(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၁ ရက်၊ ၂၀၁၅)
နိုင်ငံရေးပါတီများအတွက်
မေးခွန်းများ (၅)
အောင်ဒင်
#ရခိုင်ပြည်နယ်မှ
လူ့အခွင့်အရေး ၊
လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတကာဆက်ဆံရေးပြဿနာများ နှင့်
ပါတ်သက်၍
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က စခဲ့လို့
ဒီကနေ့အထိ မပြီးဆုံးနိုင်သေးတဲ့ ပြဿနာတွေဟာ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ဘင်္ဂါလီ အစ္စလမ်ဘာသာဝင်များအကြား
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများအဖြစ်နဲ့ စတင်ခဲ့ပေမည့် အခုအချိန်မှာတော့ လူ့အခွင့်အရေး
၊
လူဝင်မှုကြီးကြပ်ရေး နဲ့ နိုင်ငံတကာဆက်ဆံရေးပြဿနာ များအဖြစ်
ထင်ထင်ရှားရှား ဖြစ်ပေါ်နေပါပြီ။
လူ့အခွင့်အရေးပြဿနာလို့ သတ်မှတ်ရာမှာ ဒုက္ခသည်စခန်းများမှာ
ခိုလှုံနေထိုင်ကြရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အဝရရှိစေရေး၊
ဒုက္ခသည်များဟာ လူသားများဖြစ်ကြတဲ့အတွက် လူသားတို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးများ
ရရှိစေရေး၊ နိုင်ငံမဲ့များ မဖြစ်စေရေး၊ အခြားနိုင်ငံက ကူးပြောင်းရောက်ရှိလာသူများ ဖြစ်နေရင်တောင်မှ
မြန်မာနိုင်ငံမှာ နေထိုင်ခွင့်ရဖို့ တောင်းဆိုရင် လက်ခံစောင့်ရှောက်ရေး၊ အကြမ်းဖက်မှုများ
နောက်ထပ်မဖြစ်ပွါးအောင် ကာကွယ်တားဆီးရေးနဲ့ ဒုက္ခသည်များအနေနဲ့ လူကုန်ကူးဂိုဏ်းများရဲ့
သားကောင်အဖြစ် သိမ်းသွင်းမခံရအောင် စောင့်ရှောက်ကာကွယ်ရေးတို့ ပါဝင်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးပြဿနာလို့ သတ်မှတ်ရာမှာ နယ်နမိတ်ကို
လုံခြုံအောင် ထိန်းသိမ်းပြီး နောက်ထပ်ခိုးဝင်မှုများမရှိအောင် တားဆီးရေး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို
နိုင်ငံသားအဖြစ် အလျင်အမြန်အသိအမှတ်ပြုပြီး နိုင်ငံအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုရေး၊
နိုင်ငံသားမဟုတ်သူများအား သင့်တော်သလို အသိအမှတ်ပြု နေထိုင်ခွင့်ပေးရေး၊ ၁၉၈၂ ခုနှစ်၊
နိုင်ငံသားဥပဒေကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ရေးနဲ့ ၎င်းဥပဒေကို လွှတ်တော်မှ ပြန်လည်သုံးသပ်၍
ခေတ်နဲ့အညီ လိုအပ်သလို ပြင်ဆင်ရေးတို့ ပါဝင်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးပြဿနာလို့ သတ်မှတ်ရာမှာ နိုင်ငံတကာအစိုးရတွေက
ကျနော်တို့ မြန်မာနိုင်ငံအပေါ် "ဗုဒ္ဓဘာသာလူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုကို ခွဲခြားဆက်ဆံနေတယ်၊
အစ္စလမ်ဘာသာဝင်များဖြစ်ကြတဲ့ ရိုဟင်ဂျာလူမျိုးစုတွေကို တိုင်းရင်းသားလူမျိုးအဖြစ်လည်း
အသိအမှတ်မပြု၊ နိုင်ငံသားအဖြစ်လည်း အသိအမှတ်မပြုပဲ လူမျိုးတုန်းအောင် သတ်ဖြတ်ဖိနှိပ်နေတယ်ဆိုတဲ့
စွပ်စွဲချက်တွေ၊ ပင်လယ်ထဲမျောနေတဲ့ လှေစီးဒုက္ခသည်မှန်သမျှဟာ မြန်မာနိုင်ငံက ညှင်းပန်းနှိပ်စက်မှုတွေကနေ
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာများဖြစ်လို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတဲ့
ဝေဘန်ချက်တွေ၊ ရိုဟင်ဂျာတွေကို တိုင်းရင်းသားလူမျိုးစုအဖြစ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့
ဖိအားပေးမှုတွေ" ပါဝင်ပါတယ်။
၂၀၁၆ ခုနှစ်မှာ အစိုးရအာဏာနဲ့ လွှတ်တော်အာဏာရရှိဖို့ ရွေးကောက်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေနဲ့ ဒီရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ဖို့
ပြင်ဆင်ထားတဲ့ မူဝါဒတွေကို ပြည်သူလူထုကို ရှင်းလင်းတင်ပြသင့်ပါတယ်။
လူ့အခွင့်အရေးပြဿနာကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အောင်မင်္ဂလာဒုက္ခသည်စခန်းကို ကိုယ်တိုင်ကိုယ်ကျရောက်ရှိခဲ့တဲ့
အမေရိကန်ကုဋေကြွယ်သူဋ္ဌေးကြီး ဂျော့ခ်ျဆိုရော့စ် (George Soros) က အဲဒီစခန်းဟာ သူငယ်ငယ်က
ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ နာဇီဂျာမန်များအုပ်ချုပ်မှုအောက် ဟန်ဂေရီနိုင်ငံက ဂျူးလူမျိုးများရဲ့
အကျဉ်းစခန်းတစ်ခုနဲ့ တူတယ်လို့ စွပ်စွဲထားပါတယ်။ သူကပဲ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းများဟာ
၁၉၄၀ ခုနှစ်များအတွင်း နာဇီဂျာမဏီက အရှေ့ဥရောပနိုင်ငံများမှ ဂျူးလူမျိုးတွေကို ခွဲခြားထိန်းချုပ်ထားတဲ့
ဂက်တို (Gheto) ခေါ် အကျဉ်းစခန်းများရဲ့ အခြေအနေနဲ့ အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂနဲ့
နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအဖွဲ့များကလည်း အဲဒီ ဒုက္ခသည်စခန်းများရဲ့ ဆိုးဝါးနိမ့်ကျတဲ့
အခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ခက်ခဲမှုတွေကို မကြာခဏ ထောက်ပြဝေဘန်နေကြပါတယ်။
လူဝင်မှုကြီးကြပ်ရေးပြဿနာလို့ ဆိုရာမှာ ၁၉၈၂ ခုနှစ် မြန်မာ
နိုင်ငံသားဥပဒေကို တိတိကျကျ လျင်လျင်မြန်မြန်အကောင်အထည်ဖော်ခြင်း၊ အဲဒီ ဥပဒေကို ပြန်လည်သုံးသပ်ပြီး
ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရေးဆွဲခြင်းများနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ နိုင်ငံသား (Citizen/ Full Citizen)၊ ဧည့်နိုင်ငံသား
(Associate Citizen)၊ နိုင်ငံသားပြုခွင့်ရသူ (Naturalized Citizen) ဆိုပြီး နိုင်ငံသားအမျိုးအစား
၃ မျိုးခွဲခြားထားပါတယ်။ ဧည့်နိုင်ငံသားနဲ့
နိုင်ငံသားပြုခွင့်ရသူများဟာ ၎င်းတို့ရဲ့ သက်တမ်းတလျှောက် (ပထမမျိုးဆက်) နဲ့ ၎င်းတို့ရဲ့
သားသမီးများ (ဒုတိယမျိုးဆက်) သက်တမ်းတလျှောက်မှာ နိုင်ငံသားအပြည့်အဝ ဖြစ်ခွင့်မရှိပဲ
၎င်းတို့ရဲ့ မြေးများလက်ထက် (တတိယမျိုးဆက်) မှာမှ နိုင်ငံသားအပြည့်အဝ ဖြစ်ခွင့်ရှိပါတယ်။
ဒါကြောင့်လည်း မဆလဥက္ကဋ္ဌ နဲ့ နိုင်ငံတော်သမ္မတဦးနေဝင်းက အဲဒီအချိန်တုံးက “လက်ရှိအချိန်မှာ
နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဆိုပြီး
နိုင်ငံသားသုံးမျိုးရှိနေပေမည့် အနာဂတ်မှာ နိုင်ငံသားတစ်မျိုးတည်း ရှိတော့မှာဖြစ်တယ်"
လို့ ပြောခဲ့ပါတယ်။ (စကားလုံးအတိအကျ မဟုတ်ပါ)။
ဦးနေဝင်းရဲ့ စကားအရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုသာ တိတိကျကျ
မှန်မှန်ကန်ကန် အကောင်အထည်ဖော်မယ်ဆိုရင် ၁၉၈၂ ခုနှစ်မှာ နိုင်ငံသား အမျိုးအစား ၃ ခု
တည်ရှိနေပေမည့် ဥပဒေပြဋ္ဌာန်းအသက်ဝင်ပြီးနောက်ပိုင်းမှာ ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသားပြုခွင့်ရသူတွေ
တဖြေးဖြေးလျော့နည်းလာပြီး မျိုးဆက်တစ်ခုကို အနှစ်နှစ်ဆယ်နှုံးနဲ့ မျိုးဆက်နှစ်ဆက်၊ အနှစ်
၄၀ လောက်အကြာ (၂၀၂၂ ခုနှစ်) မှာ မြန်မာနိုင်ငံမှာ ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသားပြုခွင့်ရသူတွေ
မရှိတော့ပဲ နိုင်ငံသားတစ်မျိုးတည်း ရှိရတော့မှာ ဖြစ်ပါတယ်။ ဒါပေမည့် ၁၉၈၂ ခုနှစ် ဥပဒေပြဋ္ဌာန်းပြီးတဲ့အချိန်ကနေ
၃၃ နှစ်ကြာခဲ့ပြီးတဲ့နောက်၊ အခု ၂၀၁၅ ခုနှစ်မှာပဲ မြန်မာနိုင်ငံမှာ ဧည့်နိုင်ငံသားတွေ၊
နိုင်ငံသားပြုခွင့်ရသူတွေ အများအပြားရှိနေသေးတဲ့အပြင် အဖြူရောင်ကဒ်ကိုင်ဆောင်သူတွေပါ
သိန်းနဲ့၊ သန်းနဲ့ချီပြီး ရှိနေတာဟာ နိုင်ငံသားဥပဒေကို အစိုးရအဆက်ဆက်က အကောင်အထည်ဖော်
ကျင့်သုံးခဲ့မှုအပေါ် မှန်ကန်မှုရှိမရှိ မေးခွန်းထုတ်စရာရှိနေပါတယ်။ ၁၉၈၂ ဥပဒေမှာ ဧည့်နိုင်ငံသားနဲ့
နိုင်ငံသားပြုခွင့်ရသူများအားလုံးကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်၊
ရွေးကောက်ပွဲမှာ မဲဆန္ဒပေးခွင့်တွေ ပေးထားတာဟာ ရက်ရောလွန်းလှသလို ၎င်းတို့ကို တတိယမျိုးဆက်ကျမှပဲ
နိုင်ငံသားဖြစ်ခွင့်ပေးတာကျတော့လည်း ရက်စက်လွန်းပါတယ်။
တကယ်တော့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ပြည်ပကရောက်လာတဲ့
အစ္စလမ်ဘာသာကိုးကွယ်သူတွေ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လာရောက်အခြေချခဲ့တာကို ကျနော်တို့
မငြင်းကြပါ။ ၁၈ ရာစုအထိ၊ ရခိုင်နိုင်ငံတော် မြန်မာမင်းလက်အောက် မကျရောက်သေးပဲ လွတ်လပ်သော
နိုင်ငံဘဝကတည်းက ရခိုင်ဘုရင်များနဲ့ ဘင်္ဂလားစော်ဘွားများရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်
ရခိုင်လူမျိုးများနဲ့ ဘင်္ဂါလီလူမျိုးများ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး အပြန်အလှန်
ကူးသန်းသွားလာခဲ့ကြတာ သမိုင်းအထောက်အထားများ ရှိခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် မှာစတင်တဲ့ ပထမ
အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး ၁၈၂၆ ခုနှစ်မှာ မြန်မာဘုရင်ရဲ့ လက်အောက်ကို ရောက်နေပြီဖြစ်တဲ့
ရခိုင်နဲ့ တနင်္သာရီဒေသတွေဟာ အင်္ဂလိပ်လက်အောက်ရောက်သွားပါတယ်။ အစပိုင်းမှာ အင်္ဂလိပ် အရှေ့-အိန္ဒိယကုမ္ပဏီက
ရခိုင်ပြည်ကို အိန္ဒိယဘုရင်ခံချုပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားရှိခဲ့ပေမည့်
နောက်ပိုင်းမှာ ရခိုင်ဒေသဟာ ဘင်္ဂလားနယ်နဲ့ နယ်မြေဆက်စပ်နေတာကြောင့် အင်္ဂလိပ်လက်အောက်ခံ
ဘင်္ဂလားအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ဘင်္ဂလားပြည်နယ်ရဲ့ နယ်တစ်နယ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရရဲ့ လက်အောက်ခံကိုလိုနီနယ်မြေများဖြစ်သွားတဲ့ ရခိုင်ပြည်နဲ့ ဘင်္ဂလားပြည်အကြား
နှစ်ဖက်ကူးသန်းသွားလာမှုတွေ ပိုပြီး များပြားခဲ့ပါတယ်။ အင်္ဂလိပ်ကုန်သည်ကြီးများက ရခိုင်ပြည်နယ်က
မြေလွတ်မြေရိုင်းတွေမှာ ဆန်စပါးအလုံးအရင်းနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့အခါ ဘင်္ဂလားနယ်၊
စစ်တကောင်းနယ်သားများကို ရခိုင်ပြည်နယ်အတွင်းသို့ ခေါ်ယူပြီး လယ်ယာအလုပ်သမားများအဖြစ်
ခိုင်းစေခဲ့ပါတယ်။ အစပိုင်းမှာ အဲဒီ ဘင်္ဂလားနယ်သား၊ စစ်တကောင်းနယ်သားများဟာ စပါးစိုက်ပျိုးချိန်မှာပဲ
ရခိုင်ပြည်နယ်မှာ လာရောက်လုပ်ကိုင်ပြီး စပါးစိုက်ပြီး၊ ရိတ်သိမ်းပြီးတဲ့အခါကျ ကိုယ့်ဒေသ
ကိုယ်ပြန်နေကြတာပါ။ နောက်ပိုင်းမှာ မပြန်တော့ပဲ ရခိုင်ပြည်နယ်မှာပဲ အခြေချနေထိုင်ခဲ့ကြတာပါ။
ဒါကြောင့်လည်း ၁၈၂၆ ခုနှစ်နောက်ပိုင်း အင်္ဂလိပ်အုပ်ချုပ်ရေးအောက်မှာ ရခိုင်ပြည်နယ်မှာ
ဘင်္ဂလားနယ်၊ စစ်တကောင်းနယ်က လာရောက်အခြေချနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်အရေအတွက် အလွန်အမင်းတိုးပွါးလာခဲ့တာပါ။
ဒီပုဂ္ဂိုလ်များဟာ ပြည်ပမှ လာရောက်အခြေချနေထိုင်သူများ (Migrants) ဖြစ်ပါတယ်။ ဋ္ဌာနေတိုင်းရင်းသားများ
(Indigenous) မဟုတ်ကြပါ။ ဘင်္ဂါလီလို့ ခေါ်သည်ဖြစ်စေ၊ ရိုဟင်ဂျာလို့ ခေါ်သည်ဖြစ်စေ ပြည်ပမှ
လာရောက်အခြေချသူများသာ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ
စ၍ မြန်မာနိုင်ငံအတွင်းမှာ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စုများအားလုံးကို
မြန်မာနိုင်ငံသားများအဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် ၁၉၈၂ ဥပဒေက ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး
၁၈၂၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်း ရောက်ရှိ အခြေချထိုင်သူများကို "နိုင်ငံသား"
အဖြစ် အသိအမှတ်မပြုပါ။ ဒီနေရာမှာ ပြန်လည်စဉ်းစားစရာ ရှိပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကို
စတင်ကျရောက်တဲ့ ၁၈၂၆ ခုနှစ်ကနေ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မတိုင်မီ၊
၁၉၄၇ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ်တို့ဟာ
အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနယ်များဖြစ်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
မပေါ်ပေါက်သေးပါ။ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှအင်ပါယာကြီး အိန္ဒိယတိုက်ငယ်ကနေ ထွက်ခွါသွားတော့မှ
အနောက်ဘင်္ဂလားနယ်က လွတ်လပ်သော အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလားနယ်က
"အရှေ့ပါကစ္စတန်" အမည်နဲ့ လွတ်လပ်သော ပါကစ္စတန်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။
၁၉၇၁ ခုနှစ်မှာမှ ပါကစ္စတန်လက်အောက်က လွတ်လပ်ရေးရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရယ်လို့ ဖြစ်လာတာပါ။
ဒါကြောင့်မို့ အနည်းဆုံးအဆင့် ၁၈၂၆ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အတွင်း ကိုလိုနီလက်အောက်ခံ
အတူတူဖြစ်ခဲ့ကြတဲ့ ဘင်္ဂလားနယ်၊ စစ်တကောင်းနယ်များကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေချနေထိုင်သူတွေကို
မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီလို အသိအမှတ်ပြုမယ်ဆိုရင်
ရခိုင်ပြည်နယ်မှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ အစ္စလမ်ဘာသာဝင်တွေ အများကြီးရှိပါလိမ့်မယ်။
၁၉၄၇ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ
၁၁၊ ပုဒ်မခွဲ (၄) မှာ "ဗြိတိသျှအင်ပါယာနယ်နမိတ်ထဲမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံနယ်နမိတ်ထဲမှာ
ဤဖွဲ့စည်းပုံအခြေခံဥပဒေစတင် အသက်ဝင်သည့်နေ့မတိုင်မီ ၁၀ နှစ်ကာလအတွင်း အနည်းဆုံး ၈ နှစ်ဆက်တိုက် နေထိုင်နေကြသူများ (သို့မဟုတ်)
၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီကတည်းက နေထိုင်ခဲ့ကြသူများအားလုံးဟာ မြန်မာနိုင်ငံမှာ
အမြဲတမ်းနေထိုင်လိုကြောင်း ဆန္ဒပြုရင်၊ မြန်မာနိုင်ငံသားအဖြစ်ကို ဥပဒေအရသတ်မှတ်ထားသည့်
အချိန်အတွင်းမှာ ရွေးချယ်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည်" လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါဟာဖြင့် တိုင်းရင်းသားမဟုတ်ပေမည့် အင်္ဂလိပ်ကိုလိုနီဘဝမှာ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြတဲ့
နိုင်ငံခြားသားများကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးတာပါ။
ဒါကြောင့်မို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို တိတိကျကျ၊
မှန်မှန်ကန်ကန်ကျင့်သုံးမယ်ဆိုရင် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ တတိယမျိုးဆက်များ အများအပြား
နိုင်ငံသားဖြစ်လာမှာ ဖြစ်သလို ၁၉၈၂ ဥပဒေကို ခေတ်နဲ့၊ သမိုင်းနဲ့ အညီ ပြန်လည်ပြင်ဆင်မယ်ဆိုရင်လည်း
နိုင်ငံသား ဖြစ်ခွင့်ရှိသူတွေ အများကြီးရှိလာမှာပါ။ နိုင်ငံသားဖြစ်ခွင့်မရှိသူများကိုတောင်မှ
နိုင်ငံတွင်းက မောင်းထုတ်လို့ မရနိုင်ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကလည်း သူ့နိုင်ငံသားဖြစ်တာ
သက်သေအထောက်အထား ခိုင်လုံမှပဲ ပြန်လက်ခံမှာပါ။ ဒါကြောင့် ဘယ်ကိုမှ ပြန်ပို့လို့ မရတဲ့သူများကိုလည်း
လူသားချင်းစာနာထောက်ထားမှုအရ ဧည့်နိုင်ငံသားအဆင့် သတ်မှတ်ပြီး တရားဝင်နေထိုင်ခွင့်ပြုသင့်ပါတယ်။
နိုင်ငံသားဖြစ်ထိုက်သူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး၊ နိုင်ငံသားမဖြစ်နိုင်သူတွေကို
ဧည့်နိုင်ငံသားအဆင့်သတ်မှတ်ပြီး နိုင်ငံအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်ပေးမှပဲ
ရခိုင်ပြည်နယ်တွင်းမှာ ပြည်ပက ဝင်ရောက်အခြေချနေထိုင်တဲ့ အစ္စလမ်ဘာသာဝင်များ အရေအတွက်ကို
လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမည့် ဒီလိုမျိုး ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ဖို့
အင်မတန် သတ္တိရှိတဲ့ အစိုးရ၊ အင်မတန်အမြော်အမြင်ကြီးမားတဲ့ လွှတ်တော်ကို ကျနော်တို့ အထူးလိုအပ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးနဲ့ ပါတ်သက်လို့လည်း အရင်ဆုံးက ကိုယ့်ပြည်တွင်းက
ပြဿနာကို အရင်ဖြေရှင်းရမှာပါ။ ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင်
အရင်ဆုံးဆောင်ရွက်ပေးရမှာပါ။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ဒုက္ခသည်စခန်းတွေထဲ
လွတ်လွတ်လပ်လပ်ကူညီစောင့်ရှောက်ခွင့်ပေးရမှာပါ။ နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လို့
နိုင်ငံသားဖြစ်ထိုက်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး၊ နိုင်ငံသားမဖြစ်နိုင်သေးသူကို
ဧည့်နိုင်ငံသားအဆင့် သတ်မှတ်ပြီး ဒုက္ခသည်စခန်းထဲကနေ မြန်မာနိုင်ငံအတွင်း ကြိုက်ရာနေရာမှာ
လွတ်လပ်စွာ ရွှေ့ပြောင်းအခြေချခွင့် ပေးရမှာပါ။ မြန်မာ့ရေပိုင်နက်ကို လုံခြုံအောင် စောင့်ရှောက်ကာကွယ်ပြီး
လူမှောင်ခိုဂိုဏ်းများကို နှိမ်နင်းရမှာပါ။ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို
မြှင့်တင်ပေးရမှာပါ။ အဲဒီလို ကိုယ့်ဘက်က လုပ်သင့်လုပ်ထိုက်တာတွေကို အရှိန်အဟုန်နဲ့
ဆောင်ရွက်ရင်းနဲ့မှ နိုင်ငံတကာအစိုးရတွေကို သူတို့ရဲ့ စွပ်စွဲချက်တွေ၊ ဝေဘန်ချက်တွေဟာ
မမှန်ကန်ကြောင်း အင်နဲ့အားနဲ့ ခိုင်ခိုင်မာမာ တုန့်ပြန်နိုင်မှာပါ။
အတိုက်အခံပါတီတွေက လက်ရှိအစိုးရရဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်မှုတွေကို
ဝေဘန်တတ်ကြပါတယ်။ အခုတော့ သူတို့ပါတီတွေ အစိုးရအာဏာ၊ လွှတ်တော်အာဏာရခဲ့ရင် ရခိုင်ပြည်နယ်ပြဿနာကို
ဘယ်လို ဘယ်ပုံ ဖြေရှင်းမလဲဆိုတာကို ပြည်သူလူထုသိအောင် ရှင်းလင်းတင်ပြရမည့် အချိန်ရောက်ပါပြီ။
။။။။
0 comments:
Post a Comment