(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၂ ရက်၊ ၂၀၁၅)
နိုင်ငံရေးပါတီများအတွက်
မေးခွန်းများ (၆)
အောင်ဒင်
#အနည်းဆုံး
အခကြေးငွေ၊ အလုပ်သမားအခွင့်အရေးများနှင့် ပါတ်သက်၍
လက်ရှိအစိုးရအနေနဲ့ ဒီကနေ့အထိ ဖြေရှင်းလို့ မရနိုင်သေးတဲ့
အရေးကိစ္စတွေထဲမှာ "အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်း" လည်း အပါအဝင်ဖြစ်ပါတယ်။
လာမည့်နှစ်မှာ အစိုးရအာဏာ၊ လွှတ်တော်အာဏာရရှိဖို့ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများအနေနဲ့
"အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းနဲ့ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး"
အတွက် ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်မယ်ဆိုတာကို ပြည်သူအများကို ရှင်းလင်းတင်ပြသင့်ပါပြီ။
၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က
"၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ" ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။
ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ အနည်းဆုံးအခကြေးငွေ မသတ်မှတ်နိုင်သေးပါ။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနဲ့
ပါတ်သက်ပြီး နိုင်ငံတော်သမ္မတက ဥပဒေအရ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊
အလုပ်သမားကိုယ်စားလှယ်များပါဝင်တဲ့ အမျိုးသားကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားပြီး သက်တမ်း
၃ နှစ် သတ်မှတ်ထားပါတယ်။ အမျိုးသားကော်မတီကလည်း ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ၊
ပြည်နယ်ဒေသကော်မတီများကို ဆက်လက်ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်နေပါတယ်။ ဒါပေမည့် အဆိုပါကော်မတီများဟာလည်း
ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းနဲ့အတူ မကြာခင်မှာ သက်တမ်းကုန်ပါတော့မယ်။ အနည်းဆုံးအခကြေးငွေကို
မှန်မှန်ကန်ကန်သတ်မှတ်နိုင်ခြင်း မရှိသေးပါ။ တကယ်တော့ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့
လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရုံ၊ အစိုးရက အလုပ်ရှင်နဲ့ အလုပ်သမားများကြား ဝင်ရောက်ညှိနှိုင်းပေးရုံတင်မကပဲ
အစိုးရကိုယ်တိုင်က ဆောင်ရွက်ပေးရမည့်တာဝန်တွေလည်း ရှိပါတယ်။
၂၀၁၅ ခုနှစ်၊ မေလအတွင်း အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့တဲ့
မြန်မာစီးပွါးရေးလုပ်ငန်းရှင်ကြီး ဦးသိန်းဝေ (ခေါ်) ဆာ့ခ်ျပန်း (Serge Pun) ကတော့ အနည်းဆုံးအခကြေးငွေသတ်မှတ်ဖို့ထက်
အလုပ်အကိုင်များ ဖန်တီးပေးဖို့က ပိုပြီးအရေးကြီးတယ်လို့ ဆိုပါတယ်။ အနည်းဆုံးအခကြေးငွေသတ်မှတ်မှုကြောင့်
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတော့ရင်၊ လက်ရှိလုပ်ငန်းရှင်တွေ လုပ်ငန်းရပ်နားသွားရင်
အလုပ်အကိုင်တွေ ပျောက်ဆုံးပြီး ပိုပြီးစီးပွါးရေးကြပ်တည်းမယ်လို့ သူဆိုချင်တာပါ။
လက်ရှိအခြေအနေမှာ အလုပ်ရှင်များက တစ်နေ့လုပ်ခကို ကျပ် ၁,၅၀၀
ထက်ပိုပြီး သတ်မှတ်ရင် လုပ်ငန်းများကို ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်နေကြသလို အလုပ်သမားများကလည်း
တစ်နေ့လုပ်ခ အနည်းဆုံး ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အထိ ရရှိဖို့ တောင်းဆိုနေကြပါတယ်။ အစိုးရဝန်ထမ်းများရဲ့
အနည်းဆုံးလစာက ကျပ် ၁ သိန်း ၂ သောင်း ရှိလာတဲ့အချိန်မှာ ပုဂ္ဂလိကအလုပ်သမားများလည်း အစိုးရဝန်ထမ်းများနဲ့
တန်းတူရရှိသင့်ပါတယ်။ တစ်လကို ကျပ် ၁ သိန်း ၂ သောင်းဆိုရင် တစ်ရက်လုပ်ခ ကျပ် ၄,၀၀၀
ပါ။ အနည်းဆုံး ကျပ် ၁,၀၀၀ ရှိမှ ထမင်းတစ်နပ်စားလို့ရတဲ့ ခေတ်မှာ အလုပ်သမားတွေက တစ်နေ့အနည်းဆုံးအခကြေးငွေ
ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အတွင်း ရဖို့ တောင်းဆိုတာ သဘာဝကျတယ်လို့ ယူဆပါတယ်။
တစ်ဖက်မှာလည်း အလုပ်ရှင်များဖက်က ပြဿနာများကိုလည်း နားထောင်ဖို့လည်း
လိုပါတယ်။ အလုပ်ရှင်များက (၁) အလုပ်သမားများရဲ့ ကုန်ထုတ်လုပ်မှုမမြင့်မားတာကို အကြောင်းပြပါတယ်။
အလုပ်သမားအရေအတွက်ချင်း အတူတူ၊ ထုတ်လုပ်တဲ့ ပစ္စည်းအမျိုးအစားအတူတူ၊ အလုပ်ချိန်အတူတူမှာ
အိမ်နီးချင်း ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေက စက်ရုံများရဲ့ ကုန်ထုတ်လုပ်မှုပမာဏနဲ့
အရည်အသွေးက မြန်မာနိုင်ငံထက် ပိုမြင့်၊ ပိုများတယ်လို့ ဆိုပါတယ်။ (၂) မြန်မာနိုင်ငံက
အလုပ်သမားများမှာ အားသွန်ခွန်စိုက် ဆောင်ရွက်ချင်စိတ် (Motivation) မရှိဘူးလို့ ဆိုပါတယ်။
လုပ်ငန်းရှင်တစ်ယောက်က သူ့စက်ရုံမှာ လကုန်၊ လခထုတ်ရက်တွေမှာ အလုပ်သမားများရဲ့ မိဘများ၊
အုပ်ထိန်းသူများ၊ ပွဲစားများက စက်ရုံဝင်းအပြင်ဘက်ကနေ လာရောက်စောင့်ဆိုင်းနေကြတယ်လို့
ဆိုပါတယ်။ စက်ရုံတံခါးကြီးဖွင့်ပြီး အလုပ်သမားတွေ ထွက်လာတာနဲ့ စောင့်ဆိုင်းနေသူတွေက
သက်ဆိုင်ရာအလုပ်သမားတွေထံကနေ လုပ်ခရငွေကို လုပ်ခပေးတဲ့ စာရွက်နဲ့ တိုက်ဆိုင် တောင်းယူကြပြီး
အလုပ်သမားတွေကို မုန့်ဖိုးအနည်းငယ်ပေးလို့ ကျန်တာကို ယူပြီး ပြန်သွားကြပါတယ်တဲ့။ ဒီတော့
အလုပ်သမားတွေအဖို့ သူတို့ ဘယ်လောက်ပဲ ကြိုးစားပမ်းစားလုပ်လုပ်၊ သူတို့ရဲ့ လခကို သူတို့ရဲ့
သက်ဆိုင်သူတွေက အချိန်တန်ရင် လာသိမ်းသွားပြီး သူတို့ ပြန်ပေးသလောက် မုန့်ဖိုးအနည်းငယ်ပဲ
ရကြတာမို့ ကြိုးစားပမ်းစားဆောင်ရွက်ချင်စိတ် မရှိကြဘူးလို့ ဆိုပါတယ်။ (၃) အလုပ်ရှင်များက
အလုပ်သမားများအတွက် ကုန်ကျစားရိတ်တွေဟာ လုပ်ခလစာနဲ့ ဆုကြေးငွေတွေတင် မကပဲ နေစရာအဆောင်၊
သယ်ယူပို့ဆောင်ရေးနဲ့ နေ့လည်စာထောက်ပံ့ရတာတွေကိုလည်း ထောက်ပြပါတယ်။ (၄) လျှပ်စစ်ဓာတ်အားအလုံအလောက်မရလို့
ဒီဇယ်ဆီနဲ့ မီးစက်တွေကို သုံးပြီး စက်ရုံတွေ လည်ပတ်နေရတာ၊ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုံး
တည်ငြိမ်မှုမရှိလို့ မြန်မာ့ပို့ကုန်များ ဈေးကွက်မှာ တန်ဘိုးလျော့နည်းရတာ၊ ဆိပ်ကမ်းမှာ
အကောက်ခွန်လုပ်ငန်းများတင်းကြပ်မှုကြောင့် ပြည်ပပို့ကုန်တွေ အချိန်မီမတင်ပို့နိုင်ပဲ
နှောင့်နှေးကြံ့ကြာရတာ စတဲ့ အခက်အခဲများကိုလည်း အလုပ်ရှင်များက ထောက်ပြကြပါတယ်။
ဒီနေရာမှာ အစိုးရဘက်က ကြားဝင်ညှိနှိုင်းရုံတင်မကပဲ ဝင်ရောက်ဆောင်ရွက်ပေးရမှာတွေ
ရှိလာပါပြီ။ အလုပ်သမားများရဲ့ အရည်အသွေးမြင့်မားဖို့အတွက် နိုင်ငံတော်အစိုးရက အလုပ်သမားများကို
လုပ်ငန်းခွင်လေ့ကျင့်ရေးသင်တန်းကျောင်းများမှာ
နိုင်ငံတော်ဘဏ္ဍာငွေနဲ့ စိုက်ထုတ်လေ့ကျင့်ပေးသင့်ပါတယ်။ ဗဟိုဘဏ်က မြန်မာငွေနဲ့
နိုင်ငံခြားငွေ လဲလှယ်နှုံးကို မျက်ခြေမပြတ် စောင့်ကြပ်လေ့လာပြီး ပြည်တွင်းလုပ်ငန်းရှင်များ
မနစ်နာစေရေးအတွက် လိုအပ်သလို ထိထိရောက်ရောက် ဝင်ရောက်စွက်ဖက်သင့်ပါတယ်။ ဒေသအလိုက် နေ့စဉ်လူနေမှုစရိတ်တွေဟာ
မတူညီနိုင်ကြတာမို့ အနည်းဆုံးလုပ်ခကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စံနှုံးတစ်ခုတည်းမသတ်မှတ်ပဲ
တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် သီးခြားစီ သတ်မှတ်ပေးဖို့အတွက် တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရများကို အာဏာခွဲဝေပေးသင့်ပါတယ်။ ပြည်ပပို့ကုန်များ ဆိပ်ကမ်းကုန်လှောင်ရုံတွေမှာ
မကြာသင့်ပဲ ကြန့်ကြာနေတာအတွက်လည်း ဒေသဆိုင်ရာအစိုးရများက ဦးစားပေးဖြေရှင်းသင့်ပါတယ်။
စက်ရုံ၊ အလုပ်ရုံများ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက်ရနိုင်ဖို့အတွက်လည်း ဦးစားပေးဆောင်ရွက်သင့်ပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်များ ပြည်ပနိုင်ငံများမှာ ဈေးကွက်အသစ်များ ရှာဖွေနိုင်ရေး၊ ဈေးကွက်ဟောင်းများ
ခိုင်မာရေးအတွက်လည်း ကူညီဆောင်ရွက်ပေးသင့်ပါတယ်။
အစိုးရအနေနဲ့ အလုပ်ရှင်များရဲ့ လိုအပ်ချက်တွေကို ကူညီဖြည့်ဆီးပေးဖို့
လိုအပ်သလို အလုပ်ရှင်များက အလုပ်သမားအခွင့်အရေးများကို အပြည့်အဝပေးအပ်ရေးအတွက်လည်း
အနီးကပ် စီမံကွပ်ကဲသင့်ပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှာ
အလုပ်သမားတွေဟာ တစ်နေ့လုပ်ချိန် ၁၀ နာရီနဲ့ အထက် လုပ်ကိုင်နေရတာ၊ အချိန်ပိုနှုံးထားမရတာ၊
တစ်ပါတ်ကို ၇ ရက်ဆက်တိုက်လုပ်ရပြီး နားရက်မရှိတာ၊ အလုပ်ရုံအတွင်းမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး
စီမံဆောင်ရွက်မှုတွေ မရှိတာ၊ အလုပ်သမားတွေ နေထိုင်ရတဲ့ အိပ်ဆောင်တွေမှာလည်း ကြပ်ကြပ်တည်းတည်းနေထိုင်ရတဲ့အပြင်
သန့်ရှင်းစင်ကြယ်မှုမရှိတာ၊ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ စတဲ့
အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေ အများကြီး ရှိနေပါတယ်။ အလုပ်အတွက် အာမခံချက်လုံးဝမရှိပဲ
အလုပ်ရှင် မကျေနပ်ရင် ချက်ခြင်းအလုပ်ပြုတ်ကြရပါတယ်။
ရန်ကုန်မြို့တွင်းက ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေရဲ့
အဝင်တံခါးဝမှာ "Safety First" ဆိုတဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆောင်ပုဒ်တွေ
ထင်ထင်ရှားရှား ကြော်ညာထားပါတယ်။ဒါပေမည့် လုပ်ငန်းခွင်အတွင်းမှာတော့ အလုပ်သမားတွေ လက်အိပ်မပါပဲ
သံချောင်းတွေကို ကွေးနေရပါတယ်။ နှာခေါင်းစည်းမရှိပဲ အုတ်နံရံကို စက်နဲ့ ထိုးခွဲနေရပါတယ်။
မျက်စီနှစ်လုံးကို အကာအကွယ်ပေးတဲ့ လုပ်ငန်းခွင်သုံး မျက်မှန်မတပ်ပဲ သံထည်ပစ္စည်းတွေကို
အပူပေးပြီးဆက် (Welding) နေရပါတယ်။ အုတ်ခဲတွေအချိန်မရွေး ခေါင်းပေါ်ပြုတ်ကျနိုင်တဲ့၊
သံချောင်းတွေ နေရာအနှံ့ ကျဲပြန့်ပြီး ခြေထောက်ကို သံစူးနိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ
လုံခြုံစိတ်ချရတဲ့ ဦးထုပ်တွေ (Safety Halmets) ၊ ရှူးဖိနပ်တွေ (Safety Shoes) မရှိပဲ
အလုပ်သမားတွေ အလုပ်လုပ်နေကြရတာ တွေ့ရပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့၊
ကုန်ထုတ်လုပ်မှုတိုးတက်ပြီး ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားဖို့၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့နဲ့
အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိဖို့၊ အလုပ်သမားများ ဘဝအာမခံချက်ရှိဖို့နဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာဖို့၊ မြန်မာ့ထုတ်ကုန်များ ပြည်ပနိုင်ငံများမှာ နံမည်ကောင်းရပြီး
ဈေးကွက်ခိုင်မာဖို့၊ ငွေလဲနှုံးတည်ငြိမ်မှုရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များကို မနစ်နာစေဖို့
ဆိုတဲ့ ကိစ္စတွေဟာ အစိုးရက ဦးဆောင်ပြီး အလုပ်ရှင်များ၊ အလုပ်သမားများ ပူးပေါင်းပါဝင်
ဖြေရှင်းကြရမှာပါ။ ရွေးကောက်ဝင်မဲ့ နိုင်ငံရေးပါတီများအတွက် ၎င်းတို့ပါတီများ အစိုးရအာဏာ၊
လွှတ်တော်အာဏာများ ရတဲ့အချိန်မှာ ဒီကိစ္စများကို ဖြေရှင်းဖို့ မူဝါဒခိုင်ခိုင်မာမာ ရှိပြီးဖြစ်တယ်ဆိုရင်
ပြည်သူလူထုကို ချပြဖို့ အချိန်ကျပါပြီ။။။။။
0 comments:
Post a Comment