BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 2, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၉၆) မိုင်းနှင့် ပြည်သူ (ခ)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၉၊ ဇွန်လ ၄ ရက်၊ ၂၀၁၅)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉ ၆) မိုင်းနှင့် ပြည်သူ (ခ)

#နိုင်ငံတကာ မြေမြုပ်မိုင်းများ အသုံးချခြင်း၊ စုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းခြင်း များ တားဆီးရေးနှင့် ဖျက်ဆီးရေးစာချုပ် (Convention on the Prohibition of the Use, Stockpiling, Production and Transfer of Anti-Personnel Mines and on Their Destruction)

မြေမြုတ်မိုင်းများကို လူသားများအတွက်ရည်ရွယ်သော မြေမြုပ်မိုင်း (Anti-Personnel Landmines)     နဲ့ ယဉ်၊ ယန္တရားများကို တိုက်ခိုက်သည့် မြေမြုပ်မိုင်း (Anti-Vehicle Landmines) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ နှစ်မျိုးစလုံးဟာ အန္တရာယ်အလွန်ကြီးမားပြီး ကမ္ဘာ့နိုင်ငံပေါင်းစုံက လူသားပေါင်း မြောက်များစွာရဲ့ အသက်တွေ၊ ဘဝတွေကို ဖျက်စီးခဲ့၊ ဖျက်စီးနေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ် (သို့မဟုတ်) ပြည်ပစစ်ဖြစ်ပွါးနေတဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ လေးနှစ်အတွင်း မြေမြုပ်မိုင်းများကြောင့် သေဆုံးသူ ၁၄,၅၆၉ ဦး နဲ့ ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါချို့တဲ့ရသူ ၄၃,၀၆၉ ဦး၊ စုစုပေါင်း ထိခိုက်နစ်နာရသူ အနည်းဆုံး ၆၀,၃၈၈ ဦးရှိတယ်လို့ "နိုင်ငံတကာ မြေမြုပ်မိုင်း ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့" (International Campaign to Ban Landmines- ICBL) က သုတေသနပြုထားပါတယ်။ အဲဒီလောက် အန္တရာယ်ကြီးမားတဲ့ မြေမြုပ်မိုင်းများကို တားဆီးနိုင်ဖို့ ကုလသမဂ္ဂက ဦးဆောင်တဲ့ ညီလာခံကြီးတစ်ခုကို ၁၉၉၇ ခုနှစ်မှာ ကနေဒါနိုင်ငံ၊ အော့တဝါမြို့ (Ottawa City) မှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးကနေ "နိုင်ငံတကာ မြေမြုပ်မိုင်းများ အသုံးချခြင်း၊ စုဆောင်းခြင်း၊ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းခြင်းများ တားဆီးရေးနှင့် ဖျက်ဆီးရေးစာချုပ်" ကို နိုင်ငံအများ သဘောတူကြပါတယ်။ အတိုကောက်အားဖြင့် အော့တဝါစာချုပ် (The Ottawa Treaty) (သို့မဟုတ်) မိုင်းတားမြစ်ရေးစာချုပ်  (The Mine Ban Treaty) လို့လည်း ခေါ်ကြပါတယ်။

ဒီစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးတဲ့ နိုင်ငံများဟာ အောက်ပါအချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။
(၁) မြေမြုပ်မိုင်းများကို အသုံးပြုခြင်း၊ ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ တနည်းနည်းဖြင့် ရရှိခြင်း၊ စုဆောင်းသိုလှောင်ခြင်း၊ ထိန်းသိမ်းထားခြင်း၊ လွှဲပြောင်းခြင်းများ လုံးဝမပြုလုပ်ရပါ။
(၂) မိမိတို့နိုင်ငံအတွင်းမှာ ရှိတဲ့၊ ပိုင်ဆိုင်တဲ့ မြေမြုပ်မိုင်းများကို စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့အချိန်ကစလို့ လေးနှစ်အတွင်းမှာ ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။
(၃) မိမိတို့နိုင်ငံအတွင်းမှာ မြေမြုပ်မိုင်း မြှုတ်နှံထားတဲ့ မြေပြင်အားလုံးကို ၁၀ နှစ်အတွင်း ရှင်းလင်းရမှာ ဖြစ်ပါတယ်။
(၄) မြေမြုပ်မိုင်း ဒဏ်ကို ခံစားနေရတဲ့ တိုင်းပြည်များမှာ ပြည်သူလူထုအနေနဲ့ မိုင်းကွင်းများကို ရှောင်ကွင်းနိုင်ဖို့ မိုင်းအန္တရာယ်သတိပေးသင်ကြားမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၅) မြေမြုပ်မိုင်း ဒဏ်ခံရသူများ ပြန်လည်ထူထောင်ရေးနဲ့ လူမှုရေး၊ စီးပွါးရေးပြန်လည် ရှင်သန်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုများ ပေးအပ်ရမှာဖြစ်ပါတယ်။
(၆) မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့ဝင်နိုင်ငံများကိုလည်း မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ကူညီဖို့ ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။
(၇) မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို ခိုင်ခိုင်မာမာစောင့်ထိန်းလိုက်နာနိုင်ဖို့အတွက် နိုင်ငံရဲ့ ဥပဒေပြုအဖွဲ့အစည်းက လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းပေးရမှာ ဖြစ်ပါတယ်။
(၈) မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို နိုင်ငံအတွင်း အကောင်အထည်ဖော်မှုများနဲ့ပါတ်သက်ပြီး တိုးတက်မှုတွေကို နှစ်စဉ်အစီရင်ခံစာ ရေးသားပြုစုပြီး ကုလသမဂ္ဂကို တင်သွင်းရမှာ ဖြစ်ပါတယ်။

ဒီကနေ့အထိ မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို နိုင်ငံပေါင်း ၁၆၂ နိုင်ငံက လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ၃၅ နိုင်ငံကတော့ လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။  မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံများက မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသား ဖြစ်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ ၃၅ နိုင်ငံထဲမှာ တရုတ်၊ အိန္ဒိယ၊ ရုရှားစတဲ့ မြေမြုပ်မိုင်း များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ လက်နက်နိုင်ငံကြီးတွေ ပါဝင်ပါတယ်။

#မြန်မာနိုင်ငံနှင့် မြေမြုပ်မိုင်း

နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကြီးတည်ရှိနေတဲ့ မြန်မာနိုင်ငံ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ စစ်မြေပြင်တစ်ခုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း များရဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့၊ ခံစားနေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စစ်မက်ပြိုင်ဆိုင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးက မြေမြုပ်မိုင်းများကို ရက်ရက်ရောရောသုံးစွဲပြီး အပြန်အလှန်တိုက်ခိုက်ကြလို့၊ သမ္မတဦးသိန်းစိန်ပြောသလို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ကြလို့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့၊ ဆုံးရှုံးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတကာ မြေမြုပ်မိုင်း ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကြီးရဲ့ လေ့လာစုံစမ်းချက်များအရ မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၃ နှစ်ကုန်အထိ ၁၅ နှစ်ကာလအတွင်း မြေမြုပ်မိုင်း များကြောင့် အသက်သေဆုံးသူ ၃၄၈ ဦး၊ ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးရသူ ၂,၈၉၈ ဦး၊ သေလား ရှင်လား အခြေအနေမသဲကွဲသူ ၂၀၄ ဦး၊ စသည်ဖြင့် ထိခိုက်နစ်နာရသူပေါင်း အနည်းဆုံး ၃,၄၅၀ ဦး ရှိတယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကြောင့် တိုက်ပွဲတွေ အတော်လျော့နည်းသွားပြီလို့ ပြောကြတဲ့ ၂၀၁၃ ခုနှစ်မှာတင် မြေမြုပ်မိုင်း များရဲ့ ဒဏ်ကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၆၉ ဦးနဲ့ သေ/ရှင် မသဲကွဲသူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအများစုဟာ အမျိုးသားများဖြစ်ကြပြီး ယောက်ကျားလေး ၇ ဦး၊ မိန်းကလေး ၃ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ လူတွေ ထိခိုက်နာကျင်ရတာအပြင် ဆင်၊ ကျွဲ၊ နွားအပါအဝင် အိမ်မွေးနဲ့ တောတိရိစ္ဆန်အများအပြားလည်း မြေမြုပ်မိုင်းကို နင်းမိလို့ သေဆုံးကြ၊ ခြေပြတ်လက်ပြတ်ဖြစ်ကြရပါတယ်။ မြေမြုပ်မိုင်းတွေ မြှုတ်နှံထားတဲ့ မြေကို ဝင်ထွက်သွားလာလို့မရလို့ စီးပွါးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင်ပဲ အလဟသ ဆုံးရှုံးရပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်နာကျင်ရသူပေါင်းဟာ အနည်းဆုံး ၄၀,၀၀၀ ခန့်ရှိမယ်လို့  နိုင်ငံတကာ မြေမြုပ်မိုင်းဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကြီးက ခန့်မှန်းပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်တွေ့ဆုံခဲ့တဲ့ ကျောက်ကြီးမြို့နယ်က မသန်စွမ်းသူ ၃၂၁ ဦးဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ မြေမြုပ်မိုင်းဒဏ်ခံစားရသူ စုစုပေါင်းရဲ့ အပုံတစ်ရာပုံ၊ တစ်ပုံလောက်ပဲ ရှိပါတယ်။ 

#မြန်မာနိုင်ငံနှင့် မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်

အထက်မှာ တင်ပြခဲ့တဲ့အတိုင်း မြန်မာအစိုးရဟာ နိုင်ငံတကာ မြေမြုပ်မိုင်း တားမြစ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးပါ။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးနဲ့ ပြည်သူများရဲ့ ဘဝနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ မြေမြုပ်မိုင်းများကို ဆက်လက်သုံးစွဲဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။ တစ်ဖက်မှာလည်း မြန်မာအစိုးရကို ပုန်ကန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကလည်း မြေမြုပ်မိုင်းများကို သုံးစွဲနေကြပါတယ်။ မြန်မာ့တပ်မတော်က မြေမြုပ်မိုင်းများကို ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ကိုယ်တိုင်ထုတ်လုပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ဖြစ်မိုင်းများ ဖန်တီးထုတ်လုပ်ကြသလို ပိုပြီးလူသတ်နိုင်စွမ်းမြင့်မားတဲ့ မြေမြုပ်မိုင်းတွေကို နယ်စပ်ဒေသ လက်နက်မှောင်ခိုများဆီကနေ ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေနဲ့ အလဲအလှယ်လုပ်ပြီး ရရှိပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ အင်အားကြီးနိုင်ငံနှစ်ခုကလည်း မြေမြုပ်မိုင်းတားမြစ်ရေးစာချုပ်ကို လက်မှတ်မထိုးတဲ့ အပြင် မြေမြုပ်မိုင်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။ 

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မြေပြင်မှာ မြေမြုပ်မိုင်းတွေဟာ ဆက်လက်ကြီးစိုးနေမှာဖြစ်ပြီး အပြစ်မည့် ပြည်သူတွေ၊ တိရိစ္ဆာန်တွေကို အလစ်အငိုက် တိုက်ခိုက်နေကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ၁၀ ခုဟာ မြေမြုပ်မိုင်းများရဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။
စာချုပ်မှာ လက်မှတ်မထိုးသေးပေမည့် မြန်မာအစိုးရဟာ မြေမြုပ်မိုင်းတားမြစ်ရေး စာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အစည်းအဝေးများကို လေ့လာသူအဖြစ်နဲ့ ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များမှာ တက်ရောက်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အုပ်စုအလိုက်ဆွေးနွေးပွဲတွေကို ၂၀၁၃ ခုနှစ်၊ မေလနဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီလတွေမှာ ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က မြန်မာအစိုးရဟာ မြေမြုပ်မိုင်းတားမြစ်ရေးစာချုပ်ကို လက်ခံဖို့ စဉ်းစားနေပြီး မြန်မာ့တပ်မတော်အနေနဲ့လည်း မြေမြုပ်မိုင်းများကို အသုံးပြုမှုရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမည့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာသမ္မတဦးသိန်းစိန်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ မြေမြုပ်မိုင်းများကို ဆက်လက်အသုံးပြုဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြေမြုပ်မိုင်းများ တားမြစ်ရေးစာချုပ်ကို နိုင်ငံတကာအစိုးရများအားလုံးက လက်ခံသဘောတူ အကောင်အထည်ဖော်ရေးဆုံးဖြတ်ချက် (UNGA Resolution 68/30) ကို မဲခွဲတဲ့အခါ မြန်မာနိုင်ငံက မဲပေးဖို့ ရှောင်တိမ်း (Abstain) ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကလည်း မြေမြုပ်မိုင်း များအသုံးပြုခြင်းကို တားမြစ်တဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း မရှိသေးပါ။ 

#မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းကင်းစင်ရေး

အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက " မြေမြုပ်မိုင်းကင်းစင်ရေး သက်ဆိုင်ရာဋ္ဌာနများနှင့် သက်ဆိုင်သူများမှ အမြန်ဆုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်" ဆိုပြီး အကြံပြုလာပါတယ်။ အင်မတန်ကောင်းမွန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် "သက်ဆိုင်ရာဋ္ဌာနများနဲ့ သက်ဆိုင်သူများ" မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်နဲ့ ဗိုလ်မှူးချုပ်ဋ္ဌေးနိုင် ကိုယ်စားပြုတဲ့ မြန်မာ့တပ်မတော်တို့ အဓိကပါဝင်နေကြောင်း ထောက်ပြချင်ပါတယ်။
မြန်မာနိုင်ငံမှာ အမှန်တကယ် မြေမြုပ်မိုင်းများကင်းစင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဦးဆောင်အကောင်အထည်ဖော်သင့်တဲ့ လုပ်ငန်းများကို အောက်ပါအတိုင်း အကြံပြုချင်ပါတယ်။

(၁) ပြည်ထောင်စုလွှတ်တော်မှ မြန်မာအစိုးရအား နိုင်ငံတကာ မြေမြုပ်မိုင်းတားမြစ်ရေးစာချုပ် (အော့တဝါစာချုပ်) ကို အမြန်ဆုံးလက်မှတ်ရေးထိုးဖို့ အဆိုပြုသင့်ပါတယ်။
(၂) မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းများ ထုတ်လုပ်ခြင်း၊ အသုံးချခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများကို တားမြစ်ပြီး လက်ရှိပိုင်ဆိုင်တဲ့ မြေမြုပ်မိုင်းများကို အချိန်ကန့်သတ်ချက်တစ်ခုအတွင်း ဖျက်ဆီးပစ်ဖို့ ညွှန်ကြားတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ပါတယ်။
(၃) အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ " မြေမြုပ်မိုင်းများ အသုံးမပြုရေး" ကို အဓိကဆွေးနွေးမည့် အချက်တစ်ခုအဖြစ် ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က တောင်းဆိုသင့်ပါတယ်။ မြန်မာ့တပ်မတော်ကိုယ်တိုင်က မြေမြုပ်မိုင်းများကို လုံးဝအသုံးမပြုဖို့ ကတိကဝတ်ပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အလားတူအသုံးမပြုကြဖို့ တောင်းဆိုသင့်ပါတယ်။
(၄) မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတစ်ရပ်ကိုလည်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသင့်ပါတယ်။
(၅) အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးသား နယ်မြေများမှာ မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများအကူအညီနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းသင့်ပါတယ်။
(၆) ပြည်ထောင်စုလွှတ်တော်အနေနဲ့ " မြေမြုပ်မိုင်းများ ကင်းစင်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးကော်မတီ" တစ်ရပ်ကို ဖွဲ့စည်းပြီး အစိုးရရဲ့ မြေမြုပ်မိုင်းကင်းစင်ရေးဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲသင့်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က ကိုယ်ပိုင်လေ့လာတွေ့ရှိချက်တွေနဲ့ တင်ပြတဲ့ မြန်မာနိုင်ငံ မြေမြုပ်မိုင်းကင်းစင်ရေးအကြံပြုချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များကိုယ်တိုင် ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ကြဖို့ လေးလေးစားစား တိုက်တွန်းလိုက်ရပါတယ်။

အောင်ဒင်
မေလ ၂၀၊ ၂၀၁၅

0 comments: