BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၁)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ 
အပိုင်း (၁)

အောင်ဒင်

#ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းပေးမည့် ၂၀၁၅ ရွေးကောက်ပွဲ

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုများရဲ့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ (၁) ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာများမှတဆင့် တရားဝင်ကြေညာထားပါတယ်။ အဲဒီရွေးကောက်ပွဲကြီးအတွက် လိုအပ်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းကို ကော်မရှင်က ပြုစုလျက်ရှိပြီး မကြာခင်မှာ မဲဆန္ဒရှင်များအား ပညာပေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာနဲ့ ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မယ်ဆိုတာလည်း ကြားသိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များက နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဘက်လူထုအဖွဲအစည်းများနဲ့ ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ မကြာခဏကျင်းပတာလည်း ကြားသိရပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အစိုးရ၊ လွှတ်တော်စတဲ့ နိုင်ငံတော်အင်စတီကျူးရှင်းများက အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို စတင်အကောင်အထည်ဖော်ပြီး စစ်အစိုးရလက်ထက်ကျင့်သုံးခဲ့တဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများ၊ တင်းကြပ်မှုများကို အတိုင်းအတာတစ်ခုအထိ ဖြေလျော့ပေးနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ကင်းကွာခဲ့တဲ့ ဥပဒေပြုလုပ်ငန်းများကိုလည်း တက်တက်ကြွကြွအကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွါးရေးတိုးတက်မြင့်မားရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြွေးကြော်သံများနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်လာတာလည်း တွေ့ရပါတယ်။ 

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရနဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ငါးနှစ်သက်တမ်း (၂၀၁၁-၂၀၁၅) အတွင်း ဆောင်ရွက်မှုများအပေါ် ကျေနပ်မှုအပြည့်အဝမရှိကြရင်တောင်မှ ဒီငါးနှစ်ဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်ကာလများထက် ပိုပြီး ပွင့်လင်းလွတ်လပ်တယ်လို့ အသိအမှတ်ပြုရမှာပါ။
၂၀၁၅ ရွေးကောက်ပွဲဟာ ရှေ့လာမည့် ငါးနှစ်ကာလ (၂၀၁၆-၂၀၂၀) မှာ မြန်မာနိုင်ငံကို ဆက်လက်ဦးဆောင်မည့် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ဖော်ထုတ်ပေးမှာမို့ မြန်မာနိုင်ငံပြည်သူများအတွက် အင်မတန်အရေးကြီးလှပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အင်နဲ့အားနဲ့ ဆက်လက်အကောင်အထည်ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေကို ပြည်သူလူထုက မှန်မှန်ကန်ကန် ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ၂၀၁၅ ရွေးကောက်ပွဲကြီးဟာ လွတ်လပ်၊ မျှတ၊ သန့်ရှင်းဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းမှာတင် တာဝန်ရှိတာမဟုတ်ပဲ အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။

အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းများက ရွေးကောက်ပွဲကို စနစ်တကျစောင့်ကြည့်လေ့လာပြီး မတရား၊ မမျှတမှုများကို တားဆီးနိုင်ဖို့၊ ဖော်ထုတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများကိုယ်တိုင်ကလည်း မိမိတို့ရဲ့ တန်ဘိုးကြီးမားလှတဲ့ ဆန္ဒမဲများကို မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် မဲပေးနိုင်ကြဖို့အတွက် မိမိတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်များကို ရှင်းရှင်းလင်းလင်းနားလည်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်မှာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဘယ်လောက်ပဲ သန့်ရှင်းမျှတသည်ဖြစ်စေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းလေ့လာသူများက ဘယ်လောက်ပဲ စနစ်တကျစောင့်ကြည့်သည်ဖြစ်စေ၊ ပြည်သူလူထုက ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်များကို နားမလည်ရင်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် ရွေးကောက်ပွဲ ရလဒ်များအပေါ်မှာ လူထုရဲ့ ဆန္ဒအမှန် သက်ရောက်မှာမဟုတ်ပါ။ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့်မို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိကလုပ်ငန်းစဉ်များထဲမှာ "မဲဆန္ဒရှင်များအား ပညာပေးခြင်း" (Voters Education) ဟာ ထိပ်တန်းတာဝန်တစ်ရပ် ဖြစ်လာပါတယ်။ အလားတူပဲ ပြည်တွင်း၊ ပြည်ပလွတ်လပ်သောအဖွဲ့ အစည်းများအတွက် “ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များ” (Election Monitoring Process) ကို တိတိကျကျနားလည်ကျင့်သုံးဖို့ ဆိုတာလည်း အရေးကြီးတာဝန်တစ်ရပ် ဖြစ်လာပါတယ်။  

#မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ

ပထမဆုံး မဲဆန္ဒရှင်များရဲ့ အခွင့်အရေးနှင့် တာဝန်များအကြောင်းကို ရှင်းပြချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၉၁) အရ (က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူမဟုတ်တဲ့ နိုင်ငံသားတိုင်းဟာ ဆန္ဒမဲပေးခွင့်ရှိပါတယ်။ (ခ) မဲပေးခွင့်ရှိသူများဟာ ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိပါတယ်။ (ဂ) ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဲပေးပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာတိုင်းရင်းသားများဟာ ၎င်းတို့ရဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်အတွက် သက်ဆိုင်ရာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာမှာလည်း ဆန္ဒမဲပေးခွင့်ရှိပါတယ်။ (ဃ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးရမည်။ ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

(၁) မဲပေးခွင့်ရှိကြောင်း သေချာရန်

ပြည်သူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်ကတော့ မိမိကိုယ်တိုင်နဲ့ မိမိရဲ့ မိသားစုဝင်များဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးခွင့်ရှိသူတွေဖြစ်ကြောင်း သေသေချာချာ သိရှိနားလည်ဖို့ ဖြစ်ပါတယ်။ အထက်ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတစ်ယောက်ဟာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ကြေငြာထားတဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ အသက် (၁၈) နှစ်ပြည့်မယ်ဆိုရင် မဲပေးပိုင်ခွင့်ရှိပါတယ်။ ချွင်းချက်အနေနဲ့ "သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ ရူးသွပ်နေသူများ၊ လူမွဲဘဝမှ မလွတ်မြောက်သေးသူများ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူများ" ကတော့ မဲပေးခွင့်မရှိပါ။

မိမိကိုယ်တိုင်နဲ့ မိသားစုဝင်များဟာ မဲဆန္ဒပေးခွင့်ရှိသူများဖြစ်ကြောင်းသေချာပြီးရင် "မှတ်ပုံတင်" များ ကိုယ်စီရှိဖို့လည်း သေချာရပါဦးမယ်။ မှတ်ပုံတင်မပါပဲနဲ့ မဲဆန္ဒပေးလို့ မရနိုင်ပါ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသော်လည်း မှတ်ပုံတင်မရှိကြတဲ့ မဲဆန္ဒရှင်တွေအဖို့ ရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင်များရရှိနိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တိုင်းဟာ ရွေးကောက်ပွဲကျင်းပတဲ့ မဲရုံမှာ "လျှို့ဝှက်စွာ မဲပေးပိုင်ခွင့်" ရှိရပါမယ်။ မဲရုံတိုင်းမှာ မဲပုံးများဟာ မဲရုံတာဝန်ခံများရဲ့ မြင်ကွင်းမှာ ရှိရမှာဖြစ်ပေမည့် မဲဆန္ဒရှင်များက မဲရုံမှူးထံမှ ထုတ်ယူလာတဲ့ မဲလက်မှတ်များအပေါ်မှာ မိမိဆန္ဒရှိရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာ ထောက်ခံ ဆန္ဒပြုနိုင်ဖို့အတွက် (အမှန် အမှတ်အသားပါရှိတဲ့ တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုနိုင်ဖို့အတွက်) လျှို့ဝှက်လုံခြုံသော အခန်းငယ်ကလေးများ ဖွဲ့စည်းတည်ရှိရပါမယ်။

(၂) မဲစာရင်းတစ်ခုတွင် အမည်စာရင်းထည့်သွင်းခြင်း (Voters Registration)

ဒုတိယတာဝန်က မိမိရဲ့ အမည်ဟာ သက်ဆိုင်ရာမဲဆန္ဒနယ်က “မဲပေးခွင့်ရှိသူများအမည်စာရင်း” (Voters List/ Voters Registration) မှာ ပါဝင်အောင် ထည့်သွင်းဖို့ဖြစ်ပါတယ်။ ဒီကိစ္စက မြန်မာနိုင်ငံမှာ လူအချို့အတွက်တော့ အင်မတန်ရှုပ်ထွေးပါတယ်။

ယေဘူယျအားဖြင့် မိမိလက်ရှိနေထိုင်ရာ မြို့နယ်မှာ အိမ်ထောင်စုစာရင်း ရှိသူများအတွက် ပြသနာမရှိပါ။ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲက ဒေသအတွင်းနေထိုင်တဲ့ အသက် (၁၈) နှစ်ပြည့်သူ၊ အိမ်ထောင်စုစာရင်း ရှိသူတွေကို “မဲပေးခွင့်ရှိသူများစာရင်း”  မှာ ထည့်သွင်းပါလိမ့်မယ်။ အိမ်ထောင်စုစာရင်းမရှိပေမည့် မှတ်ပုံတင်ရှိပြီး အသက် (၁၈) နှစ်ပြည့်တဲ့ ရပ်ကွက်/ကျေးရွာအတွင်း အခြေချနေထိုင်သူများကိုလည်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရဲ့ မဲစာရင်းမှာ ထည့်သွင်းပါလိမ့်မယ်။ အိမ်ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မရှိသော်လည်း ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းမှာ မွေးဖွားကြီးပြင်းပြီး အခြေချနေထိုင်သူများဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာ အထောက်အကူပြုကော်မတီက ထောက်ခံသူများကိုလည်း မဲစာရင်းမှာ ထည့်သွင်းမှာဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ထောင်စုစာရင်း ရှိရာ မြို့နယ်မှာ မနေထိုင်ပဲ အခြား မြို့နယ်တစ်ခုမှာ "ဧည့်စာရင်း" နဲ့ နေထိုင်သူတွေအဖို့တော့ အနည်းငယ်ပြသနာရှိပါတယ်။ မြန်မာနိုင်ငံမှာကလည်း အုပ်ချုပ်ရေးယန္တရားနဲ့ ဆက်ဆံပါတ်သက်ရတာ ရှုပ်ထွေးလွန်း၊ အကုန်အကျများလွန်းလို့ အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်ကနေ အခြား မြို့နယ်တစ်ခုကို အပြီးတိုင် ပြောင်းရွှေ့ပြီး ဖြစ်ပေမည့် မြို့နယ်အသစ်မှာ အိမ်ထောင်စုစာရင်းမပြောင်းပဲ တစ်ပါတ်တစ်ခါ၊ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ပြီး နေထိုင်ကြတဲ့ မိသားစုတွေအများကြီး ရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များအတွက် မိမိတို့ အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်မှာသာ မဲပေးခွင့်ရှိပါတယ်။ အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်က ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး မဲစာရင်းမှာ ပါဝင်ခွင့်တောင်းဆိုကြရမှာပါ။ နောက်တစ်နည်းကတော့ လက်ရှိနေထိုင်ရာ မြို့နယ်ကို အိမ်ထောင်စုစာရင်း အချိန်မီ ပြောင်းရွှေ့ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိနေထိုင်ရာ မြို့နယ်မှ ကော်မရှင်ကတော့ ဧည့်စာရင်းတိုင်ပြီး နေထိုင်သူများကို မဲစာရင်းမှာ ထည့်သွင်းမှာ မဟုတ်ပါ။
လွှတ်တော်မဲဆန္ဒနယ်တစ်ခုအတွင်း အခြေစိုက်တပ်စွဲနေထိုင်ကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ၎င်းတို့ရဲ့အိမ်ထောင်စုဝင်များနဲ့ ပါတ်သက်လို့ ရပ်/ကျေးကော်မရှင်က သက်ဆိုင်ရာတပ်မှူးများ ၊ ရဲတပ်ဖွဲ့မှူးများထံမှ မဲဆန္ဒပေးခွင့်ရှိသူများ အမည်စာရင်းကို တောင်းခံရယူပြီး သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ခွဲရဲ့ “မဲပေးခွင့်ရှိသူများစာရင်း” မှာ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

0 comments: