BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

Burma's Parliament Watch Part (93)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၃) ပြည်ထောင်စုလွှတ်တော်နှင့် 

ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (စ)

# လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ နှိုင်းယှဉ်ချက်

ပဲရစ်မူဝါဒများအရ နိုင်ငံတော်လူ့အခွင့်အရေးအဖွဲ့အစည်းများဟာ အစိုးရက တောင်းဆိုသည်ဖြစ်စေ၊ အဖွဲ့ဝင်များက တင်ပြသည်ဖြစ်စေ၊ တစ်ဦးတစ်ယောက်က တိုင်တန်းသည်ဖြစ်စေ၊ ကော်မရှင်သို့ရောက်ရှိလာသော အမှုကိစ္စများအားလုံးကို လွတ်လပ်စွာ စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။ ကော်မရှင်က ကိုင်တွယ်နေတဲ့ အမှုကိစ္စများနဲ့ ပါတ်သက်ပြီး သက်ဆိုင်သူများကို ဖိတ်ခေါ်၍ ကြားနာခြင်း၊ သက်သေခံအထောက်အထားများ၊ သတင်းအချက်အလက်များကို စုဆောင်းရှာဖွေရယူခြင်း၊ သတင်းမီဒီယာများမှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပြည်သူလူထု၏ သဘောထားအမြင်များကို လက်ခံစဉ်းစားခြင်းနဲ့ ပြည်သူလူထုကို ရှင်းပြခြင်းများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်များဦးဆောင်တဲ့ အလုပ်အဖွဲ့များ၊ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့်အလိုက် အဖွဲ့ခွဲများကို ဖွဲ့စည်းပြီး ကော်မရှင်ရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းနဲ့ သက်ဆိုင်တဲ့ အခြားသောအဖွဲ့အစည်းများနဲ့ ပုံမှန်တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးရပါမယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး အရပ်ဘက်အဖွဲ့အစည်းများနဲ့ ကော်မရှင်အကြား အပြန်အလှန်ယုံကြည်လေးစားမှုရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းရပါမယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း အားအနည်းဆုံးလူသားများဖြစ်ကြတဲ့ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးဒုက္ခသည်များ၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများကို အကာအကွယ်ပေးနိုင်ဖို့ ကော်မရှင်ဟာ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေမှာ အထက်ဖော်ပြပါ ပဲရစ်မူဝါဒလမ်းညွှန်ချက်အများစုကို ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ ဒါပေမည့် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။ ကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းများအကြားမှာ အပြန်အလှန်ယုံကြည်လေးစားတဲ့ ဆက်ဆံရေးဆိုတာ မရှိသလောက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး ကော်မရှင်ရဲ့ ဖိတ်ကြားချက်အရ ကိုပါကြီးရဲ့ ဇနီး မသန္တာက  ကော်မရှင်ရုံးကို သက်သေခံထွက်ဆိုဖို့ လာရောက်တဲ့အခါမှာ မသန္တာနဲ့အတူပါလာတဲ့ မနီလာသိန်းနဲ့ မသင်းသင်းအေး ဆိုတဲ့ "၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း" က ခေါင်းဆောင်နှစ်ယောက်ကို ကော်မရှင်ရုံးဝင်းထဲ ဝင်ခွင့်မပေးခဲ့ပါ။ ကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းများရဲ့ ပုံမှန်ဆွေးနွေးပွဲများ၊ ကော်မရှင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိ အခြားသော အစိုးရအဖွဲ့အစည်းများရဲ့ ပုံမှန်အစည်းအဝေးများဆိုတာလည်း မကြားမသိရပါ။ အင်အားအနည်းဆုံး ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ ပါတ်သက်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးစစ်သားပပျောက်ရေး၊ ကလေးအလုပ်သမားများရဲ့ ပညာရေး စတဲ့ လှုပ်ရှားမှုတွေမှာ ကော်မရှင်က ဦးဆောင်ပါဝင်တာလည်း မတွေ့ရပါ။ ကော်မရှင်ရဲ့ ဆောင်ရွက်ခဲ့တာနဲ့ ဆောင်ရွက်နေဆဲ အမှုအခင်းတွေကို ကြည့်ရင်လည်း သမ္မတရဲ့ တာဝန်ပေးချက် (သို့မဟုတ်) တစ်ဦးတစ်ယောက်ရဲ့ တိုင်တန်းချက်များအရသာဖြစ်ပြီး ကော်မရှင်က ဦးဆောင်ဦးရွက်ပြုပြီး စုံစမ်းစစ်ဆေးတာ မတွေ့ရပါ။ အဖွဲ့အစည်းဖွဲ့စည်းမှုမှာလည်း ရန်ကုန်မြို့မှာ ကော်မရှင်ရုံးချုပ်ဖွင့်လှစ်ထားတာပဲ ရှိပြီး အခြားဒေသအလိုက် ရုံးခွဲများမရှိသေးပါ။ ရိုးရိုးရှင်းရှင်းပြောရရင် ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအခြေအနေ ကာကွယ်မြှင့်တင်ဖို့ အဓိကတာဝန်ယူထားတဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်သူတွေကြားထဲမှာ မရှိပဲ  ပြည်သူလူထုနဲ့ အဝေးကြီးမှာပဲ ရှိနေပါတယ်။

#အဆင့်အတန်းနှင့် အာဏာသက်ရောက်မှု နှိုင်းယှဉ်ချက်

ပဲရစ်မူဝါဒများအရ နိုင်ငံတော်လူ့အခွင့်အရေးအဖွဲ့အစည်းများဟာ တိုင်တန်းချက်များနဲ့ပါတ်သက်လို့ ကာယကံရှင်က တိုင်တာပဲဖြစ်ဖြစ်၊ ကာယကံရှင်ရဲ့ ကိုယ်စားလှယ်က တိုင်တာပဲဖြစ်ဖြစ်၊ ကြားလူတစ်ဦးတစ်ယောက်က တိုင်တာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုက တိုင်တာပဲဖြစ်ဖြစ်၊ အစိုးရနဲ့ လွှတ်တော်က တာဝန်ပေးတာပဲဖြစ်ဖြစ်၊ အားလုံးကို လက်ခံစဉ်းစားနိုင်ခွင့် ရှိရပါမယ်။ အဲဒီလို အမှုအခင်းများကို စဉ်းစားဖြေရှင်းတဲ့အခါမှာ ပထမအဆင့်မှာ နှစ်ဘက်လက်ခံနိုင်တဲ့ အဖြေတစ်ခု၊ ဒါမှမဟုတ် နှစ်ဘက်စလုံးက မလွဲမသွေလိုက်နာရမည့် ဆုံးဖြတ်ချက်တစ်ခုကို ရှာဖွေဖို့ ရည်ရွယ်ချက်ထားရှိရပါမယ်။ တိုင်တန်းသူကို သူ့မှာရှိတဲ့ အခွင့်အရေးတွေနဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးပုံစံများ၊ နစ်နာကြေးရအောင် တောင်းဆိုသည့် နည်းလမ်းအဆင့်ဆင့်ကို ရှင်းပြပေးရန် တာဝန်ရှိပါတယ်။ အမှုအခင်းနဲ့ သက်ဆိုင်သူများကို ပင့်ဖိတ်ကြားနာပြီး ၎င်းတို့ရဲ့ သက်သေခံထွက်ဆိုချက်များကို မှတ်တမ်းတင်ရမှာ ဖြစ်သလို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံသို့လည်း ကော်မရှင်ရဲ့ မှတ်ချက်၊ ဆုံးဖြတ်ချက်များနဲ့အတူ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးတဲ့ အမှုအခင်းအပေါ် အခြေခံပြီး လိုအပ်တဲ့ ဥပဒေရေးရာ ပြင်ဆင်မှု၊ ဖြည့်စွက်မှုတွေလုပ်နိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို အကြံပြုရမှာ ဖြစ်ပါတယ်။ အဲဒီမူဝါဒများအရ လူ့အခွင့်အရေးကော်မရှင်ဟာ အစိုးရလက်အောက်ခံအဖွဲ့အစည်းမဟုတ်ပေမည့် အစိုးရက အသိအမှတ်ပြုတဲ့၊ အစိုးရအပေါ် တစ်စုံတစ်ရာဩဇာသက်ရောက်မှုရှိတဲ့ အဖွဲ့အစည်းဖြစ်ရပါမယ်။

မြန်မာနိုင်ငံရဲ့ "လူ့အခွင့်အရေးကော်မရှင်ဥပဒေ" မှာလည်း "အမျိုးသားလူ့အခွင့်အရေးကော်မရှင်" ကို အစိုးရနဲ့ မသက်ဆိုင်ပေမည့် အစိုးရအပေါ် ဩဇာသက်ရောက်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားပါတယ်။ ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားပြီး ကော်မရှင် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို ပြည်ထောင်စု ဒုဝန်ကြီးအဆင့် သတ်မှတ်ထားပါတယ်။ ကော်မရှင်ဟာ သီးခြားစုံစမ်းစစ်ဆေးမှုများနဲ့ နှစ်ပါတ်လည်အစီရင်ခံစာကို သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းများဟာ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရက်ပေါင်း (၃၀) အတွင်း ကော်မရှင်ထံ အကြောင်းပြန်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ကော်မရှင်ဟာ အကျဉ်းထောင်များ၊ အချုပ်ခန်းများကို ဝင်ရောက်စစ်ဆေးခွင့်နဲ့ အကျဉ်းသား၊ အချုပ်သားများကို တွေ့ဆုံမေးမြန်းခွင့်တွေလည်း ရှိပါတယ်။ ကော်မရှင်ဟာ သက်သေများကို အကာအကွယ်ပေးနိုင်တဲ့ အစီအမံတွေလည်း ဆောင်ရွက်ခွင့်ရှိပါတယ်။

#ပြည်ထောင်စုလွှတ်တော်၊ လူ့အခွင့်အရေးကော်မရှင်ဥပဒေနှင့် လူ့အခွင့်အရေးကော်မရှင်

အထက်မှာ တင်ပြခဲ့သလို ပဲရစ်မူဝါဒများနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ကို နှိုင်းယှဉ်လေ့လာတဲ့အခါ ဥပဒေမှာရော၊ ကော်မရှင်မှာပါ ပဲရစ်မူဝါဒများနဲ့ မကိုက်ညီတဲ့ အားနည်းချက်တွေ တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဥပဒေရဲ့ အားနည်းချက်၊ ကော်မရှင်ရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန်စစ်ဆေးပြီး ပြင်ဆင်ပေးနိုင်မှ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အမှန်တကယ်တိုးတက်မှာ ဖြစ်ပါတယ်။

၎။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့

ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှာ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ" ကို ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကို အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံတွင်းမှ ငွေကြေးခဝါချမှုများကို တားဆီးအရေးယူဖို့ ပုဒ်မ (၆) အရ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်ပြီး "သင့်လျော်သော နိုင်ငံသားများ" ပါဝင်တဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" ကို အဖွဲ့ဝင် (၁၅) ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဥပဒေက "သင့်လျော်သောနိုင်ငံသားများ" ပါဝင်ဖွဲ့စည်းဖို့ အတိအကျ ပြဋ္ဌာန်းထားတာမို့ ဒီဗဟိုအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးနဲ့ အစိုးရအရာရှိကြီးများအပြင် အစိုးရဝန်ထမ်းများမဟုတ်တဲ့ "နိုင်ငံသားများ" ပါဝင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးခဝါချခြင်းပြစ်မှုများကို နားလည်တဲ့ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များ ပါဝင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဗဟိုအဖွဲ့ ဖွဲ့စည်းမှုကို နိုင်ငံတော်သမ္မတက အများပြည်သူသိရှိအောင် တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပါ။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှာ နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ဗဟိုအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၄) ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးမှာ ဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုက ဗဟိုအဖွဲ့သည် ဥပဒေနှင့်အညီ "ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့" ဩဂုတ်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နည်းဥပဒေများ ရေးဆွဲနေကြောင်း" ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" လိုပဲ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" ဟာ ဩဇာဏာဏာကြီးမားတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ တရားမဝင်နည်းနဲ့ ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ နိုင်ငံအတွင်းမှာ လည်ပတ် ရပ်တည်နေတာ၊ အကြမ်းဖက်မှုများကို တရားမဝင်ငွေကြေးများနဲ့ ထောက်ပံ့ကူညီနေတာနဲ့ နယ်နမိတ်ကျော်မှုခင်းများကို တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီလို အရေးယူဆောင်ရွက်နိုင်ဖို့ ဗဟိုအဖွဲ့ကို ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၊ စီးပွါးရေးလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးအရေးယူနိုင်တဲ့ အင်မတန်ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အပ်နှင်းထားပါတယ်။ ဗဟိုအဖွဲ့ရဲ့ လက်အောက်မှာ "ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့"၊ "စီစစ်ရေးအဖွဲ့များ"၊ "စုံစမ်းစစ်ဆေးရေးအဖွဲ့များ"၊ "ကြီးကြပ်ရေးအာဏာပိုင်များ" ခန့်အပ်တာဝန်ပေးပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ သို့သော်လည်း ဗဟိုအဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်မခံပဲ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စုအစိုးရထံသာ တင်ပြရမှာ ဖြစ်ပါတယ်။

#မြန်မာနိုင်ငံနှင့် ငွေကြေးခဝါချမှုများ

မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ၊ သစ်နှင့် ကျောက်မျက်ရတနာများ ပြည်ပသို့ မှောင်ခိုထုတ်လုပ်ရောင်းချမှုများ၊ တရားမဝင်လောင်းကစားမှုများ၊ အဂတိလိုက်စားမှုများအပါအဝင် တရားမဝင်နည်းလမ်းပေါင်းစုံနဲ့ ရရှိတဲ့ ငွေကြေးတွေဟာ ထုထည်ကြီးမားစွာ လည်ပတ်တည်ရှိနေပါတယ်။ တရားမဝင်ငွေတွေကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ဝင်ငွေခွန်ဆောင်ရန်မလိုအပ်တဲ့ အောင်ဘာလေထီဆုလက်မှတ်များကို ရောင်းဝယ်ကြပါတယ်။ မြေကွက်များ၊ အိမ်များ၊ ရတနာများ၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများရဲ့ နံမည်မျိုးစုံနဲ့ ဝယ်ယူကြပါတယ်။ အမေရိကန်ဒေါ်လာအပါအဝင် ခိုင်မာတဲ့ နိုင်ငံတကာငွေကြေးတွေကို ဝယ်ယူပြီး ပြည်ပနိုင်ငံများက ဘဏ်များမှာ စုဆောင်းအပ်နှံထားကြပါတယ်။ တရားမဝင်ငွေတွေကို အိမ်၊ ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံရင်း တရားမဝင်ငွေတွေ ထပ်မံတိုးပွါးလာပြန်တော့ အဲဒီတရားမဝင်ငွေတွေကို  နည်းလမ်းပေါင်းစုံနဲ့ တရားဝင်ငွေဖြစ်အောင်လုပ်ကြ၊ ရင်းနှီးမြှုပ်နှံကြ၊ အမေရိကန်ဒေါ်လာအဖြစ် စုဆောင်းကြပြန်ပါတယ်။ အဲဒီတရားမဝင်ငွေတွေနဲ့ပဲ အာဏာရှိသူတွေကို ဝယ်ယူကြပါတယ်။ နောက်ထပ်ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းစီမံချက်အကြီးကြီးတွေ ရကြပြန်ပါတယ်။

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၆၊ ဧပြီလ ၃၀ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

0 comments: