(ခေတ်ရနံ့မဂ္ဂဇင်း၊
စက်တင်ဘာလ၊ ၂၀၁၅)
ဖေဖေ့ကို
ကန်တော့ခြင်း
အောင်ဒင်
(၂၀၀၉ ခုနှစ်၊
မေလ ၂ ရက်နေ့တွင် ကွယ်လွန်သွားရှာသော ဖခင်ကြီး ဦးကျော်ရှိန် သို့)
(၁)
ဟောဒီအိမ်ကလေးထဲက
ကျနော် ထွက်ပြေးသွားခဲ့တာ
၁၆ နှစ်ကျော် ကြာခဲ့ပါပြီ…။
နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးတဲ့နောက်
ကျနော် ပြန်ရောက်လာတဲ့ အခါ
ဟောင်းနွမ်းနေတဲ့ အိမ်ကလေးက
ပြိုလဲမှု၊ ပျက်စီးမှုတွေနဲ့ မလုံမခြုံ
ဒီအိမ်လေးမှာ ရှင်သန်ခဲ့ကြတဲ့ မိသားစုဝင်တွေလည်း
သေကွဲ၊ ရှင်ကွဲ ၊ ပြိုကွဲမှုတွေနဲ့ မပြည့်မစုံ
မိသားစုအားလုံးပါဝင်တဲ့ ဓာတ်ပုံတောင်မှ မရှိ
လောကဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း
ခေတ်ရဲ့ လှိုင်းလုံးတွေကြားထဲမှာ မွန်းကြပ်ပွန်းရှ
အထိနာခဲ့ကြရပုံ…။
(၂)
ဖေဖေ ထိုင်နေကျ
ပက်လက်ကုလားထိုင်ကလေးက
မလှုပ်မယှက် ငြိမ်ငြိမ်သက်သက်
နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တဲ့ သူ့သခင်ကို
လွမ်းဆွတ်ကြေကွဲနေတယ် ထင်ရဲ့…။
ဧည့်ခန်းနံရံမှာ
ချိတ်ထားတဲ့ ဓာတ်ပုံဟောင်းလေးထဲ
လက်နှစ်ဖက် ခါးမှာထောက်ပြီး မတ်တပ်ရပ်နေတဲ့ ဖေဖေက
"သားကြီး၊ မင်းခုမှ ပြန်လာသလားကွာ"…လို့
စိမ်းစိမ်းကားကား၊ စကားဆိုနေသလို…။
ကျနော်သိပါတယ်
အဲဒီလို စကားစိမ်းစိမ်းတွေ ဆိုတတ်ပေမယ့်
ဖေဖေ့ရဲ့ ရင်ထဲမှာတော့
ကျနော့်ကို ဝမ်းသာအားရ ပွေ့ဖက်ထားချင်စိတ်တွေ
ပြည့်နှက်နေလိမ့်မယ်ဆိုတာ
ကျနော်ပြောမယ့် စကားတွေကို နားထောင်ပြီး
ကျနော့်ကို စကားတွေ အများကြီးပြောဖို့
ကျနော့်အိမ်အပြန်ကို အမြဲတမ်းတနေမယ်ဆိုတာ… ။
နှစ်ပေါင်းများစွာ နောက်ကျခဲ့ပြီးမှ
ဖေဖေလည်း မရှိတော့မှ
အိမ်ကလေးဆီ ပြန်လာနိုင်ခဲ့တာ
ကျနော့်ကို ခွင့်လွှတ်ပါ…။
ဖေဖေရေ
ကျနော်တို့ရဲ့ ဘဝတွေက
ရထားမရပ်တဲ့ ဘူတာရုံလို
ပင်လယ်ကို ရှာမတွေ့တဲ့ မြစ်လို
ဖြတ်ကူးစရာ တံတားမရှိတဲ့ ချောက်ကမ်းပါးကြီးလို
ရွေးချယ်စရာ ရှားပါးလှ
မတရား မမျှတတဲ့ ဟော့ဒီကမ္ဘာကြီးမှာ
ကျနော်တို့ဟာ
ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ အသက်ရှုခဲ့ကြသူတွေပါ…။
(၃)
ဖေဖေမရှိတော့ပေမယ့်
ဒီအိမ်ကလေးထဲမှာ
ဖေဖေ့ရဲ့ ဆေးပြင်းလိပ်နံ့တွေ
ဖေဖေရဲ့ အငွေ့အသက်တွေ
ဖေဖေ့ရဲ့ အရိပ်အရောင်တွေ
အများကြီး ကျန်ရှိနေသေးရဲ့…။
ဖေဖေဟာ
ကျနော့်ရဲ့ သူရဲကောင်းကြီးပါ
အင်္ဂလိပ်နယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ
လွတ်လပ်ရေးတိုက်ပွဲဝင်တစ်ယောက်ဖြစ်ပေမဲ့
လွတ်လပ်ရေးမော်ကွန်းဝင်ဖြစ်ဖို့ လျှောက်လွှာမတင်ခဲ့သူ
တာဝန်သိ သတင်းစာဆရာ တစ်ယောက်အဖြစ်နဲ့
ပြည်သူအများကို ကူညီအားပေးခဲ့သူ
ရိုးသားလို့ရတဲ့ ဆင်းရဲမှုကို
အခွင့်အာဏာနဲ့ မလဲလှယ်ခဲ့သူ
ကားလ်မာက်စ်နဲ့ ဗုဒ္ဓကို ယုံကြည်လို့
တန်ခိုးရှင်ဝါဒနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်သူ
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ပေမဲ့
ဂျပန်တွေခေါ်လာတာကိုတော့ မထောက်ခံတဲ့သူ…။
(၄)
ဝန်ခံပါရစေ
ကျနော့်ဘဝမှာ
ဖေဖေ့ကို မုန်းမိတဲ့ အချိန်တွေ
အများကြီး ရှိခဲ့ဖူးပါတယ်…။
ကျောင်းက မုန့်ဈေးတန်းမှာ
သူငယ်ချင်းတွေ ပျော်ပါးစားသောက်နေကြချိန်
စီးထားတဲ့ ဖိနပ်၊ ကြိုးပြတ်မှာစိုးလို့
ခြေလှမ်းတွေ ဖြေးဖြေးစမ်း၊ မရွံ့မရဲ လှမ်းရတဲ့အချိန်
နွမ်းပါးတဲ့ အဝတ်အစားတွေနဲ့
ဟောင်းနွမ်းဆုတ်ပြဲ လွယ်အိပ်လေးတစ်လုံးနဲ့
စာသင်ခန်းထဲမှာ၊ မျက်နှာငယ်ရတဲ့အချိန်
အလှူငွေမထည့်နိုင်လို့
လက်ဆောင်မပေးနိုင်လို့
ကျောင်းလခပေးတာ အကြိမ်ကြိမ် နောက်ကျလို့
အတန်းပိုင်ဆရာမက ငြိုငြင်တာခံရတဲ့အချိန်…။
ညနေစောင်းရင် အရက်သောက်
ဘဝရဲ့ မအောင်မြင်မှုတွေကို အိမ်ကလေးတွင်းမှာ ဖောက်ခွဲ
ဟောဒီ ပက်လက်ကုလားထိုင်လေးမှာ ထိုင်ရင်းနဲ့ပဲ
မေမေ့ကို အနိုင်ကျင့် ရန်လုပ်တဲ့အချိန်
မေမေ ငိုရတဲ့အချိန်
အဲဒီအချိန်တွေမှာ
ဖေဖေ့ကို ကျနော် မုန်းခဲ့မိတာပေါ့…။
ဖေဖေဟာ
အများပြည်သူအပေါ် တာဝန်ကျေခဲ့ပေမယ့်
မိသားစုအတွက်တော့ တာဝန်နည်းခဲ့သူပါ
ကျနော့်ရဲ့ သူရဲကောင်းကြီးဖြစ်သလို
ကျနော် မုန်းတီးခဲ့ဖူးသူပါ…။
မတရားမှုတွေကို ဆန့်ကျင်ရဲဖို့
ဖေဖေ့ဆီက ကျနော် သင်ကြားခဲ့ရ
ဆင်းရဲဒဏ်ကို ခံနိုင်ရည်ရှိဖို့
ဖေဖေ့ဆီက ကျနော် တတ်မြောက်ခဲ့ရ
ဖေဖေ့ကို လေ့လာရင်း၊ ဖေဖေ့ကို ချစ်ရင်း
မေမေ့မျက်ရည်တွေကို သုတ်ပေးရင်း
ဘဝရဲ့ အဆင်မပြေမှုတွေကို
ဘယ်သူ့အပေါ်မှ ပုံချအပြစ်မတင်ပဲ
ကိုယ့်ဖာသာ တစ်ယောက်ထဲ
တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲတတ်ဖို့လည်း
ကျနော် နားလည်ခဲ့ရပါတယ်…။
(၅)
ဖေဖေရေ
ကျနော်လည်း မအောင်မြင်သူတစ်ယောက်ပါ
အမိမြန်မာပြည်ကြီးကို အလုပ်အကျွေးပြုမယ်ဆိုပြီး
လက်သီးလက်မောင်းတန်းခဲ့ဖူးပေမဲ့
ကိုယ့်ဘဝ၊ ကိုယ့်အိပ်မက်ကိုတောင်မှ
ခိုင်မာအောင် မတည်ဆောက်နိုင်သူပါ
ချစ်ခြင်းမေတ္တာကို တန်ဘိုးကြီးကြီးထားရင်း
ချစ်ခြင်းမှာ နစ်မြုပ်နေရသူပါ
ဒါပေမယ့်
ဖေဖေ့ဘဝနဲ့တော့ ကျနော် ထပ်တူမကျချင်ပါ…။
ဘယ်သူမှ မသိအောင် ဖုန်းကွယ်ထားတဲ့ နာကျင်မှုတွေနဲ့
ဒီအိမ်ကလေးထံ ကျနော် ပြန်လာခဲ့ပါပြီ
ဖေဖေက လေ့ကျင့်သင်ကြားခဲ့ပေမယ့်
ဖေဖေနဲ့ နေရာတိုင်းမှာ မတူညီချင်တဲ့ ကျနော့်ကို
ကောင်းရာဘုံဘဝကနေ၊ သည်းခံ ခွင့်လွှတ်ပါတော့
ဖေဖေ့ကို ချစ်တဲ့ ကျနော့်ရဲ့အချစ်တွေနဲ့
ဖေဖေ့ကိုယ်စား
ဟောဒီ ပက်လက်ကုလားထိုင်လေးရှေ့မှာ
ဒူးထောက်ဦးချ၊ ကန်တော့ပါရစေတော့…။။။။။
(ဇူလိုင်
၁၄၊ ၂၀၁၅)
0 comments:
Post a Comment