(7-Day
daily နေ့စဉ်သတင်းစာ၊ မေလ ၂၅ ရက်၊ ၂၀၁၅)
http://7daydaily.com/story/37969
http://7daydaily.com/story/37969
လူကြိုက်နည်းမည့်
မှတ်ချက်များ (၆)
အောင်ဒင်
(၇/
၂) အလွန်အကျွံ ဖြစ်မှုများနှင့်
အကြမ်းဖက်ဖြိုခွဲခံရခြင်း။
ဧရာဝတီစစ်ကြောင်း၊ မြေလတ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်းများမှ
ကျောင်းသားများက သပိတ်မှောက်ချီတက်တာကို ရပ်နားပြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ကို စောင့်ကြည့်ဖို့
ဆုံးဖြတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ လက်ပံတန်းမြို့နယ်ကို ရောက်ရှိလာတဲ့ ပင်မသပိတ်စစ်ကြောင်းကတော့
သပိတ်ကို မတ်လ ၁ ရက်နေ့အထိသာ ခေတ္တရပ်နားပြီး မတ်လ ၁ ရက်နေ့မှာမှ လွှတ်တော်က ပြင်ဆင်ချက်ဥပဒေကို
အတည်မပြုရင် သပိတ်စစ်ကြောင်း ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ဆုံးဖြတ်ကြပါတယ်။
ဒီနေရာမှာ ကျောင်းသားများနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးနက်ဝပ်က
ကိုယ်စားလှယ်များဟာ လွှတ်တော်ရဲ့ ဥပဒေပြုခြင်း လုပ်ထုံးလုပ်နည်းများကို နားမလည်ကြတာတွေ့ရပါတယ်။
လေးပွင့်ဆိုင်အစည်းအဝေးမှာ လွှတ်တော်ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ မှန်ပါတယ်။
ဒါပေမည့် အဲဒီကိုယ်စားလှယ်များဟာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ကိုယ်စား ဆုံးဖြတ်ပေးခွင့်မရှိပါ။
အစိုးရဘက်က ကျောင်းသားများရဲ့ တောင်းဆိုချက်တွေနဲ့ ရေးဆွဲတဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းကို
တင်သွင်းလာတဲ့အခါ လွှတ်တော်တွင်းမှာ ဦးစားပေးဆွေးနွေးဖို့ပဲ သဘောတူခွင့်ရှိပါတယ်။ ဒါကို
ကျောင်းသားများနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးနက်ဝပ်က ကိုယ်စားလှယ်များက သူတို့တောင်းဆိုတဲ့
(၁၁) ချက်ကို အစိုးရနဲ့ လွှတ်တော်က လေးပွင့်ဆိုင်အစည်းအဝေးမှာ သဘောတူပြီး ဖြစ်လို့ အစိုးရတင်သွင်းတဲ့
ဥပဒေကြမ်းကို လွှတ်တော်က ချက်ချင်းအတည်ပြုပေးဖို့ တာဝန်ရှိတယ်လို့ ယူဆကြပါတယ်။ လက်တွေ့မှာ
လွှတ်တော်က ဥပဒေပြုလုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်နှစ်ရပ်အနက်က အမျိုးသားလွှတ်တော်ကို
အရင်ဆုံးစဉ်းစားရန် တာဝန်ပေးပြီး အမျိုးသားလွှတ်တော်က မတ်လ ၅ ရက်နေ့ကနေ မတ်လ ၁၅ ရက်နေ့အထိ
ကြားနာပွဲများကျင်းပမည့် အချိန်စာရင်းကို ထုတ်ပြန်တဲ့ အခါမှာ အစိုးရနဲ့ လွှတ်တော်က ကတိပျက်တယ်လို့
ကျောင်းသားများက စွပ်စွဲကြပါတော့တယ်။ သပိတ်အရှိန်ကို မြှင့်ဖို့ ကြိုးစားကြပါတော့တယ်။
အဲဒီအချိန်မှာ အစိုးရသတင်းစာတွေ့မှာ နေ့စဉ်ရက်ဆက်ဖော်ပြတဲ့
ကျောင်းသားများရဲ့ တောင်းဆိုချက် (၁၁) ချက်အပေါ် ကန့်ကွက်ဝေဘန်ချက်ဆောင်းပါးတွေ၊ ပညာရေးဝန်ကြီးကနေ
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများထံ လျှို့ဝှက်ခေါင်းစဉ်နဲ့ ပေးပို့တဲ့ ကျောင်းသားများရဲ့
တောင်းဆိုချက်များအပေါ် ဝေဘန်ချက်တွေက ကျောင်းသားများနဲ့ ကျောင်းသားသပိတ်ထောက်ခံသူများရဲ့
မကျေနပ်မှုကို ပိုပြီးခိုင်မာအားကောင်းစေပါတယ်။
အစိုးရဘက်ကလည်း ကျောင်းသားများတောင်းဆိုတာကို လိုက်လျောပေးပြီးပြီမို့
သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မှာကို လုံးဝလက်မခံနိုင်တော့ပါ။ လူစုခွဲဖို့ပဲ တောင်းဆိုပါတော့တယ်။
မတ်လ ၂ ရက်နေ့မှာ ပင်မသပိတ်စစ်ကြောင်းက လက်ပံတန်းကနေ ဆက်လက်ချီတက်ဖို့ ကြိုးစားတဲ့အခါ
လုံခြုံရေးတပ်ဖွဲ့များက လမ်းပိတ်ဆို့ထားပြီး ထွက်ခွါခွင့်မပေးပဲ အခြေအနေတင်းမာလာခဲ့ပါတယ်။
သံဃာ့အဖွဲ့အစည်းများနဲ့ ဩဇာကြီးမားတဲ့ ဆရာတော်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ
ဝင်ရောက်ညှိနှိုင်းပေးကြပေမည့် မအောင်မြင်တော့ပါ။ မတ်လ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ချီတက်ဖို့
ကြိုးစားတဲ့ ကျောင်းသားတွေကို ရန်ကုန်ကို လုံးဝအဝင်မခံနိုင်တဲ့ အစိုးရက အကြမ်းဖက်ဖြိုခွဲလိုက်ပါတယ်။
ကျောင်းသားနဲ့ ဝန်းရံသူ ၁၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး
နောက်ပိုင်းမှာ သံဃာတော်နဲ့ ကျောင်းသား ၃၀ ခန့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးထားသူ
၈၀ ကျော်ကို ပုဒ်မမျိုးစုံနဲ့ စွဲချက်တင်ပြီး ရုံးတင်စစ်ဆေးနေပါတယ်။ လွတ်မြောက်နေဆဲ
ကျောင်းသားခေါင်းဆောင်အချို့ကိုလည်း ဖမ်းဝါရမ်းထုတ်ထားပါသေးတယ်။
(၇/
၃) ပြည်သူအများ ရှုံးပါတယ်။
ဒီဖြစ်ရပ်ကို သေသေချာချာလေ့လာသုံးသပ်ကြည့်မယ်ဆိုရင် သဘောထားတင်းမာသူတွေက
နှစ်ဘက်စလုံးမှာ ရှိနေတာကို တွေ့ရပါတယ်။
အစိုးရဘက်မှာလည်း ကျောင်းသားများရဲ့ အသံကို
နားမထောင်ချင်ပဲ တစ်ဘက်သတ်ဆောင်ရွက်ချင်သူတွေ၊ စိတ်ရှည်လက်ရှည် ဆွေးနွေးညှိနှိုင်းရမည့်အစား
အင်အားသုံးအကြမ်းဖက်ချင်သူတွေ၊ ဗကပယူဂျီတွေက ကျောင်းသားများ နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုပြီး
အလွန်အကျွံစိုးရိမ်ပူပန်နေသူတွေ ရှိနေတာ အထင်အရှားပါ။ သပိတ်မှောက်ကျောင်းသားများဘက်မှာလည်း
မူလအစက တွေ့ဆုံဆွေးနွေးဖို့ကိုသာ တောင်းဆို ခဲ့တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးခွင့်ရချိန်မှာ
အပေးအယူလုပ် ညှိနှိုင်းချင်စိတ်မရှိတာတွေ၊ လွှတ်တော်ရဲ့ လုပ်ငန်းသဘာဝကို နားလည်ဖို့ မကြိုးစားပဲ
တောင်းဆိုသမျှ အကုန်၊ ချက်ချင်းရချင်တာတွေ၊ သပိတ်ကို ရပ်သင့်တဲ့အချိန်မှာ မရပ်ပဲ ရန်ကုန်
အရောက်ချီတက်ပြီး
အောင်ပွဲခံချင်စိတ်က ကြီးမားနေတာတွေကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်မှာ အစိုးရလည်း ရှုံးပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို
အကြမ်းဖက်ရိုက်နှက်လို့ နိုင်ငံတကာအစိုးရများရဲ့ ပြစ်တင်မှု၊ ပြည်သူလူထုရဲ့ အယုံအကြည်ကင်းမဲ့မှုတွေကို
ခံစားရပါတယ်။ ဒီမိုကရေစီအင်အားစုရဲ့ ခေါင်းဆောင်အဖွဲ့အစည်းများဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) လည်း ရှုံးပါတယ်။ ဒီအဖွဲ့အစည်းကြီးနှစ်ခုက
ခေါင်းဆောင်များက ဒီပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကျောင်းသားများနဲ့
အစိုးရအကြား ကြားဝင် ကြိုးပမ်းညှိနှိုင်းပေးခဲ့တာကို အသိအမှတ်မပြုကြပဲ ကျောင်းသားများဘက်က
ရပ်တည်တိုက်ပွဲမဝင်လို့ ဆိုပြီး အပြစ်ဆိုခံကြရပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ
အနိုင်ရလိုက်သူတွေက ဘက်နှစ်ဘက်စလုံးက သဘောထားတင်းမာသူတွေပဲ ဖြစ်ကြပါတယ်။
နှစ်ပေါင်းများစွာ တင်းကြပ်တဲ့ ဖိနှိပ်မှု၊ နိုင်ငံရေးမတည်မငြိမ်မှုတွေအောက်မှာ
အသက်ရှူမွန်းကြပ်ခဲ့ရလို့ အခု ရရှိနေတဲ့ တည်ငြိမ်မှု၊ လွတ်လပ်မှုအတိုင်းအတာကို ကျေနပ်လက်ခံပြီး
တဖြေးဖြေးနဲ့ ပို၍လွတ်လပ်၊ ပို၍တည်ငြိမ်၊ ပိုပြီးတိုးတက်လာဖို့ မျှော်လင့်နေကြတဲ့ ပြည်သူအများစုကတော့
မပြိုင်ပဲနဲ့ ရှုံးကြရပါတယ်။
(၈)
အစိုးရကို မယုံကြည်ခြင်းနှင့် ပါတ်သက်၍ …။
လက်ပံတန်းအကြမ်းဖက်မှုကြောင့် အစိုးရကို မယုံကြည်ဘူးလို့
ကြွေးကြော်သံတွေက ပိုပြီးကျယ်လောင်လာပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ လက်ရှိ ဗိုလ်ချုပ်များ
ပူးပေါင်း
ဖွဲ့စည်းထားပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ အရပ်သားအမည်ခံအစိုးရကို မယုံကြည်တာ
သဘာဝကျပါတယ်။ အစိုးရအဖွဲ့ထဲမှာလည်း အာဏာရှင်ခေတ်က အကျင့်စရိုက်တွေကို ပွေ့ဖက်ထားဆဲဖြစ်တဲ့
အရာရှိကြီးတွေ အများကြီးပါ။ ဒီမိုကရေစီကျင့်စဉ်တွေကို မနှစ်သက်ပဲ၊ လူထုကို ကိုယ်စားမပြုချင်ပဲ
လူထုကို ဖိနှိပ်ချင်သူတွေလည်း အစိုးရထဲမှာ ရှိနေတာပါ။ သမ္မတကိုယ်တိုင်က ကျပ် ၃ သိန်းအထိ
လက်ဆောင်ယူခွင့် တရားဝင်ခွင့်ပြုထားလို့ အဂတိလိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကလည်း
နက်နက်ရှိုင်းရှိုင်းရှိနေပါသေးတယ်။
လက်တွေ့ဘဝအဖြစ်အပျက်တွေက သမ္မတမိန့်ခွန်းများ၊ ညွှန်ကြားချက်များနဲ့
ဆန့်ကျင်ဘက်ဖြစ်နေတာတွေလည်း အများကြီးပါ။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်က
နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းကြီးဖြစ်နေပြီး အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာတွေကို
ထိန်းချုပ်ထားနိုင်တာလည်း စိတ်မချမ်းသာစရာပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါပြီဆိုတဲ့
ကြွေးကြော်သံတွေအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲပါ။ ပြည်သူ့ဆန္ဒကို လေးစားတယ်လို့
ကြွေးကြော်နေတဲ့ လွှတ်တော်ကနေ ပြည်သူ့ဘဝကို၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထိန်းချုပ်တဲ့
ဥပဒေတွေကို မရုပ်သိမ်းနိုင်သေးပါ။ တရားစီရင်ရေးစနစ်ကလည်း အရင်ခေတ်ကလိုပဲ မမျှတ၊ မမှန်ကန်၊
အုပ်ချုပ်သူများရဲ့ ဩဇာသက်ရောက်မှု ခံနေရဆဲပါ။ တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှရေးတောင်းဆိုချက်တွေနဲ့လည်း
အလှမ်းဝေးနေဆဲပါ။ တိုင်းပြည်ရဲ့ စီးပွါးရေးကဏ္ဍကိုလည်း အာဏာပိုင်များနဲ့ နီးစပ်သူများ၊
တပ်မတော်စီးပွါးရေးလုပ်ငန်းများနဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်များက ထိန်းချုပ်လွှမ်းမိုးထားဆဲပါ။
ဒါကြောင့်မို့ ဒီအစိုးရကို မယုံကြည်ဘူးဆိုတာ သဘာဝကျတဲ့ ခံစားချက်တစ်ခုပါ။
ဒါပေမည့် အစိုးရကို မယုံကြည်တာတစ်ခုတည်းနဲ့တော့ တိုင်းပြည်ပြောင်းလဲအောင်
မဆောင်ရွက်နိုင်ပါ။ အစိုးရအပေါ် အမုန်းတရားများနဲ့ ခါးခါးသီးသီးဆန့်ကျင်နေရုံနဲ့ ပြည်သူအများလိုလားတဲ့
ဒီမိုကရေစီကို မရရှိနိုင်ပါ။
(၈/၁)
တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရေး
၁၉၈၈ ခုနှစ်မှာ ကျနော်တို့ပြည်သူတွေ မြန်မာနိုင်ငံရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို
ဆန့်ကျင်တွန်းလှန်ခဲ့ကြပါတယ်။ အဲဒီတုံးက နိုင်ငံရေးအပြောင်းအလဲတွေ ဖန်တီးနိုင်ဖို့
ကျနော်တို့ ရွေးချယ်ခဲ့ရတဲ့ နည်းလမ်းက "နိုင်ငံတဝှမ်းမှာ လူထုဆန္ဒပြပွဲများဖြစ်ပေါ်အောင်
စည်းရုံးလှုံ့ဆော်ခြင်း" ဖြစ်ပါတယ်။ အဲဒီနည်းလမ်းကလွဲရင်လည်း အခြားနည်းလမ်းမရှိပါ။
တက္ကသိုလ်မြေမှာ စတင်ခဲ့တဲ့ မဆလအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ကျောင်းသားများက ပြည်သူလူထုထံ
သယ်ဆောင်သွားပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံပါဝင်မှုကို စည်းရုံးနိုင်ခဲ့ပါတယ်။
နိုင်ငံတဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ အစိုးရဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ မဆလပါတီဝင်များ၊
တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်များပါ ပါဝင်ဆင်နွှဲလာလို့ အစိုးရယန္တရားကြီးတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာ မဆလအစိုးရရဲ့ အဓိကဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို
ပစ်ခတ်သတ်ဖြတ်ပြီး နိုင်ငံတော်အာဏာကို မဆလအစိုးရထံကနေ လွှဲပြောင်းရယူလိုက်လို့ ကျနော်တို့
အရေးနိမ့်ခဲ့ရပေမည့် ဒီအရေးတော်ပုံကြီးက တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်စိုးခဲ့တဲ့ အာဏာရှင်ဦးနေဝင်းရဲ့
တစ်ပါတီ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို လမ်းခင်းပေးနိုင်ခဲ့ပါတယ်။
အဲဒီ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးမှာလည်း ကျနော်တို့အားလုံး
လူထုဆန္ဒပြပွဲကြီးတွေရဲ့ ဖိအားနဲ့ မဆလအစိုးရကို စားပွဲဝိုင်းမှာ အတိုက်အခံခေါင်းဆောင်များနဲ့
တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ တောင်းဆိုခဲ့ကြတာပါ။ လူထုဆန္ဒပြပွဲနဲ့ တိုက်ပွဲဖော်ဆောင်ပြီး
ဒိုင်ယာလော့နဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။ ဒါပေမည့် အဲဒီအချိန်တုံးက
ကျနော်တို့ဘက်မှာ မဆလအစိုးရကို ပိုပြီးအကြပ်အတည်းတွေ့စေမည့်၊ ဒိုင်ယာလော့စားပွဲပေါ်တွန်းပို့ပေးနိုင်မည့်
နိုင်ငံတကာဖိအားပေးမှုတွေ၊ နယ်စပ်ဒေသက လက်နက်ကိုင်တော်လှန်ရေးရဲ့ ဖိအားတွေ မရှိခဲ့ပါ။
အဲဒီတုံးကလည်း ကျနော်တို့တွေ ပြည်သူတွေနဲ့ ပူးပေါင်းလာမည့် တပ်ထဲက သူရဲကောင်းတွေကို
မျှော်လင့်ခဲ့ကြဘူးပါတယ်။ တပ်ကနေ ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းသူတွေထဲမှာ ဗိုလ်ကြီးအဆင့်ပဲ
ရာထူးအမြင့်ဆုံးရှိခဲ့ပါတယ်။ မလုံလောက်ပါ။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို စစ်အစိုးရက ငြင်းပယ်ပြီးနောက်ပိုင်းမှာလည်း
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာပြည်သူများ ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။ ပြည်တွင်းမှာ
ဆက်လက်လှုပ်ရှားသူများက အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒပြမှုများ၊ အာဏာဖီဆန်မှုများနဲ့
စစ်အစိုးရကို ဆန့်ကျင်ပြီး နယ်စပ်ဒေသကို တိမ်းရှောင်သွားသူများက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့
လက်တွဲလို့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကြပါတယ်။ ဒါပေမည့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့
တကွ ဒီမိုကရေစီခေါင်းဆောင်များကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတကာအစိုးရများကလည်း
ထိထိရောက်ရောက် ဖိအားမပေးနိုင်၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကလည်း ထိထိရောက်ရောက်မတိုက်နိုင်တဲ့အပြင်
တရုတ်အစိုးရနဲ့ ထိုင်းအစိုးရများက မြန်မာစစ်အစိုးရဘက်က ရပ်တည်ကူညီကြတာမို့ ကျနော်တို့
မအောင်မြင်ခဲ့ပါ။ အဲဒီကာလမှာလည်း ဒီမိုကရေစီအင်အားစုကြီးရဲ့ မျှော်လင့်ချက်က နိုင်ငံရေးပြဿနာများကို
တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းဖို့ပဲ ဖြစ်ပြီး စစ်အစိုးရကတော့ တွေ့ဆုံဆွေးနွေးဖို့ကို
ငြင်းပယ်ပြီး ဒီမိုကရေစီအင်အားစုကို အမြစ်ဖြတ်၊ အပြုတ်တိုက်ရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲအနိုင်ရပါတီကို အပြီးတိုင်ဖျက်သိမ်းနိုင်ရေးဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်စီးပြိုလဲသွားပြီဆိုရင်
စစ်အစိုးရရဲ့ တရားဝင်မှုကို နိုင်ငံတကာက မေးခွန်းထုတ်စရာ မရှိတော့ပါ။
အဲဒီလို စစ်အစိုးရက ပြည်တွင်းက ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုကြီးကို
အပြီးတိုင်ချေမှုံးနိုင်ဖို့ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ တိုးမြှင့်ရာမှာ ပိုပြီးအာရုံစိုက်နိုင်ဖို့အတွက်
နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒေသအလိုက် စစ်ဘုရင်တွေလုပ်ခွင့်ပေးပြီး
စည်းရုံးလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အတော်များများ စစ်အစိုးရပေးတဲ့
အခွင့်အရေးတွေကို လက်ခံ၊ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားစစ်ခေါင်းဆောင်များနဲ့ မြန်မာစစ်ဗိုလ်ချုပ်များ
ဂေါက်အတူရိုက်၊ ကျွန်းသစ်တွေ အတူခုတ်၊ ကျောက်စိမ်းတွေအတူတူးပြီး ငြိမ်းချမ်း
ပျော်ရွှင်နေကြချိန်မှာ
ပြည်တွင်းဒီမိုကရေစီအင်အားစုကြီးကတော့ စစ်အစိုးရရဲ့ အရှိန်အဟုန်မြှင့်ဖိနှိပ်မှုအောက်မှာ
အပြင်းအထန်နာကျင်နေရပါတယ်။
ဒါပေမည့် မြန်မာ့ဒီမိုကရေစီအင်အားစုကြီး ပြိုလဲမသွားခဲ့ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်စီးမသွားခဲ့ပါ။ ထိပ်တန်းခေါင်းဆောင်များ အကျဉ်းကျနေတာတောင်မှ
ကျန်ရှိနေတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေဟာ သူတို့ပါတီတည်ရှိမှုကို အပြင်းအထန်
ကာကွယ်နိုင်ခဲ့ကြပါတယ်။ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ၊
တတ်သိပညာရှင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ စတဲ့အင်အားစုတွေကလည်း ရွေးကောက်ပွဲအနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲရပ်တည်ပြီး ဖိနှိပ်မှုများကို
ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအပါအဝင် တတိယနိုင်ငံများကို ပြန့်နှံ့ရောက်ရှိလာကြတဲ့
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကလည်း အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတွေကို စစ်အစိုးရကို
အသိအမှတ်မပြုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ်
အသိအမှတ်ပြုကြဖို့၊ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ ပြစ်ဒဏ်ခတ်အရေးယူဖို့
စည်းရုံးနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့
လုံခြုံရေးကောင်စီက မြန်မာ့အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူရတဲ့ အဆင့်အထိ
နိုင်ငံတကာဖိအားပေးမှုက မြင့်မားခဲ့ပါတယ်။
0 comments:
Post a Comment