BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 2, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၉၅) မိုင်းနှင့် ပြည်သူ (က)


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၈၊ မေလ ၂၈ ရက်၊ ၂၀၁၅) 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၅) မိုင်းနှင့် ပြည်သူ (က)

#ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကျောက်ကြီးမြို့နယ်လေ့လာရေးခရီးစဉ်

၂၀၁၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှာ ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ (၁၂) ကြိမ်မြောက်အစည်းအဝေး၊ (၄၅) ရက်မြောက်နေ့မှာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဋ္ဌေးနိုင်က "ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ၊ ကိုယ်လက်အဂါင်္ဆုံးရှုံးခဲ့ရသူများအား ကျန်းမာရေးလိုအပ်ချက်၊ လူမှုရေးလိုအပ်ချက် စီမံဆောင်ရွက်ပေးရန် သွားရောက်ခဲ့သည့် အစီရင်ခံစာ" ကို တင်သွင်းခဲ့ပါတယ်။

အစီရင်ခံစာပါ  တင်ပြချက်တွေအရ ဗိုလ်မှူးချုပ်ဋ္ဌေးနိုင်ခေါင်းဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တစ်ဖွဲ့ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်အရ ဧပြီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ကို လေ့လာရေးခရီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ၊ ကိုယ်လက်အဂါင်္ဆုံးရှုံးခဲ့ရသူများအား ကျန်းမာရေးလိုအပ်ချက်၊ လူမှုရေးလိုအပ်ချက် စီမံဆောင်ရွက်ပေးရန်ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အတွင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး မသန်စွမ်းသူ ၂၆၈ ဦး၊ စစ်ဆင်ရေးတာဝန်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၂၃ ဦး၊ ပြည်သူ့စစ် ၁ ဦး၊ အငြိမ်းစားစစ်မှုထမ်း မသန်စွမ်းသူ ၃၁ ဦး၊ စုစုပေါင်း ၃၂၁ ဦးနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။ တွေ့ဆုံခဲ့သူ အရေအတွက်ဟာ ကျောက်ကြီးမြို့နယ်အတွင်း တရားဝင်စာရင်းရှိ မသန်စွမ်းသူများအားလုံး (၃၅၈ ဦး) ရဲ့ ၈၉ ဒဿမ ၆ ရာခိုင်နှုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးပြီး ကျဘန်းအလုပ်များကိုသာ ခက်ခက်ခဲခဲ ရှာဖွေလုပ်ကိုင်ပြီး ရပ်တည်နေကြရတဲ့ အဆိုပါ မသန်စွမ်းသူများရဲ့ လက်ရှိလိုအပ်ချက်များက ခြေတုလဲလှယ်ပေးရန် ၄၈ ဦး၊ ခြေဖဝါးတုလဲလှယ်ပေးရန် ၃၂ ဦး၊ လက်တုလဲလှယ်ပေးရန် ၈ ဦး၊ ခါးပတ်ဒူးကျိုးလဲလှယ်ပေးရန် ၂၁ ဦးဖြစ်ပြီး ချိုင်းထောက် ၉ ချောင်း၊ လက်ထောက် ၂ ခုနဲ့ ဘီးတပ်ကုလားထိုင် ၅ ခုလည်း လိုအပ်ကြောင်း သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါ မသန်စွမ်းသူများအတွက် ချိုင်းထောက် ၁၂ ချောင်း၊ လက်ထောက် ၃ ခု၊ ဘီးတပ်ကုလားထိုင် ၅ ခုနဲ့ ချိုင်းထောက် အစွပ် ၂ ခု ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ ဧပြီလ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့မှ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် တွေ့ဆုံ၍  ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ၊ ကိုယ်လက်အဂါင်္ဆုံးရှုံးခဲ့ရသူများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

#တွေ့ရှိချက်များ၊ အကြံပြုချက်များ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ လေ့လာတွေ့ရှိချက်အရ ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး မသန်စွမ်းရသူများရဲ့ ၉၀ ဒသမ ၇ ရာခိုင်နှုံးဟာ မြေမြုပ်မိုင်းများရဲ့ ထိခိုက်မှုကြောင့် ဖြစ်ပါတယ်။ မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူက ၂ ဒသမ ၉ ရာခိုင်နှုံး၊ မွေးရာပါကိုယ်လက်အင်္ဂါချို့တဲ့သူက ၂ ရာခိုင်နှုံးနဲ့ ရောဂါကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူက ၁ ဒသမ ၅ ရာခိုင်နှုံးပဲ ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အောက်ပါအတိုင်း အကြံပြုကြပါတယ်။
(၁) ကျောက်ကြီးမြို့နယ်ဟာ ကိုယ်အင်္ဂါချို့တဲ့သူ အများဆုံးရှိတဲ့ ဒေသဖြစ်ပြီး ခြေတုပြင်ဆင်ရေးဋ္ဌာနများသို့ သွားရောက်ရန်အခက်အခဲရှိကြတဲ့အတွက် ခြေတုပြင်ဆင်ရေးပညာရှင်များပါဝင်သော အဖွဲ့များ အနည်းဆုံး ခြောက်လတစ်ကြိမ် သွားရောက်စစ်ဆေးပြုပြင်ပေးရန်။
(၂) ကျောက်ကြီးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၏ လူနေမှုဘဝမြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းပညာသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှ ကျောက်ကြီးမြို့နယ်အတွင်း လာရောက်ဖွင့်လှစ်ပို့ချနိုင်ရေး စီမံပေးရန်။
(၃) ကျောက်ကြီးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့ ညှိနှိုင်းဆောင်ရွက်ရန်။
(၄) မသန်စွမ်းသူများ လုပ်ကိုင်နိုင်မည့် အထည်ချုပ်စက်ရုံကဲ့သို့ လုပ်ငန်းများ ကျောက်ကြီးဒေသအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့ ညှိနှိုင်းဆောင်ရွက်ရန်။
(၅) မသန်စွမ်းသူများ လုပ်ကိုင်နိုင်မည့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ ကျောက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်နိုင်ရေးနှင့် သမဝါယမဝန်ကြီးဋ္ဌာနမှ မတည်ချေးငွေရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့ ညှိနှိုင်းဆောင်ရွက်ရန်။
(၆) အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအား လက်ရှိ ခုတင် ၅၀ အဆင့်မှ ခုတင် ၃၀၀ အဆင့်တိုးမြှင့်နိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ထည့်သွင်းဆောင်ရွက်ရန်။
(၇) မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းဖြင့် ဆေးရုံတက်ကုသနေစဉ်ကာလအတွင်း သက်ဆိုင်သူနှင့် မိသားစုများအား ထိုက်သင့်သော ထောက်ပံ့မှုများ ပေးနိုင်ရေးစီမံပေးရန်။
(၈) ကျောက်ကြီးမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ တင်ပြချက်များကို ဆောင်ရွက်ပေးရန်။
(၉) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများမှာ အပြစ်မဲ့ပြည်သူများအတွက် လွန်စွာနစ်နာသဖြင့် မြေမြုပ်မိုင်းကင်းစင်ရေး သက်ဆိုင်ရာဋ္ဌာနများနှင့် သက်ဆိုင်သူများမှ အမြန်ဆုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်။ 

#လေးစားလောက်သော ဆောင်ရွက်ချက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကျောက်ကြီးမြို့နယ်လေ့လာရေးခရီးစဉ်နဲ့ အကူအညီပေး ဆောင်ရွက်ချက်များဟာ အင်မတန်လေးစားလောက်တဲ့ ဆောင်ရွက်ချက်များ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်မှာ မဲဆန္ဒနယ်များအတွင်း ခရီးလှည့်လည်ပြီး မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တာဝန်ဝတ္ကရားတစ်ခု ဖြစ်ပါတယ်။ ဒါပေမည့် လွှတ်တော်ကိုယ်စားလှယ်များစုဝေးပြီး ကိုယ်ပိုင်မဲဆန္ဒနယ်မဟုတ်တဲ့ ဒေသတစ်ခုကို ခရီးလှည့်ပြီး ကိုယ်အင်္ဂါချို့တဲ့သူ၊ မသန်မစွမ်းပြည်သူ များရဲ့ ဘဝဒုက္ခတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြတာ၊ စာနာထောက်ထားမှု အကူအညီတွေပေးကြတာ လေးစားစရာကောင်းလှပါတယ်။ လေ့လာရေးခရီးထွက်ဖို့ လမ်းညွှန်တဲ့ ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ တာဝန်သိမှု၊ ဦးဆောင်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ လွှတ်တော်အစည်းအဝေးရပ်နားချိန်မှာ ပြည်ပနိုင်ငံများကို အကြောင်းရှာပြီး ခရီးထွက်ကြတာထက်စာရင် ပြည်တွင်းမှာပဲ ခရီးလှည့်ပြီး ပြည်သူတွေရဲ့ ဘဝတွေကို သိနားလည်ဖို့ ကြိုးစားတာကို လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။

#လက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်သော အကြံပြုချက်များ

ကိုယ်အင်္ဂါဆုံးရှုံးသူများအတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကူညီဆောင်ရွက်ချက်တွေဟာ ခရီးစဉ်အတွင်းမှာတင် မပြီးဆုံးခဲ့ပဲ မသန်စွမ်းသူများရဲ့ ဘဝကို ရေရှည်အထောက်အကူပြုနိုင်မည့် အကြံပြုချက် (၉) ချက်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက တင်ပြပါသေးတယ်။ အဲဒီအကြံပေးချက်တွေထဲက (၁) ကနေ (၈) အထိ အကြံပြုချက်တွေဟာ အမှန်တကယ်လိုအပ်တဲ့ အကြံပြုချက်တွေဖြစ်ပြီး တကယ်သာလက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျောက်ကြီးဒေသနေ မသန်စွမ်းသူများအတွက်တင်မက ဒေသခံပြည်သူများအတွက်ပါ အလွန်အကျိုးရှိမှာပါ။ ဒါပေမည့် အဲဒီအကြံပြုချက်တွေကို ဘယ်လိုလက်တွေ့အကောင်အထည်ဖော်မလဲဆိုတာကို အစီရင်ခံစာမှာ ဖော်ပြမထားတဲ့အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း ဆွေးနွေးကြတာ မရှိသေးပါ။

အကြံပေးချက်အတော်များများဟာ အုပ်ချုပ်ရေးပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန၊ သမဝါယမဝန်ကြီးဋ္ဌာနတို့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။  ဒါပေမည့် ဥပဒေပြုအာဏာကိုသာ ကိုင်တွယ်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များက အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးတဲ့ ပြည်ထောင်စုအစိုးရနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရတွေကို ဒီအကြံပြုချက်များကို အကောင်အထည်ဖော်အောင် ဘယ်လိုချဉ်းကပ်မယ်ဆိုတာ သဲသဲကွဲကွဲမသိရပါ။ အဲဒီလို လက်တွေ့အကောင်အထည်ဖော်ရမည့် နည်းလမ်းတွေမရှိတဲ့အတွက် ဒီအကြံပြုချက်တွေဟာ စာရွက်ထဲမှာပဲ စာလုံးတွေအဖြစ်နဲ့ ကျန်ခဲ့မှာကို စိုးရိမ်မိပါတယ်။ ဥက္ကဋ္ဌ ဦးရွှေမန်းကိုယ်တိုင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ဒီအစီရင်ခံစာကို သေသေချာချာ ဖတ်ရှူလေ့လာပြီး ဆွေးနွေးကြဖို့၊ ပြည်ထောင်စုအစိုးရထံကို ပြည်သူ့လွှတ်တော်ရဲ့ အကြံပြုချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရေး အဆိုတင်သွင်းဖို့ စီစဉ်ညွှန်ကြားသင့်ပါတယ်။ 

#အငြင်းပွါးဖွယ် အကြံပြုချက်၊ မြေမြုတ်မိုင်းကင်းစင်ရေး

လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုချက်တွေထဲမှ အကြံပြုချက်နံပါတ် (၉)။ “မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများမှာ အပြစ်မဲ့ပြည်သူများအတွက် လွန်စွာနစ်နာသဖြင့် မြေမြုပ်မိုင်း ကင်းစင်ရေး သက်ဆိုင်ရာဋ္ဌာနများနှင့် သက်ဆိုင်သူများမှ အမြန်ဆုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်" ဆိုတာကတော့ အင်မတန်ကောင်းပေမည့် အငြင်းပွါးစရာရှိနေပါတယ်။ ဒီအကြံပြုချက်မှာ အပြစ်မဲ့ပြည်သူတွေ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဆုံးရှုံးပြီး မသန်မစွမ်းဖြစ်ကြရတာဟာ " မြေမြုပ်မိုင်း" များကြောင့် ဖြစ်တယ်လို့ မှန်ကန်စွာ ဖော်ပြထားပေမည့် ဒီ မြေမြုပ်မိုင်းပြသနာဟာ "တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်တယ်" လို့ ဆိုပြီး "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကသာ မြေမြုပ်မိုင်းများ အသုံးပြုသလိုမျိုး" အကြောင်းပြထားတာကတော့ လက်ခံနိုင်စရာ မရှိပါ။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး မြေမြုပ်မိုင်းများကို သုံးစွဲခဲ့၊ သုံးစွဲနေကြတာပါ။ ဒါကြောင့်မို့ ဒီအကြံပြုချက်အတိုင်း "မြေမြုပ်မိုင်းကင်းစင်ရေး" အတွက် နှစ်ဖက်စလုံးက လက်နက်ကိုင်တပ်ဖွဲ့များအားလုံးမှာ တာဝန်ရှိသလို ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း တာဝန်ရှိနေပါတယ်။
 
မြန်မာနိုင်ငံဟာ ယနေ့အချိန်အထိ အော့တဝါစာချုပ် (The Ottawa Treaty) လို့ အတိုကောက်ခေါ်ကြတဲ့ "နိုင်ငံတကာ မြေမြုပ်မိုင်းများ အသုံးချခြင်း၊ စုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းခြင်းများ တားဆီးရေး နှင့် ဖျက်ဆီးရေးစာချုပ်" ကို လက်မှတ်ရေးထိုးခြင်းမရှိသေးပါ။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတဦးသိန်းစိန်က "မြန်မာနိုင်ငံဟာ  အော့တဝါစာချုပ်ကို လက်မှတ်မထိုးရသေးပါ။ ဒါပေမည့် ကျနော်တို့ဟာ မြေမြုပ်မိုင်းများ အလွန်အကျွံအသုံးပြုမှုကို အမြဲတမ်းဆန့်ကျင်ပါတယ်။ ဒီအတောအတွင်းမှာ၊ မြန်မာနိုင်ငံပြည်သူတွေရဲ့ ဘဝအိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကျနော်တို့နိုင်ငံဟာ မြေမြုပ်မိုင်းများကို ဆက်လက်အသုံးပြုဖို့လိုအပ်မယ်လို့ ယုံကြည်ပါတယ်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။ 

ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကျောက်ကြီးမြို့နယ်မှာ တွေ့ဆုံခဲ့ရတဲ့ မြေမြုပ်မိုင်းဒဏ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ကြရသူတွေအတွက် မြန်မာအစိုးရကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တန်းတူ တာဝန်ရှိနေပါတယ်။ 

0 comments: