BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, June 26, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၉)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၆ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၉)

အောင်ဒင်

#ခရိုနီစီးပွါးရေးသမားများနှင့် ပါတ်သက်၍

ခရိုနီ (Crony) စီးပွါးရေးသမားဆိုတာ အာဏာလက်ရှိအစိုးရက အထူးအခွင့်အရေးပေးထားလို့ စီးပွါးရေးလုပ်ပိုင်ခွင့်တွေကို ပြိုင်ဖက်မရှိ ရရှိပြီး ဈေးကွက်ကို စိုးမိုးချယ်လှယ်နိုင်သူ၊ ဝင်ငွေအများဆုံးရရှိပြီး အခွန်ငွေအနည်းဆုံး ပေးဆောင်ရသူ၊ အပြန်အလှန်အားဖြင့် အာဏာရှင်များနဲ့ မိသားစုများရဲ့ အကျိုးစီးပွါးကို အများဆုံး အထောက်ပံ့ပေးသူတွေကို ဆိုလိုတာဖြစ်ပါတယ်။ အာဏာရှင်နဲ့ ခရိုနီတွေ အပြန်အလှန်အကျိုးပြုကြတဲ့ တိုင်းပြည်မှာ အာဏာရှင်များနဲ့ ခရိုနီများက တိုင်းပြည်ရဲ့ စီးပွါးရေးနယ်ပယ်ကို ချယ်လှယ်ထိန်းချုပ်လို့ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေ ဖြစ်လာတတ်ပြီး တိုင်းပြည်တစ်ခုလုံးကတော့ စီးပွါးရေးချွတ်ခြုံကျလို့ ပြည်သူများက ကမ္ဘာ့အဆင်းရဲဆုံး လူသားများ ဖြစ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ နဝတ၊ နအဖ စစ်အစိုးရများခေတ် သူဋ္ဌေးမွေးမြူရေးစီမံချက်ကြောင့် ရုတ်တရက်ကြီးပွါးချမ်းသာလာတဲ့ ခရိုနီသူဋ္ဌေးကြီးတွေ အများကြီးရှိနေခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့ ပြုပြင်ပြောင်းလဲရေးကာလမှာလည်း ခရိုနီစီးပွါးရေးသမားများကပဲ လက်ရှိအစိုးရနဲ့ ပြေလည်အောင်ဆက်ဆံ၊ အလားအလာရှိတဲ့ အတိုက်အခံ နိုင်ငံရေးသမားများကို သင့်တင့်အောင်ပေါင်းပြီး စီးပွါးရေးအောင်လံ လွှင့်ထူနေဆဲပါ။ နိုင်ငံရေးပါတီများမှာ သူတို့ပါတီ အာဏာရခဲ့ရင် ခရိုနီစီးပွါးရေးသမားကြီးများကို ဘယ်လို မူဝါဒနဲ့ ဆက်ဆံမလဲဆိုတာ မဲဆန္ဒရှင်ပြည်သူအများက သိချင်ကြပါလိမ့်မယ်။

ခရိုနီဆိုတာ ခေတ်တိုင်းမှာ ရှိနေမှာပါ။ အာဏာအလွဲသုံးစားလုပ်တတ်တဲ့ နိုင်ငံရေးသမားတွေရှိရင်၊ ဆွေမျိုးသားချင်းကောင်းစားရေး ဦးစားပေးတတ်တဲ့ နိုင်ငံရေးသမားတွေ ရှိနေမယ်ဆိုရင် ဒီမိုကရေစီအစိုးရတွေ လက်ထက်မှာလည်း ခရိုနီတွေ ရှိနေဦးမှာပါ။ ဒါကြောင့် နောက်တက်လာမည့် အစိုးရသစ်အနေနဲ့ ခရိုနီများနဲ့ပါတ်သက်တဲ့ မူဝါဒမှာ အပိုင်း (၂) ပိုင်းရှိသင့်တယ်လို့ ကျနော် ယူဆပါတယ်။ 

ပထမပိုင်းကတော့ နောက်ထပ်ခရိုနီအသစ်တွေ ထပ်မံမမွေးထုတ်ဖို့နဲ့ ဒုတိယပိုင်းက လက်ရှိခရိုနီများကို တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ်အကျိုးရှိတဲ့ အင်အားစုကြီးတစ်ခုဖြစ်လာအောင် စည်းရုံးဖို့ပါ။
ခရိုနီအသစ်တွေ နောက်ထပ်မမွေးထုတ်ဖို့ အဓိကလိုအပ်ချက်ကတော့ ဈေးကွက်စီးပွါးရေးစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အစိုးရက ဒိုင်လူကြီးအဖြစ်နဲ့ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ၊ ဘယ်သူ့ကိုမှ မျက်နှာသာမပေးပဲ အမျိုးသားစီးပွါးရေးလုပ်ငန်းရှင်အားလုံး တန်းတူညီမျှ ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ စီးပွါးရေးပါတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ထဲက အရည်အချင်းညံ့ဖျင်းသူတွေ၊ အဂတိလိုက်စားသူတွေ၊ ဆွေမျိုးသားချင်း ကောင်းစားရေးဦးစားပေးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများကို တန်းတူညီမျှ ကူညီစောင့်ရှောက်ပေးရမှာ ဖြစ်သလို သင့်တင့်လျောက်ပတ်တဲ့ အခွန်အတုတ်များလည်း စနစ်တကျ ကောက်ခံရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ နိုင်ငံတော်ရဲ့ စီးပွါးရေးမှာ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်မှုကို အထောက်အကူပြုတဲ့ ဥပဒေတွေ၊ မရိုးမသားယှဉ်ပြိုင်သူများ၊ မတော်မရားစီးပွါးရှာသူများကို ထိထိရောက်ရောက်အရေးယူတဲ့ ဥပဒေတွေ၊ စားသုံးသူများရဲ့ အကျိုးစီးပွါး၊ အလုပ်သမားထုရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ခရိုနီများ နောက်ထပ်ပေါ်ပေါက်မလာအောင် တားမြစ်ရမှာပါ။ 

စစ်အစိုးရများရဲ့ ဆိုးဝါးတဲ့ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့တဲ့ လက်ရှိခရိုနီများနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီအင်အားစုအတွင်းမှာလည်း သဘောထားနှစ်မျိုးကွဲနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်ကတော့ လူမှုရေးလုပ်ငန်းများအတွက် ခရိုနီများလှူဒါန်းတဲ့ ပိုက်ဆံကို လက်ခံသင့်တယ်လို့ သဘောထားပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း အလားတူသဘောထားမျိုးရှိတယ် ထင်ပါတယ်။ သူတို့တွေက ခရိုနီတွေကို ရန်သူတွေလို ဆက်ဆံမုန်းတီးကြမည့်အစား တိုင်းပြည်အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာ၊ သူတို့ရဲ့  ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်ရဲ့  လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ အသုံးချတာ ပိုကောင်းတယ်လို့ တွေးခေါ်ပုံရပါတယ်။
မြန်မာစစ်အစိုးရက မွေးမြူပျိုးထောင်ပေးခဲ့လို့ အချိန်တိုအတွင်းမှာ အလွန်အမင်းချမ်းသာကြွယ်ဝလာပြီး အပြန်အလှန်အားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို ငွေရေးကြေးရေးအကြီးအကျယ်ထောက်ပံ့ခဲ့တဲ့၊ ထောက်ပံ့နေဆဲဖြစ်တဲ့ ခရိုနီစီးပွါးရေးသမားများကို ခါးခါးသီးသီးမုန်းတီးပြီး အဲဒီ ခရိုနီများနဲ့ မဆက်ဆံရေးသဘောထားရှိကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူများလည်း အများအပြားရှိကြပါတယ်။ အဲဒီလို သဘောထားတင်းမာတဲ့ ဒီမိုကရေစီလှုပ်ရှားသူများက ခရိုနီများအပေါ် ပျော့ပြောင်းတဲ့ သဘောထားရှိတဲ့ ဒီမိုကရေစီလှုပ်ရှားသူများကို ပြစ်တင်ကြ၊ ဝေဘန်ကြတာလည်း မကြာခဏကြားသိရပါတယ်။

ခရိုနီများဘက်မှာလည်း ကွဲပြားမှုတွေရှိပါတယ်။ အချို့က ခေတ်ရဲ့အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲချင်တာ တွေ့ရပါတယ်။ သူတို့ကို လူထုက မုန်းတာကို မခံချင်ကြတော့ပဲ လူအများကို အကျိုးပြုသော၊ လူအများက ချစ်ခင်လေးစားသော သန့်ရှင်းမျှတသည့် စီးပွါးရေးလုပ်ငန်းရှင်များအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အချို့ခရိုနီများကတော့ စီးပွါးရေးမှာသာမက နိုင်ငံရေးအာဏာတွေပါ ရရှိလာပြီး ပိုပြီးလောဘကြီးလာတာ၊ ပိုပြီးမောက်မာလာတာလည်း တွေ့ရပါတယ်။ ဘုရားတွေတည်ဆောက်၊ ဆရာတော်ကြီးတွေကို လှူဒါန်းရုံနဲ့ သူ့အကုသိုလ်တွေ ပျောက်ပြီလို့ ယုံကြည်နေတဲ့ ခရိုနီမျိုးလည်းရှိပါတယ်။ အချို့ကတော့ နံမည်ပျက်စာရင်းကလည်း လွတ်မြောက်ချင်၊ အသားကျနေတဲ့ အကျင့်စရိုက်တွေကိုလည်း မပြင်နိုင်၊ ဗိုလ်ချုပ်သစ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့  အငြိုအငြင်ကိုလည်း မခံနိုင်ကြတာ တွေ့ရပါတယ်။ အချို့ကျတော့လည်း ဘာကိုမှ ပြင်ဖို့မကြိုးစားပဲ နိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အလားအလာရှိသူများကိုသာ ငွေနဲ့ပေါက်ပြီး ဝယ်ယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။

မြန်မာပြည်သူတွေဟာ ခွင့်လွှတ်တတ်ကြသူတွေပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်စိုးမှုခေတ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြလို့ ဒီခရိုနီစီးပွါးရေးသမားတွေကို အမုန်းကြီးမုန်းကြပေမည့် အပြောင်းအလဲကာလမှာ ဒီခရိုနီတွေ အမြင်မှန်ရပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်လာကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြ၊ ကြိုဆိုကြမှာပါ။ ဒါပေမည့် ခရိုနီများရဲ့  ပြည်သူ့ဘက်ကို ကူးပြောင်းမှုဟာ ရိုးသားစင်ကြယ်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ တွေ့နေရတာကတော့ သူတို့ကိုးကွယ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းများ အနားယူသွားပြီး အချို့ အရပ်ဝတ်လဲလို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြောင်းလဲနေကြတာတောင်မှ ခရိုနီစီးပွါးရေးသမားအများစုရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲကြသေးပါ။ သမ္မတ ၊ ဒု-သမ္မတများနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ တိုင်းခန်းလှည့်လည်ရာကို ကောက်ကောက်ပါအောင်လိုက်ပြီး သမ္မတနဲ့ ဝန်ကြီးများ လက်ညှိုးညွှန်ရာမှာ အလှူဒါနတွေလုပ်နေကြဆဲပါ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ စီးပွါးရေးလုပ်ပိုင်ခွင့်အများစုကိုလည်း အာဏာပိုင်များနဲ့ နီးစပ်တဲ့ ခရိုနီများကပဲ ရရှိနေပါတယ်။ အစိုးရက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း သူတို့ပဲ အများဆုံးရရှိနေကြတာပါ။ တစ်ဖက်မှာ ဗိုလ်ချုပ်တွေနဲ့ ဂေါက်သီးအတူရိုက်၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေကို ပစ္စည်းလေးပါးထောက်ပံ့နေပြီး တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ကို လိုအပ်တာတွေ လျှို့ဝှက်ပြီး ဖြည့်ဆီးပေးလို့ နှစ်ဖက်စလုံးကို တစ်ပြိုင်ထဲဝယ်ယူနေတဲ့ ခရိုနီတွေလည်း အများကြီးပါ။ တစ်ဖက်မှာ လယ်မြေဧကပေါင်း သောင်းနဲ့ချီပြီး အဓမ္မသိမ်းဆည်းလို့ လယ်သမားများ၊ ဆင်းရဲသားများကို လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်မှာတော့ တန်ခိုးကြီးဆရာတော်တွေကို အမြင့်မားဆုံးကိုးကွယ်၊ ဘုရားတွေတည်၊ ဘုန်းတော်ကြီးကျောင်းတွေဆောက်လုပ်လှူဒါန်းပြီး သာသနာ့ဒယကာအမည်ခံနေတဲ့ ခရိုနီများလည်း ရှိပါသေးတယ်။

တကယ်တော့ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့၊ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိကစီးပွါးရေးသမားများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တိုင်းပြည်ရဲ့  စီးပွါးရေးမူဝါဒတွေ မှန်ကန်ရင် ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံပိုင်၊ အစိုးရပိုင်လုပ်ငန်းများလျော့နည်းလို့ ဈေးကွက်ကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများက ဦးဆောင်ရမှာပါ။ အစိုးရက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ဈေးကွက်အတွင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ကိုသာ စောင့်ကြပ်ကြည့်ရှူပြီး လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မှုမပြုရင်၊ တိုင်းပြည်နဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ရေနက်ဆိပ်ကမ်း၊ အင်တာနက် စတဲ့ အခြေခံအဆောက်အအုံများကိုသာ တာဝန်ယူတည်ဆောက်ပေးပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ကို အားပေးမယ်ဆိုရင်  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့  လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ခရိုနီတွေ တစ်တပ်တစ်အားပါဝင်ကြဖို့ စည်းရုံးဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်တယ်ဆိုရာမှာ ဖောင်ဒေးရှင်းကြီးတွေတည်ထောင်ပြီး ပညာသင်စားရိတ်တွေ ထောက်ပံ့တာ၊ ဆေးရုံကြီးတွေတည်ဆောက်ပြီး အခမဲ့ကျန်းမာရေးကုသပေးတာလောက်နဲ့ မလုံလောက်ပါ။ ဟိန္ဒူ ဘာသာကြီးစိုးတဲ့ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်အသစ် နေရိန်ဒရာမိုဒီ (Narendra Modi) က ဝန်ကြီးချုပ်ရာထူးလက်ခံပြီး မကြာခင် ရဲရဲတောက်စကားတစ်ခွန်း ပြောခဲ့ပါတယ်။ "အိန္ဒိယနိုင်ငံမှာ အိမ်သာတွေတည်ဆောက်ဖို့က ဘုရားကျောင်းများတည်ဖို့ထက် ပိုအရေးကြီးတယ်" တဲ့။ အိန္ဒိယနိုင်ငံရဲ့  လူဦးရေ သန်းတစ်ထောင်ကျော်ထဲက အိမ်သာတစ်လုံးတောင်မရှိကြတဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၆၀၀ ကျော် (မိသားစုပေါင်း သန်း ၁၃၀ ကျော်) အတွက် ပြောတာပါ။ မြန်မာနိုင်ငံလည်း အလားတူပါ။ ဆင်းရဲနွမ်းပါးသော သာမာန်ပြည်သူ သန်းပေါင်းများစွာရဲ့  ဘဝတွေကို မြှင့်တင်ပေးဖို့၊ ပြည်သူတွေကို ဆင်းရဲတွင်းထဲက ကူညီဆွဲထုတ်ပေးဖို့က ဘုရားတည်၊ ဘုန်းကြီး ကျောင်းဆောက်လုပ်ငန်းများထက် ပိုပြီး အရေးကြီးပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မြေယာမဲ့၊ အိုးအိမ်မဲ့များအတွက် နေစရာဖန်တီးပေးရေး၊ အလုပ်သမားများအတွက် လုံလောက်တဲ့ လစာနဲ့ ထိုက်တန်တဲ့ အခွင့်အရေးများရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများဖြစ်အောင် လေ့ကျင့်သင်ကြားရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးစသဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ရဲ့  စီးပွါးရေးလုပ်ငန်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ (၂၅) ရာခိုင်နှုံးလောက်ကို ရင်းနှီးမြှုပ်နှံပြီး ကူညီ ဆောင်ရွက်ပေးမည့် စီးပွါးရေးသမားကြီးများကို အထူးမျှော်လင့်ပါတယ်။ ဒီလိုဖြစ်အောင် အာဏာရနိုင်ငံရေးသမားတွေက စည်းရုံးကြရမှာပါ။
ဒါကြောင့် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများမှာ ခရိုနီဆိုင်ရာ မူဝါဒတွေ ရှိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ မူဝါဒတွေကို မဲဆန္ဒရှင်ပြည်သူတွေကို ရွေးကောက်ပွဲမတိုင်မီ အသိပေးဖို့လိုပါတယ်။ ။။။။

0 comments: