BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, June 25, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၈)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၅ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၈)

အောင်ဒင်

#စီးပွါးရေးမူဝါဒနှင့် ပါတ်သက်၍

အစိုးရသစ်တက်လာတဲ့အချိန်ကစလို့ နိုင်ငံတကာအရေးယူမှုတွေ တဖြေးဖြေးရုပ်သိမ်းသွားကြသလို နိုင်ငံတကာအကူအညီများလည်း အလုံးအရင်းနဲ့ ရရှိနေပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း နှစ်စဉ်ဝင်ရောက်လာနေပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့စတဲ့ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကို သက်သာခွင့်ပြူပြီး အတိုးမဲ့နဲ့ အတိုးနည်းချေးငွေတွေ ထုတ်ချေးနေပါတယ်။ ဒါပေမည့်လည်း မြန်မာနိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုအခြေအနေက အားရစရာ မရှိသေးပါ။ လက်ရှိအစိုးရရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုများကလည်း မျှော်လင့်သလို မြန်ဆန်ထိရောက်မှုမရှိတာရယ်၊ အာဏာရသူများအသိုင်းအဝိုင်းမှာ စနစ်ဟောင်းအတိုင်း ဆက်လက်ရှင်သန်နေချင်ကြသူတွေကြောင့်ရယ်၊ အစိုးရယန္တရားကြီးက ကြီးမားကျယ်ပြန့်ပြီး ထိရောက်မှု မရှိတာရယ်၊ နက်ရှိုင်းကျယ်ပြန့်လှတဲ့ အဂတိလိုက်စားမှုတွေရယ်၊ ဦးဆောင်သူများရဲ့ မပြတ်သားမှု၊ တွန့်ဆုတ်မှု၊ အားနည်းမှုတွေရယ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးကို အရင်ခေတ်ကလိုပဲ အာဏာရှိသူများနဲ့ ခရိုနီများက ဆက်လက်ချုပ်ကိုင်ထားနေဆဲပါ။ ၂၀၁၆ ခုနှစ်မှာ အုပ်ချုပ်ရေးအာဏာရယူမည့် အစိုးရအဖွဲ့သစ်က လက်ရှိအစိုးရနဲ့ မတူကွဲပြားပြီး မှန်ကန်တဲ့ စီးပွါးရေးမူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်မှ စီးပွါးရေးတိုးတက်မှုဆိုတာကို ပြည်သူအများ ခံစားနိုင်ကြမှာပါ။ ဒါကြောင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများရဲ့ စီးပွါး ရေးမူဝါဒများကို ပြည်သူတွေက သိချင်ကြပါလိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅) မှာ "နိုင်ငံတော်၏ စီးပွါးရေးစနစ်သည် ဈေးကွက်စီးပွါးရေးစနစ် ဖြစ်သည်" ဟု ပြဋ္ဌန်းထားပါတယ်။ ပုဒ်မ (၃၆)၊ ပုဒ်မခွဲ (က) မှာ "အမျိုးသားစီပွါးရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွါးရေးအင်အားစုအားလုံးကို စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်" ဟု ပြဋ္ဌန်းထားပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးစနစ်ဟာ "ပုဂ္ဂလိကလုပ်ငန်းဦးစားပေး လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးစနစ်" မဟုတ်ပဲ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းတွေကို နိုင်ငံပိုင်၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများပိုင်၊ သမဝါယမပိုင်၊ ဖက်စပ်ပိုင်စီးပွါးရေးလုပ်ငန်းများနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးထားတဲ့ "အစိုးရချုပ်ကိုင်သော ဈေးကွက်စီးပွါးရေးစနစ်" ဖြစ်နေပါတယ်။

ဈေးကွက်တော့ရှိပါရဲ့၊ ဒါပေမည့် ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်တဲ့အခန်းကဏ္ဍက နည်းပါးလှပြီး နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းများရဲ့  အခန်းကဏ္ဍ္ဌက ပိုပြီးကြီးမားလှပါတယ်။ ဥပမာအားဖြင့် သတင်းစာထုတ်ဝေရေးလုပ်ငန်းကို ကြည့်ပါ။ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပေးတယ်ဆိုပေမည့် အစိုးရပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ တိုင်းဒေသကြီးအစိုးရအချို့နဲ့ စစ်တပ်ကလည်း သတင်းစာတွေထုတ်ဝေနေပါတယ်။ နိုင်ငံပိုင်သတင်းစာများက နိုင်ငံတော်ဘဏ္ဏာထဲက လုံလောက်တဲ့ ငွေကြေးအရင်းအနှီးရရှိပါတယ်။ နိုင်ငံပိုင် ပုံနှိပ်စက်များ၊ ကိုယ်ခွဲပုံနှိပ်စက်များနဲ့ နိုင်ငံတစ်ဝှမ်းမှာ တစ်ပြိုင်တည်းပုံနှိပ်နိုင်ပါတယ်။ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး တစ်နိုင်ငံလုံးကို အမြန်ဆုံးဖြန့်ချီနိုင်ပါတယ်။ အစိုးရဋ္ဌာနအားလုံးက အစိုးရသတင်းစာတွေကို မဝယ်မဖြစ်ဝယ်ရပါတယ်။ အစိုးရဋ္ဌာနများက လုပ်ငန်းကြော်ငြာများကို ပြိုင်ဘက်မရှိ ရရှိပါတယ်။ စောင်ရေ သိန်းနဲ့ချီပြီး ရိုက်နှိပ်ထုတ်ဝေနိုင်တာမို့ နာရေး၊ သာရေးကြော်ငြာအများဆုံး လက်ခံရရှိပါတယ်။ ဒီတော့ ဘယ်ပုဂ္ဂလိကသတင်းစာကမှ နိုင်ငံပိုင်သတင်းစာများကို ဈေးကွက်မှာယှဉ်ပြိုင်နိုင်စွမ်းလုံးဝမရှိပါ ။ ဒါဟာဖြင့် လွတ်လပ်မျှတစွာယှဉ်ပြိုင်ခြင်းမဟုတ်ပါ။ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့  အခန်းကဏ္ဏက ဈေးကွက်ထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွတ်လပ်စွာ၊ မျှတစွာယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးရှိအောင် ဖန်တီးစောင့်ကြပ်ပေးဖို့သာဖြစ်ပြီး အစိုးရကိုယ်တိုင်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပါ။

တိုင်းပြည်ဘဏ္ဏာထဲက ငွေကြေးအမြောက်အများကို ရင်းနှီးသုံးစွဲထားရတဲ့ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းတွေဟာ လွတ်လပ်သော ဈေးကွက်စီးပွါးရေးစနစ်အတွက် အနှောက်အယှက်ဖြစ်ရုံသာ မကပဲ၊ အမြတ်အစွန်းထွက်အောင် မဆောင်ရွက်နိုင်လို့ တိုင်းပြည်ဘဏ္ဏာကို အလဟသဆုံးရှုံးနစ်နာစေတဲ့၊ လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများကြီးစိုးရာ အခြေခံဋ္ဌာနကြီးများလည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံပိုင်စီးပွါးရေးအဖွဲ့အစည်းများအပြင် တိုင်းပြည်ရဲ့စီးပွါးရေးနဲ့ ဈေးကွက်ကို ကြီးကြီးမားမား ချုပ်ကိုင်လွှမ်းမိုးထားတာက စစ်တပ်ပိုင်စီးပွါးရေးအဖွဲ့အစည်းများနဲ့ ခရိုနီ (Crony) လို့ခေါ်ကြတဲ့ ခေတ်ပျက်သူဋ္ဌေးကြီးများဖြစ်ကြပါတယ်။ တပ်မတော်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက် (ဦးပိုင်) နဲ့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်း (MEC) နှစ်ခုက တိုင်းပြည်ရဲ့ စီးပွါးရေးကဏ္ဏအားလုံးလိုလိုမှာ ခိုင်ခိုင်မာမာနေရာယူထားပါတယ်။ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နဲ့ ခရိုနီပိုင် စီးပွါးရေးလုပ်ငန်းများက တိုင်းပြည်ရဲ့ စီးပွါးရေးနဲ့ ဈေးကွက်အများစုကို လွှမ်းမိုးချုပ်ကိုင်ထားကြတော့ သာမာန်အမျိုးသားဓနရှင်များအတွက် လွတ်လွတ်လပ်လပ်မျှမျှတတယှဉ်ပြိုင်နိုင်တဲ့ စီးပွါးရေးပါတ်ဝန်းကျင် လုံးဝမရှိသလောက်ပါ။

(၁) လွတ်လပ်မျှတတဲ့ ဈေးကွက်စီးပွါးရေးစနစ်မှာ အစိုးရရဲ့ တာဝန်က ဈေးကွက်ထဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မဟုတ်ပဲ လွတ်လပ်မျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်အောင် ကောင်းမွန်တဲ့ စီးပွါးရေးပါတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ အားလုံး (သို့မဟုတ်) အများစုကို ပုဂ္ဂလိကပိုင်ပြု (Privatization) သင့်ပါတယ်။ ပုဂ္ဂလိကပိုင်ပြုရာမှာလည်း နအဖစစ်အစိုးရက ၂၀၁၀ ခုနှစ်အတွင်းက လုပ်ခဲ့သလို ခရိုနီသူဋ္ဌေးကြီးများရဲ့ လက်ထဲကို နိုင်ငံပိုင်အဆောက်အအုံနဲ့ လုပ်ငန်းတွေ ဈေးပေါပေါနဲ့ အကြွေးရောင်းပေးခဲ့သလို လုပ်လို့တော့မရပါ။ ပုဂ္ဂလိကပြုခြင်းကို စနစ်တကျဖြစ်စေဖို့ ပြည်ထောင်စုလွှတ်တော်က "နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုရေးဆိုင်ရာ ဥပဒေ" ပြဋ္ဌန်းဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိကပြုရေးလုပ်ငန်းစဉ်တစ်ခုလုံးဟာ နိုင်ငံသားတိုင်းလွတ်လပ်စွာ ပါဝင်ခွင့်ရှိတဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုအပ်ပါတယ်။

(၂) အစိုးရဟာ ဈေးကွက်စီးပွါးရေးစနစ်မှာ လွတ်လပ်စွာယှဉ်ပြိုင်မှုများကို ကြီးကြပ်ထိန်းသိမ်းရမည့် ဒိုင်လူကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွါးရေးလုပ်ငန်းများ မျှမျှတတယှဉ်ပြိုင်စေဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ရမှာဖြစ်ပေမည့် အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေ အလွန်အကျွံမများအောင်၊ အစိုးရနဲ့ ပုဂ္ဂလိကဆက်ဆံရေးမှာ ကြိုးနီစနစ်ဆိုတဲ့ အဟန့်အတားတွေမရှိဖို့လည်း လိုအပ်ပါတယ်။ "လက်ကောက်နဲ့ လက်ထိပ်" ဥပမာလိုပါပဲ။ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဈေးကွက်စီးပွါးရေးစနစ်ကို အားကောင်းသန်မာစေမည့်၊ လွတ်လပ်မျှတစေမည့် အဆင်တံဆာတွေပဲ ဖြစ်သင့်ပါတယ်။ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ကို ထိန်းချုပ်မည့် အဟန့်အတားတွေမဖြစ်စေသင့်ပါ။

(၃) လွတ်လပ်စွာစီးပွါးယှဉ်ပြိုင်ခွင့်ကို ကြီးကြပ်မည့် ဒိုင်လူကြီးကိုယ်တိုင်က မျှတဖို့လိုပါတယ်။ ဒါကြောင့် အစိုးရက ထုတ်ပြန်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက မျှတရမှာဖြစ်သလို ဒီစည်းမျဉ်းစည်းကမ်းတွေကို ကိုင်တွယ်ပြီး စီးပွါးရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲမည့် အစိုးရဝန်ထမ်းတွေကိုယ်တိုင်က အဂတိလိုက်စားမှုကင်းဖို့လိုအပ်ပါတယ်။

(၄) မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်နဲ့ ခရိုနီအရင်းရှင်စနစ်များ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့နိုင်ငံမို့ အလုပ်သမားနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို ဂရုမစိုက်တတ်ခဲ့ပါ။ ဒါကြောင့်မို့ ဈေးကွက်စီးပွါးရေးစနစ်အတွင်းမှာ အလုပ်သမားများနဲ့ စားသုံးသူများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဥပဒေတွေပြဋ္ဌန်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အလုပ်သမားသမဂ္ဂများ၊ လွတ်လပ်သောကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေးအဖွဲ့များ တရားဝင်ဖွဲ့စည်းခွင့်ရှိရပါမယ်။ အလုပ်သမားသမဂ္ဂများဟာ အလုပ်ရှင်-အလုပ်သမား ပဋ္ဋိပက္ခတွေမှာ အလုပ်သမားဘက်က ကိုယ်စားပြုနိုင်ခွင့်ရှိရပါမယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့  လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်တွေချရာမှာ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ခွင့်ရှိရပါမယ်။

(၅) အနည်းဆုံးလုပ်ခ သတ်မှတ်ရေး၊ လုပ်ငန်းခွင်တွင်း အန္တရာယ်ကင်းစင်ရေး၊ အလုပ်သမားများအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ တိကျသော ပုံမှန်အလုပ်ချိန်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်များ မှန်မှန်ကန်ကန်ရရှိရေး၊ ဒါဏ်ရာအနာတရဖြစ်မှုအတွက် နစ်နာကြေး၊ အလုပ်ထုတ်ခံရမှုအတွက် လျော်ကြေး၊ အလုပ်အာမခံချက်ရှိရေး များနဲ့ပါတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် ပါဝင်ပါတ်သက်ဖို့လိုအပ်ပါတယ်။

(၆) အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အားပေးထောက်ပံ့ဖို့လိုအပ်ပါတယ်။ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ဈေးကွက်ရှာဖွေရေး၊ ဈေးကွက်ပြိုင်ဆိုင်ရေးလုပ်ငန်းတွေကိုလည်း အားပေးထောက်ပံ့သင့်ပါတယ်။

(၇) အစိုးရအနေနဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများ (SME/ Small and Medium Enterprises) ကို အားပေးကူညီဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အမျိုးသားဓနရှင်များ၊ စွန့်ဦးတီထွင်သူများရဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများကို အားပေးဖို့ နိုင်ငံပိုင်ဘဏ်များကနေ အတိုးနည်း နှစ်ရှည်ချေးငွေများ ချေးသင့်ပါတယ်။

(၈) တိုင်းပြည်လူဦးရေရဲ့  (၆၃) ရာခိုင်နှုံးက လယ်ယာကဏ္ဏမှာ မှီခိုလုပ်ကိုင်နေကြရပါတယ်၊ ဒါကြောင့်မို့ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဏရဲ့ တိုးတက်မှုဟာ အထူးအရေးကြီးပါတယ်။ လယ်ယာကဏ္ဏမှာ လယ်လုပ်သူတိုင်း လယ်ပိုင်ဆိုင်ခွင့်ရှိဖို့၊ နှစ်သက်ရာသီးနှံကို လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်စိုက်ပျိုးခွင့်ရှိဖို့၊ လယ်ယာထွက်ကုန်တွေကို လွတ်လပ်တဲ့ ဈေးကွက်မှာ လွတ်လပ်စွာယှဉ်ပြိုင်ရောင်းချခွင့်ရှိဖို့၊ လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အရင်းအနှီး၊ မျိုးစေ့၊ မြေဩဇာတွေကို လွယ်လွယ်ကူကူရနိုင်ဖို့ အစိုးရက မူဝါဒချမှတ် ကူညီသင့်ပါတယ်။

(၉) စီးပွါးရေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရဲ့  သဘာဝပါတ်ဝန်းကျင် မပျက်စီး၊ မဆုံးရှုံးရဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်အစိုးရက သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်သင့်ပါတယ်။

(၁၀) "လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement)" ဆိုတာ ရုတ်တရက်ကြည့်ရင် ကောင်းသလိုပါ။ နိုင်ငံနှစ်ခု (သို့မဟုတ်) နိုင်ငံများအကြားမှာ အခွန်အတုတ်တွေနဲ့ ကန့်သတ်မထားပဲ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ အပြန်အလှန်တင်ပို့ရောင်းချခွင့်ပြုတာပါ။ ဒါပေမည့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒီလိုသဘောတူညီချက်မျိုးက ပြည်တွင်းစီးပွါးရေးလုပ်ငန်းရှင်များအတွက် အန္တရာယ်ရှိပါတယ်။ တစ်ခြားနိုင်ငံရဲ့ ဈေးကွက်ထဲကို မြန်မာနိုင်ငံက တင်ပို့နိုင်တဲ့ ကုန်ပစ္စည်းပမာဏက သိပ်မများလှသေးပေမည့် ကိုယ့်နိုင်ငံရဲ့ ဈေးကွက်ထဲကိုတော့ ပြည်ပနိုင်ငံက လုပ်ငန်းရှင်များက အလုံးအရင်းနဲ့ ပစ္စည်းတွေ တင်သွင်းနိုင်ကြမှာပါ။ ဒါကြောင့်မို့ ဒီသဘောတူညီမှုမျိုးကို အသေအချာစဉ်းစားသုံးသပ်သင့်ပါတယ်။

(၁၁) ဈေးကွက်ထဲမှာ အစိုးရက ကိုယ်တိုင်ဝင်ရောက်မယှဉ်ပြိုင်ပဲနဲ့ ပုဂ္ဂလိကလုပ်ငန်းများကနေ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ စီးပွါးရေးသမားများထံကနေ ဝင်ငွေခွန်များကို များရင်များသလို တိုးမြှင့်ကောက်ခံတဲ့ စနစ် (Progressive Taxation) နဲ့ ထိထိရောက်ရောက် ကောက်ခံဖို့လိုအပ်ပါတယ်။ ဒီအခွန်ငွေတွေဟာ တိုင်းပြည်ဘဏ္ဏာရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်လာရပါမယ်။ အခွန်ရှောင်တဲ့၊ အခွန်ဆောင်ဖို့ ပျက်ကွက်တဲ့ လုပ်ငန်းရှင်များကို ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။

(၁၂) စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာရေးတို့ဟာ တိုက်ရိုက်ပါတ်သက်နေပါတယ်။ ပညာရေးအဆင့်အတန်းမြင့်မားမှ၊ အဖိုးအခအလွန်မကြီးမားပဲ အားလုံးအဆင်ပြေပြတက်ရောက်နိုင်တဲ့ ပညာရေးစနစ်ဖြစ်မှ တိုင်းပြည်အတွက် အရည်အသွေးမြင့် ပညာတတ်အလုပ်သမားအင်အားစုကြီးကို မွေးထုတ်ပေးနိုင်မှာပါ။ အရည်အသွေးမြင့် အလုပ်သမားတွေပါဝင်တည်ဆောက်တဲ့ စီးပွါးရေးအဆောက်အအုံဟာ တိုးတက်ဖွံ့ဖြိုးဖို့ ပိုပြီးအခွင့်အလမ်းရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံဘဏ္ဏာကို ပညာရေးကဏ္ဏမှာ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံဖို့ အထူးလိုအပ်ပါတယ်။
ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများမှာ စီးပွါးရေးမူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရေးဆွဲပြင်ဆင်ပြီးပြီလို့ မျှော်လင့်ပါတယ်။ အဲဒီ စီးပွါးရေးမူဝါဒတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို ရှင်းလင်းတင်ပြီဖို့ တောင်းဆိုပါတယ်။။။။။

0 comments: