(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၇ ရက်၊ ၂၀၁၅)
နိုင်ငံရေးပါတီများအတွက်
မေးခွန်းများ (၁၀)
အောင်ဒင်
#ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ပါတ်သက်၍
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ရှည်လျားခဲ့ပြီဖြစ်တဲ့
လက်နက်ကိုင် ပဋိပက္ခများအဆုံးသတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရနိုင်ဖို့အတွက် လက်ရှိအစိုးရက
ကြိုးစားဆောင်ရွက်နေပါတယ်။ သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဗဟိုကော်မတီ၊
ဒုသမ္မတ စိုင်းမောက်ခမ်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတွေ
ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးလို့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပထမဆင့်ဖြစ်တဲ့ "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်"
ကို လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းအားလုံးက ခေါင်းဆောင်များအားလုံး
သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ
"အပစ်အခတ်ရပ်စဲရေးစာချုပ်-မူကြမ်း" ကို နှစ်ဖက်အလုပ်အဖွဲ့များ သဘောတူခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များက ဒီစာချုပ်မူကြမ်းကို
လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေကြပြီး ၂၀၁၅ ခုနှစ်ထဲမှာ၊ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းမကုန်ခင်မှာ
အပြီးသတ် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့
ခေါင်းဆောင်များကတော့ အဆင်သင့်မဖြစ်ကြသေးပါ။
ကျင်းပပြီးခဲ့တဲ့ လော်ခီးလာညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်များက
အစိုးရနဲ့ ထပ်မံဆွေးနွေးပြီး စာချုပ်မှာ ထည့်သွင်းရမည့် အချက်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။
ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်းအတွင်းမှာ လက်မှတ်မရေးထိုးနိုင်ပဲ
နောက်သမ္မတအသစ်က ဆက်လက်ဆောင်ရွက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာပဲ
အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင်တောင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့
နောက်ဆက်တွဲ အခြားအဆင့်တွေကို သမ္မတအသစ်၊ လွှတ်တော်အသစ်တို့က ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံရေးပါတီများ ကြိုတင်ပြင်ဆင်ထားတဲ့ "ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ
မူဝါဒ" ကို ပြည်သူအများ သိချင်ကြပါလိမ့်မယ်။
လက်ရှိအစိုးရက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ
အကြမ်းဖျင်းအားဖြင့် အဆင့် ၄ ဆင့်ရှိပါတယ်။ ပထမအဆင့်မှာ "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လတ်နက်ကိုင် ပဋိပက္ခမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းများအားလုံးက
သဘောတူလက်မှတ် ရေးထိုးရန်" ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးတဲ့နောက် ရက်ပေါင်း ၆၀
အတွင်း ဒုတိယအဆင့်ဖြစ်တဲ့ "နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေခံမူဘောင်များ
ချမှတ်ရေး" ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ နှစ်ဖက်လက်နက်ကိုင်အင်အားစုများတင်မကတော့ပဲ
နိုင်ငံရေးပါတီများ၊ လွှတ်တော်ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို
စနစ်တကျ ကျင်းပနိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်ဆွေးနွေးခွင့်ရရှိရေးနဲ့
တိုင်းပြည်ရဲ့အရေးကြီးကိစ္စများအားလုံးကို ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် လိုအပ်တဲ့
မူဘောင်များကို ချမှတ်ရမှာပါ။ မူဘောင်များအပေါ် သဘောတူညီမှုရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ
ချမှတ်ထားတဲ့ မူဘောင်များနဲ့ အညီ တတိယအဆင့်အဖြစ် "နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်"
ဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထအဆင့်ကတော့ "နိုင်ငံရေးဆွေးနွေးပွဲက ရရှိတဲ့ သဘောတူညီချက်များကို
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို
ပြင်ဆင်၊ ဖြည့်စွက်ရန်" ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်အရ ပထမအဆင့်ဖြစ်တဲ့ "အပစ်အခတ်ရပ်စဲရေးစာချုပ်"
ကို လက်မှတ်ရေးထိုးပြီးမှ ကျန်တဲ့ အဆင့်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ပထမအဆင့်မှာ ကြန့်ကြာနေသ၍ ကျန်တဲ့ အဆင့်များကို ဆက်နိုင်မှာ မဟုတ်ပါ။ လက်ရှိအခြေအနေမှာတော့
သမ္မတဦးသိန်းစိန် မျှော်လင့်ခဲ့သလို ဧပြီလ၊ မေလတွေလောက်မှာ လက်မှတ်ရေးထိုးဖို့ဆိုတာ
မဖြစ်နိုင်တော့သလို ၂၀၁၅ ခုနှစ်အတွင်းမှာ လက်မှတ်ရေးထိုးနိုင်မလားဆိုတာလည်း မသေချာပြန်ပါ။
လော်ခီးလာညီလာခံမှာ တက်ရောက်ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များက
၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ "တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းရေးကော်မတီ (NCCT)" တို့ သဘောတူခဲ့ကြတဲ့ "အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်-နောက်ဆုံးမူကြမ်း
(Final Draft)" အပေါ်မှာ အပြည့်အဝ သဘောမတူကြပါ။ ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်တွေ၊
တပ်ပိုင်းဆိုင်ရာအချက်အလက်တွေ ထပ်မံ ဖြည့်စွက်ချင်ကြပါတယ်။ ပြီးတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး
မဆွေးနွေးရသေးတဲ့ "ရခိုင့်တပ်မတော်၊ တအောင်း (ပလောင်) လွတ်မြောက်ရေးအဖွဲ့၊ ကိုးကန့်အဖွဲ့"
တွေ မပါဝင်ပဲနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးချင်ကြပါ။ သမ္မတဦးသိန်းစိန်က
သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို
စတင်ခဲ့ချင်ပေမည့် တိုင်းရင်းသားခေါင်းဆောင်များက နောက်အစိုးရလက်ထက်ကျမှ နိုင်ငံရေးဆွေးနွေးပွဲတွေ
စတင်နိုင်မှာကို စိုးရိမ်ပူပန်ခြင်းမရှိပါ။
ဒီဖြစ်စဉ်ကို ဝေဘန်ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့
သမ္မတသက်တမ်းအတွင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ
စတင်ခဲ့ချင်တဲ့ စိတ်အားထက်သန်နေတာ တွေ့ရပေမည့် သူ့ရဲ့ စိတ်အားထက်သန်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က
တူညီတဲ့ စိတ်အားထက်သန်မှုနဲ့ မတုန့်ပြန်ပဲ သံသယစိတ်နဲ့ တုန့်ပြန်တာကို တွေ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များက
သမ္မတရဲ့ တပ်မတော်အပေါ် ဩဇာသက်ရောက်မှုအတိုင်းအတာကိုလည်း သံသယရှိပုံရပါတယ်။ ဒါကြောင့်မို့
သမ္မတရဲ့ စိတ်အားထက်သန်မှုကိုယ်တိုင်က သမ္မတရဲ့ အားနည်းချက်ဖြစ်နေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်အချို့က
သမ္မတရဲ့အားနည်းချက်အပေါ် အမြတ်ထုတ်ချင်တဲ့ လက္ခဏာလည်း တွေ့ရပါတယ်။ အချို့တိုင်းရင်းသားခေါင်းဆောင်များကတော့
အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး၊ နိုင်ငံရေးဆွေးနွေးပွဲတွေစတင်ခြင်းဖြင့် ဦးသိန်းစိန်အတွက်
နိုင်ငံရေးအောင်ပွဲကြီးတစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်မှာကို စိတ်မသက်မသာဖြစ်နေပုံရပါတယ်။
သမ္မတကိုယ်စား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနေကြသူများရဲ့
အလွန်အကျွံ ကတိပေးမှုများ၊ ငွေရေးကြေးရေး ပွင့်လင်းမြင်သာခြင်းမရှိမှုများ၊ အာမခံချက်အတိအကျမရှိပဲ
အလွန်အကျွံလိုက်လျောမှုများ၊ လာဘ်ထိုးတယ်လို့ ယူဆနိုင်တဲ့ ကားပါမစ်လို လက်ဆောင်ပဏ္ဍာပေးအပ်မှုများကလည်း
သမ္မတရဲ့ စိတ်စေတနာကို ပိုပြီးအားနည်းစေပြန်ပါတယ်။
ဒါကြောင့်မို့ ရွေးကောက်ပွဲကတဆင့် နောက်အစိုးရအာဏာကို ရယူဖို့
ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီများအနေနဲ့ "ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများ"
ကို လေးလေးနက်နက်ပြင်ဆင်ချမှတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် "မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန
(Myanmar Peace Center)" ကို ဆက်လက်အသုံးချဖို့ လို၊ မလို။ လိုအပ်ဦးမယ်ဆိုရင်
လက်ရှိလူတွေကို ဆက်လက်တာဝန်ပေးသင့်၊ မပေးသင့်။ ဒါမှမဟုတ် အမည်တစ်မျိုးနဲ့ ပုံစံပြောင်းပြီး
ဖွဲ့စည်းဖို့ သင့်၊မသင့်။ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာနကို နိုင်ငံခြားငွေကြေးထောက်ပံ့မှုမယူပဲ
နိုင်ငံ့ဘဏ္ဍာငွေနဲ့ ရပ်တည်နိုင်ခြင်း ရှိ၊ မရှိ။ စတဲ့အချက်တွေကို အလေးအနက် စဉ်းစားပြင်ဆင်သင့်ပါတယ်။
"တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်" လက်မှတ်ရေးထိုးရေးနဲ့ ပါတ်သက်ပြီး
တပ်မတော်ဘက်က သဘောမတူနိုင်တဲ့ ကိစ္စတွေအတွက် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့
တိုက်ရိုက်တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသင့်ပါတယ်။ စာချုပ်တွေ စောစောစီးစီး လက်မှတ်ရေးထိုးနိုင်ဖို့၊
အစည်းအဝေးတွေ စောစောစီးစီး စတင်နိုင်ဖို့ထက် သက်ဆိုင်သူအားလုံး သေသေချာချာ ခိုင်ခိုင်မာမာသဘောတူညီနိုင်တဲ့
စာချုပ်ကို ရေးဆွဲဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရပြီး သက်ဆိုင်သူအားလုံး ယုံယုံကြည်ကြည်
ရဲရဲရင့်ရင့်တက်ရောက်ဆွေးနွေးနိုင်မည့်၊ ရလဒ်တကယ်ထွက်မည့် အစည်းအဝေးတွေ ကျင်းပနိုင်ဖို့က
ပိုပြီးအရေးကြီးတာမို့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒမှာ အတိအကျအချိန်ကန့်သတ်ချက်တွေ
မပါဝင်သင့်ပါ။ အချိန်ကန့်သတ်ချက်တွေရဲ့ ဖိအားပေးမှုနဲ့ အရင်စလို ဆောင်ရွက်ရတာ မဖြစ်သင့်ပါ။
#နိုင်ငံရေးပါတီ၊
နိုင်ငံရေးမူဝါဒ၊ ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်များ၏ အခွင့်အရေး
အတိုက်အခံနိုင်ငံရေးပါတီတွေက ပြောလေ့ရှိပါတယ်။ သူတို့ပါတီဟာ
စစ်အစိုးရရဲ့ အမွေခံ ကြံ့ခိုင်ရေးပါတီမဟုတ်တာနဲ့တင် ပြည်သူလူထုက မဲပေးရွေးချယ်ဖို့
လုံလောက်နေပြီလို့ ပြောကြပါတယ်။ သူတို့ပါတီဟာ စစ်အစိုးရရဲ့ မတရား၊ မမျှတမှုများကို နှစ်ပေါင်းများစွာ
ဆန့်ကျင်ဝေဘန်ရဲခဲ့တာမို့ သူတို့ပါတီသာ အာဏာရရင် လက်ရှိအစိုးရထက် အများကြီး ပိုရိုးသားသန့်ရှင်းပြီး
တိုင်းပြည်ကို အများကြီး ပိုတိုးတက်စေမယ်လို့ ဆိုပါတယ်။ သူတို့ပါတီဝင်များဟာ အာဏာရှင်စနစ်ကို
ရဲရဲ ဆန့်ကျင်ရင်ဆိုင်ပြီး နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့ရသူများဖြစ်ကြတာမို့ သူတို့ပါတီသာ
အစိုးရဖွဲ့နိုင်ရင် တကယ့်ကို သန့်ရှင်းစင်ကြယ်တဲ့ အစိုးရဖြစ်လိမ့်မယ်လို့လည်း ကြွေးကြော်ကြပါတယ်။
ကျနော်ကတော့ ဒီလောက်နဲ့ လုံလောက်တယ်မထင်ပါ။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့
သူတို့ မဲဆန္ဒပေးရမည့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရိုးသားဖြောင့်မတ်သူများ၊
ပြည်သူ့အကျိုးအမှန်တကယ်သယ်ပိုးလိုသူများ ဖြစ်ရုံတင်မက တိုင်းပြည်ကို မှန်မှန်ကန်ကန်အုပ်ချုပ်နိုင်စွမ်းရှိသူများလည်း
ဖြစ်စေချင်ကြမှာပါ။ ကိုယ်စားလှယ်လောင်းများရဲ့ ရိုးသားဖြောင့်မတ်မှုကိုတော့ သူတို့ရဲ့
ဘဝဖြတ်သန်းမှုနဲ့ ကိုယ်ရေးမှတ်တမ်းကိုကြည့်ရင် သိနိုင်မှာ ဖြစ်ပေမည့် တိုင်းပြည်ကို
အုပ်ချုပ်နိုင်စွမ်းရှိမရှိကိုတော့ သက်ဆိုင်ရာပါတီများရဲ့ နိုင်ငံရေးမူဝါဒများကို ကြည့်ပြီး
အကဲခတ်ရမှာပါ။ ရွေးကောက်ပွဲကျင်းပဖို့ လေးလလောက်အလို၊ အစိုးရသစ်၊ လွှတ်တော်အသစ် ဖွဲ့စည်းဖို့
ခြောက်လ၊ ခွန်နှစ်လလောက်အလိုမှာ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံတော်အုပ်ချုပ်ရေးမူဝါဒတွေကို
ပြင်ဆင်ရေးဆွဲပြီး ဖြစ်သင့်ပါပြီ။ အထွေထွေရွေးကောက်ပွဲဆိုတာ ကိုယ်စားလှယ်လောင်းတွေတင်
ယှဉ် ပြိုင်ကြတာမဟုတ်ပါ။ နိုင်ငံရေးပါတီများရဲ့ မူဝါဒများလည်း ယှဉ်ပြိုင်ကြတာပါ။ လူရော၊
မူရော ယှဉ်ပြိုင်ကြရမှာပါ။
နိုင်ငံရေးပါတီများအနေနဲ့ သူတို့ပါတီအာဏာရရင် တိုင်းပြည်ကို
ဘယ်လိုစီမံအုပ်ချုပ်မယ်၊ ဘယ်လို ဥပဒေပြုမယ်ဆိုတဲ့ မူဝါဒတွေကို ရွေးကောက်ပွဲမတိုင်မီမှာ
ပြည်သူလူထုကို ချပြသင့်ပါပြီ။ ဒါမှလည်း ပြည်သူလူထုက နိုင်ငံရေးပါတီများရဲ့ မူဝါဒများကို
နှိုင်းယှဉ်လေ့လာပြီး အကောင်းဆုံးဖြစ်နိုင်တာကို ရွေးချယ်ကြပါလိမ့်မယ်။ ဒီဆောင်းပါးရှည်နဲ့အတူ
ကျနော်က ပြည်သူလူထုကိုယ်စား နိုင်ငံရေးပါတီများကို မူဝါဒဆိုင်ရာ မေးခွန်း (၁၀) ခု မေးလိုက်ပါတယ်။
နိုင်ငံရေးပါတီများက ပြည်သူလူထုကို လေးလေးစားစား ဖြေကြားပေးစေချင်ပါတယ်။ ။။။။
#####
0 comments:
Post a Comment