(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၃ ရက်၊ ၂၀၁၅)
နိုင်ငံရေးပါတီများအတွက်
မေးခွန်းများ (၇)
အောင်ဒင်
#အစိုးရ၏
အခန်းကဏ္ဍနှင့် ပါတ်သက်၍
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အစိုးရက ဘယ်လောက်ကြီးသလဲ၊ ဘယ်လောက်အတိုင်းအတာအထိ
လူထုရဲ့ ဘဝတွေမှာ ဝင်ရောက်စွက်ဖက်နေသလဲဆိုတာကလည်း အင်မတန်အရေးကြီးပါတယ်။ အစိုးရအဖွဲ့ကြီးက
သိပ်ကြီးမားလွန်းပြီး ပြည်သူလူထုရဲ့ ဘဝကို မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ ပါဝင်ပါတ်သက်နေရင်
စည်းကမ်းတင်းကြပ်လွန်းတဲ့ ကျောင်းအုပ်ဆရာကြီး အုပ်ချုပ်တဲ့ကျောင်းက ကျောင်းသားလေးတွေလို
ပြည်သူလူထုရဲ့ ဘဝတွေ ကန့်သတ်ချုပ်ချယ်ခံရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေဟာ
တင်းကြပ်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တဲ့ အရေးယူမှုတွေအောက်မှာ မရှင်သန်နိုင်ပါ။ အစိုးရအဖွဲ့က
အရမ်းကို သေးကွေး၊ အရမ်းကို အားနည်းရင်လည်း ပြည်သူလူထုက အစိုးရအပေါ် လေးစားမှုမရှိတော့ပဲ
မင်းမဲ့စရိုက်တွေ အားကောင်းလာနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ အခွင့်အရေး
(Individual’s Rights) က လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အခွင့်အရေး (Society’s Rights)
ကို လွှမ်းမိုးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ၂၀၁၆ ခုနှစ်မှာ အာဏာရမည့် အစိုးရအသစ်ဟာ
ဘယ်လိုအစိုးရမျိုးဖြစ်မယ်ဆိုတာကို ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများက ပြည်သူလူထုကို
ကြိုတင်အသိပေးဖို့ တာဝန်ရှိပါတယ်။
လက်ရှိ ဦးသိန်းစိန်အစိုးရကိုတော့ ကြီးမားတဲ့ အစိုးရ
(Big Government) လို့ ဆိုရမှာပါ။ သမ္မတ ၁ ယောက်၊ ဒု-သမ္မတ ၂ ယောက်၊ ရှေ့နေချုပ်အပါအဝင်
ဝန်ကြီး ၃၇ ဦး၊ ဒု-ရှေ့နေချုပ်အပါအဝင် ဒု-ဝန်ကြီး ၆၂ ဦးနဲ့ အင်မတန်ကြီးမားတဲ့ အစိုးရအဖွဲ့ကြီးဖြစ်ပါတယ်။
ဝန်ကြီးအဆင့်နဲ့ တန်းတူတဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ၁ ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
၁ ဦး၊ ဒုတိယဝန်ကြီးအဆင့်ရှိတဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ၁၀ ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်
၁၄ ဦးတို့လည်း ရှိပါသေးတယ်။ ဒီအစိုးရအဖွဲ့ကြီးရဲ့ လစာနဲ့ ခံစားခွင့်များ၊ အဆောင်အယောင်များ၊
အခြွေအရံများ၊ အသုံးစရိတ်များအတွက်တင် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ပမာဏအတော်များများကို နှစ်စဉ်သုံးစွဲနေရတာပါ။
အစိုးရအဖွဲ့က ကြီးမားလွန်းတော့ တိုင်းပြည်ရဲ့ အရေးကိစ္စအားလုံးကို
စီမံခန့်ခွဲနေပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဘဝမှာ မွေးဖွားတာနဲ့ သက်ဆိုင်ရာ အစိုးရဆေးရုံက
မွေးစာရင်းရယူပြီး တရားဝင် လူဖြစ်ခွင့်တောင်းရပါတယ်။ ရပ်ကွက်အာဏာပိုင်ထံမှာ အိမ်ထောင်စုစာရင်းမှာ
အမည်ထည့်သွင်းရပါတယ်။ အသက် ၁၂ နှစ်ပြည့်တဲ့အခါ အစိုးရထံမှာ နိုင်ငံသားစိစစ်ရေးကဒ်လျှောက်ရပါတယ်။
အစိုးရကျောင်းမှာတက်ပြီး အစိုးရစစ်တဲ့ စာမေးပွဲဖြေရပါတယ်။ တက္ကသိုလ်ဝင်ခွင့်ကို အစိုးရက
ဆုံးဖြတ်ပါတယ်။ ကိုယ်ကျင့်တရားကောင်း၊ မကောင်းကို အစိုးရရဲစခန်းနဲ့ အာဏာပိုင်များက
ဆုံးဖြတ်ပေးပါတယ်။ ကိုယ့်အိမ်မှာ မဟုတ်ပဲ အခြားအိမ်တစ်အိမ်မှာ အလည်အပတ်သွားရင်း ညအိပ်ရရင်
ရပ်ကွက်အာဏာပိုင်ကို အကြောင်းကြားရပါတယ်။ ဆန္ဒပြချင်ရင်၊ စီတန်းလှည့်လည်ချင်ရင် အစိုးရထံ
ခွင့်တောင်းရပါတယ်။ အိမ်ထောင်ပြုတဲ့အခါ အစိုးရတရားရုံးက တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုးရပါတယ်။
ကိုယ်ပိုင်စီးပွါးရေးလုပ်မယ်ဆိုရင် အစိုးရဋ္ဌာနအတော်များများမှာ ခွင့်ပြုချက်တွေ၊ လိုင်စင်တွေ
ယူရပါတယ်။ လူတစ်ယောက်အဖြစ်နဲ့ အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ အမိန့်များအားလုံးကို
လိုက်နာရပါတယ်။ မလိုက်နာရင်၊ အမှားအယွင်းရှိရင် အစိုးရရဲက ဖမ်းဆီးပြီး အစိုးရတရားရုံးက
ပြစ်ဒဏ်ချမှတ်လို့ အစိုးရအကျဉ်းထောင်မှာ အကျဉ်းကျရပါတယ်။ အစိုးရကို အခွန်ဆောင်ရပါတယ်။
နိုင်ငံခြားတိုင်းပြည်များကို ခေတ္တခဏသွားရရင် အစိုးရသံရုံးကိုသွားပြီး အလုပ်လုပ်တာ
မဟုတ်ကြောင်း ထောက်ခံစာတောင်းရပါတယ်။ သေတော့လည်း အစိုးရကျန်းမာရေးဋ္ဌာနမှာ သေစာရင်းသွင်းရပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အဖို့ အစိုးရနဲ့ မပါတ်သက်ပဲ လွတ်လပ်စွာရှင်သန်ဖို့ အခွင့်အရေးနည်းပါးလှပါတယ်။
ပြည်ထောင်စုစနစ်ကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ အကြား အုပ်ချုပ်ရေးအာဏာကို
စနစ်တကျ ခွဲဝေကျင့်သုံးကြမယ်ဆိုရင် လက်ရှိ ပြည်ထောင်စုအစိုးရလက်အောက်က ဝန်ကြီးဋ္ဌာန အတော်များများကို
ဖျက်သိမ်းပစ်၊ လျှော့ချပစ်နိုင်မှာပါ။
ဥပမာအားဖြင့် "ပညာရေး" နဲ့ ပါတ်သက်လို့ တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရများကသာ သက်ဆိုင်ရာ ဒေသအလိုက် ပညာရေးကို တိုက်ရိုက်ကိုင်တွယ်သင့်ပြီး
ပြည်ထောင်စုအစိုးရရဲ့ "ပညာရေးဝန်ကြီးဋ္ဌာန" က ပညာရေးမူဝါဒနဲ့ အဆင့်မြင့်ပညာရေးကိုသာ
ကိုင်တွယ်မယ်ဆိုရင် လက်ရှိဖွဲ့စည်းပုံလို ဦးစီးဋ္ဌာနတွေ အများကြီးနဲ့ ဖွဲ့စည်းစရာ မလိုအပ်ပါ။
"ကျန်းမာရေး" ဟာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများက တိုက်ရိုက်ကိုင်တွယ်သင့်တဲ့
အရေးကိစ္စဖြစ်ပြီး ပြည်ထောင်စုအစိုးရရဲ့ "ကျန်းမာရေးဝန်ကြီးဋ္ဌာန" ကတော့
"ကျန်းမာရေးဆိုင်ရာ မူဝါဒနဲ့ သင်ကြားရေး၊ သုတေသနလုပ်ငန်းများ" ကိုသာ အာရုံစိုက်မယ်ဆိုရင်
လက်ရှိဖွဲ့စည်းပုံကို အများကြီး လျှော့ချနိုင်ပါလိမ့်မယ်။ "ပြည်ထဲရေး" ဟာလည်း
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများက သက်ဆိုင်ရာ ဒေသအလိုက် အာဏာသက်ရောက်သင့်ပြီး ပြည်ထောင်စုအစိုးရရဲ့
"ပြည်ထဲရေး ဝန်ကြီးဋ္ဌာန" ကတော့ ပြည်ထောင်စုအကျဉ်းထောင်များနဲ့ စုံစမ်းထောက်လှမ်းရေးကိစ္စများကိုသာ
တာဝန်ယူသင့်ပါတယ်။ မီးသတ်တာကအစ၊ ဒေသအလိုက် ရဲတပ်ဖွဲ့နဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေကို ပြည်ထောင်စုအစိုးရက တာဝန်မယူသင့်ပါ။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ စာပေလွတ်လပ်ခွင့်ကို အပြည့်အဝကျင့်သုံးပြီး
အစိုးရက ဝါဒဖြန့်ချီရေးလုပ်စရာမလိုအပ်လို့ "ပြန်ကြားရေးဝန်ကြီးဋ္ဌာန" ဆိုတာ
မလိုအပ်တော့ပါ။ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးပြီး ပုဂ္ဂလိကစီးပွါးရေးကို အားပေးတဲ့
နိုင်ငံတစ်ခုမှာ "သမဝါယမဝန်ကြီးဋ္ဌာန"၊ "စက်မှုဝန်ကြီးဋ္ဌာန"၊
"သတ္တုတွင်းဝန်ကြီးဋ္ဌာန" တွေ မရှိသင့်ပါ။ ပြည်နယ်အစိုးရတွေကို သူတို့ဒေသတွေက
ထွက်တဲ့ မြေပေါ်မြေအောက် သယံဇာတများထုတ်လုပ်မှုနဲ့ ပါတ်သက်ပြီး ပါဝင်ဆုံးဖြတ်ခွင့်၊ အကျိုးခံစားခွင့်တွေ
မျှဝေပေးမယ်ဆိုရင်၊ ဒေသအလိုက် အခွန်ကောက်ခံခွင့်တွေ တိုးမြှင့်ပေးမယ်ဆိုရင် "နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန"
ဆိုတာ ရှိစရာမလိုအပ်ပါ။ "အားကစား" ဆိုတာလည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ
လက်အောက်မှာပဲ ရှိသင့်ပါတယ်။ နိုင်ငံတော်အဆင့်ပြိုင်ပွဲများနဲ့ နိုင်ငံတကာပြိုင်ပွဲများအတွက်
"အမျိုးသားအိုလံပစ်ကော်မတီ" ဖွဲ့စည်းထားရင် လုံလောက်ပါတယ်။ ပြည်ထောင်စုအစိုးရမှာ
"အားကစားဝန်ကြီးဋ္ဌာန" ဖွဲ့စည်းဖို့ မလိုအပ်ပါ။
"ရထားပို့ဆောင်ရေးဝန်ကြီးဋ္ဌာန" နဲ့ "ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန"
ဆိုတဲ့ ဝန်ကြီးဋ္ဌာန နှစ်ခုကို ပေါင်းပြီး တစ်ခုတည်းဖွဲ့စည်းသင့်ပါတယ်။ "ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဋ္ဌာန" နဲ့ 'သိပံ္ပနှင့် နည်းပညာဝန်ကြီးဋ္ဌာန"
နှစ်ခုကို ပေါင်းပြီး တစ်ခုတည်း ဖွဲ့စည်းသင့်ပါတယ်။ "လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန"
နဲ့ "စွမ်းအင်ဝန်ကြီးဋ္ဌာန" နှစ်ခုကို ပေါင်းပြီး တစ်ခုတည်းအဖြစ် ဖွဲ့စည်းသင့်ပါတယ်။
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဋ္ဌာန (၆) ခု မလိုအပ်ပါ။ တစ်ခုလောက်ပဲ ရှိသင့်ပါတယ်။
"လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန" နဲ့ "မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန" တို့ကို တစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းသင့်ပါတယ်။
"ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန" ဆိုတာ ပြည်ထောင်စုအစိုးရအဆင့်မှာ
မရှိသင့်ပါ။
ပြည်ထောင်စုအစိုးရက ဝန်ကြီးဋ္ဌာနတွေအများကြီးဖွဲ့စည်းပြီး
တိုင်းပြည်ရဲ့ အရေးကိစ္စမှန်သမျှကို ရပ်ကွက်/ကျေးရွာအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ အရာရာမှာ
ဩဇာသက်ရောက်နေတာဟာ ပြည်ထောင်စုစနစ်မဟုတ်တော့ပါ။ ဗဟိုဦးစီးစနစ်ပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရများ၊ ခရိုင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဒေသဆိုင်ရာအစိုးရများကို
အားနည်းစေပါတယ်။ ဒေသဆိုင်ရာအစိုးရများရဲ့ လုပ်ပိုင်ခွင့်ကို စွက်ဖက်ရာရောက်ပါတယ်။ ပြီးတော့
ပြည်ထောင်စုအစိုးရအတွင်းမှာလည်း ဗျူရိုကရေစီယန္တရားကြီးက ကြီးမားကျယ်ပြန့်ပြီး ထိရောက်မှုအားနည်းတတ်ပါတယ်။
အဂတိလိုက်စားမှုကြီးမားတတ်ပါတယ်။ အကျင့်ပျက်ချစားမှုတွေ များပြားတတ်ပါတယ်။ တာဝန်ယူရ၊
တာဝန်ခံရတာတွေများလွန်းလို့ တာဝန်ပျက်ကွက်တာ၊ တာဝန်မကျေတာ ဖြစ်တတ်ပါတယ်။ အကြောင်းကိစ္စတစ်ခုအတွက်
တာဝန်ရှိတဲ့ ဋ္ဌာနက တစ်ခုထက်မက ရှိနေတတ်လို့ စီးပွါးရေးလုပ်ငန်းများ နှောင့်နှေးကြံ့ကြာစေတတ်ပါတယ်။
သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ဖို့၊ ကောင်းမွန်သောအုတ်ချုပ်မှု (Good
Governance) ဖြစ်ဖို့ မလွယ်ကူလှပါ။ဝန်ထမ်းတွေများလွန်းတဲ့အတွက် သူတို့အတွက် အငြိမ်းစားယူကြတဲ့အခါမှာ
ပင်စင်လစာပေးရတာလည်း အလွန်များပြားပါလိမ့်မယ်။
နောက်အစိုးရသစ်ကတော့ ဦးသိန်းစိန်အစိုးရလောက် မကြီးမားပဲ
တိုင်းပြည်အတွက် သင့်တော်သလောက်ပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့
တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေအုပ်ချုပ်ရေးကို မှန်မှန်ကန်ကန်ကျင့်သုံးနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ပြည်သူလူထုရဲ့ ဘဝမှာ လိုအပ်သလောက်ပဲ စွက်ဖက်ပြီး ဒေသဆိုင်ရာအစိုးရများကို
ပိုပြီးအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံ့ဘဏ္ဍာကို အလွန့်အလွန်မဖြုန်းတီးတဲ့
သေးငယ်ပြီး ထိရောက်တဲ့ အစိုးရ (Small and Effective Government) ဖြစ်ဖို့ မျှော်လင့်ပါတယ်။
ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက သူတို့အာဏာရရင် ဘယ်လိုအစိုးရမျိုးဖွဲ့စည်းမယ်ဆိုတာကို
သိချင်ပါတယ်။ ။။။။
0 comments:
Post a Comment