အိပ်မက်ထဲ မလာရ
အောင်ဒင်/ဒတ္ထ
ဩဂုတ် ၁၆၊ ၁၉၈၄
၁၊
အိပ်မက်တခုပေါ့လေ
ပန်းပွင့်တွေလဲ မြေခ
ကြွေကျဆဲမာနသစ်ရွက်
ပါးထက်ခိုနား၊ မျက်ရည်ခါး
နှလုံးသားမှာ၊ ဒဏ်ရာတခု
ဘယ်သူမပြု၊ မိမိမှုတဲ့….။
ပြီးခဲ့ပြီကောကွယ်
ဘယ်လိုမှ အပစ်မတင်ရက်
အမြင့်ကို ဆက်တက်ပါ
ခရီးဖြောင့်ပါစေ
ဆူးညှောင့် ကင်းရှင်းပါစေ
ဆုတောင်းပေးနေရဲ့
ထားခဲ့သူသို့၊ မေတ္တာပို့သ
မေ့လို့မရနိုင်ပါလား…..။
၂၊
… အို
အိပ်စက်ခြင်းကို စိုးမိုး
အိပ်မက်မြူခိုးများကြားမှာ
ချစ်ခဲ့ဖူးသူပါလား
ဝိုးတဝါးဝတ်ရုံ၊ နှင်းဆီငုံပန်းတပွင့်
လက်ဖြင့်ဆုတ်ချေ၊ လွင့်မျောလာနေရဲ့
အညာဖွဲ့အပြုံး၊ မျက်လုံးနက်နက်
စွဲမက်ကြင်နာဆဲ
ကမ်းလက်ရဲရဲ၊ တွဲမခိုဝံ့
ဆုတ်ရွံ့ကွဲကြေ၊ ငိုချင်နေမိ
သူမသိဘူး….။
သွားပါတော့လေ
မမုန်းပေမည့်၊ မေ့ချင်ရဲ့
ဒဏ်ရာများရဲ့ အနာဂတ်
သတ်မှတ်ရွေးချယ်ထားတဲ့လမ်း
ဖြောင့်ဖြောင့်လျှောက်လှမ်းပါရစေ…။
၃၊
အိပ်မက်မက်ဆဲ
အိပ်မက်ထဲလာ
နင် မညာပါနဲ့တော့ကွယ်၊ ။
(လွန်ခဲ့တဲ့ ၂၆နှစ်က ကဗျာ၊ ၂၀၁၁ ဂျန်နဝါရီလ မှာ ကံကောင်းထောက်မစွာ ပြန်ရရှိခဲ့တယ်၊)
(ပန်းချီကား၊ ထိန်လင်း ရဲ့ Green Dream ၊ Acrylic and mixed media on recycled card 75 cm x 92 cm၊)
0 comments:
Post a Comment