BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, June 19, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၃)

(7 Day သတင်းဂျာနယ်။ ဇွန်လ ၁၉ ရက်၊ ၂၀၁၅)



နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၃)

အောင်ဒင်

#နိုင်ငံရေးအကျဉ်းသားများနှင့် ပါတ်သက်၍

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများမရှိအောင် ဆောင်ရွက်မယ်လို့ ၂၀၁၂ ခုနှစ်ကတည်းက ကတိပေးခဲ့ပါတယ်။ ဒါပေမည့် ဒီကနေ့အထိ နိုင်ငံရေးအကျဉ်းသားများ မြန်မာနိုင်ငံမှာ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လဆန်းမှာ " အေအေပီပီ" လို့ လူသိများတဲ့ "နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ကူညီရေးအသင်း" ရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆၃ ဦးရှိပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၄၄၂ ဦး ရှိတယ်လို့ သိရပါတယ်။

သမ္မတအမိန့်နဲ့ အစိုးရကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပေမည့်လည်း အစိုးရသစ်မတိုင်မီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားလုံးကို အကျဉ်းထောင်ကနေ လွှတ်မပေးနိုင်တဲ့အပြင် အစိုးရသစ်လက်ထက်မှာ တိုးပွါးလာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကိုလည်း မတားဆီးနိုင်ပါ။ ဒါ့အပြင် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများအကြား သဘောတူညီမှုမရနိုင်လို့ "နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်" ကိုလည်း အတည်မပြုနိုင်ပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိဖို့အတွက် အဓိကဆောင်ရွက်ရမှာ (၃) ခုရှိပါတယ်။ (၁) က လက်ရှိ ပြစ်ဒဏ်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတာ၊ (၂) တရားရုံးမှာ နိုင်ငံတော်က တရားလိုအဖြစ်နဲ့ ရုံးတင်တရားစွဲထားတဲ့ အမှုများကို အစိုးရဘက်က အမှုရုပ်သိမ်းပြီး တရားစွဲဆိုခံရသူ ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားသူများ၊ ကျောင်းသားများကို ပြန်လွှတ်ပေးတာ၊ (၃) နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းချုပ်ပြစ်ဒဏ်ပေးဖို့ ရည်ရွယ်ဖန်တီးထားတဲ့ တည်ဆဲဥပဒေများ၊ အမိန့်များကို ဖျက်သိမ်းတာ (သို့မဟုတ်) ပြင်ဆင်တာ ဖြစ်ပါတယ်။ ဒီ (၃) ခုမှာ နံပါတ် (၁) နဲ့ (၂) က နိုင်ငံတော်သမ္မတက ဆောင်ရွက်နိုင်ပြီး နံပါတ် (၃) ကိုတော့ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမှာပါ။

နံပါတ် (၁) နဲ့ ပါတ်သက်ရင် ဦးသိန်းစိန်အစိုးရက နအဖစစ်အစိုးရလက်ထက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ကနေ့အထိ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်မှာ အချို့က လူသတ်မှုလို ပြစ်မှုကြီးတွေကျူးလွန်ထားလို့ ပြန်လွှတ်ပေးလို့ မဖြစ်နိုင်၊ အချို့က (ဥပမာ၊ မိုးပြာဆရာတော် ဦးဉာဏ) နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မဟန) ရဲ့ ကန့်ကွက်ချက်အရ ပြန်လွှတ်လို့မဖြစ်နိုင် ဆိုပြီး အကြောင်းပြထားပါတယ်။ အစိုးရသစ်တက်ပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချထားသူများဟာလည်း တည်ဆဲဥပဒေများကို ချိုးဖောက်လို့ အရေးယူရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တက်လာမည့် သမ္မတအသစ်၊ အစိုးရအသစ်က အလားတူအကြောင်းပြချက်မျိုး ထပ်မပေးပဲ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။

နံပါတ် (၂) နဲ့ ပါတ်သက်ရင်လည်း နိုင်ငံရေးလှုပ်ရှားသူများကို တည်ဆဲဥပဒေများကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုတဲ့နေရာမှာ ရဲအရေးပိုင်အမှုများဖြစ်တဲ့အတွက် အစိုးရက တရားလို ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုပြီး တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို အသုံးချလို့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာ၊ နိုင်ငံတဝှမ်း အဓမ္မမြေယာသိမ်းဆည်းမှုတွေ ရှိခဲ့တယ်၊ ရှိနေတယ်ဆိုတာ အသိအမှတ်ပြုထားရက်နဲ့ ကိုယ့်လယ်မြေ ကိုယ်ပြန်ရဖို့ ကြိုးစားကြတဲ့ လယ်သမားကြီးတွေကို တပ်မတော်နဲ့ အစိုးရအဖွဲ့အစည်းများက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုတာ၊ ပြစ်ဒဏ်ချမှတ်တာတွေဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မဖြစ်သင့်ပါ။ ပြည်သူလူထုကို "မိဘပြည်သူများ" လို့ လူကြားကောင်းအောင်ခေါ်ပြီး ထိပ်ခေါက်လိုက်၊ ပါးရိုက်လိုက်၊ နားရွက်ဆွဲလိုက် လုပ်နေသလိုပါ။ ၂၀၁၆ ခုနှစ်မှာ တာဝန်ယူမည့် အစိုးရသစ်က ဒီအမှုများအားလုံးကို ရုပ်သိမ်းပေးဖို့ မျှော်လင့်ပါတယ်။

နံပါတ် (၃) ဖြစ်တဲ့ မတရား၊ မမျှတတဲ့ တည်ဆဲဥပဒေများ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးကို ပြည်ထောင်စုလွှတ်တော်ကသာ ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာလည်း  လွှတ်တော်ကိုယ်စားလှယ်အချို့က "အရေးပေါ်စီမံချက် အက်ဥပဒေ"၊ "မတရားသင်း အက်ဥပဒေ" စတဲ့ ဥပဒေများကို ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမည့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော် နှစ်ဖွဲ့ပေါင်းပြီး လွှတ်တော်ရဲ့ ၈၀ ရာခိုင်နှုံးလောက်ကို စိုးမိုးထားတာမို့ ဒီကြိုးပမ်းချက်များ မအောင်မြင်ခဲ့ပါ။ ၂၀၁၆ ခုနှစ် လွှတ်တော်အသစ်မှာ ဒီမိုကရေစီအင်အားစုများဘက်က လွှတ်တော်ရဲ့ ၅၀ ရာခိုင်နှုံးနဲ့ အထက်ကို စိုးမိုးနိုင်ရင်တော့ မတရားတဲ့ ဥပဒေများ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး အောင်မြင်နိုင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက " ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေများကို ပြင်ဆင်ရန်၊ ဖျက်သိမ်းရန် ကြိုးစားပါ့မယ်" လို့ ကတိကဝတ်ပြုတဲ့ နိုင်ငံရေးပါတီများကိုသာ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လိုအပ်ပါတယ်။

ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ လိုအပ်တဲ့ ဥပဒေများမှာ နဝတ၊ နအဖ စစ်အစိုးရများလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေတင်မပဲ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများလည်း ပါဝင်ပါတယ်။ အထင်ရှားဆုံးက "ငြိမ်းစုစီ" လို့ အတိုကောက်ခေါ်ကြတဲ့ "ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ဖြစ်ပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ (၁၈) အရ "ခွင့်ပြုမိန့်မရပဲ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဖြစ်လျင် ကျူးလွန်သူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ" ပြစ်ဒဏ်ပေးနိုင်ပါတယ်။ ပုဒ်မ (၁၉) အရ "ခွင့်ပြုမိန့်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းများကို ဖောက်ဖျက်ရင်၊ ဥပမာအားဖြင့် မူလခွင့်ပြုတဲ့နေရာမဟုတ်ပဲ အခြားနေရာတစ်ခုမကို ရွှေ့ပြောင်း ဆန္ဒပြရင်၊ သတ်မှတ်ထားတဲ့ အချိန်ထက် ပိုသွားရင်၊ ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊  နှစ်မျိုးစလုံးဖြစ်စေ ပြစ်ဒဏ်ပေးနိုင်ပါတယ်။ အခု အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြကြသူများကို ဖမ်းဆီးတရားစွဲဆိုထားရာမှာ ဒီပုဒ်မများကို အများဆုံး အသုံးချနေပါတယ်။

နောက်ဥပဒေတစ်ခုက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ" ဖြစ်ပါတယ်။ ဒီဥပဒေ ပုဒ်မ (၁၇) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်း နေထိုင်သူ ပြည်သူများဟာ မိမိတို့ရဲ့ နေအိမ်မှာ အခြားရပ်ကွက်/ကျေးရွာနေ မိမိတို့၏ အိမ်ထောင်စုစာရင်းဝင်မဟုတ်သူ ညဥ့်အိပ်ညဥ့်နေဧည့်သည်အဖြစ် လာရောက်တည်းခိုရင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးထံ တိုင်ကြားရမှာ ဖြစ်ပါတယ်။ ဧည့်သည်ပြန်သွားရင်လည်း ပြန်သွားပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရပါမယ်။ ဒီပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရင် ပုဒ်မ (၂၇) အရ ဒဏ်ငွေ ငါးထောင်ချမှတ်နိုင်ပြီး ဒဏ်ငွေမဆောင်နိုင်ရင် (၇) ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီပုဒ်မဟာလည်း  နိုင်ငံသားများရဲ့ နိုင်ငံအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်ကို မတရားသဖြင့် ကန့်သတ်ထားတာဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်းများစွာ ဖိနှိပ်မှုများအောက်မှာ ကြပ်ကြပ်တည်းတည်းအသက်ရှုခဲ့ကြရတဲ့ ပြည်သူတွေအတွက် တိုင်းပြည် အတန်အသင့်ပွင့်လင်းလာချိန်မှာ သူတို့ရဲ့ နာကျည်းခံစားရမှုတွေကို ငြိမ်းချမ်းစွာထုတ်ဖော်ဆန္ဒပြတာဟာ အရိုးသားဆုံးနည်းလမ်းနဲ့ အင်မတန်မှသဘာဝကျတဲ့ လှုပ်ရှားမှုဖြစ်ပြီး အစိုးရအာဏာပိုင်များက သဘောထားကြီးကြီးနဲ့ နားလည်ခွင့်ပြုရမှာပါ။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငြိမ်းချမ်းစွာ ပွင့်ပွင့်လင်းလင်း ဆန္ဒပြကြသူတွေကို ဖမ်းဆီးအရေးယူဖို့ထက် ခိုးကြောင်ခိုးဝှက်နဲ့ လူသတ်နေတာတွေ၊ နိုင်ငံပိုင်ဘဏ္ဍာငွေတွေ ခိုးယူနေတာတွေ၊ ဥပဒေကို အလွဲသုံးစားပြုနေတာတွေ၊ ဘာသာရေး၊ လူမျိုးရေးအဓိကရုံးများဖြစ်အောင် လှုံ့ဆော်နေသူတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသူတွေ၊ လူကုန်ကူးနေသူတွေကို ဦးစားပေး အရေးယူသင့်ပါတယ်။

ဒါပေမည့်လည်း ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အစိုးရက သဘောထားမကြီးနိုင်သလို ပြည်ထောင်စုလွှတ်တော်ကလည်း  ငြိမ်းချမ်းစွာဆန္ဒပြသူများကို အစိုးရက ဖမ်းဆီးအရေးယူနိုင်အောင် ဥပဒေများ ပြဋ္ဌာန်းပေးထားတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်မည့် ပြည်ထောင်စုလွှတ်တော်အသစ်က ဒီလို ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးတွေကို ထိန်းချုပ်ဟန့်တားတဲ့ တည်ဆဲဥပဒေများကို ပြင်ဆင်ဖျက်သိမ်းဖို့ မျှော်လင့်ပါတယ်။ 
ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများက ၎င်းတို့ လွှတ်တော်အာဏာ၊ အစိုးရအာဏာများ ရခဲ့ရင် မြန်မာနိုင်ငံမှာ "နိုင်ငံရေးအကျဉ်းသားများမရှိအောင်"၊ "နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှုများမရှိတော့အောင်" ဘယ်လို မူဝါဒတွေနဲ့ ဆောင်ရွက်ကြမလဲ ဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ ။။။။


(အမှားပြင်ဆင်ချက်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ ငြိမ်းစုစီ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခဲ့ပြီး ပုဒ်မ ၁၈ ရဲ့ ပြစ်ဒဏ်ကို "၆ လထက်မပိုသည့် ထောင်ဒဏ်" အဖြစ်၊ ပုဒ်မ ၁၉ ရဲ့ ပြစ်ဒဏ်ကို "၃ လထက်မပိုသော ထောင်ဒဏ်" အဖြစ် လျှော့ချပေးခဲ့ပါတယ်။)

0 comments: