BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, June 20, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၄)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၂၀ ရက်၊ ၂၀၁၅)


နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၄)

အောင်ဒင်

#လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများနှင့် ပါတ်သက်၍

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ပွါးနေတယ်လို့ နိုင်ငံတကာအစိုးရများက ဝေဘန်ကြတဲ့အခါ မြန်မာအာဏာပိုင်များက ဒီပဋိပက္ခတွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ပဲ ဒေသတစ်ခုအတွင်းက လူ့အသိုင်းအဝိုင်းနှစ်ခုကြား ခိုက်ရန်ဖြစ်ပွါးတာဖြစ်တယ်လို့ (Communal Violence) ငြင်းဆိုလေ့ရှိပါတယ်။ ဒါပေမည့်လည်း အဲဒီ လူ့အသိုင်းအဝိုင်း နှစ်ခုဆိုတာကို စစ်ဆေးကြည့်လိုက်တော့ တစ်ခုက မြန်မာ၊ ရခိုင် ဗုဒ္ဓဘာသာဝင်များပါဝင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပြီး နောက်တစ်ခုက ဘင်္ဂါလီ အစ္စလမ်ဘာသာဝင်များရဲ့ အသိုင်းအဝိုင်းဖြစ်နေတာမို့ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါ။ နောက်တစ်ခုက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှ မှန်ကန်တဲ့ ဖြေရှင်းနည်းကို ရှာဖွေဆောင်ရွက်နိုင်မှာပါ။ ကင်ဆာရောဂါဖြစ်နေတာကို သာမာန်ဖျားနာမှုပါဆိုပြီး အကိုက်အခဲပျောက်ဆေးပဲ တိုက်နေရင် ရောဂါမပျောက်နိုင်သလိုပါ။ ပဋိပက္ခကို လူ့အသိုင်းအဝိုင်းနှစ်ခုကြား ခိုက်ရန်ဖြစ်ပွါးမှုလို့ ဆုံးဖြတ်ထားရင် ဖြေရှင်းပုံက သာမာန် ရာဇဝတ်မှုများကို အရေးယူတာလောက်သာ ဖြစ်ပါလိမ့်မယ်။ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ဖြစ်ပေါ်နေတယ်လို့ မှန်မှန်ကန်ကန် လက်ခံမှပဲ ဖြစ်ခဲ့ပြီးတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ နောက်ထပ်မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်တားဆီးဖို့၊ မတူညီတဲ့ ဘာသာများ၊ လူမျိုးများအကြား အပြန်အလှန်လေးစားရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အသိပညာပေးဖို့ စတဲ့ နည်းလမ်းမှန်များနဲ့ ပဋိပက္ခများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ အရင်အစိုးရများလက်ထက်မှာလည်း အကြိမ်များစွာ ဖြစ်ခဲ့လို့ အသက်ပေါင်းများစွာ ဆုံးရှုံးပြီး အိုးအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်၊ ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်က စတင်ပြီး တစ်နိုင်ငံလုံး မြို့ကြီးအချို့မှာ ပျံ့နှံ့ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့်လည်း အသက်အိုးအိမ်တွေ၊ ဘဝတွေ ဆုံးရှုံးရပါတယ်။ ပိုပြီးဆိုးဝါးတာက ဗုဒ္ဓဘာသာဝင် လူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုကို အနိုင်ကျင့်တိုက်ခိုက်နေတယ်လို့ ကမ္ဘာ့နိုင်ငံများက ထင်မြင်ယူဆကြပြီး ကမ္ဘာ့နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းခဲ့ရပါတယ်။ နိုင်ငံတွင်းမှာလည်း ဘာသာကြီး နှစ်ခု ကိုးကွယ်သူများအကြား သံသယတွေ၊ အပြန်အလှန်ကြောက်ရွံ့စိုးရိမ်မှုတွေ မြင့်မားပြီး ညီညွတ်ရေး ပျက်ပြားနေပါတယ်။ ပဋိပက္ခဖြစ်ပွါးအောင် လှုံ့ဆော်နေသူများကလည်း မရပ်မနား လှုပ်ရှားနေကြတာမို့ နောက်ထပ် ပဋိပက္ခတွေ ထပ်မံဖြစ်ပေါ်နိုင်တဲ့ အလားအလာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများအနေနဲ့ နောက် ၆ လလောက်မှာ သူတို့ပါတီက လွှတ်တော်အာဏာရခဲ့ရင်၊ အစိုးရအာဏာရခဲ့ရင် မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ထပ်မံမဖြစ်ပွါးအောင် ဘယ်လို မူဝါဒတွေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားသလဲဆိုတာ သိချင်ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသားတိုင်းမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်။ ဒါပေမည့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်နဲ့တင် မလုံလောက်တော့ပဲ အစိုးရနဲ့ လွှတ်တော်က နိုင်ငံသားတိုင်း "လွတ်လပ်လုံခြုံစွာကိုးကွယ်ယုံကြည်ခွင့်" ရှိအောင် အကာအကွယ်ပေးဖို့ လိုအပ်နေပါတယ်။ အဓိကလုပ်သင့်တာကတော့ (၁) ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ဥပဒေနဲ့ တိတိကျကျ ထိထိရောက်ရောက် တားမြစ်အရေးယူနိုင်ဖို့နဲ့ (၂) ဘာသာပေါင်းစုံချစ်ကြည်ရေး အသိပညာပေးမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က ဗုဒ္ဓဘာသာကို ဝေဘန်ဟောပြောတဲ့ စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် နှစ်နှစ်အပြစ်ပေးလိုက်ပါတယ်။ ဒါပေမည့် အစ္စလမ်ဘာသာနဲ့ အစ္စလမ်ဘာသာကိုးကွယ်ယုံကြည်သူများကို ပုတ်ခတ်ဝေဘန်ဟောပြောမှုတွေကိုတော့ အစိုးရက အရေးယူတာ မတွေ့ရပါ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ တရားပွဲတွေအများစုဟာ နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာမဟုတ်တော့ပဲ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်အောက်မှာ ဘာသာခြားဆန့်ကျင်ရေးဟောပြောလှုံ့ဆော်ပွဲတွေ ဖြစ်နေပါပြီ။ အဲဒီ ဟောပြောချက်တွေကို အသံဖိုင်၊ အရုပ်ဖိုင်သွင်းယူပြီး ဆက်လက်ဖြန့်ချိကြပါသေးတယ်။ အဲဒီ အမုန်းတရားလှုံ့ဆော်ဟောပြောမှုတွေကို အစိုးရက အရေးယူတာ၊ လွှတ်တော်က ဥပဒေပြုတားမြစ်တာ  မတွေ့ရပါ။ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးလာရောက်စဉ်က အမေရိကန်အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင်းမှာ အမုန်းတရားလှုံ့ဆော်ဟောပြောနေတာ (Hate Speech) တွေကို ဘယ်လို အရေးယူမလဲလို့ မေးတော့ ဦးရွှေမန်းက လွှတ်တော်အနေနဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အမုန်းတရားဟောပြောမှုများကို တားမြစ်ပိတ်ပင်ပါ့မယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမည့် အခုအချိန်အထိတော့ အကောင်အထည်မဖော်နိုင်သေးပါ။

မြန်မာအစိုးရက ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ "ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့" ကို သာသနာရေးဝန်ကြီးဋ္ဌာနရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားပါတယ်။ နာယကအဖြစ် အစ္စလမ်ဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌအဖြစ် ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ အတွင်းရေးမှူးချုပ်အဖြစ် ခရစ်ယာန်ဘာသာဝင် ဒေါက်တာသာဥာဏ်နဲ့ အဖွဲ့ဝင်များအဖြစ် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာများက ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစားအရာရှိကြီးများ ပါဝင်ကြပါတယ်။ အဲဒီအဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနဲ့ ပြည်နယ်များမှာ အဖွဲ့ခွဲများတည်ထောင်ခြင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာတတ်သော ဘာသာရေးပဋိပက္ခများတွင် သက်ဆိုင်ရာ ဘာသာရေး အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် သံဃာ့မဟာနာယက ဥက္ကဌ ဆရာတော်များထံ သွားရောက် လျောက်ထား သြ၀ါဒခံယူမှုများပြုလုပ်ခြင်း၊ ဒုက္ခသည်များအား သွားရောက် ကူညီထောက်ပံ့ခြင်းနှင့် နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကိုလည်း မကြာခဏကျင်းပနေပါတယ်။ သို့သော်လည်း အစိုးရကျောထောက်နောက်ခံပြုထားတဲ့ "ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" ဟာ အစိုးရပိုင်းဆိုင်ရာနဲ့ ပြေလည်ထောက်ခံမှုရပေမည့် သာမန်ပြည်သူများကြား အရောက်မသွားနိုင်ပါ။ သာမန်ပြည်သူများကြားမှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်နေတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ အမုန်းတရားလှုံ့ဆော်မှုတွေကို မယှဉ်ပြိုင်၊ မဟန့်တားနိုင်ပါ။

အရပ်ဘက်လူထုအဖွဲ့အစည်းအချို့ကလည်း အမုန်းတရားဟောပြောမှုတွေကို တားဆီးနိုင်ဖို့ "ပန်းစကားလှုပ်ရှားမှု" မျိုး ဆောင်ရွက်နေကြပေမည့် တစ်ဘက်က အမျိုး၊ ဘာသာ၊ သာသနာအလံထောင်ထားတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ ကျယ်ပြန့်တဲ့ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပါ။
ဒါကြောင့်မို့ အစိုးရ ကျောထောက်နောက်ခံပြု "ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" နဲ့ အစိုးရနဲ့ မပတ်သက်တဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများ ပူးပေါင်းလက်တွဲကြမယ်ဆိုရင် အင်မတန်အားကောင်းတဲ့ အင်အားစုကြီးဖြစ်လာပြီး တစ်ဘက်က အင်အားကြီးမားတဲ့ အမုန်းတရားလှုံ့ဆော်ရာ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ယှဉ်ပြိုင်ဟန့်တားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

"ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" မှာ အစိုးရပိုင်းအဆက်အသွယ်နဲ့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ထောက်ပံ့ကူညီမှု၊ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်များရဲ့ ပူးပေါင်းကူညီမှုများ စတဲ့ အရည်အသွေးများရှိနေပြီး အရပ်ဘက်လူထုအဖွဲ့အစည်းများမှာ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ရောက်ရှိနိုင်တဲ့ အရည်အသွေးနဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို သတ္တိရှိရှိရင်ဆိုင်ရဲတဲ့ အရည်အသွေးတွေရှိနေပါတယ်။ ဒီအင်အားစုနှစ်စုရဲ့ အရည်အသွေးတွေကို စနစ်တကျပေါင်းစပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံတဝှမ်းလုံးကို အရိပ်မိုးနေတဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ တိမ်တိုက်မည်းကြီးကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမည့် အဲဒီလို အစိုးရဦးဆောင်တဲ့ အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစိုးရကိုယ်တိုင်က အရပ်ဘက်အဖွဲ့အစည်းများကို လေးလေးစားစားဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက အစိုးရကိုယ်တိုင်က သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ဘာသာရေးခေါင်းဆောင်ကြီးများကို ချဉ်းကပ်ပြီး သက်ဆိုင်ရာ ဘာသာအလိုက် ကိုယ်ပိုင်ကျင့်စဉ်တွေ၊ အလေ့အထတွေကို ပြန်လည်သုံးသပ်ပြီး အများပါတ်ဝန်းကျင်နဲ့ မသင့်တော်တာတွေကို ပြင်ဆင်ဖို့၊ ဆင်ခြင်ဖို့ မေတ္တာရပ်ခံသင့်ပါတယ်။ 

ဥပမာအားဖြင့် အစ္စလမ်ဘာသာဝင်များ ယုံကြည်မှုအရ ဘာသာရေးအထိန်းအမှတ်နေ့ရက်တွေမှာ တိရိစ္ဆာန်များကို သတ်ဖြတ်ပူဇော်တာဟာ အသက်သတ်ခြင်းကို ရှောင်ကျဉ်တဲ့ ဗုဒ္ဓဘာသာဝင်များအတွက်တော့ စိတ်မကောင်းစရာပါ။ ယုံကြည်မှုအရ ဆောင်ရွက်တာကို တားမြစ်လို့မဖြစ်ပေမည့် အဲဒီလို သတ်ဖြတ်တာကို အများမြင်ကွင်းမှာ မပြုလုပ်ပဲ အများမမြင်ကွယ်ရာမှာ ဆောင်ရွက်ရင် ပိုပြီးသင့်တော်ပါလိမ့်မယ်။ ပြီးတော့ အချို့ အစ္စလမ်ဘာသာဝင်များက ဘာသာရေးအရ ခွင့်ပြုလို့ ဆိုပြီး မိန်းမ ၄ ယောက်ယူတာ၊ ယူထားတဲ့ မိန်းမက ဗုဒ္ဓဘာသာဝင်ဖြစ်နေရင် အစ္စလမ်ဘာသာကို ကူးပြောင်းဖို့ ဖိအားပေးတာ၊ ဘာသာမကူးပြောင်းရင် လင်ယောက်ျားရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံခွင့်မရတာ၊ စတဲ့ အလေ့အကျင့်တွေဟာ မြန်မာဗုဒ္ဓဘာသာများရဲ့ အစ္စလမ်ဘာသာအပေါ် အမြင်ကို တိမ်းစောင်းစေနိုင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ခရစ်ယန်ဘုရားကျောင်းများလိုပဲ အစ္စလမ်ဗလီများကို အများပြည်သူ လာရောက် လေ့လာခွင့်ပေးသင့်ပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအနေနဲ့လည်း သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းရဲ့ အဆင့်ဆင့်အုပ်ချုပ်မှုအောက်မှာ ရပ်တည်နေကြတာပါ။ ဂိုဏ်းကြီး ၉ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးများဟာ မိမိတို့ရဲ့ ဂိုဏ်းဝင်သံဃာများ ဝိနည်းနဲ့အညီ နေထိုင်အောင် စည်းကမ်းကြပ်မတ်ဖို့ လိုအပ်ပါတယ်။ မေတ္တာတရားနဲ့ သီးခံခွင့်လွှတ်ခြင်းကို ဗဟိုပြုတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို မွန်မွန်မြတ်မြတ် ထိန်းသိမ်းကျင့်ကြံကြဖို့ သွန်သင်ဆုံးမသင့်ပါတယ်။ ဘာသာခြားမုန်းတီးဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်နေတဲ့ သံဃာများကို သက်ဆိုင်ရာဂိုဏ်းအလိုက် စည်းကမ်းများနဲ့ အရေးယူသင့်ပါတယ်။ သံဃာ့ဂိုဏ်းကြီးများက စည်းကမ်းပျက်သံဃာများကို "ဓမ္မစက်" နဲ့ ထိထိရောက်ရောက်အရေးယူနိုင်ရင် အစိုးရက "အာဏာစက်" နဲ့ ဝင်ရောက်အရေးယူစရာ လိုမှာမဟုတ်ပါ။ အမုန်းတရားတွေအပြည့်နဲ့ စစ်သွေးကြွသံဃာများကို မထိန်းသိမ်းနိုင်ခြင်းကြောင့် မြန်မာဗုဒ္ဓဘာသာအပေါ် အခြားဘာသာများ၊ အခြားနိုင်ငံများက အမြင်တိမ်းစောင်းနေပါတယ်။

နောက်အရေးကြီးတာက နေအိမ်အခြေပြု ဘုရားကျောင်းများ (Home Church/ Home Mosque) ဖြစ်ပါတယ်။ တရားဝင် သာသနာ့အဆောက်အအုံကြီးတွေ ရှိလျက်နဲ့ (သို့မဟုတ်) မရှိလို့ ဘာသာရေးခေါင်းဆောင်တစ်ယောက်ရဲ့ နေအိမ်မှာ စုဝေးပြီး ဝတ်ပြုကြတာကို ဆိုလိုတာပါ။ အဲဒီ နေအိမ်အခြေပြု ဘုရားကျောင်းများက (၁) အစိုးရက သက်ဆိုင်ရာဘာသာအတွက် ဘာသာရေးအဆောက်အအုံဆောက်လုပ်ခွင့်မပြုလို့၊ သက်ဆိုင်ရာ ဘာသာကို နှိပ်ကွပ်ထားလို့၊ ဘာသာရေးလွတ်လပ်ခွင့်မရှိလို့ ကိုးကွယ်ရာဘာသာတူများ နေအိမ်တစ်ခုခုမှာ စုဝေးပြီး လျှို့ဝှက်ဝတ်ပြုကြရတယ်လို့ ထင်မြင်နိုင်စရာ အကြောင်းရှိပါတယ်။ (၂) တရားဝင်ဘာသာရေးအဆောက်အအုံရှိရက်နဲ့ နေအိမ်တစ်ခုခုမှာပဲ စုဝေးဝတ်ပြုတယ်ဆိုရင်လည်း ဘာသာရေးအစွန်းရောက်များရဲ့ ဂိုဏ်းဖွဲ့စည်းရုံးရာဖြစ်လာနိုင်ပြီး အကြမ်းဖက်သမားတွေ ပေါပေါက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးအလေးပေးရတဲ့ အစိုးရက ခရစ်ယန်၊ အစ္စလမ်၊ ဟိန္ဒူဘာသာများကိုလည်း သင့်တင့်လျောက်ပတ်စွာ အားပေးစောင့်ရှောက်တာ၊ ဘာသာရေးအဆောက်အအုံတွေ ဆောက်လုပ်ဖို့ မြေကွက်လှူဒါန်းတာ၊ ဆောက်လုပ်ခွင့်ပြုတာ၊ နေအိမ်အခြေပြုဝတ်ပြုခြင်းများကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များကတဆင့် အားမပေးတာတွေ ဆောင်ရွက်သင့်ပါတယ်။ 
 
ရွေးကောက်ပွဲက ၄ လလောက်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် နှစ်လအကြာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်မှာ ပြည်ထောင်စုလွှတ်တော်အသစ် စတင်တာဝန်ယူမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးကနေ နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ သမ္မတအသစ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်က အုပ်ချုပ်ရေးအာဏာကို စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်၊ ဇွန်လကစလို့ နောက် ၈ လလောက်မှာ လွှတ်တော်အာဏာ၊ အစိုးရအာဏာတွေကို ကိုင်တွယ်ကျင့်သုံးရနိုင်တဲ့ နိုင်ငံရေးပါတီများအဖို့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများမဖြစ်ပေါ်အောင် ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်မယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းအသိပေးဖို့ လိုအပ်ပါတယ်။ စာမျက်နှာ နှစ်မျက်နှာလောက်ရှိတဲ့ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက်ပါ။ ။။။။



0 comments: