(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၂၊ ဇွန်လ ၂၅ ရက်၊ ၂၀၁၅)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၉၉) စစ်နှင့် ပြည်သူ
(ဂ)
#ဗိုလ်ချုပ်ကျော်ညွန့်မှ
ဒုတိယအကြိမ် ဖြေကြားခြင်း
ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကပဲ
ဒီမေးခွန်းတွေကို ဖြေကြားပါတယ်။ အားရစရာ လုံးဝမရှိပါ။
ဗိုလ်ချုပ်ကျော်ညွန့်က မေးခွန်းနှစ်ခုစလုံးနဲ့ ပါတ်သက်ပြီး
"စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် ဆောင်ရွက်ရင်း အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသော
ပြည်သူများအား ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒနှင့် ဥပဒေပြဋ္ဌာန်းပေးရေးနှင့်
စပ်လျင်း၍ နိုင်ငံတော်မှ မည်သို့စီစဉ်ဆောင်ရွက်နေသည်၊ မည်သည့်အဆင့်အထိ စီမံဆောင်ရွက်ပြီး
ဖြစ်သည်ကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနအနေနဲ့ ကျယ်ပြန့်စွာ စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်
လောလောဆယ် ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း" တင်ပြပါတယ်။ တနည်းအားဖြင့် လွှတ်တော်မှ
အတည်ပြုပြီး အချိန် ၈ လခန့်ရှိတဲ့ တိုင်အောင် လွှတ်တော်ရဲ့ အဆိုကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့
တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသေးလို့ နားလည်ရမယ် ထင်ပါတယ်။ တကယ်လို့
ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဒီအဆိုကို အရေးယူအကောင်အထည်ဖော်နေတယ်ဆိုရင် ဘာတွေဆောင်ရွက်ဖို့
စီစဉ်ထားတယ်၊ ဘယ်လောက်အထိ ဆောင်ရွက်ပြီးစီးနေပြီဆိုတာကို ပြည်သူ့လွှတ်တော်ကို မတင်ပြနိုင်စရာ
အကြောင်းမရှိပါ။
ဗိုလ်ချုပ်ကျော်ညွန့်ကပဲ ဆက်လက်ပြီး နိုင်ငံတော်နဲ့ တပ်မတော်ရဲ့
ဆောင်ရွက်ချက်တွေကို တင်ပြပါတယ်။ နိုင်ငံတော်ပိုင်းက ဆိုရင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ
၁၇ ရက်နေ့မှာ နအဖစစ်အစိုးရက ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၀၉) အရ
"နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်မတော်နှင့် တွဲဖက်ပေးထားသော
ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများကို စွမ်းရည်သတ္တိအတွက်
သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မီပါက တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဆုများဖြစ်တဲ့
အောင်ဆန်းသူရိယဘွဲ့၊ သို့မဟုတ် သီဟသူရဘွဲ့၊ သို့မဟုတ် သူရဘွဲ့ တစ်ခုခုကို ချီးမြှင့်နိုင်သည်လို့
ဆိုပါတယ်။ ဒါ့အပြင် အောင်ဆန်းတံဆိပ်၊ သို့မဟုတ် သီဟဗလတံဆိပ်၊သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင်တစ်ဆိပ်
တစ်ခုခုကို ချီးမြှင့်နိုင်သည်လို့ ဆိုပါတယ်။ စစ်ဆင်ရေးများမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ပြီး
တိုက်ပွဲတွင်ရရှိသော ဒဏ်ရာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းပျက်စီးချို့ယွင်းမှု၊ စိတ်ပိုင်းဆိုင်ရာ
ပျက်စီးမှုများမှာ ဆေးခုံရုံးက ၆၀ ရာခိုင်နှုံးနှင့်အထက် ဆုံးရှုံးသည်ဟု သတ်မှတ်သော ဝန်ထမ်းများ၊
အရပ်သားများကို ပြည်သူ့သားကောင်းတံဆိပ် ချီးမြှင့်နိုင်တယ်လို့ ဆိုပါတယ်"။
တပ်မတော်ပိုင်းကဆိုရင်လည်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနကောင်စီရဲ့
အမိန့်တစ်ခုအရ အဆိုပါပုဂ္ဂိုလ်များကို "ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်”ကိုလည်း
ချီးမြှင့်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီဆုအသီးသီးအတွက် ပေးအပ်တဲ့ ဆုကြေးငွေပမာဏကိုလည်း
ဖော်ပြပါသေးတယ်။ စစ်ဆင်ရေးအတွက် ငှါးရမ်းအသုံးပြုခဲ့တဲ့ အရပ်သားများ မစွမ်းမသန်ဖြစ်ခဲ့ရင်
တည်ဆဲအလုပ်သမားလျော်ကြေးဥပဒေအရ လျော်ကြေးခံစားခွင့်ရှိပြီး တပ်မတော်ဆေးရုံတွေမှာ အတွင်းလူနာ/အပြင်လူနာအဖြစ်
ဆေးကုသခွင့်ရှိတယ်လို့ ဆိုပါတယ်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ တပ်မတော်မှ
စစ်ဆင်ရေးများအတွင်းမှာ အသုံးပြုမှုကြောင့် အရပ်သားအလုပ်သမား (ပေါ်တာ) ၇,၈၁၇ ဦး သေဆုံး၊
၁,၅၈၉ ဦး ဒဏ်ရာရလို့ စုစုပေါင်း အရပ်သားပေါ်တာ ၉,၄၀၆ ဦးကို တပ်မတော်မှ လျော်ကြေးငွေပေးခဲ့တယ်လို့
ဆိုပါတယ်။ အခုအချိန်မှာ တပ်မတော်မှ အရပ်သားများကို စစ်ဆင်ရေးအလုပ်သမားအဖြစ် ငှါးရမ်းသုံးစွဲခြင်း
မရှိတော့ဘူးလို့လည်း ပြောပါတယ်။
#ကျေနပ်စရာမရှိသော
အဖြေ
ဗိုလ်ချုပ်ကျော်ညွန့်ရဲ့ ဖြေကြားချက်တွေဟာ ကျေနပ်လက်ခံနိုင်စရာ
မရှိပါ။ ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ အဆိုဖြစ်တဲ့ "တပ်မတော်မှ စစ်ဆင်ရေးများတွင်
အသုံးပြုမှုကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးကြရသူများနှင့်
၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ကူညီနိုင်ရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းရေးအဆို"
ကို အချိန် ၈ လလောက် ကြာတဲ့ အထိ အဓိကသက်ဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ တစ်စုံတစ်ရာ
အရေးယူဆောင်ရွက်ခြင်း မရှိပါ။ ဗိုလ်ချုပ်ကျော်ညွန့်က ဒီအရပ်သားပေါ်တာတွေဟာလည်း တပ်မတော်သားတွေလိုပဲ
စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့တွေ၊ တံဆိပ်တွေ၊ ဆုကြေးငွေတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်တွေ
ချီးမြှင့်နိုင်ခွင့်ရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမည့် အရပ်သား ပေါ်တာတွေထဲက ဘယ်နှစ်ယောက်များ
အဲဒီ ဆုတွေ ရခဲ့ဘူးပါသလဲ။ ဒီကနေ့အထိ တစ်ယောက်မှ အဲဒီဆုတွေ ရတယ်လို့ ကျနော်တို့ မကြားမသိခဲ့ပါ။
ကိုယ်တိုင်က စိတ်ပါလို့မဟုတ်ပဲ စစ်တပ်က ခြိမ်းခြောက်ဆင့်ခေါ်လို့
အဓမ္မလုပ်အားပေးကြရတဲ့ အရပ်သားပေါ်တာများကလည်း ဒီဆုတံဆိပ်များကို စိတ်ဝင်စားမှာ မဟုတ်ပါ။
လိုချင်ကြမှာ မဟုတ်ပါ။ ဒါပေမည့် တပ်မတော်အတွက် လုပ်အားပေးဆောင်ရွက်ရင်း ပျက်စီးသွားတဲ့
သူတို့ရဲ့ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေ အတွက် လုံလောက်တဲ့ ထောက်ပံ့ကူညီမှုကိုတော့ သူတို့
လိုချင်ကြပါလိမ့်မယ်။ အဲဒီလို ထောက်ပံ့နိုင်ဖို့အတွက် မူဝါဒချမှတ်ဖို့၊ ဥပဒေရေးဆွဲဖို့တောင်မှ
တပ်မတော်က တက်တက်ကြွကြွမရှိလှတာကို တွေ့ရပါတယ်။
တပ်မတော်က ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ
စစ်ဆင်ရေးများမှာ သေဆုံးခဲ့တဲ့ အရပ်သားအလုပ်သမား
(ပေါ်တာ) ၇,၈၁၇ ဦး၊ ဒဏ်ရာရသူ ၁,၅၈၉ ဦးကို လျော်ကြေးငွေပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမည့်
လျော်ကြေးငွေပမာဏက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်ညွန့် တင်ပြခဲ့သလို
သေဆုံးသူတစ်ဦးကို ၇,၂၀၀ ကျပ်နှုံး၊ ဒဏ်ရာရသူတစ်ဦးကို ၁၀,၀၈၀ ကျပ်နှုံးပဲ ဖြစ်ပါလိမ့်မယ်။
(၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကျမှ သေဆုံးသူတစ်ဦးကို ကျပ် လေးသိန်းခွဲစီ၊ ၁၀၀
ရာခိုင်နှုံး ဆေးကျသူကို ကျပ် ခြောက်သိန်းစီ ခံစားခွင့်ပြုတာ ဖြစ်ပါတယ်။) ဒီနှုံးနဲ့
တွက်မယ်ဆိုရင် တပ်မတော်က ၁၉၈၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ၂၄ နှစ်တာကာလအတွင်း သေဆုံး၊
ဒဏ်ရာရ အရပ်သားပေါ်တာ ၉,၄၀၆ ဦးကို ပေးခဲ့တဲ့ လျော်ကြေးငွေပမာဏဟာ ကျပ်ငွေ ၇၅ သန်းလောက်ပဲ
ရှိပါလိမ့်မယ်။ မြန်မာ့တပ်မတော်မှာ အသုံးပြုနေတဲ့ တင့်ကားတစ်စီးရဲ့ တန်ဘိုးထက် အများကြီး
နည်းပါသေးတယ်။
တကယ့်လက်တွေ့မှာ ၁၉၈၈ နဲ့ ၂၀၁၂ ခုနှစ်အထိ ၂၄ နှစ်တာကာလအတွင်း
အသက်တွေ၊ ဘဝတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပေါ်တာများရဲ့ အရေအတွက်က
တပ်မတော်က လျော်ကြေးပေးခဲ့တဲ့ ၉,၄၀၆ ဦးထက် အများကြီး ပိုများနိုင်ပါတယ်။ စစ်မြေပြင်မှာ
ပေါ်တာဘဝကနေ ထွက်ပြေးလို့ ပစ်သတ်ခံရသူတွေ၊ လူမသိ၊ သူမသိ ပျောက်ဆုံးသွားသူတွေ၊ ဒဏ်ရာနဲ့
ထွက်ပြေးလွတ်မြောက်ပြီး နယ်စပ်ဒေသက ဒုက္ခသည်စခန်းများကို ရောက်ရှိနေကြသူတွေ၊ စစ်မြေပြင်ကနေ
ထွက်ပြေးလို့ ကိုယ့်အိမ်ကို တိုးတိုးတိတ်တိတ်ပြန်ရောက်ပြီး အကြောက်တရားနဲ့ တိုးတိုးတိတ်တိတ်
နေထိုင်နေကြရသူတွေ အများကြီး ရှိနေပါသေးတယ်။ ပြီးတော့ ၁၉၈၈ ခုနှစ် မတိုင်မီကာလတွေကတည်းက
မြန်မာစစ်တပ်က ပေါ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တာမို့ ဘဝပျက်ရသူ အရပ်သားပေါ်တာများရဲ့
အရေအတွက်ဟာ စစ်အစိုးရအုပ်ချုပ်တဲ့ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကာလအတွင်း
သိန်းနဲ့ချီပြီး ရှိနိုင်ပါတယ်။
#ပြည်သူ့လွှတ်တော်အတွက်
မပြီးဆုံးသေးတဲ့ တာဝန်
စစ်ဆင်ရေးများမှာ တပ်မတော်ကို ကူညီဆောင်ရွက်ရင်း သေဆုံး၊
ဒဏ်ရာရ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ကြရတဲ့ အရပ်သားပေါ်တာများကို နိုင်ငံတော်က
အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုဖို့၊ ဒုက္ခရောက်နေတဲ့ ဘဝတွေ၊ မိသားစုတွေကို နိုင်ငံတော်က ထောက်ပံ့ကူညီရေးအတွက်
မူဝါဒများ၊ ဥပဒေများ ပြဋ္ဌာန်းဖို့နဲ့ ပါတ်သက်ပြီး ဦးစိုင်းသန်းနိုင် က အဆိုတင်ပြီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်သူမရှိ တခဲနက် ထောက်ခံအတည်ပြုခဲ့ကြတာမို့
ဒီအဆိုကို အမှန်တကယ် အကောင်အထည်ဖော်ရေး၊ မူဝါဒ၊ ဥပဒေများ အမှန်တကယ် ပြဋ္ဌာန်းနိုင်ရေးအတွက်
ဦးစိုင်းသန်းနိုင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှာပဲ ဆက်လက်ပြီး တာဝန်ရှိနေပါတယ်။
ဒီအဆိုကို အကောင်အထည်ဖော်ဖို့ ပြည်သူ့လွှတ်တော်ကနေ ပြည်ထောင်စုအစိုးရကို
တာဝန်လွှဲအပ်ခဲ့ပေမည့် အဓိကသက်ဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတာ
တွေ့နေရပါပြီ။ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူများကလည်း လွှတ်တော်နဲ့ အစိုးရက သူတို့ဘဝတွေကို
စောင့်ရှောက်ကူညီဖို့ ဘယ်လိုစီစဉ်မယ်၊ ဘယ်တော့ဖြစ်လာမယ်ဆိုတာကို မျှော်လင့်ခြင်းကြီးစွာနဲ့
စောင့်ဆိုင်းနေကြတာပါ။ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ မသေချာ၊ မရေရာတဲ့ အကောင်အထည်ဖော်မှုတွေ၊
မလုံလောက်တဲ့ ထောက်ပံ့မှုတွေကို စောင့်ဆိုင်းမနေတော့ပဲ ဦးစိုင်းသန်းနိုင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက
လိုအပ်တဲ့ မူဝါဒများ၊ ဥပဒေများကို ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းပေးကြဖို့ လေးလေးနက်နက် တောင်းဆိုလိုက်ရပါတယ်။
(ဇွန်လ ၄ ရက်၊ ၂၀၁၅)
0 comments:
Post a Comment