ကျနော့်ရဲ့ အပြာရောင်မိုးစက်ပွင့်များ
အောင်ဒင်/ ဒတ္ထ
ဇွန် ၃၊ ၁၉၈၆
…မျက်လှည့်ဆရာက
မိုးကိုရွာစေခဲ့တယ်…၊
စက်တင်ဘာရယ်
တိတ်ဆိတ်မြက်ခင်းထဲမှာ လူးလွန့်ရှင်သန်နေတဲ့
ဟန်မဆောင်ပန်းပွင့်တချို့လဲ
ကြည်နူးလို့နေရော့မယ်…၊
ပွဲတော်တွေလဲ ရေစိုကြ
ညနေခင်းတချို့လဲ ဆေးကြောခံရ
မှန်မှန်မရေးဖြစ်တဲ့ ဒိုင်ယာရီထဲက
စိုရွှဲအေးစက်နာရီများအတွက်
အမှတ်တရ အိပ်မက်
နှလုံးသားထဲမှာ သိမ်းဖက်ထားမယ်…၊
လမင်းကိုစွန့်ပစ်၍
ခတ်ကိုကျောခိုင်းပြီး
ခရီးကို နောက်ဆုတ်ကာ
ကမ္ဘာကို မုန်းကြမတဲ့
ရှုံးနိမ့်သူတချို့ရဲ့ ငိုကြွေးသံ
ကောင်းကင်ယံကို ထိမှန်ကြေကွဲ
ဘဝမှာနေပျော်ရဲခြင်းဖြင့်
လောကကို နားလည်သင့်ရဲ့…၊
လှေကားပေါ်လှမ်းတက်၍
မိုးကောင်းကင်ကို ပွေ့ဖက်ခြင်းနဲ့
လှေကားမှ လှမ်းဆုတ်
မိမိကိုယ်တိုင်ရဲ့ ဘဝကို ကြိုးတုတ်ခြင်းတို့ဟာ
ဝေးသထက်ဝေးကွာသလို
နီးသထက်နီးလာကြ
နှလုံးသားကိုမညာရဘူး…၊
ဟလို …ကောင်းကင်ကြီး
သင့်ရင်ခွင်ကိုတမ်းမက်ရင်း
သင်အကြင်နာကို တောင့်တရင်း
သင့်သီချင်းသံကိုနာခံရင်း
အသက်ရှုသံတွေကြီးပြင်းခဲ့
အိပ်မက်တွေ အရွယ်ရင့်ခဲ့
ယဉ်ကျေးမှုသံခမောက်နဲ့ လမ်းလျှောက်ခဲ့တာ
ရာသီပေါင်း ၆၉ခု
ရိုးသားမှုဒီဇိုင်းနဲ့အင်္ကျီ
ပါးလွှာစုတ်ပြတ် ညစ်ပတ်နေပါပြီ…၊
ချစ်သူရေ
ပန်းတွေလဲ သူ့အဆင်းနဲ့သူဝေကြ
နက်ဖြန်ခါတွေလဲ သနပ်ခါးလိမ်းကြ
မုန်းသူတွေကိုတောင် မေ့နိုင်စွမ်းတဲ့ညတည
ငါပိုင်ဆိုင်စမ်းပါရစေ…၊
မျှော်လင့်ချက်တွေကို
ဖန်ခွက်ထဲထည့်သောက်ပစ်လိုက်တယ်…၊
နောက်တနေ့မနက်
အပြာရောင်မိုးစက်ပွင့်များနဲ့ ကမ္ဘာ
သန့်စင်စွာနိုးထလာဦးတော့မယ်… ။။။
(လွန်ခဲ့တဲ့ ၂၅နှစ်၊ အသက် ၂၃နှစ်အရွယ်က ရေးခဲ့တဲ့ကဗျာ၊ စပယ်ဖြူမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ဖူး၊ ၂၀၁၁ ဂျန်နဝါရီလမှာ ပြန်ရရှိတယ်၊)
(ပန်းချီကား၊ ထိန်လင်း ရဲ့ NUDE ၊ Water Color၊ 2006)
1 comments:
ပျောက်နေတဲ့ ငယ်ငယ်တုန်းက ကဗျာလေးတွေ၊ မထင်မှတ်ပဲ ပြန်ရတဲ့အခါ၊ ကွဲကွာနေတာကြာတဲ့ သူငယ်ချင်းနဲ့ မထင်မှတ်ပဲ ပြန်ဆုံရသလိုပဲ။
ငယ်ချစ်ဟောင်းနဲ့ ပြန်တွေ့ရသလိုပဲလို့ ပြောရင် ပိုလှမလားမသိ၊ ဒါပေမဲ့ ရည်းစားဟောင်း မရှိတော့ ပြောရခက်တယ်။ :)
Post a Comment