(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅၊
စာမျက်နှာ ၂၂)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၈၅)
အရေးတကြီးလိုအပ်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဥပဒေ (က)
#နီးကပ်လာသည့်
၂၀၁၅ ရွေးကောက်ပွဲ
အများမျှော်လင့်စောင့်စားနေကြတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို
၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဒီဆောင်းပါးကို ဖော်ပြနိုင်မည့် ဖေဖော်ဝါရီလဆန်းကနေ ရေတွက်ရင် ရွေးကောက်ပွဲကျင်းပဖို့
(၉) လ ဝန်းကျင်လောက်ပဲ လိုပါတော့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို
နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ တရားမျှတသန့်ရှင်းစွာ ကျင်းပပေးမည်လို့လည်း အကြိမ်ကြိမ်ကတိပြုထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယအကြိမ်ကျင်းပမှာ ဖြစ်တဲ့
၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မြန်မာပြည်သူများကတင် စောင့်စားမျှော်လင့်နေတာမဟုတ်ပဲ
နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများကပါ စောင့်စားမျှော်လင့်နေကြတာပါ။ ဒီရွေးကောက်ပွဲကြီးကနေ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ ဘယ်လောက်ခိုင်မာမှုရှိသလဲ၊ ဘယ်လောက်စိတ်ချရပြီလဲ၊
ဘယ်လောက်ခက်ခဲကြမ်းတမ်းဦးမလဲဆိုတာကို ပီပီပြင်ပြင် ခန့်မှန်းနားလည်နိုင်မှာပါ။ ဒီရွေးကောက်ပွဲကြီးကို
သန့်ရှင်း၊ မျှတစွာနဲ့ အောင်အောင်မြင်မြင်ကျင်းပပြီး ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများကို ၂၀၁၆ ခုနှစ်မှာ
စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းနိုင်ရေးဟာ မြန်မာနိုင်ငံအပြောင်းအလဲများအတွက်
အင်မတန်အရေးကြီးတဲ့ သမိုင်းမှတ်တိုင်ဖြစ်နေပါတယ်။
လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့
တည်ဆဲဥပဒေများက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ရွေးကောက်ပွဲဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲဥပဒေများနဲ့
သက်ဆိုင်ရာ နည်းဥပဒေများ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲမကျင်းပမီ ပြည်ထောင်စုလွှတ်တော်က
အင်မတန်အရေးကြီးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းသင့်ပါတယ်။ အဲဒီဥပဒေက "မြန်မာနိုင်ငံ ရွေးကောက်ပွဲများအား ပြည်တွင်းပြည်ပအဖွဲ့အစည်းများအား
စောင့်ကြည့်လေ့လာခွင့်ပြုခြင်းဥပဒေ" ဖြစ်ပါတယ်။
#ရွေးကောက်ပွဲများအား
စောင့်ကြည့်လေ့လာရန် လိုအပ်ခြင်း
ရွေးကောက်ပွဲများကို လွတ်လပ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများက
စောင့်ကြည့်လေ့လာတယ်ဆိုတာ အဲဒီရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုကို အာမခံချက်ပေးတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ မြင့်မားအောင် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ပြည်တွင်း၊
ပြည်ပ လေ့လာသူများ အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ရွေးကောက်ပွဲတစ်ခုမှာ ရွေးကောက်ပွဲမသမာမှုများ၊
မတရား၊ မမျှတမှုများ ရှိနိုင်တာထက် ပိုပြီးနည်းတတ်ပါတယ်။ ရှိရင်လည်း အလွယ်တကူစုံစမ်းစစ်ဆေးပြီး
တိတိကျကျဖော်ထုတ်ကန့်ကွက်နိုင်တာမို့ ရွေးကောက်ပွဲရဲ့ မသန့်ရှင်းမှုကို ဖြောင့်မတ်စေနိုင်ပါတယ်။
ပြည်တွင်းပြည်ပ လေ့လာသူများရှိနေတဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူများကလည်း ရွေးကောက်ပွဲပေါ်
ပိုပြီးယုံကြည်မှုရှိလာနိုင်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်နိုင်ကြပါတယ်။
မိမိတို့အပေါ် ခြိမ်းခြောက်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အကြမ်းဖက်မှုများရှိလာရင်လည်း
ပြည်တွင်းပြည်ပလေ့လာသူများထံ အချိန်မီအကြောင်းကြား တိုင်တန်းရဲကြပါတယ်။ ဒါကြောင့်မို့
ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောအဖွဲ့အစည်းများအား ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခွင့်ပေးခြင်းဟာ
သန့်ရှင်းမျှတသော ရွေးကောက်ပွဲတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ဖြစ်လာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို
စောင့်ကြည့်လေ့လာဖို့အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို
ဖိတ်ခေါ်မယ်။ လူမှုအဖွဲ့အစည်းများကို လေ့ကျင့်ပညာပေးမယ်လို့ ပြောဆိုနေပါတယ်။ ကော်မရှင်က
နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရွေးကောက်ပွဲလေ့လာခြင်းဆိုင်ရာ ကျင့်ဝတ်များကို
ရေးဆွဲထုတ်ပြန်သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့
ကျင့်ဝတ်များနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို မထိခိုက်စေပဲ ၂၀၁၅ ရွေးကောက်ပွဲကို
လေ့လာစောင့်ကြည့်နိုင်မယ်လို့ သိရပါတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို
ဖိတ်ကြားမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ
ထောက်ခံကြိုဆိုပါတယ်။
ဒါပေမည့်လည်း ဒီလောက်နဲ့ လုံလောက်မယ်မထင်ပါ။ ပြည်တွင်းပြည်ပ
လွတ်လပ်သောအဖွဲ့အစည်းများက ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခွင့်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့
ခွင့်ပြုချက်အရမဟုတ်ပဲ လွှတ်တော်ကပြဋ္ဌာန်းတဲ့ ဥပဒေတစ်ခုခုရဲ့ ခွင့်ပြုချက်အရပဲ ဖြစ်သင့်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ကျင့်ဝတ်များမှာလည်း
ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲလေ့လာသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတွေ ပြည့်ပြည့်စုံစုံပါချင်မှ
ပါမှာပါ။ ပိုဆိုးတာက အဲဒီ ကျင့်ဝတ်စည်းကမ်းတွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရဲ့
လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့်ကို တားမြစ်ကန့်သတ်ထားတဲ့ အချက်တွေ ပါဝင်နိုင်ပါသေးတယ်။
ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံက ရွေးကောက်ပွဲများကို ပြည်တွင်း၊
ပြည်ပ လွတ်လပ်တဲ့အဖွဲအစည်းများအား လွတ်လပ်စွာစောင့်ကြည့်လေ့လာခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို
ပြဋ္ဌာန်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။
လက်ရှိအခြေအနေကို ကြည့်ရင်လည်း ပြည်သူလူထုနဲ့ နိုင်ငံတကာအစိုးရတွေက
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ရာနှုံးပြည့်ယုံကြည်စိတ်ချနိုင်မှာ မဟုတ်ပါ။ ပြည်သူလူထုအဖို့
၂၀၁၀ ရွေးကောက်ပွဲမှ မတရားမှုများ၊ မမျှတမှုများကို ထင်ထင်ရှားရှား အမှတ်ရနေဆဲပါ။ ရပ်ကွက်၊
ကျေးရွာအာဏာပိုင်များက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကို မဲပေးဖို့ ဖိအားပေးခဲ့တာတွေ၊
ခြိမ်းခြောက်ခဲ့တာတွေ၊ ဖျားယောင်းလိမ်လည်ခဲ့တာတွေ၊ မဲပေးပိုင်ခွင့်ရှိသူအများအပြား
မဲပေးခွင့်မရခဲ့ပဲ တိုင်းပြည်တွင်းမရှိတော့သူတွေ၊ သေဆုံးပြီးသူတွေရဲ့ မဲတွေက မဲပုန်းထဲရောက်နေတာတွေ၊
အဲဒီလို မတရားလုပ်တာတောင်မှ အနိုင်မရလို့ ကြိုတင်မဲတွေ အများအပြားဖန်တီးပြီး အတင်းအဓမ္မအနိုင်ယူခဲ့ကြတာတွေကို
အမှတ်ရနေဆဲပါ။ နိုင်ငံရေးပါတီများအနေနဲ့လည်း လွတ်လွတ်လပ်လပ်စည်းရုံးခွင့်မရခဲ့ကြတာ၊
အစိုးရပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှ စည်းရုံးလှုံ့ဆော်ခွင့် မျှမျှတတမရခဲ့တာ၊
နိုင်ငံပိုင်အဆောက်အအုံများ၊ ဘဏ္ဍာငွေများကို အသုံးပြုခွင့်ရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့
ငွေကြေးကြွယ်ဝမှုနဲ့ ကျောထောက်နောက်ခံအားကောင်းမှုကို မယှဉ်နိုင်ခဲ့တာ စတဲ့ မမျှတမှုတွေကို
သတိရနေကြဆဲပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ်လို့ ဆိုနိုင်ပေမည့်
ကိုယ်စားလှယ်နေရာ (၄၀) ကျော်လောက်အတွက်သာ ကျင်းပတာမို့ အခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲလို
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ၏ ဗဟိုဦးစီးအဖွဲ့ဝင်များ
(၁,၂၀၀) ကျော် ရွေးကောက်တင်မြှောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲလို့ပဲ ဖြစ်လာလေမလားလို့
သဘာဝကျကျ စိုးရိမ်နေကြမှာပါ။