BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 29, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ (၉)



(7-Day daily နေ့စဉ်သတင်းစာ၊ မေလ ၂၉ ရက်၊ ၂၀၁၅)
http://7daydaily.com/story/38224

လူကြိုက်နည်းမည့် မှတ်ချက်များ (၉)

အောင်ဒင်

(၁၀/ ၃) ထိန်းချုပ်မှုများကို လျှော့ချခြင်းမှ စစ်မှန်သော ဒီမိုကရေစီသို့
 
ကျနော်က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလမှာ ၂ဝ၁၁ ကနေ ၂ဝ၁၅ အထိကို ထိန်းချုပ်မှုတွေကနေ ဖြေလျှော့ပေးတဲ့ ပထမ ၅နှစ်၊ အပိုင်းတစ် (Decentralization Phase 1) လို့ သတ်မှတ်ထားပါတယ်။ ဒီမိုကရေစီ မရသေးပါ။ ဒါပေမည့် ဖြေလျော့မှုတွေ စတင်နေပါပြီ။ ၂ဝ၁၆ ကနေ ၂ဝ၂ဝ ကို ဖိနှိပ်ချုပ်ကိုင်မှုတွေလျော့ပေးတဲ့ အပိုင်း ၂ (Phase 2) လို့ သတ်မှတ်ပါတယ်။ ၂ဝ၂၁ ကနေ ၂ဝ၂၅ ထိကို အပိုင်း ၃ (Phase 3) လို့ သတ်မှတ်ပါတယ်။ ဒီလိုဆိုတော့ အပိုင်း ၁ ကနေ အပိုင်း ၂ ကို ကူးပြောင်းခြင်းက အင်မတန်အရေးကြီးပါတယ်။ အဲဒီလို ကူးပြောင်းရာမှာလည်း ရွေးကောက်ပွဲကတဆင့် ကူးပြောင်းရမှာမို့ ရွေးကောက်ပွဲဟာ အင်မတန်အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ရွေးကောက်ပွဲကို အစိုးရက အကြောင်းပြချက် တစ်စုံတစ်ရာနဲ့ ရွှေ့ဆိုင်းလိမ့်မယ်လို့  ကျနော်မထင်ပါ။ ရွေးကောက်ပွဲရွှေ့ဆိုင်းရလောက်တဲ့ အကြောင်းအရာလည်း မရှိပါ။ 

မရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲက နိုဝင်ဘာလမှာ ဖြစ်သွားပါလိမ့်မယ်။ အဲဒီရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါမှာ လူထုအားလုံးက တက်ကြွစွာပါဝင်ကြမယ်။ ရွေးကောက်ပွဲကလည်း အတိုင်းအတာတစ်ခုအထိ သန့်ရှင်းမျှတမယ်၊ ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာသူတွေက မဲရုံတွေကို အနီးကပ် စောင့်ကြည့်လေ့လာပြီး အမှားများကို ဖော်ထုတ်နိုင်ကြမယ်။ နိုင်ငံရေးပါတီတွေကလည်း မြို့နယ်ပြည်သူက လက်ခံနိုင်တဲ့ လူကောင်းတွေကို သမာသမတ်ကျကျ ရွေးချယ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် မျှမျှတတ ယှဉ်ပြိုင်ကြမယ်ဆိုရင် ဒီရွေးကောက်ပွဲကနေ ကောင်းမွန်တဲ့၊ သန့် ရှင်းစင်ကြယ်တဲ့ လူထုကိုယ်စားလှယ်တွေ အများကြီးကို လွှတ်တော်ထဲ ပို့ဆောင်ပေးနိုင်မှာပါ။ ပြည်ထောင်စုလွှတ်တော်တင်မကပါဘူး။ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်တွေကိုပါ လူထုကိုယ်စားလှယ်အစစ်အမှန်တွေကို ရွေးကောက်ပွဲကတဆင့် ပြည်သူများက ပို့ဆောင်ပေးနိုင်ကြမှာပါ။ အဲလိုမျိုး ပို့ဆောင်ပေးနိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဥပဒေပြုယန္တရားကြီးက ပို၍အားကောင်းလာမှာ ဖြစ်ပြီး ထိန်းချုပ်မှုတွေကနေ ဖြေလျှော့ပေးတဲ့ ဒုတိယပိုင်း (Phase 2) ကာလသည် အင်မတန်မှမျှော်လင့်ချက်ရှိလာပါလိမ့်မယ်။

အဲဒီလို ဖြစ်မလာပဲ အားနည်းချက်တစ်စုံတစ်ရာကြောင့်၊ ဥပမာ လူထုက ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံမပြည့်ဝလို့ဘဲဖြစ်စေ၊ မတော်မတရားမှုတွေရှိလို့ပဲဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့်ဖြစ်စေ လူကောင်းသူကောင်းတွေကို ပြည်သူတွေက မှန်မှန်ကန်ကန် မရွေးချယ်ပေးနိုင်ဘူးဆိုလို့ရှိရင် ဒုတိယပိုင်းငါးနှစ်ဟာ လက်ရှိ ငါးနှစ်နဲ့ထူးမခြားနားဘဲဖြစ်နေ ပါလိမ့်မယ်။ အဲဒီလိုဆိုရင် နောက်လာမယ့် အပိုင်းသုံး (Phase 3) မှာလည်း တိုးတက်မှုသိပ်ရှိမှာ မဟုတ်တော့ပါ။ ဒါကြောင့်မို့ လာမည့်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲတွေ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းဖို့အတွက် ၂ဝ၁၅ ရွေး ကောက်ပွဲဆိုတဲ့ သမိုင်းမှတ်တိုင်ကို ပြည်သူတွေအားလုံး အလေးအနက်ထား ဖြတ်သန်းကြရမယ်လို့ ကျနော်ယုံကြည်ပါတယ်။

(၁၁) နအဖ၏ လမ်းပြမြေပုံအလွန်နှင့် ပြည်သူလူထု 
 
စစ်အစိုးရက အဆင့် (၇) ဆင့် လမ်းပြမြေပုံကို ဖန်တီးပြီး အကောင်အထည်ဖော်တဲ့အခါ နောက်ဆုံးအဆင့်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရဖွဲ့စည်းထားတဲ့ အာဏာပိုင်အဖွဲ့အစည်းများကို ရွေးချယ်တာဝန်ပေးပြီးတဲ့ နောက်မှာ အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် လျှို့ဝှက်အစီအစဉ်ရှိတယ်ဆိုရင် အဲဒီအစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခွင့်ပြုထားတဲ့ တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို အခိုင်အမာကာကွယ်နိုင်ရေးအတွက် ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကြိုးစားမှုကို ဆန့်ကျင်ရန်ပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်အဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အခါ ပြည်သူလူထုအပေါ် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လျော့နည်းလာသလို အာဏာကို ကိုင်တွယ်ထားသူများကိုယ်တိုင်လည်း သူတို့ရဲ့ အထက်က အမိန့်ပေးကြိုးကိုင်မှုတွေ လျော့နည်းလာခဲ့တာပါ။ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကို နာခံဆောင်ရွက်ခဲ့ကြရတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ အခုတော့ အစိုးရအာဏာ၊ လွှတ်တော်အာဏာ၊ ပါတီအာဏာ၊ တပ်မတော်အာဏာများကို သီးခြားစီ ကိုင်တွယ်ခွင့်ရသူများ ဖြစ်လာကြပါတယ်။ ကိုယ်ဦးဆောင်ခွင့်ရတဲ့ အာဏာပိုင်အဖွဲ့အစည်းကို အထက်ကအမိန့်မရှိပဲ ကိုယ်တိုင်က အမိန့်ပေးနေကြရပါပြီ။ အဲဒီ အာဏာအသီးသီးကို ပိုင်ဆိုင်ကြတဲ့ ပုဂ္ဂိုလ်များအတွက် လမ်းပြမြေပုံရဲ့ သတ္တမအဆင့် အလွန် လုပ်ငန်းစဉ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အကောင်အထည်ဖော်ခြင်းနဲ့ အတိုက်အခံအင်အားစုများ အားလုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲ ဝင်ရောက်လာအောင် စည်းရုံးခြင်းပဲ ဖြစ်ပါလိမ့်မယ်။

နိုင်ငံတကာက ဖိအားပေးမှုတွေ ရုပ်သိမ်းပြီး အစိုးရကို တရားဝင်အသိအမှတ်ပြုလာအောင်၊ ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ နယ်စပ်ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံလာအောင် အပေးအယူပြု၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမယ်လို့ အစိုးရအာဏာပိုင်များက နားလည်လာကြပါပြီ။ ပြည်သူလူထုကို စည်းရုံးနိုင်ဖို့အတွက် ဖိနှိပ်မှုတွေကို လျှော့ချပေးရမယ်လို့ သဘောပေါက်လာကြပါပြီ။ တရုတ်အစိုးရအပေါ် အလွန်အမင်းမှီခိုနေရခြင်းနဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးဗိုလ်ကျမှု၊ စီးပွါးရေးသွေးဆုတ်မှုများကနေ လွတ်မြောက်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ဆက်ဆံရေးကောင်းဖို့လိုတယ်လို့ သိမြင်နေကြပါပြီ။ ဒီလို သိမြင်နားလည်မှုတွေနဲ့ လက်ရှိအစိုးရက တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်လိုက်ပါပြီ။

ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးရဲ့ ကြမ်းတမ်းတဲ့ ခရီးစဉ်တလျှောက်လုံးမှာလည်း ဒီမိုကရေစီလှုပ်ရှားသူတွေ တစိုက်မတ်မတ်တောင်းဆိုခဲ့ကြတာက တွေ့ဆုံဆွေးနွေးခြင်းဖြင့် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစိုးရကို ယုံကြည်ဖို့ မလိုပေမည့်၊ အစိုးရကို မုန်းတီးပေမည့် တွေ့ဆုံဆွေးနွေးရေးကို လက်ခံဖို့ လိုအပ်ပါတယ်။ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း သီးခြားဆွေးနွေးမှုတွေကနေ ဘက်နှစ်ဘက် တန်းတူညီမျှဆွေးနွေးပွဲမျိုးဖြစ်အောင် ကြိုးစားစည်းရုံးသင့်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကနေ ရနိုင်သမျှ သဘောတူညီမှုတွေ ရအောင်ယူပြီး မတူညီနိုင်သေးတဲ့ ပြဿနာများအတွက် ဆက်လက်ဆွေးနွေးနေကြဖို့ လိုအပ်ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက ရနိုင်သမျှ အခွင့်အရေးတွေကို အမိအရယူပြီး ဒီမိုကရေစီအခွင့်အရေးတွေကို တိုးချဲ့နိုင်ဖို့ လိုအပ်ပါတယ်။ အာဏာပိုင်များဘက်က ပြုပြင်ပြောင်းလဲရေးလိုလားသူများကို နွေးထွေးစွာ လက်ခံကြိုဆိုဖို့ လိုအပ်ပါတယ်။ ဘက်နှစ်ဘက်စလုံးက ပြုပြင်ပြောင်းလဲရေးလိုလားသူများ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
ကမ္ဘာ့နိုင်ငံများနဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စက်မှုလက်မှု၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သား အစစအရာရာ နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမည့်ကာလမှာ ဖြိုလှဲတိုက်ဖျက်ရေးစိတ်ဓာတ်တွေကို ဆက်လက်ကိုင်ဆွဲပြီး ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းနဲ့ပဲ ဆက်လက်ဆန့်ကျင်နေကြဦးမယ်ဆိုရင် တိုင်းပြည်ပဲ ပိုပြီးနစ်နာပါလိမ့်မယ်။ ပြည်သူတွေပဲ ပိုပြီးထိခိုက်ခံစားရပါလိမ့်မယ်။ ဒီမိုကရေစီအပြောင်းအလဲများနဲ့ ပိုပြီး အလှမ်းဝေးနေပါလိမ့်မယ်။

ကျန်ခဲ့တဲ့ နှစ်များမှာ စစ်အာဏာရှင်များနဲ့ ဒီမိုကရေစီအင်အားစုတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရာမှာ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးက အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုကြီးဘက်က ရှိခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ပြည်သူလူထုဟာ အနည်းဆုံး အုပ်စုသုံးစု ကွဲနေပါပါပြီ။ အတိုက်အခံအင်အားစုတွေကို ဆန့်ကျင်ပြီး အစိုးရကို ခါးခါးသီးသီးမုန်းတီးတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြတဲ့ ပြည်သူတွေလည်း သန်းနဲ့ချီပြီး ရှိနေပါတယ်။ ဥပမာအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ပုဒ်မ (၄၃၆) ပြင်ရေး လူထုဆန္ဒလက်မှတ်များကောက်ခံတာ လေးသန်းကျော် ရတယ်လို့ ဆိုပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီးက မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရေးအတွက် အစိုးရနဲ့ လွှတ်တော်ကို အဆိုပြုဖို့ လက်မှတ်တွေ ကောက်ခံတာ ငါးသန်းကျော်ရတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်အင်အားက သိန်းဂဏန်းပဲရှိပြီး  ကြံ့ခိုင်ရေးပါတီဝင်အင်အားက သုံးသန်းကျော်တယ်လို့ ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးလို့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းများအတွက် လျှောက်လွှာခေါ်ရာမှာ သင်တန်းတက်ခွင့်ရဖို့ လျှောက်ထားကြတဲ့ အမျိုးသား၊ အမျိုးသမီးအရေအတွက်က လက်ခံနိုင်တဲ့ သင်တန်းသားအရေအတွက်ထက် ၁၅ ဆလောက် ပိုများပါတယ်။ အတိုက်အခံဘက်မှာတင်မကပဲ အစိုးရဘက်မှာပါ ထောက်ခံသူ ပြည်သူတွေ အများကြီးရှိနေတာ အထင်အရှားပါ။

အစိုးရဘက်ရော၊ အတိုက်အခံတွေဘက်ရော မပါပဲ ကြားမှာ ရပ်တည်တဲ့ ပြည်သူတွေလည်း ရှိကြပါတယ်။ အဲဒီပြည်သူတွေက သူတို့ကို အစိုးရလူတွေလို့လည်း အမြင်မခံနိုင်ကြသူတွေပါ။ အတိုက်အခံတွေက သူတို့ကို "သာကူး" လို့ ပြောမှာကိုလည်း ကြောက်ရွံ့ကြသူတွေပါ။ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကနေ အတန်ငယ်လွတ်မြောက်လာတာကို ကျေနပ်ဝမ်းသာပြီး ရှေ့မှာလည်း တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းလို့ ပိုပြီးတိုးတက်ဖွံ့ဖြိုးဖို့ကို မျှော်လင့်နေကြသူတွေပါ။ အဲဒီပြည်သူတွေက အုပ်စု သုံးစုထဲမှာ အင်အားအများဆုံး ဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ၊ ဘယ်ဘက်ကမှ "ကျုပ်တို့ဘက်မှာ ပြည်သူလူထုကြီး တစ်ရပ်လုံးရှိတယ်" လို့ မကြွေးကြော်နိုင်ကြတော့ပါ။

(၁၂) အဆိပ်ခွက်ကို ရွေးချယ်ခြင်း
 
အထက်မှာ ဖော်ပြခဲ့တဲ့ ကျနော့်ရဲ့ အတွေးအမြင်တွေကို ကျနော့်မိတ်ဆွေအများစုက သဘောမတူကြပါ။ အစိုးရကို ပက်ပက်စက်စက်ဝေဘန်ရှုံ့ချမှ လူကြိုက်များတဲ့ ခေတ်မှာ ကျနော့်အမြင်တွေဟာ လူကြိုက်နည်းမှာ အသေအချာပါ။ ဒီအမြင်တွေကို ဖော်ထုတ်ရေးသားခြင်းဖြင့် ဝေဘန်ကန့်ကွက်မှုတွေ၊ စွပ်စွဲသံတွေ အများအပြား ထွက်ပေါ်လာမှာကိုလည်း ကြိုတင်မျှော်လင့်ထားပါတယ်။ နိုင်ငံရေးအရ ဝေဘန်တာတွေတင်မကပဲ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ စော်ကားတိုက်ခိုက်တာတွေလည်း ရှိလာမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို အပြည့်အဝတန်ဘိုးထားပါတယ်။ ကျနော်ယုံကြည်ရာကို အများသိအောင် ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ဒီယုံကြည်မှုများနဲ့အတူ ကျနော့်ရဲ့ "လူကြိုက်နည်းမည့် မှတ်ချက်များ" ကို ပြည်သူလူထုထံ တင်ပြလိုက်ပါတယ်။ "ဆိုကရေးတီး" လိုပဲ ကျနော်လည်း အဆိပ်ခွက်ကို ရွေးချယ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်ပါစေ။ ဒီမိုကရေစီ ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးများ ရှင်သန်ထွန်းကားပါစေ။ အာဃာတနဲ့ ဒေါသတရားကြီးမားသူများ ငြိမ်းချမ်းအေးမြနိုင်ကြပါစေ။

လေးစားစွာ၊

အောင်ဒင်
(ဧပြီလ ၂၆ရက်၊ ၂၀၁၅)

[စာရေးသူ အောင်ဒင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအဖွဲ့ အတွင်းဝန်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (၂) စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၉ မှ ၁၉၉၃ အထိ ၄ နှစ် သုံးလကျော် အကျဉ်းကျခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွါ၍ စင်္ကာပူနှင့် ထိုင်းနိုင်ငံများတွင် နေထိုင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး U.S. Campaign for Burma အဖွဲ့ကြီးအား တည်ထောင်၍ မြန်မာစစ်အစိုးရအား နိုင်ငံတကာဖိအားပေးမှုများ မြှင့်တင်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကိစ္စအား တာဝန်ယူဖြေရှင်းရေး အတွက် ဦးဆောင်လှုပ်ရှားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အဖွဲ့အစည်းတာဝန်များမှ အနားယူပြီး မြန်မာ့နိုင်ငံရေးဝေဘန်ချက်ဆောင်းပါးများကို ပြည်တွင်း၊ ပြည်ပ စာစောင်များတွင် ရေးသားလျက်ရှိပါသည်။]
 



0 comments: