BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, February 19, 2011

Departing with Mourning 1986


လွမ်းရင်းခွဲခွါကြပါစို့

အောင်ဒင်/ဒတ္ထ
(၁၉၈၆ ခုနှစ်ကရေးခဲ့တဲ့ကဗျာ၊)

နှုတ်မဆက်နဲ့တော့နော်
ပျော်ရွှင်ခြင်းတံခါးပိတ်
အရိပ်အရောင် ၊ ကွေ့ရှောင်ရစ်ပတ်
ရပ်တန့်တွေဝေ
မနေ့က နေမင်း
ပန်းခင်းထဲမှာ
၊ လမ်းကျဉ်းထဲမှာ
ကဲကွယ်… လွမ်းရင်းခွဲခွါကြပါစို့…၊

နောက်ဆုံးရဲ့ နောက်ဆုံးမို့
အားလုံးကိုပေးဆက်
ချစ်သူ့ရဲ့လက်များ
ခစားဖက်ပွေ့၊ မနေ့တနေ့ကလို
ကြိုတင်မျှော်လင့်ခြင်း
ယုံကြည်ရဲရင့်ခြင်း
ဟင်းလင်းပြင်မှ၊ ဘဝတံခါး
ညများရှည်ကြာဖူးကြမယ်…၊

ဖြေသိမ့်စရာ၊ မခက်ပါစေနဲ့
မျက်နှာလဝန်း၊ ရွှန်းမြဖိတ်လက်
တသက်တကွေ့၊ ရက်နေ့ရာသီ
နာရီတွေပြောင်း
အိပ်မက်ဟောင်းတွေ မက်ကြမယ်…၊

ဆိုပါတော့ကွယ်…
ပန်းရိုင်းခင်းထဲက
စူးရှထုံပျံ့၊ ရနံ့တံတိုင်း
ဒုန်းစိုင်းထိုးဖောက်၊ အဝေးရောက်မည့်လူ…၊

နှင်းဆီမြစ်မှ
မာနလှိုင်းတံပိုး၊ လျှိုးငုတ်ချေဖျက်
ခရီးဆက်မည့် လှေ ….၊

ဟိုး…ရှေ့မှာ
ငါတို့ရဲ့ကမ္ဘာသစ်
အပြာနုကောင်းကင်၊ ရင်ခွင်မတ်မတ်
လတ်ဆတ်မြစ်တစင်း
ပျော်ရွှင်ခြင်းရသ ၊ရချင်မှ ရမယ်…၊
လရောင်ဝေဝါး၊ ညမှောင်ထွေပြား
အမှားအသစ်၊ ဖြစ်ချင်ဖြစ်မယ်
နုသစ်ဂီတ၊ ချိုမြကာရန်
မနက်ဖြန်မိုးသောက်
တို့ ..ရောက်ချင်ရောက်မယ် …၊

အချစ်ဦးရယ်
ဘယ်မှာ ငရဲ၊ ဘယ်မှာ နိဗ္ဗါန်
မာန်ကိုချိုးနှက်၊ ပြောမထွက်ဖူး
ဆူးကြောက်နောက်ဆုတ်၊ ခြေလှမ်းရုတ်တာ
နှစ်ဦးစလုံးရဲ့ရင်မှာ၊ နာကြင်ကြေကွဲ
လွမ်းရင်းခွဲခွါကြပါစို့ကွယ်…။။။

(ပန်းချီကား၊ ထိန်လင်းရဲ့ Forest AD2500၊ Acrylic on Canvas 35 x 98 (1997))

0 comments: