(7 Day Daily နေ့စဉ်သတင်းစာ၊ စက်တင်ဘာလ ၅ ရက်၊ ၂၀၁၅, http://7daydaily.com/story/45673)
သစ်ခုတ်သမားနဲ့
ပန်းပုဆရာ
အောင်ဒင်
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကြီးက နီးသထက်နီးလာပါပြီ။ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွေမှာ ပြည်သူလူထုရဲ့ ထောက်ခံမဲရဖို့ စည်းရုံးလှုံ့ဆော်နေကြပါပြီ။ စည်းရုံးရေးကာလမှာ အဓိကအကျယ်လောင်ဆုံးမေးခွန်းတစ်ခုက "ပါတီအလံကိုကြည့်ပြီး မဲပေးမှာလား။ လူကိုကြည့်ပြီး မဲပေးမှာလား" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ လူကိုမကြည့်နဲ့၊ ပါတီအလံကိုပဲ ကြည့်ပြီး မဲပေးကြဖို့ စည်းရုံးနေကြသူတွေ ရှိပါတယ်။ ပါတီအလံကိုမကြည့်နဲ့၊ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကိုပဲကြည့်ပြီး ယုံကြည်အားကိုးထိုက်သူကိုသာ ရွေးချယ်မဲပေးကြဖို့ စည်းရုံးနေကြတာလည်း ရှိပါတယ်။ အဲဒီလို စည်းရုံးသံတွေကြားရတော့ လွန်ခဲ့တဲ့ နှစ်လလောက်၊ ဩဂုတ်လဆန်းလောက်က အင်အားကြီးပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုများနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအကြား ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတဲ့ "သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး၊ ပန်းပုဆရာတွေပဲ လိုအပ်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။
လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး
၂၀၁၁ ခုနှစ်က စလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ အာဏာသုံးရပ်ကို တစ်စုတစ်ပေါင်းတည်း ကိုင်တွယ်ကျင့်သုံးတဲ့ စစ်အာဏာရှင်စနစ်ကနေ အာဏာသုံးရပ်ကို အစိုးရ၊ လွှတ်တော်၊ တရားရုံးချုပ်စတဲ့ အဖွဲ့အစည်းသုံးရပ်ကို ခွဲဝေကျင့်သုံးစေတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးစနစ်" သို့ ပြောင်းလဲခဲ့ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ နေရာမှာ တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ဆိုပြီး အင်အားစု နှစ်စုဖြစ်လာပါတယ်။ အာဏာပိုင်အဖွဲ့အစည်းများရဲ့ သက်တမ်းကို ၅ နှစ်သတ်မှတ်ပြီး ရွေးကောက်ပွဲများကတဆင့် အတိုက်အခံအင်အားစုများ (အကန့်အသတ်နဲ့) အာဏာရရှိရေး ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးရှိလာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးအခွင့်အရေးများ ပိုင်ဆိုင်ထားတဲ့ တပ်မတော်က သူ့ရဲ့ ကိုယ်ပိုင် နိုင်ငံရေးအင်အားစုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပူးပေါင်းပြီး နိုင်ငံတော်အာဏာအရပ်ရပ်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားများရဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမှုတွေကို တံခါးပိတ်ထားလို့ မရတော့ပါဘူး။
အဲဒီလို နိုင်ငံရေးအခင်းအကျင်းပြောင်းလဲမှုအရ အတိုက်အခံ ဒီမိုကရေစီအင်အားစုများဘက်မှာလည်း လှုပ်ရှားမှုပုံစံ နှစ်မျိုးရှိလာပါတယ်။ တချို့က နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်၊ ရွေးကောက်ပွဲက တဆင့် လွှတ်တော်ထဲရောက်အောင် ကြိုးစားပြီး အရွေးချယ်ခံရတဲ့အခါ လွှတ်တော်အတွင်းကနေ နိုင်ငံရေးအပြောင်းအလဲများ တောင်းဆိုဖို့ ကြိုးစားကြပါတယ်။ ဒါကို "လွှတ်တော်အတွင်းနိုင်ငံရေးလှုပ်ရှားမှု" လို့ ခေါ်ဆိုကြပါတယ်။ တချို့ကတော့ အရင်ကလိုပဲ လူထုကို စည်းရုံးလှုံ့ဆော်ပြီး မကျေနပ်မှုများ၊ မတရားမှုများကို ဆန္ဒပြ ကန့်ကွက်၊ တောင်းဆိုတဲ့ နည်းလမ်းကိုပဲ ရွေးချယ်ကြပါတယ်။ ဒါကို "လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှု"လို့ ခေါ်ဆိုကြပါတယ်။ အဲဒီနောက် လွှတ်တော်ပြင်ပလှုပ်ရှားသူများကို "သစ်ခုတ်သူများ"၊ လွှတ်တော်တွင်း ဝင်ရောက်လှုပ်ရှားသူများကို "ပန်းပုဆရာများ" လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။
နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲရဲ့ အစောပိုင်းကာလများမှာတော့ သစ်ခုတ်သမားများနဲ့ ပန်းပုဆရာများဟာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လိုအပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်က အများစုနဲ့လွှမ်းမိုးထားတဲ့ လွှတ်တော်ထဲမှာ အတိုက်အခံ ပန်းပုဆရာများက အနည်းငယ်သာရှိတာမို့ အဲဒီ ပန်းပုဆရာများအတွက် လွှတ်တော်ပြင်ပက သစ်ခုတ်သမားများရဲ့ အင်အားကို အရေးတကြီး လိုအပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပလှုပ်ရှားမှုများဟာ အပြန်အလှန် အထောက်အကူ ပြုနိုင်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်ရှိသွားတဲ့
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" ဟာ လွှတ်တော်အတွင်းနိုင်ငံရေးလှုပ်ရှားမှုရဲ့
ခေါင်းဆောင်ဖြစ်လာပြီး ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့
ဖွဲ့စည်းထားတဲ့ "၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)"
ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒီအဖွဲ့ကြီးနှစ်ခုရဲ့
အပြန်အလှန် အထောက်အကူပြုမှု၊ ပူးပေါင်းလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝှမ်းမှာ ပြည်သူတွေ
သိန်းနဲ့ချီပြီး ပါဝင်တဲ့ လူထုအစည်းအဝေးကြီးတွေကို ၂၀၁၄ ခုနှစ်အတွင်းမှာ ကျင်းပနိုင်ခဲ့ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ လက်မှတ်ပေါင်း ၅ သန်းကျော်
စုဆောင်းကောက်ခံနိုင်ခဲ့တာ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။
ပြိုလဲသွားတဲ့ မျှခြေ
အဲဒီလို အပြန်အလှန် အထောက်အကူပြု၊ အပေးအယူမျှခဲ့တဲ့ ဒီမိုကရေစီအင်အားစုများရဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများဟာ အခုတော့ ပြိုလဲစပြုလာပါပြီ။ လွှတ်တော်တွင်း တိုးတက်ပြောင်းလဲမှုများက ပန်းပုဆရာများကို လွှတ်တော်အပေါ် ယုံကြည်မှုပိုမိုမြင့်မားလာစေပြီး လွှတ်တော်ပြင်ပက သစ်ခုတ်သမားများရဲ့ အခန်းကဏ္ဍကို မလိုအပ်တော့သလို ထင်မြင်လာကြပါတယ်။ ဒီကနေ့၊ ဒီအချိန်ဟာ ပန်းပုဆရာတွေ များများလိုအပ်ပြီး သစ်ခုတ်သမားတွေ မလိုအပ်တော့တဲ့ အချိန်ဖြစ်တယ်လို့ ထင်မြင်သူတွေ ရှိလာကြပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ တက္ကသိုလ်ကျောင်းသားများရဲ့ "အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲကြီး" ကို လွှတ်တော်တွင်းနိုင်ငံရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" က မထောက်ခံတဲ့အပြင် ကျောင်းသားလှုပ်ရှားမှုကို ကူညီထောက်ခံတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ယောက်ကို ပါတီခေါင်းဆောင်မှုကနေ ထုတ်ပယ်ပစ်လိုက်တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပါတီအလိုက် ရွေးချယ်ကြတဲ့အခါ သစ်ခုတ်သမားနဲ့ ပန်းပုဆရာများရဲ့ ကွာခြားမှုက ပိုပြီးကြီးမားလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်တွေထဲမှာ ဘွဲ့ရပညာတတ်ဖြစ်ရမယ်ဆိုတာနဲ့ လူငယ်ကို ဦးစားပေးမယ်ဆိုတာ ပါရှိပါတယ်။ ဒီအရည်အချင်းကန့်သတ်ချက်များက ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးမှာ ကျောင်းသားခေါင်းဆောင်များ (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များအဖြစ်နဲ့ သူတို့ရဲ့ လူငယ်ဘဝတွေ၊ သူတို့ရဲ့ ပညာရေးတွေကို စွန့်လွှတ်ပြီး စိုက်လိုက်မတ်တတ် ပါဝင်လှုပ်ရှားခဲ့သူများ၊ လှုပ်ရှားနေဆဲ ပုဂ္ဂိုလ်များကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဝါရင့် သစ်ခုတ်သမားကြီးတွေပါ။ လူထုဘဝကို အနိုင်ကျင့်နေတဲ့ အာဏာရှင် သစ်ပင်ကြီးတွေကို ခုတ်လှဲရှင်းလင်းဖို့ ကြိုးစားခဲ့ကြသူတွေပါ။ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရလို့ အကျဉ်းထောင်များထဲမှာ လူငယ်ဘဝတစ်ခုလုံး ပျောက်ဆုံးခဲ့ရပြီးတဲ့နောက် အကျဉ်းထောင်များက ပြန်လည်လွတ်မြောက်တဲ့အခါမှာ သူတို့ဟာ အသက် ၅၀ ကျော်၊ ဘွဲ့မရ၊ ကျောင်းပညာမပြည့်စုံတဲ့ လူအိုလေးတွေ ဖြစ်နေကြပါပြီ။ ဘွဲ့မရပေမယ့် သူတို့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများ၊ ပြည်သူလူထုအပေါ် ဦးဆောင်နိုင်စွမ်း အရည်အချင်းများ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာစောင့်သိမှုများအရ သူတို့ဟာ သစ်ခုတ်သမားဘဝကနေ ပန်းပုဆရာများအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်ဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဒါပေမည့် သူတို့ဟာ အမျိုးသမားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပန်းပုဆရာလောင်း ရွေးချယ်ပွဲမှာ အရွေးချယ်မခံခဲ့ကြရပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များက သူတို့ကို ပန်းပုဆရာဖြစ်ထိုက်သူများအဖြစ် အသိအမှတ်မပြုပါ။
သစ်ခုတ်သူများလည်းလိုအပ်၊ ပန်းပုဆရာများလည်း လိုအပ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ခြင်းဟာ ပြည်သူလူထုလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ခြင်းမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ အမိန့်၊ အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အစိုးရအဖြစ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို ကြီးမားတဲ့အာဏာတွေ အပ်နှင်းပြီး အရပ်သားတွေကို အာဏာတစ်စိတ်တစ်ပိုင်းအပ်နှင်းတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အရပ်သားအစိုးရ (The Military Back-Civilian Government) အဖြစ် ပြောင်းလဲတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာဖြင့် ဗဟိုဦးစီးစနစ်ကို ဖြေလျော့ပေးခြင်း (Decentralization) သာ ဖြစ်ပါတယ်။ အာဏာသုံးရပ်ကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက ကိုင်တွယ်မထားတော့ပဲ အစိုးရ၊ လွှတ်တော်၊ တရားလွှတ်တော်ချုပ်ဆိုတဲ့ အဖွဲ့အစည်း သုံးရပ်ကို ခွဲဝေကျင့်သုံးစေတယ်။ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ်များ အဆင့် ခွဲဝေအုပ်ချုပ်တယ်။ အဲဒီ အာဏာပိုင်အဖွဲ့အစည်း သုံးရပ်မှာ ပါဝင်နိုင်ဖို့ ၅ နှစ်တစ်ကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းပြီး လွှတ်တော်ထဲရောက်ဖို့ လိုအပ်တယ်။ အရပ်သားတွေလက်ထဲ ဘယ်လောက်ပဲ အာဏာရောက်ရောက်၊ တပ်မတော်ရဲ့ သဘောတူညီမှုမရပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခွင့်မရှိ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခွင့်မရှိ၊ တပ်မတော်ကို နိုင်ငံတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ဖယ်ရှားနိုင်ခွင့် မရှိပါ။
ဒါပေမယ့်လည်း ဒီ ဗဟိုဦးစီးစနစ်ဖြေလျော့ခြင်းကာလမှာ တပ်မတော်နဲ့ အရပ်သားနိုင်ငံရေးသမားများ ပူးပေါင်းဆောင်ရွက်ခွင့်နဲ့ အပြန်အလှန် လေ့လာသင်ယူခွင့်တွေ ရှိနေပါတယ်။ အရင်ကလို စစ်တပ်က အရပ်သားနိုင်ငံရေးသမားများနဲ့ တစ်သီးတစ်ခြားကင်းကွာနေလို့ မရတော့ပဲ လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွေ ရှိလာပါတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်နိုင်မယ်ဆိုရင်၊ တပ်မတော်နဲ့ အရပ်သားနိုင်ငံရေးသမားများအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင် နောင်ကာလတစ်ခုမှာ အကြမ်းမဖက်၊ သွေးမထွက်ပဲ ဗဟိုဦးစီးစနစ်ဖြေလျော့ပေးခြင်းကနေ ဒီမိုကရေစီစနစ်တည်ဆောက်ခြင်း (Democratization) ဆီ ကူးပြောင်းရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
လက်ရှိဖြတ်သန်းနေရတဲ့ ဗဟိုဦးစီးစနစ်ဖြေလျော့ခြင်း ကာလအတွင်းမှာ ဒီမိုကရေစီအင်အားစုများရဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများဟာ အပြန်အလှန် လိုအပ်နေဆဲဖြစ်ပါတယ်။ သစ်ခုတ်သမားများကလည်း ပန်းပုဆရာတွေကို လိုအပ်ပါသေးတယ်။ ပန်းပုဆရာတွေကလည်း သစ်ခုတ်သမားတွေကို လိုအပ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် မလိုအပ်တော့ဘူးလို့ ယူဆကြရင်၊ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွန့်ပစ်ကြရင် အမှားကြီး မှားပါလိမ့်မယ်။ သို့သော်လည်း ဒီမိုကရေစီစနစ်နဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးများ၊ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုများကို မျှော်လင့်တောင့်တနေကြတဲ့ ပြည်သူများကတော့ ပိုပြီးအရည်အသွေး ပြည့်ဝတဲ့ သစ်ခုတ်သမားတွေ၊ ပိုပြီး ဥာဏ်ပညာအမြှော်အမြင်နဲ့ ပြည့်စုံတဲ့ ပန်းပုဆရာတွေကို အထူးမျှော်လင့်ပါလိမ့်မယ်။ သာမာန်သစ်ခုတ်သမားတွေ၊ သာမာန်ပန်းပုဆရာတွေကို လိုချင်မှာ မဟုတ်ပါ။
အရည်အသွေး ပြည့်ဝသည့် သစ်ခုတ်သမားများ
သစ်ခုတ်သမားတွေ အတွက် လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့အညီ ၎င်းတို့ရဲ့ သစ်ခုတ်လှဲရေးနည်းဗျူဟာများကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ခရိုနီတွေ သစ်ခုတ်သလို သစ်တောတွေ့သမျှ အပြောင်ရှင်းတာမျိုး မဖြစ်သင့်တော့ပါ။ လက်ရှိနိုင်ငံရေးအပြောင်းအလဲများအရ သစ်တောကြီးတစ်ခုလုံးကို မကောင်းဘူးလို့ ပြစ်တင်ပြီး ခုတ်လှဲဖို့ ကြိုးစားမယ်ဆိုရင် မှားပါလိမ့်မယ်။ သစ်တောကြီးထဲမှာ သစ်ပင်ကောင်းတွေလည်း ရှိပါတယ်။ သစ်ပင်ဆိုးတွေလည်း ရှိပါတယ်။ ကောင်းတဲ့ သစ်ပင်ကို ပိုပြီးရှင်သန်ကြီးထွားအောင် မြေတောင်မြှောက်ပေးဖို့ လိုအပ်ပါတယ်။ မကောင်းတဲ့ သစ်ပင်ကို သေသေချာချာ ရွေးချယ်ပြီး အမြစ်ပါမကျန်အောင် ခုတ်ထွင်ရှင်းလင်းတတ်ဖို့ လိုအပ်ပါတယ်။ မကောင်းတဲ့ သစ်ပင်ကို ခုတ်လှဲတဲ့အခါမှာလည်း ဘေးပတ်ဝန်းကျင်က သစ်ပင်ကောင်းတွေကို မထိခိုက်စေဖို့၊ သစ်ပင်က ကိုယ့်အပေါ်ပြိုလဲပြီး ကိုယ့်ကိုယ်ကို မထိခိုက်စေဖို့၊ သစ်ပင်မလဲပဲ ကိုယ်ပဲလဲရတဲ့ အဖြစ်မျိုး မရောက်စေဖို့ ဂရုစိုက်နိုင်ရပါမယ်။ အကြောင်း၊ အကျိုး၊ အကန့်အသတ်တွေကို ရွေးချယ်စီစဉ်တတ်ရပါမယ်။ စသင့်တဲ့အချိန်မှာ စပြီး ရပ်သင့်တဲ့အချိန်မှာ ရပ်ရဲ၊ ရပ်နိုင်ရပါမယ်။ အရေးအကြီးဆုံးက သစ်ခုတ်သမားများရဲ့ ဆောင်ရွက်ချက်ဟာ လွှတ်တော်တွင်းက ပန်းပုဆရာများကို အထောက်ပံ့ပေးနိုင်ဖို့၊ ဒါမှမဟုတ် ပန်းပုဆရာများက မိမိတို့ ရောက်ရှိနေရာ လွှတ်တော်ကြီးအတွင်းကနေ သစ်ခုတ်သမားများကို ထိထိရောက်ရောက်ကူညီနိုင်ဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို မဟုတ်ပဲ သစ်တောကြီးတစ်ခုလုံးကို မဆင်မခြင်လိုက်ခုတ်နေမယ့် သစ်ခုတ်သမားများကိုတော့ ဒီကနေ့ နိုင်ငံရေးမှာ အမှန်တကယ် မလိုအပ်တော့ပါ။
ဥာဏ်ပညာအမြှော်အမြင်နဲ့ ပြည့်စုံတဲ့ ပန်းပုဆရာများ
ပန်းပုဆရာလို့ ပြောကြသူတွေ အများကြီးရှိပါလိမ့်မယ်။ တချို့က ပန်းပုဆရာအမည်ခံပေမည့် သွားကြားထိုးတံလောက်ပဲ ထုတတ်ကြသူတွေပါ။ တချို့က ဘီလူးရုပ်၊ နဂါးရုပ်၊ သူရဲ၊ တစ္ဆေရုပ်တွေကိုသာ ကျွမ်းကျွမ်းကျင်ကျင် ထုဆစ်တတ်ကြသူတွေပါ။ တချို့ကကျတော့ သစ်သားနဲ့ မဟုတ်ပဲ ဆင်တစ်ကောင်လုံးကို ရက်ရက်စက်စက်သတ်ပြီး ဆင်စွယ်ကိုဖြတ်လို့ ပန်းပုထုချင်ကြသူတွေပါ။ အဲဒီလို ပန်းပုဆရာမျိုးဟာ ဒီမိုကရေစီအင်အားစုအတွက် လိုအပ်တဲ့ ပန်းပုဆရာတွေ မဟုတ်ကြပါ။ ကျနော်တို့လိုအပ်တာက ဒီမိုကရေစီနတ်သမီးရုပ်တုကို အလှပဆုံး ထုဆစ်နိုင်သူတွေကိုပါ။ ငြိမ်းချမ်းရေးမီးရှူးတိုင်ကို အတောက်ပဆုံး ထုဆစ်နိုင်သူတွေကိုပါ။ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေကို ခိုင်မာစွာ ပြဋ္ဌာန်းပေးနိုင်သူတွေပါ။ မုန်တိုင်းဒဏ်ကြောင့် ကြွေကျရတဲ့ နှင်းဆီပွင့်ဖတ်တွေကို ပြန်လည် ဆက်စပ်ပေးနိုင်သူတွေကိုပါ။ ပြည်သူလူထုရဲ့ မျက်ရည်စတွေကို သိမ်းဖယ်ပေးနိုင်သူတွေကိုပါ။ လွှတ်တော်ပြင်ပက သစ်ခုတ်သမားတွေရဲ့ တန်ဘိုးကို နားလည်လေးစားပြီး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိတဲ့ ပန်းပုဆရာတွေပါ။
ကျနော်တို့လိုအပ်တဲ့ ပန်းပုဆရာတွေကို နိုဝင်ဘာ ရွေးကောက်ပွဲကြီးကနေ ကျနော်တို့ ရနိုင်ပါ့မလား။ ပါရဂူဘွဲ့တွေရထားတဲ့ ပညာတတ်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ နိုင်ငံခြားပြန်ကြီးတွေ၊ အငြိမ်းစားအရာရှိကြီးတွေဟာ ဒီမိုကရေစီနတ်သမီးရုပ်တုကို ထုဆစ်နိုင်မှာလား။ ရွှေဆိုင်ပိုင်ရှင်ကြီးတွေ၊ အောင်မြင်ကျော်ကြားသူတွေ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအဆိပ်တက်ပြီး အမေပြောသမျှ အားလုံးမှန်တယ်ဆိုသူတွေက ငြိမ်းချမ်းရေးမီးရှူးတိုင်ကို ထုဆစ်နိုင်မှာလား။ မဟာမိတ်အဖြစ် လက်ခံထားတဲ့ အာဏာရှင်ဟောင်းကြီးတွေက လူ့အခွင့်အရေးကို လေးစားစွာ ပြဋ္ဌာန်းနိုင်မှာလား။ လူကိုမကြည့်နဲ့၊ ပါတီအလံကိုပဲကြည့်ပြီး မဲပေးဖို့ လှုံ့ဆော်ရဲသူတွေက ပြည်သူလူထုရဲ့ မျက်ရည်တွေကို သိမ်းဖယ်ပေးနိုင်မှာလား။ ပါတီတွင်းအာဏာရှင်စနစ်ကို ကျင့်သုံးသူတွေက သစ်ခုတ်သမားတွေရဲ့ တန်ဘိုးကို လေးစားမှာလား။ ကျနော်ကတော့ သံသယတွေ အများကြီးရှိနေပါတယ်။
ပြိုင်တူတွန်းလျင်
ရွေ့နိုင်ပါသည်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက်၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ရမယ့်ခရီးက ရှည်လျားဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သစ်ခုတ်သမားတွေနဲ့ ပန်းပုဆရာတွေ ညီညွတ်ကြရင်၊ အပြန်အလှန်လေးစားပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် လိုအပ်ကြောင်း လက်ခံနားလည်ကြရင်၊ အရည်အချင်းတွေ မြင့်မားပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ လျော်ညီတဲ့ နည်းဗျူဟာတွေ ချမှတ်လို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြမယ်ဆိုရင်၊ ပါတီတွင်းအာဏာရှင်စနစ်နဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို ဖျက်သိမ်းနိုင်မယ်ဆိုရင် နောင်ကာလ တစ်ခုမှာ ဗဟိုချုပ်ကိုင်မှုတွေကို အပြီးတိုင် ဖြေလျော့နိုင်ပြီး ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းပေါ်ကို ရောက်ရှိသွားနိုင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ အဲဒီ မျှော်လင့်ချက်တွေ အမှန်တကယ်အကောင်အထည်ပေါ်လာဖို့ကတော့ သစ်ခုတ်သမားများနဲ့ ပန်းပုဆရာများရဲ့ တာဝန်သာ ဖြစ်ပါကြောင်း။
အောင်ဒင်
စက်တင်ဘာလ ၂၊ ၂၀၁၅
စက်တင်ဘာလ ၂၊ ၂၀၁၅
0 comments:
Post a Comment