BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, June 29, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၉၇) စစ်နှင့် ပြည်သူ (က)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၀၊ ဇွန်လ ၁၁ ရက်၊ ၂၀၁၅)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၇) စစ်နှင့် ပြည်သူ (က)

၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြီးဟာ ၂၀၁၅ ခုနှစ်မှာ နှစ်ပေါင်း ၆၇ နှစ်ရှိခဲ့ပါပြီ။ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ စေ့စပ်ဆွေးနွေးနေကြပေမည့် သေနတ်သံတွေတော့ ကြားနေရဆဲပါ။ ဒီပြည်တွင်းစစ်ကြီးက မြန်မာနိုင်ငံရဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာ လှိုက်စားအမြစ်တွယ်နေတဲ့ ကင်ဆာရောဂါဆိုးကြီးနဲ့ တူပါတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ပွဲများမှာ အစိုးရတပ်ဖွဲ့ဝင်တွေရော၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများရဲ့ တပ်ဖွဲ့ဝင်တွေပါ နှစ်ဖက်စလုံး ကျဆုံးခဲ့ကြ၊ ထိခိုက်ဒဏ်ရာရကြ၊ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ ဆုံးရှုံးကြရပါတယ်။ ဒါပေမည့် ဒီစစ်ကြီးကြောင့် အဆုံးအရှုံးအကြီးမားဆုံးခံစားကြရသူများက နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေမဟုတ်ပဲ သာမာန်ပြည်သူတွေ ဖြစ်ကြပါတယ်။

မငြိမ်းချမ်းတဲ့ ဒေသမှာ နေထိုင်ကြရတဲ့  ပြည်သူတွေရဲ့ ဘဝဟာ နေ့စဉ်နဲ့အမျှ လုံခြုံမှု ကင်းမဲ့လှပါတယ်။ နှစ်ဖက်စလုံးက လက်နက်ကိုင်များရဲ့ လက်နက်အားကိုး အနိုင်ကျင့်မှုကို အမြဲလို ခံစားနေကြရတာပါ။ စစ်ဆင်ရေးရန်ပုံငွေကောက်ခံတာ၊ စစ်သားသစ်စုဆောင်းတာ၊ ပစ္စည်းသယ်ဖို့ အလုပ်သမား (ပေါ်တာ) စုဆောင်းတာ၊ ကား၊ ဆိုင်ကယ်၊ နွားလှည်းစတဲ့ ယာဉ်၊ ယန္တရားတွေ ထောက်ပံ့ပေးရတာ၊ မိုင်းမြှုပ်ထားတဲ့ မြေပေါ်မှာ ရှေ့ပြေးဖြတ်သန်းရတာ၊ အဆင်မသင့်ရင် အစိုးရသတင်းပေး၊ သူပုန်သတင်းပေးလို့ စွပ်စွဲခံရပြီး ညှင်းပန်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ စစ်ပွဲများကြောင့် နေအိမ်၊ ရပ်ရွာများ ပျက်ဆီးပြီး တောထဲ၊ တောင်ထဲ စစ်ဘေးဒုက္ခသည်များအဖြစ် တိမ်းရှောင်ကြရတာ၊ အမျိုးသမီးတွေ၊ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ကလေးသူငယ်တွေ ပညာရေးနဲ့ အလှမ်းဝေးရတာ၊ မိခင်တွေ သားပျောက်ကြရတာ၊ နှစ်ဖက်တပ်များက အပြိုင်အဆိုင်မြှုပ်နှံထားတဲ့ မိုင်းကွင်းတွေကို နင်းမိလို့ ကိုယ်လက်အင်္ဂါဆုံးရှုံးကြရတာ၊ စတဲ့ ပြည်သူတွေ နေ့စဉ်ခံစားနေရတဲ့ စစ်ရဲ့ အနိဋ္ဌာရုံဖြစ်ရပ်တွေက ဆိုးဝါးရက်စက်လွန်းလှပါတယ်။ အဲဒီလို ပြည်သူတွေခံစားနေတဲ့ စစ်ဘေးစစ်ဒဏ်တွေထဲက မြန်မာ့တပ်မတော်က " ပေါ်တာ" လို့ ခေါ်ကြတဲ့ စစ်ဆင်ရေးအလုပ်သမားများအဖြစ် ငှါးရမ်းသုံးစွဲခဲ့လို့ ဒုက္ခရောက်ခဲ့ကြရသူ ပြည်သူများရဲ့ ဘဝကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဦးစိုင်းသန်းနိုင်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။

#ဦးစိုင်းသန်းနိုင်၏ ပထမအကြိမ် ဆွေးနွေးချက် (စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၄)

မြန်မာ့တပ်မတော်က ငှါးရမ်းသုံးစွဲလို့ ဒုက္ခရောက်ကြရတဲ့ ပေါ်တာများရဲ့အကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ပထမဆုံးအကြိမ် ဆွေးနွေးတာက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ၁၁ ကြိမ်မြောက်အစည်းအဝေးရဲ့ အဋ္ဌမနေ့မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဦးစိုင်းသန်းနိုင်က "စစ်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့် လိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခံခဲ့ရသော ပြည်သူများ (Porters) နှင့် စပ်လျင်းသည့် မေးခွန်း" ကို မေးမြန်းပါတယ်။

ဦးစိုင်းသန်းနိုင်က "စစ်မြေပြင် ဖြစ်ခဲ့ကြတဲ့ ဒေသတွေမှာ ပြည်သူတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ တပ်မတော်ကို စစ်ရေးအထောက်အကူပြုဝန်ထမ်း (ပေါ်တာ) အဖြစ် လိုက်ပါကူညီဆောင်ရွက်ကြရင်းနဲ့ အတိဒုက္ခရောက်ခဲ့ကြသူ များစွာရှိကြောင်း၊ ဒေသခံပြည်သူတွေဟာ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးအထောက်အကူပြုအဖြစ် လူကိုယ်တိုင်သော်လည်းကောင်း၊ ငွေကြေးအားဖြင့်သော်လည်းကောင်း၊ နွားလှည်းယာဉ်များဖြင့်လည်းကောင်း ပါဝင်ကူညီထမ်းဆောင်ရင်း ကျည်သင့်၊ မိုင်းထိ၍ အသက်ဆုံးရှုံးကြရသူတွေ၊ ခြေလက်အင်္ဂါဆုံးရှုံးပြီး ဒုက္ခိတဘဝ ရောက်ခဲ့ကြသူတွေ၊ လှည်း၊ နွားယာဉ်များ ဆုံးကြရသူတွေ များစွာရှိကြောင်း၊ ဒုက္ခိတဘဝနဲ့ လက်ရှိဘဝမှာ ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြရသူတွေ၊ အိမ်ထောင်ဦးစီးကွယ်လွန်သွားလို့ ကျန်ရစ်သူမိသားစုမှာ အတောင်ကျိုးငှက်၊ တက်ကျိုးလှေလို ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရသူတွေ များစွာရှိကြောင်း" ကို ဖာပွန်မြို့နယ်က မဲဆန္ဒရှင်အချို့ရဲ့ လက်တွေ့ဖြစ်ရပ် ၄ ခုကို ဥပမာပေးပြီး တင်ပြပါတယ်။

ပထမဖြစ်ရပ်က ဖာပွန်မြို့အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ "ကျော်သုသု" ဖြစ်ပါတယ်။ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်အောင် ဒုတိယတပ်ရင်းမှူးရာထူးနဲ့ ကော့ကရိတ်မြို့နယ်၊ နပူးတပ်နယ်က ခမရ (၅၄၇) မှာ တာဝန်ထမ်းဆောင်စဉ်ကာလ၊ ၁၉၉၇ ခုနှစ်က ကျော်သုသုဟာ ဗိုလ်မှူးသူရိန်အောင် တပ်ဖွဲ့က ရှေ့တန်းထွက်တဲ့အခါ ခေါ်ယူအသုံးချခံရတဲ့ ပေါ်တာလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ တောင်ပေါ်ကရင်ရွာလေး တစ်ရွာအရောက်မှာ မိုင်းနင်းမိပြီး ခြေပြတ်ပါတယ်။ ၁၉၉၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အခု ကျော်သုသုက ဖာပွန်မြို့ အနောက်ဘက်ကမ်းမှာ နေပါတယ်။ ဦးသူရိန်အောင်က ဦးစိုင်းသန်းနိုင်မှ တဆင့် ကျော်သုသုကို ငွေကြေးထောက်ပံ့ကူညီသလို ၂၀၁၃ ခုနှစ်မှာ သူကိုယ်တိုင် ဖာပွန်မြို့ကို သွားရောက်လို့ ကျော်သုသုနဲ့ တွေ့ဆုံပြီး ချိုင်းထောက်တစ်စုံကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယဖြစ်ရပ်က ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ခဲ့ပါတယ်။ ဖာပွန်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ ဦးအုန်းမြင့် မိသားစုမှာ ဖြစ်ခဲ့တာပါ။ ဦးအုန်းမြင့်က ကျန်းမာရေးမကောင်း၊ ဇနီးဖြစ်သူကလည်း ကလေးမီးဖွားပြီးကာစ၊ အဲဒီအချိန်မှာ စစ်ဆင်ရေးအတွက် တစ်အိမ်တစ်ယောက် ပေါ်တာပေးရမယ်ဆိုပြီး မြန်မာ့တပ်မတော်က ဆင့်ခေါ်ပါတယ်။ လင်၊ မယားနှစ်ယောက်စလုံး မလိုက်နိုင်၊ လူငှါးထည့်ပေးစရာ ငွေကြေးလည်း မရှိတာမို့ နောက်ဆုံးမှာ ၈ တန်းစာမေးပွဲပြီးခါစ သမီးငယ်လေး နော်အေးဟန် ကို ပေါ်တာထည့်လိုက်ရပါတယ်။ သမီးငယ်ရဲ့ သူငယ်ချင်း ၈ တန်းကျောင်းသူလေးတစ်ယောက်လည်း မိသားစုအခြေအနေအရ ပေါ်တာလိုက်ရပါတယ်။ အဲဒီသမီးလေး နှစ်ယောက်စလုံး မိသားစုများထံ ပြန်ရောက်မလာကြတော့ပါ။  တောင်ပေါ်စစ်မြေပြင်တစ်နေရာမှာ မိုင်းထိပြီး ကွယ်လွန်သွားကြတယ်လို့ပဲ သိရပါတယ်။ ၈ တန်း စာမေးပွဲအောင်စာရင်းတွေထွက်တော့ ဦးအုန်းမောင်ရဲ့ သမီးလေး နော်အေးဟန် ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ပါတယ်။

တတိယဖြစ်ရပ်က ဖာပွန်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာပဲ နေထိုင်တဲ့ အစ္စလမ်ဘာသာဝင် အမျိုးသမီးငယ်လေးပါ။ တပ်က ဆင့်ခေါ်လို့ ပေါ်တာလိုက်ရရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် စွန့်လွှတ်လိုက်ရပါတယ်။ အခုတော့ ခြေတစ်ဖက်ပြတ် ဒုက္ခိတဘဝနဲ့ မိခင်အိုကြီးနဲ့ အတူနေထိုင်နေပါတယ်။
စတုတ္ထဖြစ်ရပ်က ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာက ကိုကျော်ထွန်း ပါ။ ဇနီးသည်နဲ့ အရွယ်မရောက်သေးတဲ့ သားသမီး ၃ ဦး ရှိပါတယ်။ ပိုင်ဆိုင်တာဆိုလို့ ယာတစ်ခင်းနဲ့ လှည်းတစ်စင်း၊ နွားတစ်ရှင်းပဲ ရှိပါတယ်။ တပ်က ဆင့်ခေါ်လို့ လှည်းနဲ့ နွားနဲ့ လူပါ ပေါ်တာလိုက်ရပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မိုင်းထိပြီး လူရော၊ လှည်းရော၊ နွားတွေရော ဆုံးရှုံးရပါတယ်။

ဒီဖြစ်ရပ်တွေကို နမူနာအဖြစ် ဦးစိုင်းသန်းနိုင်က တင်ပြပြီး (၁) စစ်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခံခဲ့ကြရသော ပြည်သူများစာရင်း ဒေသမြို့နယ်အလိုက် ပြုစုထားခြင်းရှိပါသလား။ (၂) ထိုသူများအား သက်ဆိုင်ရာမှ အသိအမှတ်ပြုမှုများ၊ ကူညီထောက်ပံ့မှုများ မည်သို့ ဆောင်ရွက်ပေးခဲ့ပါသနည်း။ (၃) ဆောင်ရွက်ပေးခဲ့ခြင်း မရှိလျင် အသက်ရှင်ကျန်ရစ်ပြီး ဒုက္ခိတဘဝရောက်နေသူများအားလည်းကောင်း၊ ကျန်ရစ်သူမိသားစုဝင်များအားလည်းကောင်း နိုင်ငံတော်မှ ပြန်လည်စောင့်ရှောက်ကြည့်ရှုသောအားဖြင့် ကူညီထောက်ပံ့မှုများပေးရန် အစီအစဉ်ရှိ/မရှိ သလိုပါကြောင်း ဆိုပြီး မေးခွန်း ၃ ခု မေးခဲ့ပါတယ်။

စစ်ဘေးစစ်ဒဏ်ခံစားနေကြရတဲ့ ပြည်သူလူထုကြီးရဲ့ ကိုယ်စား ၊ ဖာပွန်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်များကိုယ်စား ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရဲရဲဝံ့ဝံ့ ဆွေးနွေးတင်ပြ မေးခွန်းထုတ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ကို ကျနော်တို့ လေးစားဂုဏ်ပြုရမှာပါ။

0 comments: