၁၉၈၂-၈၃ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ် စတုတ္ထနှစ် စာမေးပွဲကို မရှူမလှ ကျပြီး ၁၉၈၃-၈၄ စာသင်နှစ်မှာ ခုံနံပါတ်က စ-စက်မှု-၃၀၁ ဖြစ်သွားပါတယ်၊ အဲဒီနှစ်မှာလဲ ကျောင်းခေါ်ချိန်မပြည့်လို့ အိမ်ကို ကျောင်းက တိုင်စာပို့ပါတယ်၊ အဲဒီနှစ်မှာတော့ ကံအားလျော်စွာ စာမေးပွဲအောင်ပါတယ်၊ ၁၉၈၄-၈၅ မှာ ပဉ္စမနှစ် တက်ခဲ့ပြီး အဲဒီ ပဉ္စမနှစ် ကိုပဲ နှစ်ကြိမ်ဆက်ကျလို့ ၁၉၈၇ မှာ ပြင်ပကျောင်းသား (External) ဘဝနဲ့ ဖြေဆိုအောင်မြင်ခဲ့ပါတယ်၊ ၁၉၈၈ မှာ နောက်ဆုံးနှစ်ကျောင်းသားဘဝ ရောက်ရှိချိန်မှာပဲ မတ်လ ၁၃ ရက်အရေးအခင်း ကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီး ၁၉၈၉ ဧပြီလ ၂၃ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်၊ အကျဉ်းထောင်ထဲမှာ လေးနှစ် နဲ့ သုံးလ နေထိုင်ခဲ့ရပြီး ၁၉၉၃ ဂျူလိုင် ၇ ရက်နေ့မှာ သရက်ထောင်က လွတ်ပါတယ်၊ အဲဒီနောက် ပါမောက္ခချုပ် ဆရာကြီး ဦးကြင်စိုး ရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းတက်ခွင့်ပြန်ရပြီး ၁၉၉၄ မှာ စက်မှုအင်ဂျင်နီယာဌာနက ဆရာများ ရဲ့ ကူညီဆောင်မမှုကြောင့် နောက်ဆုံးနှစ်စာမေးပွဲကို နောက်ဆုံးက အောင်မြင်ခဲ့ပါတယ်၊ အောင်စာရင်းစာမျက်နှာ မှာ ကျနော့် အမည်အောက်မှာ မော်ကွန်းထိန်း နဲ့ ပါမောက္ခချုပ်ရဲ့ လက်မှတ်တွေပဲ ရှိပါတော့တယ်၊
ဒီတော့ ကျနော် ရန်ကုန် စက်မှုတက္ကသိုလ်မှာ ၁၉၈၁ မှာတတိယနှစ်ကျောင်းသား ဘဝနဲ့ စတင်ရင်း ၁၉၉၄ မှာ စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့တော့ စုစုပေါင်း ၁၄ နှစ်ကြာခဲ့ပါတယ်၊ ကျနော့်အရင်က ကိုဘသောင်း (မောင်နေသစ်၊ ရေဦး) ကို ကျောင်းသက်အရှည်ဆုံးကျောင်းသားကြီးအဖြစ် မှတ်တမ်းတင်ကြပါတယ်၊ ကျနော်က ကိုနေသစ် ရဲ့ စံချိန်ကို ချိုးလိုက်နိုင်ပြီ ထင်ပါရဲ့၊
ဘဝမှာ မအောင်မြင်သူတယောက်ရဲ့ မှတ်တမ်းတခုပါ၊ အားကျစရာမဟုတ်ပါကြောင်း၊၊၊
အောင်ဒင်/ ဒတ္ထ