(7-Day
daily နေ့စဉ်သတင်းစာ၊ မေလ ၂၄ ရက်၊ ၂၀၁၅)
http://7daydaily.com/story/37894
http://7daydaily.com/story/37894
လူကြိုက်နည်းမည့်
မှတ်ချက်များ (၅)
အောင်ဒင်
(၆)
ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်းနှင့် ပါတ်သက်၍..။
အခုအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေ ရပ်တန့်နေပြီလို့
အတိုက်အခံအင်အားစုများက စွပ်စွဲကြပါတယ်။ တချို့ကဆိုရင် နောက်ကြောင်းပြန်လှည့်နေပြီလို့တောင်
ပြောကြပါတယ်။ ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများဟာ ရပ်တန့်မနေပဲ
ဆက်လက်ရွေ့လျားနေပါတယ်။ ဒါပေမည့် ရွေးကောက်ပွဲအသစ်တစ်ခုကို မလွဲမသွေ ဖြတ်သန်းရတော့မည့်
၂၀၁၅ ခုနှစ်မှာ၊ လွှတ်တော်အသစ်နဲ့ အစိုးရအသစ်ကို ပြန်လည်ရွေးချယ်ရခါနီးမှာ အာဏာရှိသူများက
"အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး" နဲ့ အတိုက်အခံများက "အာဏာရရှိရေး"
ဆိုတဲ့ အပြိုင်အဆိုင်ရည်မှန်းချက် နှစ်ခုကြောင့် နှစ်ဘက် ပဋိပက္ခတွေ ပိုများပြီး သဘာဝကျကျ
နှေးကွေးလာ ခြင်းဖြစ်တယ်လို့ မြင်ပါတယ်။
နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲဟာ
အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ လက်ရှိလွှတ်တော်ရဲ့ ငါးနှစ်သက်တမ်းက ၂၀၁၆
ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ပါမယ်။ လက်ရှိအစိုးရရဲ့ ငါးနှစ်သက်တမ်းက
၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲက အရွေးချယ်ခံရတဲ့
လွှတ်တော်ကိုယ်စားလှယ်များက နောက်ငါးနှစ်သက်တမ်းတာဝန်ယူမည့် လွှတ်တော်အသစ်ကို ဖွဲ့စည်းပါမယ်။
လွှတ်တော်ကိုယ်စားလှယ်အများစုမှ ရွေးချယ်တင်မြှောက်ခံရသူက သမ္မတအသစ်ဖြစ်လာပြီး အစိုးရအဖွဲ့အသစ်ကို
ဖွဲ့စည်းလို့ နောက်ငါးနှစ်သက်တမ်း တာဝန်ယူပါမယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို
(၂၀၁၆-၂၀၂၀) ငါးနှစ်သက်တမ်းအတွက် အစိုးရအသစ်၊
လွှတ်တော်အသစ် များက ဆက်လက်အကောင်အထည်ဖော်ကြရမှာပါ။ ဒါကြောင့်မို့ ၂၀၁၅ ခုနှစ်ဟာ လက်ရှိအစိုးရရော၊
အတိုက်အခံအင်အားစုရော အတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနှစ်ပါ။ တကယ်တော့ ရွေးကောက်ပွဲကော်မရှင်က
တရားဝင်မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ခွင့်မပြုသေးပေမည့် တရားမဝင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကတော့
စတင်နေပါပြီ။
ကျနော်တို့ ငယ်ငယ်က "စာပေဟောပြောပွဲ" ဆိုတာ မြန်မာနိုင်ငံရဲ့
လှပတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ နှစ်စဉ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ ထင်ရှားတဲ့ စာပေပညာရှင်များကို
ဒေသအလိုက် ဖိတ်ကြားလို့ စာပေရေးရာဟောပြောဆွေးနွေးမှုများကို ပြည်သူတွေက လေးလေးစားစားနားထောင်ကြတာပါ။
အခုတော့ စာပေဟောပြောပွဲဆိုတာကို တစ်နှစ်ပါတ်လုံး ကျင်းပနေကြပြီး ဟောပြောသူများကလည်း
စာပေပညာရှင်များတင်မကတော့ပဲ နိုင်ငံရေး လှုပ်ရှားသူများပါ ပါဝင်ဟောပြောနေကြပါပြီ။
ဟောပြောချက်တွေအများစုကလည်း စာပေအကြောင်းထက် နိုင်ငံရေးအကြောင်း၊ အစိုးရမကောင်းကြောင်းတွေက
ပိုများပြီး အချို့ဟောပြောသူများဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရေး
စင်မြင့်ပေါ်ကနေ တိုက်ရိုက်စည်းရုံးနေကြပါတယ်။ နိုင်ငံတဝှမ်းကျင်းပနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း
နှစ်တစ်ရာပြည့်အခန်းအနားများကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်လှုပ်ရှားမှုမျိုး
ဖြစ်နေပါတယ်။
အလားတူပါပဲ။ နိုင်ငံတဝှမ်း၊ မြို့တိုင်းနယ်တိုင်းမှာ တခန်းတနားကျင်းပနေကြတဲ့
ဆရာတော်၊ သံဃာတော်များရဲ့ ဗုဒ္ဓဘာသာတရားပွဲများမှာလည်း နိဗ္ဗာန်ရောက်ကြောင်းတရားထက် ဘာသာခြားမုန်းတီးရေး
လှုံ့ဆော်ချက်တွေက ပိုများနေပါတယ်။ ဆရာတော်အချို့ကဆိုရင် အမျိုး၊ ဘာသာ၊ သာသနာ
ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးပဲ ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးကြဖို့ တရားဟောစင်မြင့်ထက်ကနေ
မိန့်ကြားနေကြပါတယ်။ လက်ရှိကြံ့ခိုင်ရေးပါတီ အမတ်များကလည်း ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်ဘဏ္ဍာငွေထဲကနေ
ခွဲဝေသတ်မှတ်ပေးတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနဲ့ မဲဆန္ဒနယ်အတွင်း လူထုအကြိုက်လုပ်ငန်းများကို
ဆောင်ရွက်ပေးလို့ မဲဆွယ်စည်းရုံးခွင့် ရနေကြပါတယ်။ ဟောပြောပွဲများ၊ တရားပွဲများမှာ
မဲဆွယ်စည်းရုံးဟောပြောရုံတင်မပဲ အဲဒီဟောပြောချက်တွေကို တိပ်ခွေများမှာ အသံသွင်းပြီး
လက်ဆင့်ကမ်းဖြန့်ချီကြပါသေးတယ်။
ဒီလိုအချိန်မှာ အာဏာရအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို
အားသွန်ခွန်စိုက်ရှေ့ဆက်ဆောင်ရွက်ဖို့ထက် နောက်ငါးနှစ် အာဏာဆက်ရရေးအတွက် ရွေးကောက်ပွဲအောင်နိုင်ရေး
နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေကို ပိုပြီးအာရုံစိုက်မှာ သဘာဝကျပါတယ်။ အတိုက်အခံ
အင်အားစုများကလည်း
အစိုးရဆောင်ရွက်သမျှကို ပို၍ပို၍အပြစ်ပြောတာ၊ အစိုးရအပေါ် ပြည်သူတွေအယုံအကြည်ကင်းမဲ့အောင်
လှုံ့ဆော်တာ၊ အစိုးရက နောက်ကြောင်းပြန်လှည့်နေပြီလို့ စွပ်စွဲတာ သဘာဝကျပါတယ်။ ရွေးကောက်ပွဲပြီးလို့
လွှတ်တော်အသစ်၊ အစိုးရအသစ်တွေ ပေါ်ပေါက်လာပြီးမှပဲ ဆက်၍ရွေ့ခြင်း၊ မရွေ့ခြင်းကို သေသေချာချာ
အကဲဖြတ်နိုင်မယ် ထင်ပါတယ်။
(၇)
ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများနှင့် ပါတ်သက်၍ …။
အစိုးရက နောက်ကြောင်းပြန်လှည့်နေပြီလို့ စွပ်စွဲကြရမှာ
သတင်းမီဒီယာသမားများကို တရားစွဲဆို ထောင်ချတာတွေ၊ ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်သူတွေကို
ဖမ်းဆီးတရားစွဲတာတွေ၊ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဝမ်းရေးအတွက် လယ်ယာစိုက်ပျိုးကြသူတွေကို
ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုထောင်ချတာတွေ၊ အရပ်သားလူမိုက်တွေကို ဆန္ဒပြမှုများကို
ဖြိုခွဲရာမှာ တရားဝင်အသုံးချတာတွေ၊ နိုင်ငံရေးအကျဉ်းသားအရေအတွက် ပြန်လည်တိုးမြင့်လာတာတွေကို
အများက ထောက်ပြကြပါတယ်။ အဆိုးဆုံးကတော့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက်
တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာပဲ
ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ပါတ်သက်ပြီး အစိုးရအပေါ် နာနာကျည်းကျည်းအပြစ်တင်ကြပါတယ်။
ရိုက်နှက်ဖမ်းဆီးခံကြရတဲ့ ကျောင်းသားများဘက်က ရပ်တည်ပြီး "ကျောင်းသားတွေနိုင်တယ်"
လို့ စာနာထောက်ထားမှုနဲ့ ကြွေးကြော်ကြပါတယ်။
ကျနော်အမြင်ကတော့ ဒီဖြစ်ရပ်များအတွက် အစိုးရဘက်ရော၊ အတိုက်အခံအင်အားစုဘက်မှာပါရှိနေတဲ့
သဘောထားတင်းမာသူများမှာ တာဝန်ရှိပါတယ်။ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်တောင်းဆိုခဲ့ရတဲ့
သတင်းလွတ်လပ်ခွင့်ဆိုတာကို ရရှိနေချိန်မှာ အဲဒီလွတ်လပ်ခွင့်ကို စည်းကမ်းရှိရှိ တန်ဘိုးထားပြီး
ကျင့်ဝတ်သိက္ခာနဲ့အညီ သတင်း ရေးသားဖော်ထုတ်မှုတွေက အင်မတန်နည်းနေပါတယ်။ အများကြိုက် ကောလာဟဠသတင်းတွေ၊
အထောက်အထားမရှိ၊ အခြေအမြစ်မခိုင်မာတဲ့ အစိုးရမကောင်းကြောင်း သတင်းရေးသားမှုတွေက ပိုများပါတယ်။
အတင်းအဖျင်းတွေကို သတင်းလုပ်ရေးကြရုံတင်မကပဲ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များကို
ပုဂ္ဂိုလ်ရေးအရ ဆဲဆိုကြိမ်းမောင်းတာတွေ၊ ကိုယ်ရေးကိုယ်တာတိုက်ခိုက်တာတွေ၊ အစိုးရဘာလုပ်လုပ်
မကောင်းဘူးလို့ ဝေဘန်ရှုံ့ချတဲ့ သတင်းဆောင်းပါးတွေက စာမျက်နှာတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူနေပါတယ်။
အစိုးရဘက်ကလည်း အဲဒီလို ပုဂ္ဂလိကသတင်းစာများ၊ ဂျာနယ်များက ဝေဘန်တိုက်ခိုက်မှုတွေကို နိုင်ငံပိုင်နဲ့
တပ်ပိုင်သတင်းစာများကနေ တုန့်ပြန်ရေးသားရုံမက တရားစွဲထောင်ချတဲ့အထိ တုန့်ပြန်လာတော့
နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် "သတင်းသမားများအား
ကာကွယ်ရေးကော်မတီ" (Committee to Protect Journalists) က ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၂
ရက်နေ့မှာ ထုတ်ပြန်တဲ့ "ကမ္ဘာပေါ်တွင် သတင်းထိန်းချုပ်မှုအတင်းကြပ်ဆုံး ၁၀ နိုင်ငံစာရင်း"
မှာ မြန်မာနိုင်ငံက နံပါတ် (၉) ချိတ်တဲ့ အခြေအနေရောက်လာပါတယ်။ အဲဒီလို မြန်မာအစိုးရ
နံမည်ပျက်စာရင်းအသွင်းခံရတာကို အတိုက်အခံအင်အားစုများ၊ သတင်းသမားများက ဝမ်းသာကျေနပ်နေမယ်
ထင်ပါတယ်။ ဒါပေမည့် သတိပြုဖို့က၊ တကယ်လို့များ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုက ကမ္ဘာ့နိုင်ငံများရဲ့
စာပေလွတ်လပ်ခွင့်ပေါ် တန်ဘိုးထားမှု၊ သတင်းစာကျင့်ဝတ်ခိုင်မာမှုကို အဆင့်အတန်းသတ်မှတ်မယ်ဆိုရင်လည်း
မြန်မာနိုင်ငံက အောက်ဆုံးအဆင့်မှာပဲ ရှိနေမှာပါ။
(၇/၁)
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ ပါတ်သက်ရင်လည်း အလားတူဖြစ်ပါတယ်။
အစိုးရနဲ့ လွှတ်တော်က အမျိုးသားပညာရေး ဥပဒေကြမ်းကို ရေးဆွဲစဉ်ကာလမှာ ကျောင်းသားများ၊
ဆရာများရဲ့ ပညာရေးလွတ်လပ်ခွင့်ဆိုင်ရာ တင်ပြချက်တွေကို အလေးအနက်မထားခဲ့ပါ။ ဥပဒေကြမ်းကို
လွှတ်တော်မှာ တင်သွင်းပြီးလို့ ဆွေးနွေးစဉ်ကာလမှာလည်း ကျောင်းသားများရဲ့ ဆန္ဒကို ဖိတ်ခေါ်ကြားနာခြင်းမရှိပဲ
ဥပဒေကြမ်းကို အတည်ပြုလိုက်ကြပါတယ်။ အဲဒီလို ကျောင်းသားတွေရဲ့ ဆန္ဒကို ထည့်သွင်းမစဉ်းစားပဲ
အတည်ပြုလိုက်တဲ့ "အမျိုးသားပညာရေးဥပဒေ" ကို ပြင်ဆင်ပေးဖို့ ကျောင်းသားများက
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ လေးရက်ကြာ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာ
ဆန္ဒပြပွဲတွေ ဆင်နွှဲပြီး တောင်းဆိုကြပါတယ်။ ကျောင်းသားများရဲ့ မူလတောင်းဆိုချက်က
"အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက် ကျောင်းသားကိုယ်စားလှယ်များ၊
ပညာရေးပြုပြင်ပြောင်းလဲရေးနက်ဝပ်မှ ကိုယ်စားလှယ်များ၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်များ
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး" ဖြစ်ပါတယ်။
ဒါပေမည့် ကျောင်းသားများရဲ့ တောင်းဆိုချက်ကို
အစိုးရက သတ်မှတ်ထားတဲ့ ရက်ပေါင်း (၆၀) အတွင်း တုန့်ပြန်ခြင်းမရှိခဲ့ပဲ ရက်ပေါင်း (၆၀)
ကျော်ပြီးမှ အစိုးရကနေ လွှတ်တော်ကို ကျောင်းသားများ၏ တောင်းဆိုချက်အရ အမျိုးသားပညာရေးဥပဒေကို
ပြန်လည်ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း အကြောင်းကြားစာပို့ပါတယ်။ လွှတ်တော်ကလည်း ချက်ချင်းပဲ
အစိုးရက ကျောင်းသားများရဲ့တောင်းဆိုချက်များကို ထည့်သွင်းပြီး "အမျိုးသားပညာရေးဥပဒေကို
ပြင်ဆင်သည့်ဥပဒေကြမ်း" တစ်ခု ရေးဆွဲတင်ပြဖို့ အကြောင်းပြန်ပါတယ်။ ဒါပေမည့် နောက်ကျခဲ့ပါပြီ။
ကျောင်းသားများနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစိုးရနဲ့ လွှတ်တော်က ငြင်းပယ်လိုက်သလို ဖြစ်နေတာမို့
ကျောင်းသားများ စုရပ်အသီးသီးကနေ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ကစလို့ သပိတ်မှောက်ချီတက်ရတဲ့
အဖြစ်ကို ရောက်ခဲ့ပါတယ်။
ဒီနေရာမှာ အစိုးရဘက်က မတင်းမာပဲ ရက်ပေါင်း (၆၀) အတွင်း
ကျောင်းသားများ၊ ပညာရေးပြုပြင်ပြောင်းလဲရေးနက်ဝပ်မှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့ရင် ကျောင်းသားများ လမ်းပေါ်ထွက်၊ ချီတက်ဆန္ဒပြရတဲ့ အခြေအနေ ရောက်မလာနိုင်ပါ။
အစိုးရဘက်က ဆွေးနွေးပွဲကို လက်မခံလို့ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကလည်း သူတို့ရဲ့ ဆန္ဒပြမှုကို
ပိုပြီးလေးနက်စေဖို့အတွက် "အမျိုးသားပညာရေးဥပဒေဟာ စစ်ကျွန်ပညာရေးစနစ်ကို အထောက်အပံ့ပြုတဲ့
ဥပဒေဖြစ်လို့ သူတို့က ဆန့်ကျင်ကန့်ကွက်နေကြတာပါ" လို့ ကြွေးကြော်ကြပါတယ်။ ဒါဟာဖြင့်
အင်္ဂလိပ်ကိုလိုနီခေတ်က ၁၉၂၀ ခုနှစ်မှာ ကိုလိုနီအစိုးရကပြဋ္ဌာန်းတဲ့ "ရန်ကုန်တက္ကသိုလ်အက်ဥပဒေ"
ကို "ကျွန်ပညာရေးစနစ်ကို အထောက်အကူပြုတဲ့ဥပဒေ" အဖြစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက
ကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ သမိုင်းကို ပြန်လည်ကိုးကားကြတာပါ။ ဒါပေမည့် ကျနော့်အမြင်မှာ
လက်ရှိ "အမျိုးသားပညာရေးဥပဒေ" ဟာ “စစ်ကျွန်ပညာရေးဥပဒေ” လို့ နံမည်ဆိုးတပ်ရလောက်အောင်
မဆိုးလှပါ။ ပညာရေးလွတ်လပ်ခွင့်နဲ့ ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် အတိုင်းအတာတစ်ခုအထိ
အာမခံချက်ပေးထားပါတယ်။ ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်ကို ထည့်သွင်းမထားခြင်းအပါအဝင်
အခြားလိုအပ်ချက်အချို့ ရှိနေသေးပေမည့် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်များအတွင်း စစ်အစိုးရအဆက်ဆက်
ပြဋ္ဌာန်းခဲ့တဲ့ ပညာရေးဥပဒေများနဲ့ နှိုင်းယှဉ်ရင် အတော်ပြည့်စုံကောင်းမွန်တဲ့ ဥပဒေပါ။
အဲဒီလို အစိုးရနဲ့ လွှတ်တော်ရဲ့ သဘောထားမပြတ်သားမှု၊ တင်းမာမှုတွေကြောင့်
ကျောင်းသားများရဲ့ သပိတ်စစ်ကြောင်းများ ဟာ ဧရာဝတီစစ်ကြောင်း၊ မြေလတ်စစ်ကြောင်း၊
မော်လမြိုင်စစ်ကြောင်း၊ ပင်မစစ်ကြောင်း စသဖြင့် တိုးပွါးလို့ ရန်ကုန်မြို့ကို ဦးတည်ချီတက်လာကြချိန်မှာ
နှစ်ဖက်စလုံးက သဘောထားပျော့ပြောင်းသူများကလည်း ကျောင်းသားသပိတ်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ရေး
ကြိုးစားကြပါတယ်။ ရလဒ်ကတော့ အစိုးရနဲ့ လွှတ်တော်က ကျောင်းသားများတောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို
လက်ခံလိုက်တာပါ။
ပထမအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်၊
ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆင်သိပ်မပြေပါ။ ကျောင်းသားများက သူတို့မူလတောင်းဆိုထားတဲ့
"ဥပဒေပြင်ဆင်ရေးအချက် (၁၁) ချက်" ကို မဆွေးနွေးပဲ ကြိုတင်စည်းကမ်းသတ်မှတ်ချက်
(၉) ချက် ဆိုပြီး အသစ်တင်ပါတယ်။ ဒါကြောင့်မို့ အဲဒီအစည်းအဝေးမှာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များကို
ဆွေးနွေးတာနဲ့တင်အချိန်ကုန်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို နောက်တစ်ကြိမ် နေပြည်တော်မှာ
ဆက်လက်ဖို့ အစိုးရဘက်က ကမ်းလှမ်းတာကို ကျောင်းသားများက လက်ခံပြီး အစည်းအဝေးရပ်နားပါတယ်။
အစိုးရဘက်က နားလည်မှုက ကျောင်းသားများတောင်းဆိုသလို လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနေပြီမို့
ကျောင်းသားများဘက်က အနည်းဆုံး ဆွေးနွေးပွဲများပြီးဆုံးတဲ့အထိ သပိတ်စစ်ကြောင်းများချီတက်တာကို
ရပ်နားထားလိမ့်မယ်လို့ပါ။ ဒါပေမည့် ကျောင်းသားများဘက်ကတော့ "ချီတက်ရင်း ဆွေးနွေး၊
ဆွေးနွေးရင်းချီတက်" ဆိုပြီး ဆက်လက်ဆွေးနွေးမှာကို လက်ခံပေမည့် သပိတ်စစ်ကြောင်းများ
ခေတ္တရပ်နားဖို့ကို သဘောမတူကြပါ။
ဒီနေရာမှာ အစိုးရဘက်က သဘောထားတင်းမာသူများက တစ်စခန်းထလာပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ညမှာ ရန်ကုန်ကနေ နေပြည်တော်ကို အစည်းအဝေးတက်ဖို့ ရောက်ရှိလာတဲ့
ကျောင်းသားများနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးနက်ဝပ်က ကိုယ်စားလှယ်များကို အစိုးရဝန်ကြီးတစ်ပါးရဲ့
အမိန့်အရဆိုပြီး အစိုးရပိုင် စည်ပင်တည်းခိုရိပ်သာမှာ တည်းခိုခွင့်မပြုတာဟာ အင်မတန်မှ
သေးသိမ်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ရက်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဆက်လက်ကျင်းပတဲ့
လေးပွင့်ဆိုင်အစည်းအဝေးလည်း မအောင်မြင်ပါ။ အစိုးရဘက်က အစည်းအဝေးများကို ဖေဖော်ဝါရီလ
၁၂ ရက်နောက်ပိုင်းမှ ဆက်လက်ကျင်းပမယ်ဆိုပြီး တစ်ဘက်သတ်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီလိုနဲ့
အစိုးရနဲ့ ကျောင်းသားများကြား ပဋိပက္ခက ပိုပြီးကြီးမားလာပါတယ်။ ကျောင်းသားသပိတ်စစ်ကြောင်းများ
ချီတက်ရာလမ်းတလျှောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဟန့်တားတာတွေ ရှိလာပါတယ်။
ပြဿနာပိုပြီး မကြီးမားလာအောင် သဘောထားပျော့ပြောင်းသူများက
ဆက်ပြီးကြိုးစားလို့ လေးပွင့်ဆိုင်တွေ့ဆုံပွဲတွေ ဆက်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ
တတိယအကြိမ်အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကျင်းပခဲ့ပြီး အစိုးရဘက်က
ကျောင်းသားများတင်ပြတဲ့ အချက် (၁၁) ချက်ကို မူအားဖြင့် သဘောတူခဲ့ပါတယ်။ ဖေဖော်ဝါရီ
၁၄ ရက်နေ့ နောက်ဆုံးဆွေးနွေးပွဲမှာ အစိုးရဘက်က ကျောင်းသားများတင်ပြတဲ့ အချက် (၁၁) ချက်ကို
ပြင်ဆင်ချက်ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ လွှတ်တော်ကို
တင်သွင်းဖို့ သဘောတူပါတယ်။ တကယ်ကိုပဲ အစိုးရက ကျောင်းသားများရဲ့ တောင်းဆိုချက် (၁၁)
ချက်ပါတဲ့ "အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကို လွှတ်တော်ကို
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တင်သွင်းလိုက်ပါတယ်။ ကျနော့်အမြင် ဒီနေရာမှာ ကျောင်းသားတွေ
အနိုင်ရပါပြီ။ သပိတ်စစ်ကြောင်းများ ရပ်နားသင့်ပါပြီ။ သို့သော်…။
0 comments:
Post a Comment