BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, September 11, 2015

ကျယ်လောင်ခြင်းနှင့် တိတ်ဆိတ်ခြင်း



(7 Day Daily နေ့စဉ်သတင်းစာ၊ စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၅၊ သောကြာနေ့)



ကျယ်လောင်ခြင်းနှင့် တိတ်ဆိတ်ခြင်း

အောင်ဒင်

#သန်းခေါင်ကျော် သီချင်းသံများ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ရက်တစ်ရက်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ပုဇွန်တောင်၊ လမ်း ၅၀ အလယ်ဘလောက်က တိုက်ခန်းတစ်ခုမှာ ကျနော် ခေတ္တတည်းခိုနေချိန်ပါ။ နောက်တစ်နေ့ မနက်စောစောမှာ ခရီးသွားဖို့ လေယဉ်ကွင်းဆင်းရမှာမို့ ည ၉ နာရီလောက်ကတည်းက အိပ်ရာဝင်ခဲ့ပါတယ်။ အတွေးတွေ များလွန်းလို့ ချက်ချင်းအိပ်မပျော်ပဲ မျက်လုံးစုံမှိတ်လို့ အိပ်ဖို့ကြိုးစားနေတုံး အင်မတန်ကျယ်လောင်တဲ့ သီချင်းသံများက တိတ်ဆိတ်နေတဲ့ ညကို ဖြိုခွဲဖျက်ဆီးလိုက်ပါတယ်။ နာရီကို ကြည့်လိုက်တော့ ည ၁၂ နာရီကျော်ပါပြီ။ ၅၁ လမ်းထိပ်မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းက ညနက်သန်းခေါင်မှာ အသံချဲ့စက်နဲ့ ကုလားသီချင်းတွေကို ကျယ်လောင်ဆူညံစွာ ထုတ်လွှင့်နေတာပါ။ အိပ်မပျော်ရတဲ့အထဲ အင်မတန်ကျယ်လောင်တဲ့ သီချင်းသံများကြောင့် ဘယ်လိုမှ အိပ်မရတော့ပါ။ လူတွေရဲ့ နှလုံးသားကို နူးညံ့ပျော့ပြောင်းစေတဲ့ ဂီတဆိုတာလည်း အခြေအနေ အချိန်အခါ မတိုက်ဆိုင်ရင်၊ အလွန်ကျယ်လောင်လွန်းရင် ချစ်ခင်နှစ်သက်စရာမရှိပဲ မုန်းတီးစက်ဆုတ်စရာ ဖြစ်နိုင်တယ်ဆိုတာ နားလည်သဘောပေါက်လိုက်ရပါတယ်။ အဲဒီ ဘုရားကျောင်းက ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုမစိုက်၊ အမှုမထားပဲ သီချင်းတွေ၊ တီးလုံးတွေကို အဆက်မပြတ် အချိန်အတော်ကြာ ကျယ်လောင်ဆူညံစွာ ထုတ်လွှင့်ပြီးတဲ့နောက် မနက် ၂ နာရီလောက်မှာမှ ပြန်လည်တိတ်ဆိတ်သွားပါတယ်။

သီချင်းသံတွေ တိတ်သွားပေမည့် အိပ်လို့တော့ မရနိုင်တော့ပါ။ ဘာကြောင့်များ အဲဒီ ဘာသာရေးအဖွဲ့အစည်းက ညဥ့်နက်သန်းခေါင်မှာ ရပ်ကွက်လူထုကို အသံနဲ့ အနှောက်အယှက်ပေးရတာလဲ။ အဲဒီလို အများပြည်သူ အိပ်စက်အနားယူချိန်မှာ ဆူညံနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုထားသလား။ မကျေနပ်မှုများ၊ မေးခွန်းများက ကျနော့်ကို ဖိစီးပြီး အဲဒီညတစ်ညကို အိပ်မပျော်ပဲ ကုန်ဆုံးခဲ့ရပါတယ်။

#အကျယ်လောင်ဆုံးနိုင်ငံ၊ အဆူညံဆုံးတိုင်းပြည်

ကျနော်တို့ နိုင်ငံဟာ အသံချဲ့စက်တွေကို အကြီးအကျယ်အလွဲသုံးစားလုပ်တတ်တဲ့ အကျယ်လောင်ဆုံးနိုင်ငံ၊ အဆူညံဆုံးတိုင်းပြည် ဖြစ်မယ်ထင်ပါတယ်။ ကျနော် ပုဇွန်တောင်၊ လမ်း ၅၀ တိုက်ခန်းလေးမှာ တည်းခိုနေတဲ့ အချိန်က အောက်တိုဘာလနဲ့ နိုဝင်ဘာလ၊ သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေကြတဲ့ အချိန်ပါ။ ရန်ကုန်မြို့ကြီးရဲ့ လမ်းတိုင်းလိုလိုရဲ့ ထိပ်မှာ အနည်းဆုံး လမ်းတစ်ဝက်လောက်ကို ပိတ်လို့ မဏ္ဍပ်ကြီးတွေထိုးပြီး ဘုံကထိန်ခင်းဖို့အတွက် အလှူခံနေကြတာ တွေ့ရပါတယ်။ အသံချဲ့စက်ကြီးတွေကို သုံးပြီး အလှူခံပုဂ္ဂိုလ်များက ဒါနရှင်တွေကို အပြောအဟောကောင်းကောင်းနဲ့ ဖိတ်ခေါ်နေကြတာ တွေ့ရပါတယ်။ တချို့ မဏ္ဍပ်တွေမှာ လောက်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက်တွေကို နှစ်လုံး၊ သုံးလုံးစသဖြင့် အရပ် သုံး၊ လေးမျက်နှာလှည့်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဘယ်ဘက်ကမှ မကြားမရှိရအောင် အားထုတ်ကြပါတယ်။ အလှူခံပုဂ္ဂိုလ်ကြီးများ အသံနာလို့၊ မောလို့ ခဏတဖြုတ်နားရင်တောင်မှ အသံချဲ့စက်များ မနားရပါ။ ဘုန်းကြီးတရားခွေ သို့မဟုတ် ဘာသာရေးသီချင်း သို့မဟုတ် အသံလွှင့်ဇာတ်လမ်းတွေကို တစ်လှည့်စီ ထုတ်လွှင့်နေပါသေးတယ်။

ဟိန္ဒူဘုရားကျောင်းက ညဥ့်နက်သန်းခေါင် သီချင်းလွှင့်သလိုပါပဲ။ မနက်စောစော ၅ နာရီလောက်က စလို့ ဆွမ်းဆန်စိမ်းအလှူခံအဖွဲ့များကလည်း တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံကြတဲ့အခါ ဆိုက်ကားယဉ်ပေါ်မှာ အသံချဲ့စက်တင်လို့ အိပ်ပျော်နေတဲ့ လူတွေနိုးအောင် "ဘွန္တော၊ သပ္ပူရိသအပေါင်း သူတော်ကောင်းတို့" လို့ အော်ဟစ်ပြီး ကျယ်လောင်စွာ၊ ဆူညံစွာ အလှူခံကြပြန်ပါတယ်။ အိပ်ရေးမဝသူအဖို့ မနက်ခင်းစောစောမှာ အသံချဲ့စက်က ထွက်ပေါ်လာတဲ့ ကြေးစည်သံဟာ ကြည်နူးဖွယ်ရာ မဟုတ်ပါ။ အဲဒီနောက် လှူဖွယ်ပစ္စည်းအစုံအလင်နဲ့ ကထိန်ခင်းတဲ့နေ့၊ ကထိန်လှည့်တဲ့နေ့ကို ရောက်ပါတယ်။ အလှူခံမဏ္ဍပ်တည်ရှိရာကနေ လှူတန်းဖို့ အလှည့်ကျတဲ့ ဘုန်းတော်ကြီးကျောင်းဆီ ကထိန်ပဒေသာပင်ကြီးနဲ့ တကွ ချီတက်လှည့်လည်ကြတဲ့အခါကတော့ လူအင်အားအများဆုံးနဲ့ အဆူညံဆုံး ဖြစ်ပါလိမ့်မယ်။ အကအခုန်များနဲ့၊ တီးဝိုင်းနဲ့၊ အသံချဲ့စက်များနဲ့ စီတန်းလှည့်လည်ရင်း ပတ်ဝန်းကျင်လမ်းတလျှောက်ကို တတ်နိုင်သမျှ အကျယ်လောင်ဆုံး သိမ့်သိမ့်တုန်ခါစေပါတော့တယ်။

ကထိန်ပွဲကြီးပြီးဆုံးသွားလို့လည်း ဆူညံတဲ့ အသံများကနေ ကျနော်တို့ မလွတ်မြောက်နိုင်ကြပါ။ မြန်မာနိုင်ငံဟာ ၁၂ လလုံး ပွဲလမ်းသဘင်များ၊ ဘုရားပွဲများ အလှည့်ကျ ကျင်းပတတ်တဲ့ တိုင်းပြည်မို့ ပွဲတော်များရဲ့ အသံချဲ့စက်သံတွေဟာ တစ်နှစ်ပတ်လုံး၊ တစ်နိုင်ငံလုံးအနှံ့ လွင့်ပျံ ဆူညံနေပါတယ်။ နေ့ဘက်၊ အများသူငါ လှုပ်ရှားသွားလာနေကြချိန်မှာ ဆူညံတာကို သီးခံနိုင်ကြမှာ ဖြစ်ပေမည့် ညဘက် အိပ်စက်အနားယူကြချိန်၊ ကလေးတွေ စာမေးပွဲနီးတဲ့အချိန်တွေမှာ အသံချဲ့စက်တွေ ဆူညံနေတာကိုတော့ သီးခံနိုင်ကြမှာ မဟုတ်ပါ။ ဒါပေမယ့်လည်း အသံချဲ့စက်ကို အလွန်အကျွံသုံးစွဲလို့ အများသူငါနဲ့ ပတ်ဝန်းကျင်ကို အသံနဲ့ နှောက်ယှက်တတ်တဲ့ အကျင့်ဟာ မြန်မာ့ယဉ်ကျေးမှုကြီးတစ်ခုအဖြစ် ခိုင်ခိုင်မြဲမြဲ တည်ရှိနေတာ အတော်ကြာပါပြီ။

#လိုအပ်၍ တိတ်ဆိတ်ခြင်းနှင့် လိုအပ်၍ ကျယ်လောင်ခြင်း

တိတ်ဆိတ်ခြင်းနှင့် ကျယ်လောင်ခြင်းဆိုတာ လူ့အသိုင်းအဝိုင်းများမှာ ဆန့်ကျင်ဘက်အသွင်ဆောင်ပြီး အမြဲတမ်းတည်ရှိနေကြတာပါ။ လိုအပ်လို့ ကျယ်လောင်ရတာရှိပါတယ်။ လိုအပ်လို့ တိတ်ဆိတ်ရတာရှိပါတယ်။ စာသင်ခန်းထဲက ကျောင်းသားလေးများရဲ့ စာအံသံဟာ ကျယ်လောင်ဖို့ လိုအပ်ပေမယ့် စာကြည့်တိုက်ထဲမှာ၊ စာမေးပွဲဖြေဆိုကြတဲ့ အခန်းထဲမှာတော့ တိတ်ဆိတ်နေဖို့ လိုအပ်ပါတယ်။ ဘုရားပွဲတော်တွေ၊ နတ်ပွဲတွေ၊ ပျော်ရွှင်ပွဲတွေမှာ ကျယ်လောင်တာ သဘာဝကျပေမယ့် ဆေးရုံတွေမှာ၊ ဝိပဿနာတရားစခန်းတွေမှာ၊ ရဟန်းသံဃာများရဲ့ တောရကျောင်းတွေမှာ တိတ်ဆိတ်မှုကို လိုအပ်ပါတယ်။ နေ့အချိန်၊ အများပြည်သူ လှုပ်ရှားသွားလာနေချိန်မှာ ဆူညံတာကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် ညအချိန်၊ အများပြည်သူ အိပ်စက်အနားယူချိန်မှာ တိတ်ဆိတ်ခြင်းကို လိုအပ်ပါတယ်။ ခရီးလမ်းဆုံးကို ဝင်ရောက်လာတဲ့ ရထားတစ်စီးက ဥဩသံရှည် ကျယ်ကျယ်လောင်လောင်နဲ့ မြို့ကိုနှုတ်ဆက်တာ၊ မြို့ရဲ့ ဆိပ်ကမ်းမှာ ဝင်ရောက်ရပ်နားမယ့် သင်္ဘောကြီးက ဥဩသံနဲ့ မြို့ကလေးကို လှုပ်နှိုးတာ သဘာဝကျပေမယ့် မြို့အဝင်လမ်းမမှာ ဝါးလုံးတန်းတားပြီး အသံကျယ်ကျယ်လောင်လောင်နဲ့ အလှူခံတာ၊ မြို့ဝင်ကြေးတောင်းတာကတော့ သဘာဝမကျပါ။ မြို့ထဲမှာ ကားဟွန်းသံတွေ ကျယ်လောင်တာကို တားဆီးဖို့ "ဟွန်းမတီးရ ဇုံ" တွေ သတ်မှတ်ထားတာ လိုအပ်ပေမယ့် ကလေးတွေ စာမေးပွဲဖြေနေရတဲ့အချိန်မှာ ရပ်ကွက်ထဲက နတ်ပွဲ၊ မင်္ဂလာဆောင်၊ အလှူအတန်း အခန်းအနားများရဲ့ ဆူညံမှုကို မတားဆီးတာကတော့ သဘာဝမကျပါ။ ရပ်ကွက်တစ်ခုကို လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းသတ်ဖို့ မောင်းနှင်နေတဲ့ မီးသတ်ကားတစ်စီး၊ အသည်းအသန်လူနာတစ်ယောက်ကို ဆေးရုံကို အမြန်ဆုံးပို့နိုင်ဖို့ မောင်းနှင်နေတဲ့ လူနာတင်ကားတစ်စီးက အချက်ပြဥဩသံကို ဆူညံစွာ လွှင့်ထုတ်နေတာ လိုအပ်လှပေမယ့် ညဥ့်နက်သန်းခေါင်မှာ လူချမ်းသာတစ်စုက တန်ဘိုးကြီးမားလှတဲ့ ပြိုင်ကားတွေမောင်းနှင်ပြီး ပတ်ဝန်းကျင်ကို ဆူညံစေတာကတော့ လုံးဝ မလိုအပ်ပါ။

#ကျယ်လောင်ရမယ့်နေရာမှာ မကျယ်လောင်ကြပါ

အပျော်အပါး၊ ပွဲလမ်းသဘင်၊ အလှူအတန်း၊ အခန်းအနား၊ ပွဲတော် စတဲ့ ကိစ္စတွေမှာ အသံချဲ့စက်တွေ အလွန်အကျွံသုံးပြီး အသံကုန်အော်ဟစ်တတ်ကြပေမယ့် နိုင်ငံ့အရေး၊ ပြည်သူတစ်ရပ်လုံးရဲ့ အရေး၊ အင်မတန်အရေးကြီးတဲ့ ကိစ္စတွေမှာတော့ အသံတိတ်ဆိတ်တတ်ကြပါတယ်။ မြစ်ရေကြီးမယ့်အကြောင်း သတိပေးချက်တွေကို ကျယ်ကျယ်လောင်လောင် မကြေညာကြပါ။ အင်အားပြင်းမုန်တိုင်း တိုက်ခတ်တော့မယ့်အကြောင်း ကြိုတင် သတိပေးကြပေမယ့် ပွဲတော်တွေရဲ့ ဆူညံသံတွေ အောက်မှာ ပျောက်ဆုံးနေတတ်ပါတယ်။ မြို့အနီးက ဆည်မှာ ရေပြည့်ရေလျှံလို့ စိုးရိမ်ရေမှတ်ရောက်နေပြီဆိုတဲ့အကြောင်း၊ ကူးစက်ရောဂါများကို ကာကွယ်နိုင်ကြဖို့အကြောင်း၊ မြစ်ကမ်းပါးကြီး ပြိုကျနိုင်လို့ အမြန်ဆုံး နေရာရွှေ့ကြဖို့ အကြောင်း၊ စတဲ့ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသတိပေးချက်တွေဟာ အလှူပွဲများ၊ ဇာတ်ရုံများထဲက သီချင်းသံလောက် မကျယ်လောင်ကြပါ။ ဒီလိုနဲ့ ကျယ်လောင်ရမယ့်နေရာမှာ မကျယ်လောင်ကြလို့ သဘာဝဘေးအန္တရာယ်တွေကို အချိန်မီ မရှောင်လွဲနိုင်ပဲ ဘဝတွေ ပျက်စီးခဲ့ကြရပါတယ်။
နိုင်ငံရေးအကြောင်း ပြောကြပြီဆိုရင်လည်း အသံတွေ တိုးတိတ်သွားတတ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို အားရပါးရ၊ ကျယ်ကျယ်လောင်လောင် ချီးမွမ်းခန်းဖွင့်နေသူများ၊ ဥရောပဘောလုံးပွဲအကြောင်းကို အားပါးတရ ဝေဘန်နေသူများဟာ အာဏာပိုင်တွေရဲ့ မတော်မတရားမှုကို ပြောကြတဲ့အခါ အသံတိုးသွားတတ်ပါတယ်။

#ရွေးကောက်ပွဲမှာ ကျယ်လောင်ကြပါ

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများကို စမ်းသတ်စစ်ဆေးမယ့် ရွေးကောက်ပွဲကြီး နီးလာပါပြီ။ ရွေးကောက်ပွဲတစ်ခုအတွက် မှန်ကန်တိကျသော မဲဆန္ဒပေးခွင့်ရှိသူများ စာရင်း (မဲစာရင်း) ဟာ အရေးကြီးကိစ္စတစ်ရပ်ဖြစ်ပါတယ်။ မဲစာရင်းမှာ နံမည်ပါမှ မဲပေးခွင့်ရမှာပါ။ မဲစာရင်းမှာ မပါသင့်၊ မပါထိုက်သူတွေကို ဖယ်ရှားနိုင်မှ မဲခိုးမှု၊ မဲလိမ်မှုကို ကာကွယ်နိုင်မှာပါ။ မဲစာရင်းမှာ ပါသင့်ပါထိုက်သူတွေ အကုန်ပါဝင်မှ ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟတ်မှာပါ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းကို ရပ်ကွက်အလိုက်၊ မဲရုံအလိုက် သွားရောက်စစ်ဆေးကြည့်ရှူပြီး ပြင်စရာရှိရင် အချိန်မီပြင်ဆင်ကြဖို့ လူထုအကြား လှုံ့ဆော်သံတွေက တိုးလွန်းလှပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီအများစုဟာလည်း မဲစာရင်းများမှားနေတယ်လို့သာ ရွေးကောက်ပွဲကော်မရှင်ကို အလွယ်တကူ အပြစ်ပုံချနေကြပေမယ့် သူတို့ကိုယ်တိုင်က ပြည်သူလူထုကို မဲစာရင်းများကို စစ်ဆေးကြည့်ရှူရေး ကျယ်ကျယ်လောင်လောင် ထိထိရောက်ရောက် မတိုက်တွန်းကြပါ။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများက သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ စည်းရုံးရေးဆင်းနေကြပါပြီ။ ထုံးစံအတိုင်း အသံချဲ့စက်တွေကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး အမတ်လောင်းတွေက တရားဟောနေကြပါပြီ။ ဒီလိုအချိန်မျိုးမှာ လွှတ်တော်အမတ်လောင်းများအတွက် ပြည်သူလူထုအကြားမှာ အကျယ်လောင်ဆုံး အော်ဟစ်နိုင်ဖို့ လိုအပ်ပါတယ်။ သို့သော်လည်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ တရားစခန်းများ၊ ဒုက္ခသည်စခန်းများ အနီးမှာတော့ ကျယ်ကျယ်လောင်လောင် ဟောပြောကြတာကို ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။
လွှတ်တော်အမတ်လောင်းများအနေနဲ့ ထောက်ခံမဲရရှိရေး လူထုကို စည်းရုံးတဲ့အခါ ကိုယ့်ကောင်းကြောင်းတွေကို ကျယ်ကျယ်လောင်လောင် ပြောဖို့လိုသလို အရွေးချယ်ခံရရင် သက်ဆိုင်ရာမဲဆန္ဒနယ်အတွက်၊ တိုင်းပြည်အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကိုလည်း ကျယ်ကျယ်လောင်လောင် ပေးဖို့လိုအပ်ပါတယ်။ ကိုယ့်ကောင်းကြောင်းနဲ့ ပြိုင်ဖက်အမတ်လောင်းရဲ့ မကောင်းကြောင်းတွေကိုသာ အကျယ်လောင်ဆုံးအော်ဟစ်ပြီး ကိုယ်လုပ်ပေးရမယ့် ကတိကဝတ်တွေကိုတော့ အသံတိုးတိုး၊ မပီမသပြောပြီး ဝါးချတာမျိုး မဖြစ်စေချင်ပါ။

မဲဆန္ဒရှင်များကလည်း ကျယ်လောင်ကြဖို့ လိုအပ်ပါတယ်။  အမတ်လောင်းများက ဒေသအတွက် ဘာတွေ ဆောင်ရွက်ခဲ့သလဲ၊ ဘာတွေဆောင်ရွက်ပေးမလဲဆိုတာ ကျယ်ကျယ်လောင်လောင် မေးဖို့လိုအပ်ပါတယ်။ အမတ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေမှာ အကျင့်ပျက်ချစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ခဲ့တာရှိမရှိ၊ အမတ်လောင်းတွေရဲ့ ဘဝမှာ ကိုယ်ကျင့်တရား ပျက်ပြားခဲ့ခြင်း ရှိမရှိ၊ အမတ်လောင်းများဟာ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ပေးခဲ့တာ ရှိမရှိ၊ အမတ်လောင်းများဟာ တိုင်းပြည်ရဲ့ နိုင်ငံပိုင်စက်ရုံများ၊ သစ်တောများနဲ့ သယံဇာတများကို ချယ်လှယ်အမြတ်ထုတ်ခဲ့သူများ ဟုတ်မဟုတ်၊ အမတ်လောင်းများမှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပို့ဆောင်ပေးနိုင်တဲ့ ဥပဒေတွေကို ရေးဆွဲနိုင်တဲ့၊ ဒါမှမဟုတ် မတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းရဲတဲ့ အရည်အချင်းနဲ့ ယုံကြည်ချက်တွေ ရှိမရှိ၊ မဲဆန္ဒရှင်များက ကျယ်ကျယ်လောင်လောင် မေးခွန်းထုတ်သင့်ပါတယ်။

ကျယ်လောင်ရမယ့်နေရာမှာ ရဲရဲရင့်ရင့် ကျယ်လောင်ပြီး တိတ်ဆိတ်ရမယ့်နေရာမှာ ယဉ်ယဉ်ကျေးကျေး တိတ်ဆိတ်မှပဲ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ကောင်းခြင်းများနဲ့ ပြည့်စုံလို့ အမှန်တကယ်တိုးတက်အောင်မြင်မှာပါ။။။

အောင်ဒင်
စက်တင်ဘာလ ၈ ရက်၊ ၂၀၁၅



0 comments: