၊ စင်္ကာပူနိုင်ငံမှာ နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ပြုတဲ့ နိုင်ငံခြားသူဟာ ကိုယ်ကျင့်တရားကောင်းမွန်မယ်၊ နိုင်ငံတွင်းမှာ နှစ်နှစ်ဆက်တိုက်နေထိုင်ခဲ့မယ်၊ ဆက်လက်ပြီးတော့လည်း စင်္ကာပူနိုင်ငံမှာ အမြဲတမ်းနေထိုင်တော့မယ်လို့ ကတိပြုရင် စင်္ကာပူနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊

#သတ်မှတ်ထားသောအရည်အချင်းပြည့်မီ၍ ခွင့်ပြုချက်ဖြင့် နိုင်ငံသားဖြစ်ခြင်း (Citizenship by Naturalization)

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနဲ့ သူတို့က မွေးဖွားတဲ့ သားသမီးများဟာ နိုင်ငံသားဖြစ်ခွင့် လုံးဝမရှိပါ၊ သူတို့ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ မြေးများလက်ထက်ကျမှပဲ နိုင်ငံသားဖြစ်ခွင့်ရှိပါတယ် (ပုဒ်မ ၇-ဃ/င/စ)၊ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ ဤဥပဒေပါ ပြဋ္ဌန်းချက်တစ်ရပ်ရပ်ရပ်မှအပ မည်သည့်နိုင်ငံခြားသားမျှ “နိုင်ငံသားပြုခွင့်” ရရန် လျှောက်ထားခွင့်မရှိစေရ လို့လည်း ပြဋ္ဌန်းထားပါတယ် (ပုဒ်မ ၇၂)၊  ဒါပေမည့် နိုင်ငံတော်ကောင်စီ (အခုတော့ အစိုးရအဖွဲ့) သည် နိုင်ငံတော်၏အကျိုးငှါ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်လို့ ဆိုပြန်ပါတယ် (ပုဒ်မ ၇-က)၊

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံသားမဟုတ်သူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ပြည့်မီတယ်ဆိုရင် နိုင်ငံသားလျှောက်ခွင့်ပေးပါတယ်၊ စည်းကမ်းချက်တွေက နိုင်ငံအတွင်းမှာ အနည်းဆုံး ငါးနှစ်ဆက်တိုက် နေထိုင်ဘူးရမယ်၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု တွေကိုနားလည်ရမယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်လုပ်ကိုင်နေသူဖြစ်ရမယ်၊ ကိုယ်ကျင့်တရားကောင်းမွန်ရမယ်၊ စသည်ဖြင့်ပါ၊ 

တရုတ်နိုင်ငံမှာလည်း နိုင်ငံသားမဟုတ်သူ တစ်ယောက်ဟာ တရုတ်နိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေသူဖြစ်ရင်၊ တရုတ်ပြည်တွင်းမှာ တရုတ်နိုင်ငံသား ဆွေမျိုးသားချင်းတွေရှိရင်၊ အခြားသတ်မှတ်ချက်များနဲ့ ပြည့်စုံရင် တရုတ်နိုင်ငံသား လျှောက်ခွင့်ရှိပါတယ်၊ အိန္ဒိယနိုင်ငံမှာ အနည်းဆုံး ငါးနှစ်ဆက်တိုက်နေထိုင်နေသူ နိုင်ငံခြားသားတစ်ယောက်ဟာ သူရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ရင် အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်၊ အင်ဒိုနီးရှားနိုင်ငံမှာလည်း အလားတူပါ၊ အင်ဒိုနီးရှားမှာ ပိုတာက နိုင်ငံသားအဖြစ် လျှောက်ထားမည့် နိုင်ငံခြားသားတစ်ယောက်ဟာ အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်၊ အင်ဒိုနီးရှားနိုင်ငံမှာ ပြောဆိုနေတဲ့ ဘာသာစကား၊ အင်ဒိုနီးရှားနိုင်ငံသမိုင်းနဲ့ ယဉ်ကျေးမှုတွေကို နားလည်တတ်ကျွမ်းရပါမယ်၊ ရာဇဝတ်မှုကျူးလွန်ဖူးခြင်းမရှိရပါ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရပါမယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ရပါမယ်၊

လာအို (လော) နိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီး လောနိုင်ငံရဲ့ ဘာသာစကားကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်တဲ့၊ လောနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို နားလည်တဲ့၊ လောနိုင်ငံအတွင်းမှာ အခြေချနေထိုင်နေတဲ့၊ ရာဇဝတ်မှုကျူးလွန်ဘူးခြင်းမရှိတဲ့ နိုင်ငံခြားသားတစ်ဦးဟာ သူ့ရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီးရင် လောနိုင်ငံ ပြည်သူ့လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ လောနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊ 

နီပေါနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် နိုင်ငံခြားသားတစ်ဦးဟာ နီပေါနိုင်ငံရဲ့ ဘာသာစကားကို ရေးနိုင်၊ ဖတ်နိုင်ရပါမယ်၊ နီပေါနိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှိရမှာဖြစ်ပြီး အနည်းဆုံး ၁၅ နှစ်ဆက်တိုက်နေထိုင်နေသူဖြစ်ရပါမယ်၊ သူ့ရဲ့ မူလနိုင်ငံသားဖြစ်မှုကိုလည်း စွန့်လွှတ်ရပါမယ်၊ ဖိလစ်ပိုင်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ၁၀ နှစ်ဆက်တိုက်နေထိုင်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို နားလည်ရင် နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာလည်း အလားတူပါ၊ ဒါပေမည့် နိုင်ငံတွင်း တစ်ဆက်တစ်စပ်ထဲအခြေချနေထိုင်ခြင်းလိုအပ်ချက်ကိုတော့ ငါးနှစ်ပဲ သတ်မှတ်ထားပါတယ်၊ စင်္ကာပူနိုင်ငံမှာ အသက် ၂၁ နှစ်ပြည့်ပြီး နိုင်ငံတွင်းမှာ စုစုပေါင်း ၁၀ နှစ် (ဆက်တိုက်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ) နေထိုင်ခဲ့ပြီး ကိုယ်ကျင့်တရားကောင်းမွန်သူ၊ စင်္ကာပူနိုင်ငံသုံး ဘာသာစကားကို နားလည်သူ၊ စင်္ကာပူနိုင်ငံမှာ အမြဲတမ်းအခြေချနေထိုင်ဖို့ ဆုံးဖြတ်ထားသူဖြစ်ရင် စင်္ကာပူနိုင်ငံသား လျှောက်ခွင့်ရှိပါတယ်၊ လျှောက်လွှာမတင်ခင် အနည်းဆုံး တစ်နှစ် စင်္ကာပူနိုင်ငံတွင်းမှာ ဆက်တိုက်နေထိုင်ဖို့တော့ လိုအပ်ပါတယ်၊

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာတော့ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်လုံးဝပေးမထားပါ၊ ပုဒ်မ (၇၂) အရ မည်သည့် နိုင်ငံခြားသားမျှ "နိုင်ငံသားပြုခွင့်ရရန်" လျှောက်ထားခွင့်မရှိစေရလို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ "နိုင်ငံသားပြုခွင့်ရသူ" ဟာ "နိုင်ငံသား" မဟုတ်ပါ၊ ဒါကြောင့်မို့ နိုင်ငံခြားသားတစ်ယောက်ကို "နိုင်ငံသားပြုခွင့်ရသူ" အဖြစ်တောင်မှ ခွင့်မပြုဘူးလို့ နားလည်ရပါတယ်၊ ပုဒ်မ (၈-က) အရ နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်အကျိုးစီးပွါးအတွက် မည်သူကိုမဆို "နိုင်ငံသား" အဖြစ် သတ်မှတ်နိုင်သည်လို့ ဆိုထားပေမည့် ဒီပြဋ္ဌန်းချက်ရဲ့ "မည်သူမဆို" ဆိုတာ "နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားနဲ့ နိုင်ငံခြားသား မိဘနှစ်ပါးက မွေးဖွားတဲ့ သားသမီးများ" ပါဝင်ခြင်းရှိမရှိဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရပါ၊ နိုင်ငံခြားသားများကို နိုင်ငံသားအဖြစ်လျှောက်ထားဖို့လိုအပ်တဲ့ အရည်အချင်းများကိုလည်း လုံးဝပြဋ္ဌန်းမထားပါ၊

ကမ္ဘာ့နိုင်ငံအများအပြားမှာ နိုင်ငံခြားသားများကို အရည်အချင်းသတ်မှတ်ပြီး ပြည့်မီတယ်ဆိုရင် နိုင်ငံသားဖြစ်ခွင့်ပေးတာဟာ အဲဒီပုဂ္ဂိုလ်များကတဆင့် ရရှိနိုင်တဲ့ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ အဆက်အသွယ်၊ ကြွယ်ဝချမ်းသာမှု ၊ ရင်းနှီးမြှုတ်နှံမှု စတာတွေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ အကျိုးစီးပွါးကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်၊ နိုင်ငံတကာကူးသန်းဆက်ဆံမှုတွေ ပိုမိုများပြားပြီး ရွှေ့ပြောင်းနေထိုင်မှုတွေ မြင့်မားလာတဲ့ ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖို့ နိုင်ငံတော်အကျိုးစီးပွါးကို အထောက်အကူပြုနိုင်တဲ့ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး ဖိတ်ခေါ်ဖို့ စဉ်းစားသင့်ပါတယ်၊
ဆက်ပါဦးမယ်၊

လေးစားစွာ

အောင်ဒင်
ဇန်နဝါရီ ၁၀၊ ၂၀၁၄
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၁၊ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)






Wednesday, January 22, 2014

Unexpected



မမျှော်လင့်ပဲ

မမျှော်လင့်ပဲ
မိတ်ဆွေတစ်ယောက် သေဆုံးသွားတယ်
ဘဝသံသရာဆိုတဲ့ ရထားကြီးပေါ်က
နှုတ်မဆက်၊ လက်မပြ
ရုတ်တရက် ခုန်ချ၊

ဘာ့ကြောင့် မမျှော်လင့်ရတာလဲ
သူက ကျနော့်ထက် အသက်ငယ်တယ်
သူ့ဘဝက ကျနော့်ဘဝထက် ပိုပြီး ပြည့်စုံတယ်
သူ့မှာ ချစ်သူခင်သူတွေ အများကြီးရှိတယ်
သူရှိနေတာ အများအတွက် ကျေနပ်စရာဖြစ်တယ်
သူက ကျန်းမာရေးလည်း ဂရုစိုက်တယ်၊

ဘာ့ကြောင့်မမျှော်လင့်ရတာလဲ
သူက နှလုံးသားဖြူစင်သူဖြစ်တယ်
အားနည်းသူဖက်က ရပ်တည်တတ်တယ်
သူ့ဘဝမှာ အစွန်းအထင်းမရှိအောင် နေတတ်ခဲ့တယ်
ကျနော်နဲ့ ပြောင်းပြန်ပါပဲ၊

အဲဒီလို မမျှော်လင့်ရင်းနဲ့ပဲ
မမျှော်လင့်တာတွေ ဖြစ်ခဲ့၊ ဖြစ်မြဲ၊ ဖြစ်နေဆဲ
မျှော်လင့်တာတွေက ဝေးသထက်ဝေးကွာ
ခွဲခွာခြင်းမှာ၊ အချိန်ဇယားမရှိ..ဆိုလား၊

ကျနော်သေဆုံးခဲ့ရင်ကော
မမျှော်လင့်ပဲလို့ ပြောကြဦးမှာလား
ကျနော့်ကြောင့် ကမ္ဘာမြေကြီးပိုလေးနေတာကတော့
အသေအချာပါ
ဒါကြောင့်လည်း ကြိုပြီးနှုတ်ဆက်လိုက်ပါရဲ့၊

အောင်ဒင်
ဇန်နဝါရီ ၂၂၊ ၂၀၁၄

Tuesday, January 21, 2014

The Irrawaddy, Peace and Memories by Aung Din; Book Cover

 

ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ

တရုတ်ပြည်ကြီးကို လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့ မိခင် ဧရာဝတီမြစ်ကြီးကို အစကနေ ပိတ်ဆို့ပြီး မြစ်ဆုံဆည်ကြီး တည်ဆောက်မည့်စီမံကိန်းကို ကန့်ကွက်ရေးသားခဲ့တဲ့ ဆောင်းပါး ရှစ်ပုဒ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ဝေဘန်ရေးသားခဲ့တဲ့ ဆောင်းပါး ကိုးပုဒ်၊ ချစ်ခင်မြတ်နိုးရသူများအကြောင်း လွမ်းဆွတ်တဲ့ ဆောင်းပါး လေးပုဒ် တို့ကို စုပေါင်းပြီး ဆရာ ပြည်သွေးနိုင် (ရနံ့သစ်) ရဲ့ ခေတ်ပြတိုက်စာပေက ထုတ်ဝေမှာ ဖြစ်ပါတယ်၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စတင်ဖြန့်ချီပါလိမ့်မယ်၊ မျက်နှာဖုံး ပန်းချီဒီဇိုင်းက ပန်းချီ လင်းဝဏ္ဏပါ၊ ဒီဆောင်းပါးတွေကို မိုးမခ၊ ကုမုဒြာသတင်းဂျာနယ်၊ ရနံ့သစ်မဂ္ဂဇင်း၊ ဧရာဝတီနဲ့ Weekly Eleven Journal များမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊

အောင်ဒင်

Monday, January 20, 2014

Burma's Parliament Watch Part (50)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၀၊ ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၅၀) လွှတ်တော်နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ (က)

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လူများစုပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ (စစ်ကိုင်းတိုင်း၊ အမှတ် ၇ မဲဆန္ဒနယ်) က ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်က ပြဋ္ဌန်းခဲ့ပြီး ယနေ့အထိ တည်ဆဲဥပဒေဖြစ်တဲ့ "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ" ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်၊ အဲဒီအဆိုကို အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ကန့်ကွက်ဖြေရှင်းပြီး အခြားကိုယ်စားလှယ်များကလည်း ကန့်ကွက်ကြတာမို့ အဆိုအရေးနိမ့်ခဲ့ပါတယ်၊ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋ္ဋိပက္ခများရဲ့ ရိုက်ခတ်မှုကြောင့် လူမျိုးရေးအခြေခံ မျိုးချစ်စိတ်တွေနဲ့ ကန့်ကွက်ကြတာဖြစ်ပါတယ်၊

အချို့ကလည်း ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ကျွမ်းကျင်သူဥပဒေပညာရှင်များက လူဦးရေ သန်းပေါင်း တစ်ထောင်ကျော်စီရှိတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုကြားမှာတည်ရှိနေရတဲ့ မြန်မာနိုင်ငံ၊ လူဦးရေ သန်းတစ်ရာကျော်ရှိပြီး လူဦးရေသိပ်သည်းမှုမြင့်မားလှတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနဲ့ ကပ်လျက်တည်ရှိနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားများရဲ့ ဝါးမျိုခြင်းမခံရအောင်၊ လူမျိုးမပျောက်အောင် အမျိုးသားလုံခြုံရေးရှူထောင့်ကနေ သေသေချာချာစီစဉ်ရေးဆွဲခဲ့တာမို့ လုံးဝမပြင်ဆင်သင့်ကြောင်း ကန့်ကွက်ကြပါတယ်၊ ပြင်မယ်ဆိုရင်လည်း ဥပဒေမှာ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်များကိုသာ ခေတ်နဲ့လျော်ညီအောင် ပြင်ဖို့ပဲရှိတယ်လို့ ဆိုသူများလည်း ရှိကြပါတယ်၊

တကယ်တော့ ဥပဒေတိုင်းဟာ ပြီးပြည့်စုံတယ်မရှိဘူးလို့ နိုင်ငံတကာဥပဒေပညာရှင်များအားလုံးက လက်ခံထားပြီးသားပါ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ပါတီအစိုးရကစလို့ နဝတ၊ နအဖ အစိုးရများအထိ အာဏာရှင်အစိုးရများ ရေးဆွဲပြဋ္ဌန်းခဲ့တဲ့ ဥပဒေများမှာ ဥပဒေတစ်ခုချင်းအတွင်းမှာရော၊ ဥပဒေတစ်ခုနဲ့ နောက်တစ်ခုကြားမှာရော ဝိရောဓိဖြစ်တဲ့၊ ဆန့်ကျင်တဲ့၊ အဓိပ္ပာယ် နှစ်မျိုးသက်ရောက်တဲ့၊ လိုအပ်သလိုဘာသာပြန်လို့ရတဲ့ ပြဋ္ဌန်းချက်တွေအများကြီး ပါဝင်နေတာပါ၊ အာဏာရှင်စနစ်ကို အထောက်အပံ့ပြုဖို့ ရေးဆွဲပြဋ္ဌန်းခဲ့တဲ့ ဥပဒေများဖြစ်တဲ့အတိုင်း အစိုးရအာဏာတည်မြဲရေးနဲ့ နိုင်ငံတော်လုံခြုံရေးကိုသာ ဦးစားပေးရေးဆွဲခဲ့ကြပြီး နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို မျက်ကွယ်ပြုခဲ့ကြ၊ ကန့်သတ်ခဲ့ကြတာပါ၊ ဒါကြောင့်မို့ ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်မလိုဘူးလို့ ငြင်းဆန်နေမည့်အစား ဘာတွေလိုအပ်သလဲ၊ မှားယွင်းသလဲ၊ လက်ရှိ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကြီး၊ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေရှိရဲ့လား၊ ဘယ်လိုပိုကောင်းအောင်၊ ပြည့်စုံအောင်လုပ်မလဲ ဆိုတာကို သေသေချာချာ လေ့လာသုံးသပ်သင့်ပါတယ်၊

#၂၀၀၈ ဖွဲ့စည်းပုံနှင့် ၁၉၈၂ နိုင်ငံသားဥပဒေတို့၏ ပဋ္ဋိပက္ခ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံအတွင်းကို တရားမဝင် စိမ့်ဝင်လာကြတဲ့ နိုင်ငံခြားသားများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွါးနဲ့ အခွင့်အရေးများကို ကာကွယ်ဖို့ သေသေချာချာ စနစ်တကျရေးဆွဲခဲ့တာလို့ ပြောကြပါတယ်၊ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေဟာ အင်မတန်တင်းကြပ်တယ်လို့ နားလည်လက်ခံထားကြပါတယ်၊ ဒါပေမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဋ္ဌန်းချက်များက နိုင်ငံသားဥပဒေရဲ့ မူလရည်ရွယ်ချက်များနဲ့ ဆန့်ကျင်ဘက်၊ နိုင်ငံတကာကျင့်ထုံးများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်၊

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသားပြုခွင့်ရသူ ဆိုပြီး အဆင့်အတန်း သုံးမျိုးခွဲခြားထားပါတယ်၊ ပုဒ်မ (၂-ခ) အရ နိုင်ငံသားဆိုသည်မှာ "မြန်မာနိုင်ငံသား"၊ ပုဒ်မ (၂-ဂ) မှာ ဧည့်နိုင်ငံသားဆိုသည်မှာ "ဤဥပဒေအရ သတ်မှတ်သော ဧည့်နိုင်ငံသား"၊ ပုဒ်မ (၂-ဃ) မှာ နိုင်ငံသားပြုခွင့်ရသူဆိုသည်မှာ "ဤဥပဒေအရ သတ်မှတ်သော နိုင်ငံသားပြုခွင့်ရသူ" ဆိုပြီး အဓိပ္ပယ်ဖွင့်ဆိုထားပါတယ်၊

"နိုင်ငံသား" ဖြစ်မှုနဲ့ ပါတ်သက်ပြီး ပုဒ်မ (၃) အရ "နိုင်ငံတော်တွင်ပါဝင်သောနယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ"၊ ပုဒ်မ (၅) အရ "တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ"၊ ပုဒ်မ (၆) အရ "ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများ၊ ပုဒ်မ (၇) ပုဒ်မခွဲ (က) (ခ) (ဂ) များအရ " နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊" အားလုံးဟာ "နိုင်ငံသား" များဖြစ်ကြပါတယ်၊



"ဧည့်နိုင်ငံသား" နဲ့ပါတ်သက်ပြီး ပုဒ်မ (၂၃) မှာ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်" ဟု ပြဋ္ဌန်းထားပါတယ်၊

"နိုင်ငံသားပြုခွင့်ရသူ" နဲ့ပါတ်သက်ပြီး ပုဒ်မ (၄၂) အရ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေသော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးများ" ၊ ပုဒ်မ (၄၃) အရ "ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် (က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ။ (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ" သည် ဗဟိုအဖွဲ့သို့ "နိုင်ငံသားပြုခွင့်" ရရန် လျှောက်ထားနိုင်သည်လို့ ဆိုထားပါတယ်၊

ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဃ) (င) (စ) များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာ "နိုင်ငံသား" ဖြစ်လာခွင့်မရှိ၊ ၎င်းတို့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ သား၊သမီးများမှာလည်း "နိုင်ငံသား" ဖြစ်ခွင့်မရှိပဲ၊ ၎င်းတို့ရဲ့ တတိယမျိုးဆက်၊ မြေးများကျမှသာ "နိုင်ငံသား" ဖြစ်ခွင့်ရှိပါတယ်၊ ဒီပြဋ္ဌန်းချက်များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံသားများနဲ့ အဆင့်အတန်းမတူညီကြပါ၊ ဒါကြောင့် နိုင်ငံသားများနဲ့ တန်းတူညီမျှအခွင့်အရေး မရသင့်ပါ၊ အထူးသဖြင့် တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ "နိုင်ငံရေးရာ ကိစ္စ" တွေမှာ ပါဝင်ခွင့် မရှိသင့်ပါ၊ ဒါပေမည့် ပုဒ် မ (၃၀)၊ ပုဒ်မခွဲ (ဂ) နဲ့ ပုဒ်မ (၅၃)၊ ပုဒ်မခွဲ (ဂ) တို့အရ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံတော်ကောင်စီ (အစိုးရ) က အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှ အပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို နိုင်ငံသားများနဲ့ တန်းတူ ခံစားခွင့်ရှိနေပါတယ်၊

အမေရိကန်ပြည်ထောင်စုမှာလည်း အခြေချနေထိုင်သူတွေကို အဆင့်အတန်း လေးမျိုးခွဲခြားထားပါတယ်၊ (က) အမေရိကန် နိုင်ငံသား၊ (ခ) အမြဲတမ်းနေထိုင်ခွင့်ရသူများ (Permanent Residents)၊ (ဂ) ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရသူများ (Refugees)၊ (ဃ) အလုပ်အကိုင် သို့မဟုတ် ပညာသင်ကြားရေးနှင့် ပါတ်သက်ပြီး ယာယီနေထိုင်ခွင့်ပြုထားသူများ (Temporary Visa) စသည်ဖြင့် ခွဲခြားထားပါတယ်၊ ဒီအမျိုးအစားလေးမျိုးစလုံးဟာ အမေရိကန်နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေးကိစ္စတွေအားလုံးမှာ တန်းတူညီမျှအခွင့်အရေးရကြပေမည့် နိုင်ငံရေးကိစ္စတွေမှာ တန်းတူမရှိပါ၊ အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဒုက္ခသည်များ၊ ယာယီနေထိုင်ခွင့်ရသူများအားလုံးဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးနဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ပါဝင်ခွင့်မရှိပါ၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီတစ်ခုခုမှာ အဖွဲ့ဝင်ဖြစ်ခွင့်၊ ရွေးကောက်ပွဲမှာ မဲပေးခွင့်၊ ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက်၊ ပါတီတစ်ခုအတွက် မဲဆွယ်စည်းရုံးခွင့်မရှိပါ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများအဖို့ ဥပဒေအရ နှစ်နှစ် စစ်မှုထမ်းရတာကလွဲရင် အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဒုက္ခသည်များဟာ ပြည်ထောင်စုအစိုးရဋ္ဌာနတွေမှာ အမှုထမ်းခွင့်မရှိပါ၊

အမေရိကန်ပြည်ထောင်စုဆိုတာ ရွှေ့ပြောင်းအခြေချသူများတည်ဆောက်ထားတဲ့ နိုင်ငံ (Immigrant Nation) ဖြစ်ပါတယ်၊ ကမ္ဘာတစ်ဝှမ်းက ရွှေ့ပြောင်းအခြေချနေထိုင်လိုသူများ၊ စစ်ပြေး၊ နိုင်ငံရေး ဒုက္ခသည်များကို နှစ်စဉ်နှစ်တိုင်း သောင်းနဲ့ချီပြီး ကြိုဆိုလက်ခံတဲ့ နိုင်ငံလည်းဖြစ်ပါတယ်၊ ဒီနိုင်ငံမှာတောင်မှ နိုင်ငံသားမဟုတ်သေးသူများကို တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စများမှာ ပါဝင်ခွင့်မပြုပါ၊ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများကို တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခွင့်ပြုထားတာမို့ အံ့ဩမိပါတယ်၊

၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ (၃၉၁) ပုဒ်မခွဲ (က) အရ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရာမှာ ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ အရည်အချင်းပျက်ကွက်သူမဟုတ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် "ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ" တိုင်းသည် ဆန္ဒမဲပေးခွင့်ရှိသည်လို့ ပြဋ္ဌန်းထားပါတယ်၊ အဲဒီ ပြဋ္ဌန်းချက်မှာ ပါဝင်တဲ့ "လွှတ်တော်များ" ဆိုတာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ဖြစ်ကြပြီး "ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ" ဆိုတာ ဧည့်နိုင်ငံသားများနှင့် နိုင်ငံသားပြုခွင့်ရသူများကို ဆိုလိုပါတယ်၊

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့မှာ နအဖအစိုးရက ပြဋ္ဌန်းခဲ့ပြီး ယနေ့အထိ တည်ဆဲဖြစ်တဲ့ "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ"၊ ပုဒ်မ (၄) ပုဒ်မခွဲ (က) မှာ နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် " နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ရမည်" လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၁၀) ပုဒ်မခွဲ (က) မှာလည်း ပါတီဝင်များစည်းရုံးရာမှာ "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ" ကိုသာ စည်းရုံးရမည်လို့ ဆိုထားပြန်ပါတယ်၊ ဒီဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအားလုံးဟာ နိုင်ငံသားများနဲ့ တန်းတူ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီများမှာ ပါဝင်ခွင့်ရှိနေပါတယ်၊ တနည်းအားဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများဟာ ပါတီစုံနိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ခွင့်ရနေပါတယ်၊

နအဖအစိုးရကပဲ ၂၀၁၀ ခုနှစ် မတ်လ (၈) ရက်နေ့မှာပဲ ပြဋ္ဌန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ များမှာလည်း ပုဒ်မ (၆)၊ ပုဒ်မခွဲ (က) မှာ "ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါပြဋ္ဌန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ" များဟာ အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေများဟာလည်း ယနေ့အထိ တည်ဆဲဥပဒေများ ဖြစ်ကြပါတယ်၊ ဒီဥပဒေများအရ "ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ" ဟာ အသက် ၁၈ နှစ်ပြည့်ရင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိပါတယ်၊

အထက်ပါ ဖော်ပြချက်များကို ကြည့်ရင် "ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ" များဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ "နိုင်ငံသားများ" မဟုတ်ကြပေမည့်၊ "နိုင်ငံသားဖြစ်ခွင့်" မရနိုင်ကြပေမည့် ၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီဝင်ဖြစ်ခွင့်၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်၊ ရွေးကောက်ပွဲမှာ ၎င်းတို့နှစ်သက်ရာ ကိုယ်စားလှယ်၊ ၎င်းတို့ကိုယ်စားပြုရာ ပါတီအတွက် မဲဆွယ်စည်းရုံးခွင့်တွေ ရှိနေပါတယ်၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် "ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ" များဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့်မရှိတာကလွဲလို့  မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲတွေမှာ၊ မြန်မာ့နိုင်ငံရေးမှာ တစ်စုံတစ်ရာဩဇာသက်ရောက်ခွင့် ရှိနေပါတယ်၊ ဒါဟာဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရဲ့ "အမျိုးသားလုံခြုံရေး" ရည်မှန်းချက်နဲ့ရော၊ နိုင်ငံတကာက အလေ့အကျင့်များနဲ့ပါ ဆန့်ကျင်နေပါတယ်၊

#ဖိနပ်နဲ့ ခြေထောက် ပြဿနာ

ဒီပြဿနာက ခြေထောက်က ဖိနပ်ထက်ပိုကြီးနေတဲ့ ပြဿနာမျိုးပါ၊ မတော်တဲ့ ဖိနပ်ကို အတင်းစွပ်နေရင် ခြေထောက်နာပါလိမ့်မယ်၊ ဖိနပ်လည်း ပျက်စီးနိုင်ပါတယ်၊ ဖိနပ်နဲ့ တော်အောင် ခြေထောက်ကို ဖြတ်ပစ်ဖို့တော့လည်း မသင့်ပါ၊ ခြေထောက်နဲ့တော်တဲ့ ဖိနပ်အသစ်ကိုပဲ ပြောင်းစီးမှ ဖြစ်မှာပါ၊

ဆက်လက်တင်ပြပါမယ်၊

လေးစားစွာ၊

အောင်ဒင်
ဇန်နဝါရီ ၉၊ ၂၀၁၄