BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၃)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၃)

အောင်ဒင်

(၆) ပယ်မဲမဖြစ်အောင် သတိထားခြင်း

နောက်အရေးကြီးတဲ့ တာဝန်တစ်ခုကတော့ မဲဆန္ဒရှင်များရဲ့ လွတ်လပ်သောစိတ်ဆန္ဒနဲ့ မဲပုံးထဲကို ထည့်ခဲ့တဲ့ ဆန္ဒမဲတွေ "ပယ်မဲ" အဖြစ် အပယ်မခံရအောင်၊ အဆုံးရှုံးမခံရအောင် သတိပြုဖို့ပါ။ ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေ ပုဒ်မ (၆၆) မှာ "ပယ်မဲအဖြစ် သတ်မှတ်ရန် အချက်များ" ကို ပြဋ္ဌာန်းထားပါတယ်။

(က) မဲလက်မှတ်ပေါ်မှာ ကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားပါရပါမယ်။ မဲရုံမှူးရဲ့ လက်မှတ်ပါရပါမယ်။ မဲဆန္ဒရှင်ဟာ မဲရုံမှူးထံက ဆန္ဒမဲလက်မှတ်ကို ထုတ်ယူပြီးချိန်မှာ အဲဒီလက်မှတ်ပေါ်မှာ ကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသား၊ မဲရုံမှူးရဲ့ လက်မှတ်တွေ ရှိမရှိ စစ်ဆေးကြည့်ရှူရပါမယ်။ အဆိုပါအမှတ်အသားနဲ့ လက်မှတ်တွေမပါရှိရင်၊ ဒါမှမဟုတ် မဲလက်မှတ်ဟာ စုတ်ပြတ်ဟောင်းနွမ်းနေတာမျိုး၊ အညစ်အကြေးပေကျံနေတာမျိုးနဲ့ ကျေနပ်ဖွယ်အခြေအနေမှာ မရှိရင် မဲရုံမှူးကို အခြားမဲလက်မှတ်တစ်ခုကို ထုတ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ကော်မရှင်ရဲ့ အမှတ်အသားနဲ့ မဲရုံမှူးလက်မှတ်မပါတဲ့ မဲလက်မှတ်တွေကို "ပယ်မဲ" အဖြစ် သတ်မှတ်ပါတယ်။
(ခ) မဲလက်မှတ်အပေါ်မှာ သက်ဆိုင်ရာလွှတ်တော်တစ်ခုအတွက် ကိုယ်စားလှယ်လောင်း တစ်ဦးကိုပဲ ဆန္ဒပြုရမည့်အစား တစ်ဦးထက်ပိုပြီး ဆန္ဒပြုထားရင်၊ ဒါမှမဟုတ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆန္ဒမပြုထားရင်၊ မဲလက်မှတ်ကို ဆုတ်ဖြဲထားရင်၊ မဲလက်မှတ်အပေါ်မှာ ဆန္ဒမဲပေးသူရဲ့ အမည်ကို သိရှိနိုင်အောင် အမှတ်အသားပြုလုပ်ထားရင်လည်း "ပယ်မဲ" ဖြစ်ပါတယ်။ မဲလက်မှတ်ပေါ်မှာ စာများ၊ ပုံများ ရေးခြစ်ထားရင်လည်း "ပယ်မဲ" ဖြစ်ပါတယ်။
(ဂ) မဲလက်မှတ်ပေါ်မှာ ဆန္ဒပြုရာမှာ မည်သည့်ကိုယ်စားလှယ်ကို ဆန္ဒပြုကြောင်း မသေချာ မထင်ရှားရင်၊ သည်းသည်းကွဲကွဲမရှိရင် "ပယ်မဲ" ဖြစ်ပါတယ်။
(ဃ) မဲလက်မှတ်အပေါ်မှာ ဆန္ဒပြုရာမှာ ကော်မရှင်က သတ်မှတ်ထားတဲ့ နည်းလမ်းနဲ့ပဲ ဆန္ဒပြုရမှာဖြစ်ပါတယ်။ နည်းဥပဒေ ပုဒ်မ ၄၁ (ခ) ကို ပြင်ဆင်ချက်အရ အခုနောက်ဆုံး ကော်မရှင်က ဆုံးဖြတ်ထားတာက "အမှန် အမှတ်အသားပါရှိတဲ့ တံဆိပ်တုံးကို နှိပ်၍ ဆန္ဒပြုရန်" ဖြစ်ပါတယ်။ မဲရုံတွင်းက လျှို့ဝှက်ဆန္ဒပြုရာအခန်းလေးထဲမှာ "အမှန်အမှတ်အသားပါရှိတဲ့ တံဆိပ်တုံးနဲ့ တံဆိပ်ရိုက်မင်၊ စမ်းသပ်ထုနှိပ်ဖို့ စာရွက်အကြမ်းတွေ" အဆင်သင့်ရှိနေပါလိမ့်မယ်။ တရားဝင်သတ်မှတ်ထားတဲ့ နည်းလမ်းမဟုတ်ပဲ အခြားနည်းလမ်းများနဲ့ ဆန္ဒပြုခဲ့ရင် "ပယ်မဲ" ဖြစ်ပါလိမ့်မယ်။
(င) မဲရုံမှူးက မသင်္ကာလို့ မဲလက်မှတ်အတုဖြစ်တယ်လို့ ဆုံးဖြတ်ရင်လည်း "ပယ်မဲ" ဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ပြည်သူလူထုပါဝင်ရမည့် အခန်းကဏ္ဍက ရှေ့က ဆောင်းပါးနှစ်ပုဒ်မှာ ဖော်ပြခဲ့တာထက် ပိုပြီးများပြားပါတယ်။ ကျန်ရှိနေသေးတဲ့ အချက်အလက်တွေဟာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနဲ့ ပါတ်သက်နေတာမို့ အခုဆက်လက်ပြီး "ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ" ကို ဆွေးနွေးချင်ပါတယ်။

#ရွေးကောက်ပွဲများအား စောင့်ကြည့်လေ့လာရန် လိုအပ်ခြင်း

ရွေးကောက်ပွဲများကို လွတ်လပ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများက စောင့်ကြည့်လေ့လာတယ်ဆိုတာ အဲဒီရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုကို အာမခံချက်ပေးတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ မြင့်မားအောင် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ လေ့လာသူများ အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ရွေးကောက်ပွဲတစ်ခုမှာ ရွေးကောက်ပွဲမသမာမှုများ၊ မတရား၊ မမျှတမှုများ ရှိနိုင်တာထက် ပိုပြီးနည်းတတ်ပါတယ်။ ရှိရင်လည်း အလွယ်တကူစုံစမ်းစစ်ဆေးပြီး တိတိကျကျဖော်ထုတ်ကန့်ကွက်နိုင်တာမို့ ရွေးကောက်ပွဲရဲ့ မသန့်ရှင်းမှုကို ဖြောင့်မတ်စေနိုင်ပါတယ်။ ပြည်တွင်းပြည်ပ လေ့လာသူများရှိနေတဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူများကလည်း ရွေးကောက်ပွဲပေါ် ပိုပြီးယုံကြည်မှုရှိလာနိုင်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်နိုင်ကြပါတယ်။ မိမိတို့အပေါ် ခြိမ်းခြောက်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အကြမ်းဖက်မှုများရှိလာရင်လည်း ပြည်တွင်းပြည်ပလေ့လာသူများထံ အချိန်မီအကြောင်းကြား တိုင်တန်းရဲကြပါတယ်။ ဒါကြောင့်မို့ ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောအဖွဲ့အစည်းများအား ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခွင့်ပေးခြင်းဟာ သန့်ရှင်းမျှတသော ရွေးကောက်ပွဲတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ဖြစ်လာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မယ်။ လူမှုအဖွဲ့အစည်းများကို လေ့ကျင့်ပညာပေးမယ်လို့ ပြောဆိုနေပါတယ်။ ကော်မရှင်က နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရွေးကောက်ပွဲလေ့လာခြင်းဆိုင်ရာ ကျင့်ဝတ်များကို ရေးဆွဲထုတ်ပြန်သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်များနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို မထိခိုက်စေပဲ ၂၀၁၅ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်မယ်လို့ သိရပါတယ်။ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ကြားမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုပါတယ်။

#ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနိုင်သည့် အဖွဲ့အစည်းများ

ယေဘူယျအားဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနိုင်တဲ့ အဖွဲ့အစည်း (၄) ခုရှိပါတယ်။ (၁) ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ (၂) နိုင်ငံရေးပါတီများ၊ (၃) သတင်းမီဒီယာများနဲ့ (၄) လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြပါတယ်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တာဝန်အရ ရွေးကောက်ပွဲများကို စီမံခန့်ခွဲရမှာ၊ အဆုံးအဖြတ်ပေးရမှာဖြစ်လို့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအပေါ်မှာ အများပြည်သူက သံသယရှိနိုင်ပါတယ်။ နိုင်ငံရေးပါတီများအနေနဲ့ သက်ဆိုင်ရာပါတီကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာမို့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများဟာ သက်ဆိုင်ရာပါတီအပေါ်မှာ ဘက်လိုက်မှုရှိနိုင်ပါတယ်။ သတင်းမီဒီယာများကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြမှာဖြစ်ပေမည့် သတင်းမီဒီယာများရဲ့ ပိုင်ဆိုင်မှု၊ မူဝါဒတစ်ခုခုအပေါ်ရပ်တည်ချက်၊ ပါတီတစ်ခုခုပေါ် မျက်နှာသာပေးမှုတွေကြောင့် သတင်းမီဒီယာများရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းအပေါ် လူထုက ရာနှုံးပြည့်လက်ခံယုံကြည်မှာ မဟုတ်ပါ။ နောက်ဆုံးဖြစ်တဲ့ လွတ်လပ်သောအရပ်ဘက် အဖွဲ့အစည်းများကိုသာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲလေ့လာသုံးသပ်ချက်များကို အများပြည်သူ လက်ခံယုံကြည်နိုင်မှာ ဖြစ်ပါတယ်။

#မရှိမဖြစ်လိုအပ်သော အရည်အချင်း

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုကတော့ "ဘက်မလိုက်မှု" (သို့မဟုတ်) "ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းမှု" ဖြစ်ပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေရှိနေရင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများဟာ မျှတသန့်ရှင်းမှာ၊ ယုံကြည်လက်ခံနိုင်မှာ မဟုတ်ပါ။ ဒါကြောင့်မို့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြမည့် အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ အဖွဲ့အစည်းကိုယ်တိုင်က ဘက်လိုက်မှုကင်းရှင်းရမှာ၊ ပုဂ္ဂိုလ်စွဲ/ပါတီစွဲကင်းရှင်းရမှာ ဖြစ်တဲ့အပြင် ၎င်းအဖွဲအစည်းများမှာ ပါဝင်ကြတဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအားလုံးဟာလည်း အစိုးရအပါအဝင် ဘယ်အာဏာပိုင်အဖွဲ့အစည်းနဲ့မှ၊ ဘယ်နိုင်ငံရေးအင်အားစုနဲ့မှ ပါတ်သက်ခြင်းမရှိကြောင်း တာဝန်ခံနိုင်ရမှာ ဖြစ်ပါတယ်။ ၎င်းအဖွဲအစည်းများက တာဝန်ပေးအပ်မည့် မဲရုံများကို စောင့်ကြည့်လေ့လာသူများမှာလည်း အစိုးရနဲ့ပါတ်သက်သူများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းဝင်များမပါဝင်ဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။ 

#ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း၏ အတိုင်းအတာ

ရွေးကောက်ပွဲတစ်ခုကို လေ့လာတယ်ဆိုတာ ရွေးကောက်ပွဲကျင်းပတဲ့ နေ့တစ်နေ့ထဲကို လေ့လာတာမဟုတ်ပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို (က) မဲဆွယ်စည်းရုံးခွင့်မပြုခင်ကာလ (Pre-Campaign Period)၊ (ခ) မဲဆွယ်စည်းရုံးရေးကာလ (Campaign Period)၊ (ဂ) ရွေးကောက်ပွဲနေ့ (Election Day) ၊ (ဃ) ရွေးကောက်ပွဲအပြီး တိုင်ကြားချက်များကို ဖြေရှင်းသည့်ကာလ (Post Election Period) ဆိုပြီး အချိန်ကာလ (၄) ခုခွဲခြား လေ့လာရတာမို့ အနည်းဆုံး အချိန် (၆) လနဲ့ အထက် လိုအပ်ပါတယ်။
မဲဆွယ်စည်းရုံးခွင့်မပြုခင်ကာလရဲ့ လုပ်ငန်းစဉ်တွေမှာ (၁) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ (၂) မဲဆန္ဒရှင်များ မှတ်ပုံတင်ခြင်း (သို့မဟုတ်) မဲစာရင်းပြုစုခြင်း၊ (၃) လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ (၄) ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းနှင့် ရွေးကောက်ခံခွင့်ရှိ၊ မရှိဆုံးဖြတ်ခြင်း၊ (၅) မဲရုံဝန်ထမ်းများအား လေ့ကျင့်သင်ကြားခြင်းနှင့် မဲဆန္ဒရှင်များအား ပညာပေးခြင်း တို့ပါဝင်ပါတယ်။ အဲဒီနောက် မဲဆွယ်စည်းရုံးတဲ့ကာလကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှစ်လ သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာတော့ (၁) မဲရုံအလိုက် မဲဆန္ဒပေးခြင်း၊ (၂) မဲရုံအလိုက် မဲရေတွက်ခြင်း၊ (၃) မဲဆန္ဒနယ်အလိုက် စုစုပေါင်းရရှိမဲများကို ရေတွက်ပြီး ရလဒ်ကို ကြေညာခြင်း တို့ပါဝင်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ (၁) မကျေနပ်သူများရဲ့ တိုင်တန်းချက်များကို ကော်မရှင်က သတ်မှတ်ထားတဲ့အချိန်အတွင်း လက်ခံဖြေရှင်းခြင်းနဲ့ (၂) တိုင်တန်းချက်များအားလုံး ဖြေရှင်းပြီးစီးလို့ ရွေးကောက်ပွဲအနိုင်ရသူများကို အာဏာအပ်နှင်းခြင်းတို့ပါဝင်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းများအဖို့ အဆိုပါ လုပ်ငန်းစဉ်များအားလုံးကို လေ့လာရန်၊ လေ့လာခွင့်ရရန် လိုအပ်ပါတယ်။ 

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ရဲ့ တင်ပြချက်အရ မြန်မာနိုင်ငံမှာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄) ခု၊ ခရိုင် (၇၃) ခု၊ မြို့နယ်ပေါင်း (၃၃၀)၊ မြို့ (၄၁၇) မြို့၊ ရပ်ကွက် (၃,၁၅၄)၊ ကျေးရွာအုပ်စုပေါင်း (၁၃,၆၁၀)နဲ့ ကျေးရွာပေါင်း (၆၃,၈၉၉)  ရှိတယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနှံ့ မဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၉) သန်းနဲ့ မဲရုံပေါင်း (၄၀,၀၀၀) ကျော် ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးပိုင်ခွင့်ရှိသူ သန်း (၃၀) ကျော်အတွက် မဲရုံပေါင်း ၄၀,၀၀၀ (လေးသောင်း) ကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်။  နိုင်ငံတကာ စံနှုံးများအရ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်းအဖွဲ့အစည်းများ ပေါင်းစုထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အင်အားစုတစ်စုဟာ  မဲရုံပေါင်း လေးသောင်းကျော်လောက်ထဲက အနည်းဆုံး ၁၀ ရာခိုင်နှုံးခန့်၊ မဲရုံ (၄,၀၀၀) လောက်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဖြန့်ကျက်ပြီး သူတို့စိတ်ဝင်စား တဲ့ဒေသတွေကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီး စောင့်ကြည့်လေ့လာခွင့်ရဖို့ လိုအပ်ပါတယ်။
လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းတစ်ခုအတွက် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခြင်းဟာ အချိန်အကန့်အသတ်တစ်ခုအတွင်းမှာ ကြိုတင်ပြင်ဆင်မှုအပြည့်အဝနဲ့ စနစ်တကျ လှုပ်ရှားဆောင်ရွက်ရတဲ့ နိုင်ငံလုံးဆိုင်ရာ စစ်ဆင်ရေးကြီးတစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကြီးမှာ စီစဉ်ဆောင်ရွက်ရမည့် အရေးကိစ္စတွေကို အဆင့် (၆) ဆင့်ခွဲပြီး ဆွေးနွေးချင်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

0 comments: