BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Monday, June 29, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၉၇) စစ်နှင့် ပြည်သူ (က)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၀၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၅)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၇) စစ်နှင့် ပြည်သူ (က)

၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြီးဟာ ၂၀၁၅ ခုနှစ်မှာ နှစ်ပေါင်း ၆၇ နှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ စေ့စပ်ဆွေးနွေးနေကြပေမည့် သေနတ်သံတွေတော့ ကြားနေရဆဲပါ။ ဒီပြည်တွင်းစစ်ကြီးက မြန်မာနိုင်ငံရဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာ လှိုက်စားအမြစ်တွယ်နေတဲ့ ကင်ဆာရောဂါဆိုးကြီးနဲ့ တူပါတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ပွဲများမှာ အစိုးရတပ်ဖွဲ့ဝင်တွေရော၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများရဲ့ တပ်ဖွဲ့ဝင်တွေပါ နှစ်ဖက်စလုံး ကျဆုံးခဲ့ကြ၊ ထိခိုက်ဒဏ်ရာရကြ၊ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ ဆုံးရှုံးကြရပါတယ်။ ဒါပေမည့် ဒီစစ်ကြီးကြောင့် အဆုံးအရှုံးအကြီးမားဆုံးခံစားကြရသူများက နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေမဟုတ်ပဲ သာမာန်ပြည်သူတွေ ဖြစ်ကြပါတယ်။

မငြိမ်းချမ်းတဲ့ ဒေသမှာ နေထိုင်ကြရတဲ့  ပြည်သူတွေရဲ့ ဘဝဟာ နေ့စဉ်နဲ့အမျှ လုံခြုံမှု ကင်းမဲ့လှပါတယ်။ နှစ်ဖက်စလုံးက လက်နက်ကိုင်များရဲ့ လက်နက်အားကိုး အနိုင်ကျင့်မှုကို အမြဲလို ခံစားနေကြရတာပါ။ စစ်ဆင်ရေးရန်ပုံငွေကောက်ခံတာ၊ စစ်သားသစ်စုဆောင်းတာ၊ ပစ္စည်းသယ်ဖို့ အလုပ်သမား (ပေါ်တာ) စုဆောင်းတာ၊ ကား၊ ဆိုင်ကယ်၊ နွားလှည်းစတဲ့ ယာဉ်၊ ယန္တရားတွေ ထောက်ပံ့ပေးရတာ၊ မိုင်းမြှုပ်ထားတဲ့ မြေပေါ်မှာ ရှေ့ပြေးဖြတ်သန်းရတာ၊ အဆင်မသင့်ရင် အစိုးရသတင်းပေး၊ သူပုန်သတင်းပေးလို့ စွပ်စွဲခံရပြီး ညှင်းပန်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ စစ်ပွဲများကြောင့် နေအိမ်၊ ရပ်ရွာများ ပျက်ဆီးပြီး တောထဲ၊ တောင်ထဲ စစ်ဘေးဒုက္ခသည်များအဖြစ် တိမ်းရှောင်ကြရတာ၊ အမျိုးသမီးတွေ၊ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ကလေးသူငယ်တွေ ပညာရေးနဲ့ အလှမ်းဝေးရတာ၊ မိခင်တွေ သားပျောက်ကြရတာ၊ နှစ်ဖက်တပ်များက အပြိုင်အဆိုင်မြှုပ်နှံထားတဲ့ မိုင်းကွင်းတွေကို နင်းမိလို့ ကိုယ်လက်အင်္ဂါဆုံးရှုံးကြရတာ၊ စတဲ့ ပြည်သူတွေ နေ့စဉ်ခံစားနေရတဲ့ စစ်ရဲ့ အနိဋ္ဌာရုံဖြစ်ရပ်တွေက ဆိုးဝါးရက်စက်လွန်းလှပါတယ်။ အဲဒီလို ပြည်သူတွေခံစားနေတဲ့ စစ်ဘေးစစ်ဒဏ်တွေထဲက မြန်မာ့တပ်မတော်က " ပေါ်တာ" လို့ ခေါ်ကြတဲ့ စစ်ဆင်ရေးအလုပ်သမားများအဖြစ် ငှါးရမ်းသုံးစွဲခဲ့လို့ ဒုက္ခရောက်ခဲ့ကြရသူ ပြည်သူများရဲ့ ဘဝကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဦးစိုင်းသန်းနိုင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။

#ဦးစိုင်းသန်းနိုင်၏ ပထမအကြိမ် ဆွေးနွေးချက် (စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၄)

မြန်မာ့တပ်မတော်က ငှါးရမ်းသုံးစွဲလို့ ဒုက္ခရောက်ကြရတဲ့ ပေါ်တာများရဲ့အကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ပထမဆုံးအကြိမ် ဆွေးနွေးတာက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ၁၁ ကြိမ်မြောက်အစည်းအဝေးရဲ့ အဋ္ဌမနေ့မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဦးစိုင်းသန်းနိုင်က "စစ်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့် လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခံခဲ့ရသော ပြည်သူများ (Porters) နှင့် စပ်လျင်းသည့် မေးခွန်း" ကို မေးမြန်းပါတယ်။

ဦးစိုင်းသန်းနိုင်က "စစ်မြေပြင် ဖြစ်ခဲ့ကြတဲ့ ဒေသတွေမှာ ပြည်သူတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ တပ်မတော်ကို စစ်ရေးအထောက်အကူပြုဝန်ထမ်း (ပေါ်တာ) အဖြစ် လိုက်ပါကူညီဆောင်ရွက်ကြရင်းနဲ့ အတိဒုက္ခရောက်ခဲ့ကြသူ များစွာရှိကြောင်း၊ ဒေသခံပြည်သူတွေဟာ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးအထောက်အကူပြုအဖြစ် လူကိုယ်တိုင်သော်လည်းကောင်း၊ ငွေကြေးအားဖြင့်သော်လည်းကောင်း၊ နွားလှည်းယာဉ်များဖြင့်လည်းကောင်း ပါဝင်ကူညီထမ်းဆောင်ရင်း ကျည်သင့်၊ မိုင်းထိ၍ အသက်ဆုံးရှုံးကြရသူတွေ၊ ခြေလက်အင်္ဂါဆုံးရှုံးပြီး ဒုက္ခိတဘဝ ရောက်ခဲ့ကြသူတွေ၊ လှည်း၊ နွားယာဉ်များ ဆုံးကြရသူတွေ များစွာရှိကြောင်း၊ ဒုက္ခိတဘဝနဲ့ လက်ရှိဘဝမှာ ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြရသူတွေ၊ အိမ်ထောင်ဦးစီးကွယ်လွန်သွားလို့ ကျန်ရစ်သူမိသားစုမှာ အတောင်ကျိုးငှက်၊ တက်ကျိုးလှေလို ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရသူတွေ များစွာရှိကြောင်း" ကို ဖာပွန်မြို့နယ်က မဲဆန္ဒရှင်အချို့ရဲ့ လက်တွေ့ဖြစ်ရပ် ၄ ခုကို ဥပမာပေးပြီး တင်ပြပါတယ်။

ပထမဖြစ်ရပ်က ဖာပွန်မြို့အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ "ကျော်သုသု" ဖြစ်ပါတယ်။ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်အောင် ဒုတိယတပ်ရင်းမှူးရာထူးနဲ့ ကော့ကရိတ်မြို့နယ်၊ နပူးတပ်နယ်က ခမရ (၅၄၇) မှာ တာဝန်ထမ်းဆောင်စဉ်ကာလ၊ ၁၉၉၇ ခုနှစ်က ကျော်သုသုဟာ ဗိုလ်မှူးသူရိန်အောင် တပ်ဖွဲ့က ရှေ့တန်းထွက်တဲ့အခါ ခေါ်ယူအသုံးချခံရတဲ့ ပေါ်တာလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ တောင်ပေါ်ကရင်ရွာလေး တစ်ရွာအရောက်မှာ မိုင်းနင်းမိပြီး ခြေပြတ်ပါတယ်။ ၁၉၉၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အခု ကျော်သုသုက ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ နေပါတယ်။ ဦးသူရိန်အောင်က ဦးစိုင်းသန်းနိုင်မှ တဆင့် ကျော်သုသုကို ငွေကြေးထောက်ပံ့ကူညီသလို ၂၀၁၃ ခုနှစ်မှာ သူကိုယ်တိုင် ဖာပွန်မြို့ကို သွားရောက်လို့ ကျော်သုသုနဲ့ တွေ့ဆုံပြီး ချိုင်းထောက်တစ်စုံကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယဖြစ်ရပ်က ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ခဲ့ပါတယ်။ ဖာပွန်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးအုန်းမြင့် မိသားစုမှာ ဖြစ်ခဲ့တာပါ။ ဦးအုန်းမြင့်က ကျန်းမာရေးမကောင်း၊ ဇနီးဖြစ်သူကလည်း ကလေးမီးဖွားပြီးကာစ၊ အဲဒီအချိန်မှာ စစ်ဆင်ရေးအတွက် တစ်အိမ်တစ်ယောက် ပေါ်တာပေးရမယ်ဆိုပြီး မြန်မာ့တပ်မတော်က ဆင့်ခေါ်ပါတယ်။ လင်၊ မယားနှစ်ယောက်စလုံး မလိုက်နိုင်၊ လူငှါးထည့်ပေးစရာ ငွေကြေးလည်း မရှိတာမို့ နောက်ဆုံးမှာ ၈ တန်းစာမေးပွဲပြီးခါစ သမီးငယ်လေး နော်အေးဟန် ကို ပေါ်တာထည့်လိုက်ရပါတယ်။ သမီးငယ်ရဲ့ သူငယ်ချင်း ၈ တန်းကျောင်းသူလေးတစ်ယောက်လည်း မိသားစုအခြေအနေအရ ပေါ်တာလိုက်ရပါတယ်။ အဲဒီသမီးလေး နှစ်ယောက်စလုံး မိသားစုများထံ ပြန်ရောက်မလာကြတော့ပါ။  တောင်ပေါ်စစ်မြေပြင်တစ်နေရာမှာ မိုင်းထိပြီး ကွယ်လွန်သွားကြတယ်လို့ပဲ သိရပါတယ်။ ၈ တန်း စာမေးပွဲအောင်စာရင်းတွေထွက်တော့ ဦးအုန်းမောင်ရဲ့ သမီးလေး နော်အေးဟန် ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ပါတယ်။

တတိယဖြစ်ရပ်က ဖာပွန်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာပဲ နေထိုင်တဲ့ အစ္စလမ်ဘာသာဝင် အမျိုးသမီးငယ်လေးပါ။ တပ်က ဆင့်ခေါ်လို့ ပေါ်တာလိုက်ရရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် စွန့်လွှတ်လိုက်ရပါတယ်။ အခုတော့ ခြေတစ်ဖက်ပြတ် ဒုက္ခိတဘဝနဲ့ မိခင်အိုကြီးနဲ့ အတူနေထိုင်နေပါတယ်။
စတုတ္ထဖြစ်ရပ်က ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာက ကိုကျော်ထွန်း ပါ။ ဇနီးသည်နဲ့ အရွယ်မရောက်သေးတဲ့ သားသမီး ၃ ဦး ရှိပါတယ်။ ပိုင်ဆိုင်တာဆိုလို့ ယာတစ်ခင်းနဲ့ လှည်းတစ်စင်း၊ နွားတစ်ရှင်းပဲ ရှိပါတယ်။ တပ်က ဆင့်ခေါ်လို့ လှည်းနဲ့ နွားနဲ့ လူပါ ပေါ်တာလိုက်ရပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မိုင်းထိပြီး လူရော၊ လှည်းရော၊ နွားတွေရော ဆုံးရှုံးရပါတယ်။

ဒီဖြစ်ရပ်တွေကို နမူနာအဖြစ် ဦးစိုင်းသန်းနိုင်က တင်ပြပြီး (၁) စစ်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခံခဲ့ကြရသော ပြည်သူများစာရင်း ဒေသမြို့နယ်အလိုက် ပြုစုထားခြင်းရှိပါသလား။ (၂) ထိုသူများအား သက်ဆိုင်ရာမှ အသိအမှတ်ပြုမှုများ၊ ကူညီထောက်ပံ့မှုများ မည်သို့ ဆောင်ရွက်ပေးခဲ့ပါသနည်း။ (၃) ဆောင်ရွက်ပေးခဲ့ခြင်း မရှိလျင် အသက်ရှင်ကျန်ရစ်ပြီး ဒုက္ခိတဘဝရောက်နေသူများအားလည်းကောင်း၊ ကျန်ရစ်သူမိသားစုဝင်များအားလည်းကောင်း နိုင်ငံတော်မှ ပြန်လည်စောင့်ရှောက်ကြည့်ရှုသောအားဖြင့် ကူညီထောက်ပံ့မှုများပေးရန် အစီအစဉ်ရှိ/မရှိ သလိုပါကြောင်း ဆိုပြီး မေးခွန်း ၃ ခု မေးခဲ့ပါတယ်။

စစ်ဘေးစစ်ဒဏ်ခံစားနေကြရတဲ့ ပြည်သူလူထုကြီးရဲ့ ကိုယ်စား ၊ ဖာပွန်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်များကိုယ်စား ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရဲရဲဝံ့ဝံ့ ဆွေးနွေးတင်ပြ မေးခွန်းထုတ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ကို ကျနော်တို့ လေးစားဂုဏ်ပြုရမှာပါ။

Saturday, June 27, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၁၀)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၇ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၁၀)

အောင်ဒင်

#ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပါတ်သက်၍

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ရှည်လျားခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခများအဆုံးသတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရနိုင်ဖို့အတွက် လက်ရှိအစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။ သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဗဟိုကော်မတီ၊ ဒုသမ္မတ စိုင်းမောက်ခမ်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပထမဆင့်ဖြစ်တဲ့ "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်" ကို လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းအားလုံးက ခေါင်းဆောင်များအားလုံး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ "အပစ်အခတ်ရပ်စဲရေးစာချုပ်-မူကြမ်း" ကို နှစ်ဖက်အလုပ်အဖွဲ့များ သဘောတူခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များက ဒီစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေကြပြီး ၂၀၁၅ ခုနှစ်ထဲမှာ၊ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းမကုန်ခင်မှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကတော့ အဆင်သင့်မဖြစ်ကြသေးပါ။ 

ကျင်းပပြီးခဲ့တဲ့ လော်ခီးလာညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်များက အစိုးရနဲ့ ထပ်မံဆွေးနွေးပြီး စာချုပ်မှာ ထည့်သွင်းရမည့် အချက်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်းအတွင်းမှာ လက်မှတ်မရေးထိုးနိုင်ပဲ နောက်သမ္မတအသစ်က ဆက်လက်ဆောင်ရွက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာပဲ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင်တောင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆက်တွဲ အခြားအဆင့်တွေကို သမ္မတအသစ်၊ လွှတ်တော်အသစ်တို့က ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးပါတီများ ကြိုတင်ပြင်ဆင်ထားတဲ့ "ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ" ကို ပြည်သူအများ သိချင်ကြပါလိမ့်မယ်။

လက်ရှိအစိုးရက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကြမ်းဖျင်းအားဖြင့် အဆင့် ၄ ဆင့်ရှိပါတယ်။ ပထမအဆင့်မှာ "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လတ်နက်ကိုင် ပဋိပက္ခမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းများအားလုံးက သဘောတူလက်မှတ် ရေးထိုးရန်" ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ဒုတိယအဆင့်ဖြစ်တဲ့ "နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေခံမူဘောင်များ ချမှတ်ရေး" ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ 

ဒီအဆင့်မှာတော့ နှစ်ဖက်လက်နက်ကိုင်အင်အားစုများတင်မကတော့ပဲ နိုင်ငံရေးပါတီများ၊ လွှတ်တော်ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို စနစ်တကျ ကျင်းပနိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်ဆွေးနွေးခွင့်ရရှိရေးနဲ့ တိုင်းပြည်ရဲ့အရေးကြီးကိစ္စများအားလုံးကို ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် လိုအပ်တဲ့ မူဘောင်များကို ချမှတ်ရမှာပါ။ မူဘောင်များအပေါ် သဘောတူညီမှုရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ချမှတ်ထားတဲ့ မူဘောင်များနဲ့ အညီ တတိယအဆင့်အဖြစ် "နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်" ဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထအဆင့်ကတော့ "နိုင်ငံရေးဆွေးနွေးပွဲက ရရှိတဲ့ သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်ရန်" ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်အရ ပထမအဆင့်ဖြစ်တဲ့ "အပစ်အခတ်ရပ်စဲရေးစာချုပ်" ကို လက်မှတ်ရေးထိုးပြီးမှ ကျန်တဲ့ အဆင့်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့်မှာ ကြန့်ကြာနေသ၍ ကျန်တဲ့ အဆင့်များကို ဆက်နိုင်မှာ မဟုတ်ပါ။ လက်ရှိအခြေအနေမှာတော့ သမ္မတဦးသိန်းစိန် မျှော်လင့်ခဲ့သလို ဧပြီလ၊ မေလတွေလောက်မှာ လက်မှတ်ရေးထိုးဖို့ဆိုတာ မဖြစ်နိုင်တော့သလို ၂၀၁၅ ခုနှစ်အတွင်းမှာ လက်မှတ်ရေးထိုးနိုင်မလားဆိုတာလည်း မသေချာပြန်ပါ။

လော်ခီးလာညီလာခံမှာ တက်ရောက်ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များက ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးကော်မတီ (NCCT)" တို့ သဘောတူခဲ့ကြတဲ့ "အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်-နောက်ဆုံးမူကြမ်း (Final Draft)" အပေါ်မှာ အပြည့်အဝ သဘောမတူကြပါ။ ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်တွေ၊ တပ်ပိုင်းဆိုင်ရာအချက်အလက်တွေ ထပ်မံ ဖြည့်စွက်ချင်ကြပါတယ်။ ပြီးတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး မဆွေးနွေးရသေးတဲ့ "ရခိုင့်တပ်မတော်၊ တအောင်း (ပလောင်) လွတ်မြောက်ရေးအဖွဲ့၊ ကိုးကန့်အဖွဲ့" တွေ မပါဝင်ပဲနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးချင်ကြပါ။ သမ္မတဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ခဲ့ချင်ပေမည့် တိုင်းရင်းသားခေါင်းဆောင်များက နောက်အစိုးရလက်ထက်ကျမှ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မှာကို စိုးရိမ်ပူပန်ခြင်းမရှိပါ။

ဒီဖြစ်စဉ်ကို ဝေဘန်ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ခဲ့ချင်တဲ့ စိတ်အားထက်သန်နေတာ တွေ့ရပေမည့် သူ့ရဲ့ စိတ်အားထက်သန်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က တူညီတဲ့ စိတ်အားထက်သန်မှုနဲ့ မတုန့်ပြန်ပဲ သံသယစိတ်နဲ့ တုန့်ပြန်တာကို တွေ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များက သမ္မတရဲ့ တပ်မတော်အပေါ် ဩဇာသက်ရောက်မှုအတိုင်းအတာကိုလည်း သံသယရှိပုံရပါတယ်။ ဒါကြောင့်မို့ သမ္မတရဲ့ စိတ်အားထက်သန်မှုကိုယ်တိုင်က သမ္မတရဲ့ အားနည်းချက်ဖြစ်နေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်အချို့က သမ္မတရဲ့အားနည်းချက်အပေါ် အမြတ်ထုတ်ချင်တဲ့ လက္ခဏာလည်း တွေ့ရပါတယ်။ အချို့တိုင်းရင်းသားခေါင်းဆောင်များကတော့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး၊ နိုင်ငံရေးဆွေးနွေးပွဲတွေစတင်ခြင်းဖြင့် ဦးသိန်းစိန်အတွက် နိုင်ငံရေးအောင်ပွဲကြီးတစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်မှာကို စိတ်မသက်မသာဖြစ်နေပုံရပါတယ်။ သမ္မတကိုယ်စား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနေကြသူများရဲ့ အလွန်အကျွံ ကတိပေးမှုများ၊ ငွေရေးကြေးရေး ပွင့်လင်းမြင်သာခြင်းမရှိမှုများ၊ အာမခံချက်အတိအကျမရှိပဲ အလွန်အကျွံလိုက်လျောမှုများ၊ လာဘ်ထိုးတယ်လို့ ယူဆနိုင်တဲ့ ကားပါမစ်လို လက်ဆောင်ပဏ္ဍာပေးအပ်မှုများကလည်း သမ္မတရဲ့ စိတ်စေတနာကို ပိုပြီးအားနည်းစေပြန်ပါတယ်။

ဒါကြောင့်မို့ ရွေးကောက်ပွဲကတဆင့် နောက်အစိုးရအာဏာကို ရယူဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီများအနေနဲ့ "ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများ" ကို လေးလေးနက်နက်ပြင်ဆင်ချမှတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် "မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန (Myanmar Peace Center)" ကို ဆက်လက်အသုံးချဖို့ လို၊ မလို။ လိုအပ်ဦးမယ်ဆိုရင် လက်ရှိလူတွေကို ဆက်လက်တာဝန်ပေးသင့်၊ မပေးသင့်။ ဒါမှမဟုတ် အမည်တစ်မျိုးနဲ့ ပုံစံပြောင်းပြီး ဖွဲ့စည်းဖို့ သင့်၊မသင့်။ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာနကို နိုင်ငံခြားငွေကြေးထောက်ပံ့မှုမယူပဲ နိုင်ငံ့ဘဏ္ဍာငွေနဲ့ ရပ်တည်နိုင်ခြင်း ရှိ၊ မရှိ။ စတဲ့အချက်တွေကို အလေးအနက် စဉ်းစားပြင်ဆင်သင့်ပါတယ်။ "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်" လက်မှတ်ရေးထိုးရေးနဲ့ ပါတ်သက်ပြီး တပ်မတော်ဘက်က သဘောမတူနိုင်တဲ့ ကိစ္စတွေအတွက် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တိုက်ရိုက်တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသင့်ပါတယ်။ စာချုပ်တွေ စောစောစီးစီး လက်မှတ်ရေးထိုးနိုင်ဖို့၊ အစည်းအဝေးတွေ စောစောစီးစီး စတင်နိုင်ဖို့ထက် သက်ဆိုင်သူအားလုံး သေသေချာချာ ခိုင်ခိုင်မာမာသဘောတူညီနိုင်တဲ့ စာချုပ်ကို ရေးဆွဲဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရပြီး သက်ဆိုင်သူအားလုံး ယုံယုံကြည်ကြည် ရဲရဲရင့်ရင့်တက်ရောက်ဆွေးနွေးနိုင်မည့်၊ ရလဒ်တကယ်ထွက်မည့် အစည်းအဝေးတွေ ကျင်းပနိုင်ဖို့က ပိုပြီးအရေးကြီးတာမို့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒမှာ အတိအကျအချိန်ကန့်သတ်ချက်တွေ မပါဝင်သင့်ပါ။ အချိန်ကန့်သတ်ချက်တွေရဲ့ ဖိအားပေးမှုနဲ့ အရင်စလို ဆောင်ရွက်ရတာ မဖြစ်သင့်ပါ။ 

#နိုင်ငံရေးပါတီ၊ နိုင်ငံရေးမူဝါဒ၊ ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်များ၏ အခွင့်အရေး

အတိုက်အခံနိုင်ငံရေးပါတီတွေက ပြောလေ့ရှိပါတယ်။ သူတို့ပါတီဟာ စစ်အစိုးရရဲ့ အမွေခံ ကြံ့ခိုင်ရေးပါတီမဟုတ်တာနဲ့တင် ပြည်သူလူထုက မဲပေးရွေးချယ်ဖို့ လုံလောက်နေပြီလို့ ပြောကြပါတယ်။ သူတို့ပါတီဟာ စစ်အစိုးရရဲ့ မတရား၊ မမျှတမှုများကို နှစ်ပေါင်းများစွာ ဆန့်ကျင်ဝေဘန်ရဲခဲ့တာမို့ သူတို့ပါတီသာ အာဏာရရင် လက်ရှိအစိုးရထက် အများကြီး ပိုရိုးသားသန့်ရှင်းပြီး တိုင်းပြည်ကို အများကြီး ပိုတိုးတက်စေမယ်လို့ ဆိုပါတယ်။ သူတို့ပါတီဝင်များဟာ အာဏာရှင်စနစ်ကို ရဲရဲ ဆန့်ကျင်ရင်ဆိုင်ပြီး နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့ရသူများဖြစ်ကြတာမို့ သူတို့ပါတီသာ အစိုးရဖွဲ့နိုင်ရင် တကယ့်ကို သန့်ရှင်းစင်ကြယ်တဲ့ အစိုးရဖြစ်လိမ့်မယ်လို့လည်း ကြွေးကြော်ကြပါတယ်။

ကျနော်ကတော့ ဒီလောက်နဲ့ လုံလောက်တယ်မထင်ပါ။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ သူတို့ မဲဆန္ဒပေးရမည့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရိုးသားဖြောင့်မတ်သူများ၊ ပြည်သူ့အကျိုးအမှန်တကယ်သယ်ပိုးလိုသူများ ဖြစ်ရုံတင်မက တိုင်းပြည်ကို မှန်မှန်ကန်ကန်အုပ်ချုပ်နိုင်စွမ်းရှိသူများလည်း ဖြစ်စေချင်ကြမှာပါ။ ကိုယ်စားလှယ်လောင်းများရဲ့ ရိုးသားဖြောင့်မတ်မှုကိုတော့ သူတို့ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ကိုယ်ရေးမှတ်တမ်းကိုကြည့်ရင် သိနိုင်မှာ ဖြစ်ပေမည့် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိမရှိကိုတော့ သက်ဆိုင်ရာပါတီများရဲ့ နိုင်ငံရေးမူဝါဒများကို ကြည့်ပြီး အကဲခတ်ရမှာပါ။ ရွေးကောက်ပွဲကျင်းပဖို့ လေးလလောက်အလို၊ အစိုးရသစ်၊ လွှတ်တော်အသစ် ဖွဲ့စည်းဖို့ ခြောက်လ၊ ခွန်နှစ်လလောက်အလိုမှာ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံတော်အုပ်ချုပ်ရေးမူဝါဒတွေကို ပြင်ဆင်ရေးဆွဲပြီး ဖြစ်သင့်ပါပြီ။ အထွေထွေရွေးကောက်ပွဲဆိုတာ ကိုယ်စားလှယ်လောင်းတွေတင် ယှဉ် ပြိုင်ကြတာမဟုတ်ပါ။ နိုင်ငံရေးပါတီများရဲ့ မူဝါဒများလည်း ယှဉ်ပြိုင်ကြတာပါ။ လူရော၊ မူရော ယှဉ်ပြိုင်ကြရမှာပါ။

နိုင်ငံရေးပါတီများအနေနဲ့ သူတို့ပါတီအာဏာရရင် တိုင်းပြည်ကို ဘယ်လိုစီမံအုပ်ချုပ်မယ်၊ ဘယ်လို ဥပဒေပြုမယ်ဆိုတဲ့ မူဝါဒတွေကို ရွေးကောက်ပွဲမတိုင်မီမှာ ပြည်သူလူထုကို ချပြသင့်ပါပြီ။ ဒါမှလည်း ပြည်သူလူထုက နိုင်ငံရေးပါတီများရဲ့ မူဝါဒများကို နှိုင်းယှဉ်လေ့လာပြီး အကောင်းဆုံးဖြစ်နိုင်တာကို ရွေးချယ်ကြပါလိမ့်မယ်။ ဒီဆောင်းပါးရှည်နဲ့အတူ ကျနော်က ပြည်သူလူထုကိုယ်စား နိုင်ငံရေးပါတီများကို မူဝါဒဆိုင်ရာ မေးခွန်း (၁၀) ခု မေးလိုက်ပါတယ်။ နိုင်ငံရေးပါတီများက ပြည်သူလူထုကို လေးလေးစားစား ဖြေကြားပေးစေချင်ပါတယ်။ ။။။။ #####

Friday, June 26, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၉)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၆ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၉)

အောင်ဒင်

#ခရိုနီစီးပွါးရေးသမားများနှင့် ပါတ်သက်၍

ခရိုနီ (Crony) စီးပွါးရေးသမားဆိုတာ အာဏာလက်ရှိအစိုးရက အထူးအခွင့်အရေးပေးထားလို့ စီးပွါးရေးလုပ်ပိုင်ခွင့်တွေကို ပြိုင်ဖက်မရှိ ရရှိပြီး ဈေးကွက်ကို စိုးမိုးချယ်လှယ်နိုင်သူ၊ ဝင်ငွေအများဆုံးရရှိပြီး အခွန်ငွေအနည်းဆုံး ပေးဆောင်ရသူ၊ အပြန်အလှန်အားဖြင့် အာဏာရှင်များနဲ့ မိသားစုများရဲ့ အကျိုးစီးပွါးကို အများဆုံး အထောက်ပံ့ပေးသူတွေကို ဆိုလိုတာဖြစ်ပါတယ်။ အာဏာရှင်နဲ့ ခရိုနီတွေ အပြန်အလှန်အကျိုးပြုကြတဲ့ တိုင်းပြည်မှာ အာဏာရှင်များနဲ့ ခရိုနီများက တိုင်းပြည်ရဲ့ စီးပွါးရေးနယ်ပယ်ကို ချယ်လှယ်ထိန်းချုပ်လို့ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေ ဖြစ်လာတတ်ပြီး တိုင်းပြည်တစ်ခုလုံးကတော့ စီးပွါးရေးချွတ်ခြုံကျလို့ ပြည်သူများက ကမ္ဘာ့အဆင်းရဲဆုံး လူသားများ ဖြစ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ နဝတ၊ နအဖ စစ်အစိုးရများခေတ် သူဋ္ဌေးမွေးမြူရေးစီမံချက်ကြောင့် ရုတ်တရက်ကြီးပွါးချမ်းသာလာတဲ့ ခရိုနီသူဋ္ဌေးကြီးတွေ အများကြီးရှိနေခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့ ပြုပြင်ပြောင်းလဲရေးကာလမှာလည်း ခရိုနီစီးပွါးရေးသမားများကပဲ လက်ရှိအစိုးရနဲ့ ပြေလည်အောင်ဆက်ဆံ၊ အလားအလာရှိတဲ့ အတိုက်အခံ နိုင်ငံရေးသမားများကို သင့်တင့်အောင်ပေါင်းပြီး စီးပွါးရေးအောင်လံ လွှင့်ထူနေဆဲပါ။ နိုင်ငံရေးပါတီများမှာ သူတို့ပါတီ အာဏာရခဲ့ရင် ခရိုနီစီးပွါးရေးသမားကြီးများကို ဘယ်လို မူဝါဒနဲ့ ဆက်ဆံမလဲဆိုတာ မဲဆန္ဒရှင်ပြည်သူအများက သိချင်ကြပါလိမ့်မယ်။

ခရိုနီဆိုတာ ခေတ်တိုင်းမှာ ရှိနေမှာပါ။ အာဏာအလွဲသုံးစားလုပ်တတ်တဲ့ နိုင်ငံရေးသမားတွေရှိရင်၊ ဆွေမျိုးသားချင်းကောင်းစားရေး ဦးစားပေးတတ်တဲ့ နိုင်ငံရေးသမားတွေ ရှိနေမယ်ဆိုရင် ဒီမိုကရေစီအစိုးရတွေ လက်ထက်မှာလည်း ခရိုနီတွေ ရှိနေဦးမှာပါ။ ဒါကြောင့် နောက်တက်လာမည့် အစိုးရသစ်အနေနဲ့ ခရိုနီများနဲ့ပါတ်သက်တဲ့ မူဝါဒမှာ အပိုင်း (၂) ပိုင်းရှိသင့်တယ်လို့ ကျနော် ယူဆပါတယ်။ 

ပထမပိုင်းကတော့ နောက်ထပ်ခရိုနီအသစ်တွေ ထပ်မံမမွေးထုတ်ဖို့နဲ့ ဒုတိယပိုင်းက လက်ရှိခရိုနီများကို တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ်အကျိုးရှိတဲ့ အင်အားစုကြီးတစ်ခုဖြစ်လာအောင် စည်းရုံးဖို့ပါ။
ခရိုနီအသစ်တွေ နောက်ထပ်မမွေးထုတ်ဖို့ အဓိကလိုအပ်ချက်ကတော့ ဈေးကွက်စီးပွါးရေးစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အစိုးရက ဒိုင်လူကြီးအဖြစ်နဲ့ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ၊ ဘယ်သူ့ကိုမှ မျက်နှာသာမပေးပဲ အမျိုးသားစီးပွါးရေးလုပ်ငန်းရှင်အားလုံး တန်းတူညီမျှ ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ စီးပွါးရေးပါတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲက အရည်အချင်းညံ့ဖျင်းသူတွေ၊ အဂတိလိုက်စားသူတွေ၊ ဆွေမျိုးသားချင်း ကောင်းစားရေးဦးစားပေးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများကို တန်းတူညီမျှ ကူညီစောင့်ရှောက်ပေးရမှာ ဖြစ်သလို သင့်တင့်လျောက်ပတ်တဲ့ အခွန်အတုတ်များလည်း စနစ်တကျ ကောက်ခံရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ နိုင်ငံတော်ရဲ့ စီးပွါးရေးမှာ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်မှုကို အထောက်အကူပြုတဲ့ ဥပဒေတွေ၊ မရိုးမသားယှဉ်ပြိုင်သူများ၊ မတော်မရားစီးပွါးရှာသူများကို ထိထိရောက်ရောက်အရေးယူတဲ့ ဥပဒေတွေ၊ စားသုံးသူများရဲ့ အကျိုးစီးပွါး၊ အလုပ်သမားထုရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ခရိုနီများ နောက်ထပ်ပေါ်ပေါက်မလာအောင် တားမြစ်ရမှာပါ။ 

စစ်အစိုးရများရဲ့ ဆိုးဝါးတဲ့ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့တဲ့ လက်ရှိခရိုနီများနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီအင်အားစုအတွင်းမှာလည်း သဘောထားနှစ်မျိုးကွဲနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်ကတော့ လူမှုရေးလုပ်ငန်းများအတွက် ခရိုနီများလှူဒါန်းတဲ့ ပိုက်ဆံကို လက်ခံသင့်တယ်လို့ သဘောထားပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း အလားတူသဘောထားမျိုးရှိတယ် ထင်ပါတယ်။ သူတို့တွေက ခရိုနီတွေကို ရန်သူတွေလို ဆက်ဆံမုန်းတီးကြမည့်အစား တိုင်းပြည်အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာ၊ သူတို့ရဲ့  ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်ရဲ့  လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ အသုံးချတာ ပိုကောင်းတယ်လို့ တွေးခေါ်ပုံရပါတယ်။
မြန်မာစစ်အစိုးရက မွေးမြူပျိုးထောင်ပေးခဲ့လို့ အချိန်တိုအတွင်းမှာ အလွန်အမင်းချမ်းသာကြွယ်ဝလာပြီး အပြန်အလှန်အားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို ငွေရေးကြေးရေးအကြီးအကျယ်ထောက်ပံ့ခဲ့တဲ့၊ ထောက်ပံ့နေဆဲဖြစ်တဲ့ ခရိုနီစီးပွါးရေးသမားများကို ခါးခါးသီးသီးမုန်းတီးပြီး အဲဒီ ခရိုနီများနဲ့ မဆက်ဆံရေးသဘောထားရှိကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူများလည်း အများအပြားရှိကြပါတယ်။ အဲဒီလို သဘောထားတင်းမာတဲ့ ဒီမိုကရေစီလှုပ်ရှားသူများက ခရိုနီများအပေါ် ပျော့ပြောင်းတဲ့ သဘောထားရှိတဲ့ ဒီမိုကရေစီလှုပ်ရှားသူများကို ပြစ်တင်ကြ၊ ဝေဘန်ကြတာလည်း မကြာခဏကြားသိရပါတယ်။

ခရိုနီများဘက်မှာလည်း ကွဲပြားမှုတွေရှိပါတယ်။ အချို့က ခေတ်ရဲ့အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲချင်တာ တွေ့ရပါတယ်။ သူတို့ကို လူထုက မုန်းတာကို မခံချင်ကြတော့ပဲ လူအများကို အကျိုးပြုသော၊ လူအများက ချစ်ခင်လေးစားသော သန့်ရှင်းမျှတသည့် စီးပွါးရေးလုပ်ငန်းရှင်များအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အချို့ခရိုနီများကတော့ စီးပွါးရေးမှာသာမက နိုင်ငံရေးအာဏာတွေပါ ရရှိလာပြီး ပိုပြီးလောဘကြီးလာတာ၊ ပိုပြီးမောက်မာလာတာလည်း တွေ့ရပါတယ်။ ဘုရားတွေတည်ဆောက်၊ ဆရာတော်ကြီးတွေကို လှူဒါန်းရုံနဲ့ သူ့အကုသိုလ်တွေ ပျောက်ပြီလို့ ယုံကြည်နေတဲ့ ခရိုနီမျိုးလည်းရှိပါတယ်။ အချို့ကတော့ နံမည်ပျက်စာရင်းကလည်း လွတ်မြောက်ချင်၊ အသားကျနေတဲ့ အကျင့်စရိုက်တွေကိုလည်း မပြင်နိုင်၊ ဗိုလ်ချုပ်သစ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့  အငြိုအငြင်ကိုလည်း မခံနိုင်ကြတာ တွေ့ရပါတယ်။ အချို့ကျတော့လည်း ဘာကိုမှ ပြင်ဖို့မကြိုးစားပဲ နိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အလားအလာရှိသူများကိုသာ ငွေနဲ့ပေါက်ပြီး ဝယ်ယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။

မြန်မာပြည်သူတွေဟာ ခွင့်လွှတ်တတ်ကြသူတွေပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်စိုးမှုခေတ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြလို့ ဒီခရိုနီစီးပွါးရေးသမားတွေကို အမုန်းကြီးမုန်းကြပေမည့် အပြောင်းအလဲကာလမှာ ဒီခရိုနီတွေ အမြင်မှန်ရပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်လာကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြ၊ ကြိုဆိုကြမှာပါ။ ဒါပေမည့် ခရိုနီများရဲ့  ပြည်သူ့ဘက်ကို ကူးပြောင်းမှုဟာ ရိုးသားစင်ကြယ်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ တွေ့နေရတာကတော့ သူတို့ကိုးကွယ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းများ အနားယူသွားပြီး အချို့ အရပ်ဝတ်လဲလို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြောင်းလဲနေကြတာတောင်မှ ခရိုနီစီးပွါးရေးသမားအများစုရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲကြသေးပါ။ သမ္မတ ၊ ဒု-သမ္မတများနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ တိုင်းခန်းလှည့်လည်ရာကို ကောက်ကောက်ပါအောင်လိုက်ပြီး သမ္မတနဲ့ ဝန်ကြီးများ လက်ညှိုးညွှန်ရာမှာ အလှူဒါနတွေလုပ်နေကြဆဲပါ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ စီးပွါးရေးလုပ်ပိုင်ခွင့်အများစုကိုလည်း အာဏာပိုင်များနဲ့ နီးစပ်တဲ့ ခရိုနီများကပဲ ရရှိနေပါတယ်။ အစိုးရက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း သူတို့ပဲ အများဆုံးရရှိနေကြတာပါ။ တစ်ဖက်မှာ ဗိုလ်ချုပ်တွေနဲ့ ဂေါက်သီးအတူရိုက်၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေကို ပစ္စည်းလေးပါးထောက်ပံ့နေပြီး တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ကို လိုအပ်တာတွေ လျှို့ဝှက်ပြီး ဖြည့်ဆီးပေးလို့ နှစ်ဖက်စလုံးကို တစ်ပြိုင်ထဲဝယ်ယူနေတဲ့ ခရိုနီတွေလည်း အများကြီးပါ။ တစ်ဖက်မှာ လယ်မြေဧကပေါင်း သောင်းနဲ့ချီပြီး အဓမ္မသိမ်းဆည်းလို့ လယ်သမားများ၊ ဆင်းရဲသားများကို လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်မှာတော့ တန်ခိုးကြီးဆရာတော်တွေကို အမြင့်မားဆုံးကိုးကွယ်၊ ဘုရားတွေတည်၊ ဘုန်းတော်ကြီးကျောင်းတွေဆောက်လုပ်လှူဒါန်းပြီး သာသနာ့ဒယကာအမည်ခံနေတဲ့ ခရိုနီများလည်း ရှိပါသေးတယ်။

တကယ်တော့ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့၊ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိကစီးပွါးရေးသမားများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တိုင်းပြည်ရဲ့  စီးပွါးရေးမူဝါဒတွေ မှန်ကန်ရင် ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံပိုင်၊ အစိုးရပိုင်လုပ်ငန်းများလျော့နည်းလို့ ဈေးကွက်ကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများက ဦးဆောင်ရမှာပါ။ အစိုးရက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ဈေးကွက်အတွင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ကိုသာ စောင့်ကြပ်ကြည့်ရှူပြီး လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မှုမပြုရင်၊ တိုင်းပြည်နဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ရေနက်ဆိပ်ကမ်း၊ အင်တာနက် စတဲ့ အခြေခံအဆောက်အအုံများကိုသာ တာဝန်ယူတည်ဆောက်ပေးပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ကို အားပေးမယ်ဆိုရင်  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ခရိုနီတွေ တစ်တပ်တစ်အားပါဝင်ကြဖို့ စည်းရုံးဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်တယ်ဆိုရာမှာ ဖောင်ဒေးရှင်းကြီးတွေတည်ထောင်ပြီး ပညာသင်စားရိတ်တွေ ထောက်ပံ့တာ၊ ဆေးရုံကြီးတွေတည်ဆောက်ပြီး အခမဲ့ကျန်းမာရေးကုသပေးတာလောက်နဲ့ မလုံလောက်ပါ။ ဟိန္ဒူ ဘာသာကြီးစိုးတဲ့ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်အသစ် နေရိန်ဒရာမိုဒီ (Narendra Modi) က ဝန်ကြီးချုပ်ရာထူးလက်ခံပြီး မကြာခင် ရဲရဲတောက်စကားတစ်ခွန်း ပြောခဲ့ပါတယ်။ "အိန္ဒိယနိုင်ငံမှာ အိမ်သာတွေတည်ဆောက်ဖို့က ဘုရားကျောင်းများတည်ဖို့ထက် ပိုအရေးကြီးတယ်" တဲ့။ အိန္ဒိယနိုင်ငံရဲ့  လူဦးရေ သန်းတစ်ထောင်ကျော်ထဲက အိမ်သာတစ်လုံးတောင်မရှိကြတဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၆၀၀ ကျော် (မိသားစုပေါင်း သန်း ၁၃၀ ကျော်) အတွက် ပြောတာပါ။ မြန်မာနိုင်ငံလည်း အလားတူပါ။ ဆင်းရဲနွမ်းပါးသော သာမာန်ပြည်သူ သန်းပေါင်းများစွာရဲ့  ဘဝတွေကို မြှင့်တင်ပေးဖို့၊ ပြည်သူတွေကို ဆင်းရဲတွင်းထဲက ကူညီဆွဲထုတ်ပေးဖို့က ဘုရားတည်၊ ဘုန်းကြီး ကျောင်းဆောက်လုပ်ငန်းများထက် ပိုပြီး အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မြေယာမဲ့၊ အိုးအိမ်မဲ့များအတွက် နေစရာဖန်တီးပေးရေး၊ အလုပ်သမားများအတွက် လုံလောက်တဲ့ လစာနဲ့ ထိုက်တန်တဲ့ အခွင့်အရေးများရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများဖြစ်အောင် လေ့ကျင့်သင်ကြားရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးစသဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ရဲ့  စီးပွါးရေးလုပ်ငန်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ (၂၅) ရာခိုင်နှုံးလောက်ကို ရင်းနှီးမြှုပ်နှံပြီး ကူညီ ဆောင်ရွက်ပေးမည့် စီးပွါးရေးသမားကြီးများကို အထူးမျှော်လင့်ပါတယ်။ ဒီလိုဖြစ်အောင် အာဏာရနိုင်ငံရေးသမားတွေက စည်းရုံးကြရမှာပါ။
ဒါကြောင့် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများမှာ ခရိုနီဆိုင်ရာ မူဝါဒတွေ ရှိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ မူဝါဒတွေကို မဲဆန္ဒရှင်ပြည်သူတွေကို ရွေးကောက်ပွဲမတိုင်မီ အသိပေးဖို့လိုပါတယ်။ ။။။။

Thursday, June 25, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၈)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၅ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၈)

အောင်ဒင်

#စီးပွါးရေးမူဝါဒနှင့် ပါတ်သက်၍

အစိုးရသစ်တက်လာတဲ့အချိန်ကစလို့ နိုင်ငံတကာအရေးယူမှုတွေ တဖြေးဖြေးရုပ်သိမ်းသွားကြသလို နိုင်ငံတကာအကူအညီများလည်း အလုံးအရင်းနဲ့ ရရှိနေပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း နှစ်စဉ်ဝင်ရောက်လာနေပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့စတဲ့ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကို သက်သာခွင့်ပြူပြီး အတိုးမဲ့နဲ့ အတိုးနည်းချေးငွေတွေ ထုတ်ချေးနေပါတယ်။ ဒါပေမည့်လည်း မြန်မာနိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုအခြေအနေက အားရစရာ မရှိသေးပါ။ လက်ရှိအစိုးရရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုများကလည်း မျှော်လင့်သလို မြန်ဆန်ထိရောက်မှုမရှိတာရယ်၊ အာဏာရသူများအသိုင်းအဝိုင်းမှာ စနစ်ဟောင်းအတိုင်း ဆက်လက်ရှင်သန်နေချင်ကြသူတွေကြောင့်ရယ်၊ အစိုးရယန္တရားကြီးက ကြီးမားကျယ်ပြန့်ပြီး ထိရောက်မှု မရှိတာရယ်၊ နက်ရှိုင်းကျယ်ပြန့်လှတဲ့ အဂတိလိုက်စားမှုတွေရယ်၊ ဦးဆောင်သူများရဲ့ မပြတ်သားမှု၊ တွန့်ဆုတ်မှု၊ အားနည်းမှုတွေရယ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးကို အရင်ခေတ်ကလိုပဲ အာဏာရှိသူများနဲ့ ခရိုနီများက ဆက်လက်ချုပ်ကိုင်ထားနေဆဲပါ။ ၂၀၁၆ ခုနှစ်မှာ အုပ်ချုပ်ရေးအာဏာရယူမည့် အစိုးရအဖွဲ့သစ်က လက်ရှိအစိုးရနဲ့ မတူကွဲပြားပြီး မှန်ကန်တဲ့ စီးပွါးရေးမူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်မှ စီးပွါးရေးတိုးတက်မှုဆိုတာကို ပြည်သူအများ ခံစားနိုင်ကြမှာပါ။ ဒါကြောင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများရဲ့ စီးပွါး ရေးမူဝါဒများကို ပြည်သူတွေက သိချင်ကြပါလိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅) မှာ "နိုင်ငံတော်၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေးစနစ် ဖြစ်သည်" ဟု ပြဋ္ဌန်းထားပါတယ်။ ပုဒ်မ (၃၆)၊ ပုဒ်မခွဲ (က) မှာ "အမျိုးသားစီပွါးရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွါးရေးအင်အားစုအားလုံးကို စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်" ဟု ပြဋ္ဌန်းထားပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးစနစ်ဟာ "ပုဂ္ဂလိကလုပ်ငန်းဦးစားပေး လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးစနစ်" မဟုတ်ပဲ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတွေကို နိုင်ငံပိုင်၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်ပိုင်စီးပွါးရေးလုပ်ငန်းများနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးထားတဲ့ "အစိုးရချုပ်ကိုင်သော ဈေးကွက်စီးပွါးရေးစနစ်" ဖြစ်နေပါတယ်။

ဈေးကွက်တော့ရှိပါရဲ့၊ ဒါပေမည့် ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်တဲ့အခန်းကဏ္ဍက နည်းပါးလှပြီး နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းများရဲ့  အခန်းကဏ္ဍ္ဌက ပိုပြီးကြီးမားလှပါတယ်။ ဥပမာအားဖြင့် သတင်းစာထုတ်ဝေရေးလုပ်ငန်းကို ကြည့်ပါ။ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပေးတယ်ဆိုပေမည့် အစိုးရပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ တိုင်းဒေသကြီးအစိုးရအချို့နဲ့ စစ်တပ်ကလည်း သတင်းစာတွေထုတ်ဝေနေပါတယ်။ နိုင်ငံပိုင်သတင်းစာများက နိုင်ငံတော်ဘဏ္ဏာထဲက လုံလောက်တဲ့ ငွေကြေးအရင်းအနှီးရရှိပါတယ်။ နိုင်ငံပိုင် ပုံနှိပ်စက်များ၊ ကိုယ်ခွဲပုံနှိပ်စက်များနဲ့ နိုင်ငံတစ်ဝှမ်းမှာ တစ်ပြိုင်တည်းပုံနှိပ်နိုင်ပါတယ်။ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး တစ်နိုင်ငံလုံးကို အမြန်ဆုံးဖြန့်ချီနိုင်ပါတယ်။ အစိုးရဋ္ဌာနအားလုံးက အစိုးရသတင်းစာတွေကို မဝယ်မဖြစ်ဝယ်ရပါတယ်။ အစိုးရဋ္ဌာနများက လုပ်ငန်းကြော်ငြာများကို ပြိုင်ဘက်မရှိ ရရှိပါတယ်။ စောင်ရေ သိန်းနဲ့ချီပြီး ရိုက်နှိပ်ထုတ်ဝေနိုင်တာမို့ နာရေး၊ သာရေးကြော်ငြာအများဆုံး လက်ခံရရှိပါတယ်။ ဒီတော့ ဘယ်ပုဂ္ဂလိကသတင်းစာကမှ နိုင်ငံပိုင်သတင်းစာများကို ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်းလုံးဝမရှိပါ ။ ဒါဟာဖြင့် လွတ်လပ်မျှတစွာယှဉ်ပြိုင်ခြင်းမဟုတ်ပါ။ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့  အခန်းကဏ္ဏက ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွတ်လပ်စွာ၊ မျှတစွာယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးရှိအောင် ဖန်တီးစောင့်ကြပ်ပေးဖို့သာဖြစ်ပြီး အစိုးရကိုယ်တိုင်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပါ။

တိုင်းပြည်ဘဏ္ဏာထဲက ငွေကြေးအမြောက်အများကို ရင်းနှီးသုံးစွဲထားရတဲ့ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းတွေဟာ လွတ်လပ်သော ဈေးကွက်စီးပွါးရေးစနစ်အတွက် အနှောက်အယှက်ဖြစ်ရုံသာ မကပဲ၊ အမြတ်အစွန်းထွက်အောင် မဆောင်ရွက်နိုင်လို့ တိုင်းပြည်ဘဏ္ဏာကို အလဟသဆုံးရှုံးနစ်နာစေတဲ့၊ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများကြီးစိုးရာ အခြေခံဋ္ဌာနကြီးများလည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံပိုင်စီးပွါးရေးအဖွဲ့အစည်းများအပြင် တိုင်းပြည်ရဲ့စီးပွါးရေးနဲ့ ဈေးကွက်ကို ကြီးကြီးမားမား ချုပ်ကိုင်လွှမ်းမိုးထားတာက စစ်တပ်ပိုင်စီးပွါးရေးအဖွဲ့အစည်းများနဲ့ ခရိုနီ (Crony) လို့ခေါ်ကြတဲ့ ခေတ်ပျက်သူဋ္ဌေးကြီးများဖြစ်ကြပါတယ်။ တပ်မတော်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက် (ဦးပိုင်) နဲ့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) နှစ်ခုက တိုင်းပြည်ရဲ့ စီးပွါးရေးကဏ္ဏအားလုံးလိုလိုမှာ ခိုင်ခိုင်မာမာနေရာယူထားပါတယ်။ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နဲ့ ခရိုနီပိုင် စီးပွါးရေးလုပ်ငန်းများက တိုင်းပြည်ရဲ့ စီးပွါးရေးနဲ့ ဈေးကွက်အများစုကို လွှမ်းမိုးချုပ်ကိုင်ထားကြတော့ သာမာန်အမျိုးသားဓနရှင်များအတွက် လွတ်လွတ်လပ်လပ်မျှမျှတတယှဉ်ပြိုင်နိုင်တဲ့ စီးပွါးရေးပါတ်ဝန်းကျင် လုံးဝမရှိသလောက်ပါ။

(၁) လွတ်လပ်မျှတတဲ့ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့ တာဝန်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပဲ လွတ်လပ်မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်အောင် ကောင်းမွန်တဲ့ စီးပွါးရေးပါတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ အားလုံး (သို့မဟုတ်) အများစုကို ပုဂ္ဂလိကပိုင်ပြု (Privatization) သင့်ပါတယ်။ ပုဂ္ဂလိကပိုင်ပြုရာမှာလည်း နအဖစစ်အစိုးရက ၂၀၁၀ ခုနှစ်အတွင်းက လုပ်ခဲ့သလို ခရိုနီသူဋ္ဌေးကြီးများရဲ့ လက်ထဲကို နိုင်ငံပိုင်အဆောက်အအုံနဲ့ လုပ်ငန်းတွေ ဈေးပေါပေါနဲ့ အကြွေးရောင်းပေးခဲ့သလို လုပ်လို့တော့မရပါ။ ပုဂ္ဂလိကပြုခြင်းကို စနစ်တကျဖြစ်စေဖို့ ပြည်ထောင်စုလွှတ်တော်က "နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုရေးဆိုင်ရာ ဥပဒေ" ပြဋ္ဌန်းဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကပြုရေးလုပ်ငန်းစဉ်တစ်ခုလုံးဟာ နိုင်ငံသားတိုင်းလွတ်လပ်စွာ ပါဝင်ခွင့်ရှိတဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုအပ်ပါတယ်။

(၂) အစိုးရဟာ ဈေးကွက်စီးပွါးရေးစနစ်မှာ လွတ်လပ်စွာယှဉ်ပြိုင်မှုများကို ကြီးကြပ်ထိန်းသိမ်းရမည့် ဒိုင်လူကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွါးရေးလုပ်ငန်းများ မျှမျှတတယှဉ်ပြိုင်စေဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ရမှာဖြစ်ပေမည့် အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေ အလွန်အကျွံမများအောင်၊ အစိုးရနဲ့ ပုဂ္ဂလိကဆက်ဆံရေးမှာ ကြိုးနီစနစ်ဆိုတဲ့ အဟန့်အတားတွေမရှိဖို့လည်း လိုအပ်ပါတယ်။ "လက်ကောက်နဲ့ လက်ထိပ်" ဥပမာလိုပါပဲ။ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဈေးကွက်စီးပွါးရေးစနစ်ကို အားကောင်းသန်မာစေမည့်၊ လွတ်လပ်မျှတစေမည့် အဆင်တံဆာတွေပဲ ဖြစ်သင့်ပါတယ်။ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ကို ထိန်းချုပ်မည့် အဟန့်အတားတွေမဖြစ်စေသင့်ပါ။

(၃) လွတ်လပ်စွာစီးပွါးယှဉ်ပြိုင်ခွင့်ကို ကြီးကြပ်မည့် ဒိုင်လူကြီးကိုယ်တိုင်က မျှတဖို့လိုပါတယ်။ ဒါကြောင့် အစိုးရက ထုတ်ပြန်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက မျှတရမှာဖြစ်သလို ဒီစည်းမျဉ်းစည်းကမ်းတွေကို ကိုင်တွယ်ပြီး စီးပွါးရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲမည့် အစိုးရဝန်ထမ်းတွေကိုယ်တိုင်က အဂတိလိုက်စားမှုကင်းဖို့လိုအပ်ပါတယ်။

(၄) မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်နဲ့ ခရိုနီအရင်းရှင်စနစ်များ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့နိုင်ငံမို့ အလုပ်သမားနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို ဂရုမစိုက်တတ်ခဲ့ပါ။ ဒါကြောင့်မို့ ဈေးကွက်စီးပွါးရေးစနစ်အတွင်းမှာ အလုပ်သမားများနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဥပဒေတွေပြဋ္ဌန်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အလုပ်သမားသမဂ္ဂများ၊ လွတ်လပ်သောကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေးအဖွဲ့များ တရားဝင်ဖွဲ့စည်းခွင့်ရှိရပါမယ်။ အလုပ်သမားသမဂ္ဂများဟာ အလုပ်ရှင်-အလုပ်သမား ပဋ္ဋိပက္ခတွေမှာ အလုပ်သမားဘက်က ကိုယ်စားပြုနိုင်ခွင့်ရှိရပါမယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့  လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်တွေချရာမှာ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ခွင့်ရှိရပါမယ်။

(၅) အနည်းဆုံးလုပ်ခ သတ်မှတ်ရေး၊ လုပ်ငန်းခွင်တွင်း အန္တရာယ်ကင်းစင်ရေး၊ အလုပ်သမားများအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ တိကျသော ပုံမှန်အလုပ်ချိန်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်များ မှန်မှန်ကန်ကန်ရရှိရေး၊ ဒါဏ်ရာအနာတရဖြစ်မှုအတွက် နစ်နာကြေး၊ အလုပ်ထုတ်ခံရမှုအတွက် လျော်ကြေး၊ အလုပ်အာမခံချက်ရှိရေး များနဲ့ပါတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် ပါဝင်ပါတ်သက်ဖို့လိုအပ်ပါတယ်။

(၆) အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးထောက်ပံ့ဖို့လိုအပ်ပါတယ်။ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ဈေးကွက်ရှာဖွေရေး၊ ဈေးကွက်ပြိုင်ဆိုင်ရေးလုပ်ငန်းတွေကိုလည်း အားပေးထောက်ပံ့သင့်ပါတယ်။

(၇) အစိုးရအနေနဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများ (SME/ Small and Medium Enterprises) ကို အားပေးကူညီဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အမျိုးသားဓနရှင်များ၊ စွန့်ဦးတီထွင်သူများရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို အားပေးဖို့ နိုင်ငံပိုင်ဘဏ်များကနေ အတိုးနည်း နှစ်ရှည်ချေးငွေများ ချေးသင့်ပါတယ်။

(၈) တိုင်းပြည်လူဦးရေရဲ့  (၆၃) ရာခိုင်နှုံးက လယ်ယာကဏ္ဏမှာ မှီခိုလုပ်ကိုင်နေကြရပါတယ်၊ ဒါကြောင့်မို့ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဏရဲ့ တိုးတက်မှုဟာ အထူးအရေးကြီးပါတယ်။ လယ်ယာကဏ္ဏမှာ လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ခွင့်ရှိဖို့၊ နှစ်သက်ရာသီးနှံကို လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်စိုက်ပျိုးခွင့်ရှိဖို့၊ လယ်ယာထွက်ကုန်တွေကို လွတ်လပ်တဲ့ ဈေးကွက်မှာ လွတ်လပ်စွာယှဉ်ပြိုင်ရောင်းချခွင့်ရှိဖို့၊ လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အရင်းအနှီး၊ မျိုးစေ့၊ မြေဩဇာတွေကို လွယ်လွယ်ကူကူရနိုင်ဖို့ အစိုးရက မူဝါဒချမှတ် ကူညီသင့်ပါတယ်။

(၉) စီးပွါးရေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရဲ့  သဘာဝပါတ်ဝန်းကျင် မပျက်စီး၊ မဆုံးရှုံးရဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်အစိုးရက သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်သင့်ပါတယ်။

(၁၀) "လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement)" ဆိုတာ ရုတ်တရက်ကြည့်ရင် ကောင်းသလိုပါ။ နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံများအကြားမှာ အခွန်အတုတ်တွေနဲ့ ကန့်သတ်မထားပဲ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ အပြန်အလှန်တင်ပို့ရောင်းချခွင့်ပြုတာပါ။ ဒါပေမည့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒီလိုသဘောတူညီချက်မျိုးက ပြည်တွင်းစီးပွါးရေးလုပ်ငန်းရှင်များအတွက် အန္တရာယ်ရှိပါတယ်။ တစ်ခြားနိုင်ငံရဲ့ ဈေးကွက်ထဲကို မြန်မာနိုင်ငံက တင်ပို့နိုင်တဲ့ ကုန်ပစ္စည်းပမာဏက သိပ်မများလှသေးပေမည့် ကိုယ့်နိုင်ငံရဲ့ ဈေးကွက်ထဲကိုတော့ ပြည်ပနိုင်ငံက လုပ်ငန်းရှင်များက အလုံးအရင်းနဲ့ ပစ္စည်းတွေ တင်သွင်းနိုင်ကြမှာပါ။ ဒါကြောင့်မို့ ဒီသဘောတူညီမှုမျိုးကို အသေအချာစဉ်းစားသုံးသပ်သင့်ပါတယ်။

(၁၁) ဈေးကွက်ထဲမှာ အစိုးရက ကိုယ်တိုင်ဝင်ရောက်မယှဉ်ပြိုင်ပဲနဲ့ ပုဂ္ဂလိကလုပ်ငန်းများကနေ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ စီးပွါးရေးသမားများထံကနေ ဝင်ငွေခွန်များကို များရင်များသလို တိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) နဲ့ ထိထိရောက်ရောက် ကောက်ခံဖို့လိုအပ်ပါတယ်။ ဒီအခွန်ငွေတွေဟာ တိုင်းပြည်ဘဏ္ဏာရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်လာရပါမယ်။ အခွန်ရှောင်တဲ့၊ အခွန်ဆောင်ဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင်များကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။

(၁၂) စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာရေးတို့ဟာ တိုက်ရိုက်ပါတ်သက်နေပါတယ်။ ပညာရေးအဆင့်အတန်းမြင့်မားမှ၊ အဖိုးအခအလွန်မကြီးမားပဲ အားလုံးအဆင်ပြေပြတက်ရောက်နိုင်တဲ့ ပညာရေးစနစ်ဖြစ်မှ တိုင်းပြည်အတွက် အရည်အသွေးမြင့် ပညာတတ်အလုပ်သမားအင်အားစုကြီးကို မွေးထုတ်ပေးနိုင်မှာပါ။ အရည်အသွေးမြင့် အလုပ်သမားတွေပါဝင်တည်ဆောက်တဲ့ စီးပွါးရေးအဆောက်အအုံဟာ တိုးတက်ဖွံ့ဖြိုးဖို့ ပိုပြီးအခွင့်အလမ်းရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံဘဏ္ဏာကို ပညာရေးကဏ္ဏမှာ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံဖို့ အထူးလိုအပ်ပါတယ်။
ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများမှာ စီးပွါးရေးမူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရေးဆွဲပြင်ဆင်ပြီးပြီလို့ မျှော်လင့်ပါတယ်။ အဲဒီ စီးပွါးရေးမူဝါဒတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို ရှင်းလင်းတင်ပြီဖို့ တောင်းဆိုပါတယ်။။။။။