BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၂)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၂)

အောင်ဒင်

(၃) ကြိုတင်ဆန္ဒမဲပေးခွင့် (Advance Voting)

အချို့မဲဆန္ဒရှင်များကတော့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲဆန္ဒနယ်ရဲ့ ပြင်ပကို ရောက်ရှိနေကြလို့ သက်ဆိုင်ရာမဲရုံမှာ လူကိုယ်တိုင် မဲပေးခွင့်မရှိပေမည့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိကြပါတယ်။  
တစ်မျိုးကတော့ မိမိတို့ရဲ့ မိသားစုနေထိုင်ရာ၊ အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်ကနေ အခြား မြို့နယ်တစ်ခုမှာ "ရွေးကောက်ပွဲကျင်းပမည့်အကြောင်း ကြေငြာပြီးချိန်မှ ရက်ပေါင်း (၁၈၀) သို့မဟုတ် (၆) လထက်မနည်း" ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ပုဂ္ဂလိကဝန်ထမ်းများ၊ နယ်လှည့်ဈေးသည်များ၊ စူးစမ်းရှာဖွေသူ ခရီးသွားများ၊ စစ်ဘေးရှောင်သူများနဲ့ ပါတ်သက်ပါတယ်။ သက်ဆိုင်ရာမြို့နယ်ကော်မရှင်က ၎င်းတို့ဟာ မြို့နယ်အတွင်းမှာ အိမ်ထောင်စုစာရင်းရှိသူများဖြစ်လို့ မြို့နယ်ရဲ့ မဲစာရင်းမှာ ထည့်သွင်းပါလိမ့်မယ်။ 

ကာယကံရှင်များက ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မိမိတို့ အိမ်ထောင်စုစာရင်းရှိရာ မြို့နယ်ကို ပြန်ပြီး မိမိတို့အမည်စာရင်းပါဝင်တဲ့ မဲရုံမှာ မဲပေးကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အခက်အခဲရှိလို့ မပြန်နိုင်ပဲ လက်ရှိနေထိုင်ရာမြို့နယ်မှာပဲ မဲပေးချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း (၃၀) ထက်နောက်မကျပဲ ပုံစံ (၃-က) နဲ့ လက်ရှိနေထိုင်ရာမြို့နယ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလျှောက်လွှာမှာ မိမိအလုပ်လုပ်နေတဲ့ လုပ်ငန်းရှင် (သို့မဟုတ်) ကုမ္ပဏီနဲ့ လက်ရှိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်များ ပါရှိရပါမယ်။ 
နောက်တစ်မျိုးကတော့ ရွေးကောက်ပွဲကျင်းပမည့်နေ့မှာ မိမိနေထိုင်ရာ မြို့နယ်မှ အကြောင်းတစ်စုံတစ်ရာနဲ့၊ လုပ်ငန်းတာဝန်တစ်ခုခုနဲ့ အဝေးဒေသရောက်ရှိနေသူများ ဖြစ်ကြပါတယ်။ အဝေးဒေသဆိုရာမှာ ပြည်တွင်းဒေသများအပြင် အခြားနိုင်ငံများလည်း အကျုံးဝင်ပါတယ်။ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကတော့ မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းမှာ ပါဝင်တဲ့ အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအားလုံးကို မဲစာရင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ အထက်ပါပုဂ္ဂိုလ်များအနေနဲ့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲနဲ့ ကြိုတင်ဆက်သွယ်ပြီး ကြိုတင်မဲပေးခွင့်ရှိပါတယ်။

ရွေးကောက်ပွဲကျင်းပမည့်နေ့မှာ ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပကို ရောက်ရှိနေကြမည့် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်သားများ၊ ဆေးရုံတက် အတွင်းလူနာများအနေနဲ့ သက်ဆိုင်ရာဋ္ဌာနအကြီးအကဲများ (ကျောင်းအုပ်ဆရာကြီးများ၊ သင်တန်းအကြီးအကဲများ၊ ရဲစခန်းမှူးများ၊ အကျဉ်းထောင်အုပ်ချုပ်သူများ၊ ဆေးရုံအုပ်များ) ကတဆင့် ကြိုတင်မဲဆန္ဒပေးခွင့် ပုံစံ (၁၅) မှာ လိုအပ်တဲ့ အချက်အလက်များဖြည့်စွက်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲကို ပေးပို့ရမှာဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ခွဲက အဲဒီ ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲများထံ ဆက်လက်ပေးပို့ရမှာဖြစ်ပါတယ်။  ရက်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများက လက်ခံရရှိတဲ့ ပုံစံ (၁၅) ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရမည့် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများရဲ့ စာရင်းကို ပုံစံ (၁-၁) နဲ့ သီးခြားရေးမှတ်ပြီး မိတ္တူ (၂) စောင်ကို မြို့နယ်ကော်မရှင်ခွဲသို့ ပေးပို့၍ မိတ္တူ တစ်စုံကို ရပ်/ကျေးကော်မရှင်ခွဲရုံးမှာ ကြေငြာထားရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမည့်နေ့မှာ မဲဆန္ဒနယ်ရဲ့ ပြင်ပသို့ ခရီးဝေးသွားလာရန်ရှိတဲ့ မဲဆန္ဒရှင်များဟာလည်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ခွဲကို တိုက်ရိုက်ဆက်သွယ်ပြီး ပုံစံ (၁၅) ကို ဖြည့်စွက်လို့ ကြိုတင်ဆန္ဒမဲပေးခွင့် တောင်းဆိုနိုင်ပါတယ်။ မဲဆန္ဒနယ်ပြင်ပသို့ ခရီးဝေးသွားရန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတင်ပြဖို့တော့ လိုအပ်ပါတယ်။

မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များအနေနဲ့ ကြိုတင်မဲဆန္ဒပေးနိုင်ဖို့အတွက် ၎င်းတို့ရဲ့ အမည်စာရင်းကို မြို့နယ်ကော်မရှင်ခွဲက သက်ဆိုင်ရာတပ်မှူးထံမှ ရယူရမှာဖြစ်ပါတယ်။ အဲဒီအမည်စာရင်းကို မြို့နယ်ကော်မရှင်ခွဲက သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ခွဲကို ဆက်လက်ပေးပို့ရမှာဖြစ်ပါတယ်။ ရပ်/ကျေးကော်မရှင်ခွဲက ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့ တပ်မတော်သားများနဲ့ မိသားစုဝင်များရဲ့ အမည်စာရင်းကို ပုံစံ (၁-၂) ဖြင့် သီးခြားပြုစုပြီး ရပ်/ကျေးကော်မရှင်ခွဲရုံးမှာ ထုတ်ပြန်ကြေညာရမှာ ဖြစ်သလို မြို့နယ်ကော်မရှင်ခွဲကိုလည်း မိတ္တူ နှစ်စောင်ပေးပို့ရမှာ ဖြစ်ပါတယ်။
အလားတူပါပဲ။ ရွေးကောက်ပွဲကျင်းပမည့်နေ့မှာ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို တရားဝင် ရောက်ရှိနေကြတဲ့ မဲဆန္ဒရှင်များဟာလည်း ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ကော်မရှင်က ထုတ်ပြန်ကြေညာပြီးလျင်ပြီးချင်း သက်ဆိုင်ရာ မြန်မာသံရုံးများ၊ အမြဲတမ်းကိုယ်စားလှယ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများမှာ ပုံစံ (၁၅) များကို တောင်းယူဖြည့်စွက်ပြီး သတ်မှတ်ထားသောရက်အတွင်း အဆိုပါရုံးများကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးအကြီးအကဲများက လက်ခံရရှိတဲ့ ပုံစံ (၁၅) များကို နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှတဆင့် ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရမှာဖြစ်ပါတယ်။ ကော်မရှင်က ပုံစံ (၁၅) ပါလိပ်စာများကို စီစစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲမှတဆင့် ရပ်/ကျေးကော်မရှင်ခွဲများသို့ ဆက်လက်ပေးပို့မှာ ဖြစ်ပါတယ်။ ရပ်/ကျေးကော်မရှင်ခွဲများက လက်ခံရရှိတဲ့ ပုံစံ (၁၅) များကို ကြိုတင်မဲဆန္ဒပေးခွင့်ရှိသူများအဖြစ် ပုံစံ (၁-၃) နဲ့ သီးခြားစာရင်းပြုစုပြီး ရပ်/ကျေးရုံးများမှာ ထုတ်ပြန်ကြေညာရမှာ ဖြစ်သလို မြို့နယ်ကော်မရှင်ခွဲကိုလည်း မိတ္တူ နှစ်စောင်ပေးပို့ရမှာဖြစ်ပါတယ်။ 

(၄) မဲပေးရမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများကို သိရှိခြင်း

မဲဆန္ဒရှင်များဟာ ရွေးကောက်ပွဲမှာ မိမိတို့ မဲပေးရမည့် လွှတ်တော်ကိုယ်စားလှယ်နေရာ အရေအတွက်ကိုလည်း အတိအကျသိဖို့ လိုအပ်ပါတယ်။ မဲပေးခွင့်ရှိသူတိုင်းဟာ မိမိတို့ရဲ့ အမည်စာရင်းပါဝင်တဲ့ မဲဆန္ဒနယ်တစ်ခုက မဲရုံတစ်ခုမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် မဲတစ်မဲ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် မဲတစ်မဲ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နည်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် မဲတစ်မဲ၊ စုစုပေါင်း ကိုယ်စားလှယ် (၃) နေရာအတွက် ဆန္ဒမဲ (၃) မဲ ပေးရမှာဖြစ်ပါတယ်။
ချွင်းချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၆၁)၊ ပုဒ်မခွဲ (ခ) နဲ့ (ဂ) အရ နိုင်ငံတော်၏ လူဦးရေစုစုပေါင်း၏ သုည ဒသမ တစ်ရာခိုင်နှုံးနှင့်အထက်ရှိတဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ သက်ဆိုင်ရာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာတိုင်းရင်းသားများက သက်ဆိုင်ရာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မဲပေးခွင့်ရှိပါတယ်။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကရင်လူမျိုးများ ခြောက်သောင်းကျော်ရှိတယ် ဆိုပါစို့။ အဲဒီအရေအတွက်ဟာ လက်ရှိမြန်မာနိုင်ငံလူဦးရေ (၅၁) သန်းရဲ့ သုည ဒသမ တစ်ရာခိုင်နှုံးအထက်ရှိတာမို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကရင်တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ  သတ်မှတ်ထားရမှာဖြစ်ပြီး အဲဒီကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ ကရင်တိုင်းရင်းသားများက မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဲရုံတွေမှာ သာမာန်မဲဆန္ဒရှင်တွေက (ပြည်သူ့၊ အမျိုးသား၊ တိုင်းဒေသကြီး) လွှတ်တော်ကိုယ်စားလှယ် မဲ (၃) မဲ ပေးခွင့်ရှိပြီး ကရင်တိုင်းရင်းသားများက (ပြည်သူ့၊ အမျိုးသား၊ တိုင်းဒေသကြီးနဲ့ ကရင်တိုင်းရင်းသား) ကိုယ်စားလှယ် မဲ (၄) မဲ ပေးခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါ ဥပမာအဖြစ် တင်ပြတာပါ။ အမှန်တကယ်ရှိမည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များအလိုက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ အရေအတွက်ကို ရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံရရှိမှုများကို အခြေခံပြီး  ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ကြေညာပေးမှာ ဖြစ်ပါတယ်။

(၅) မဲစာရင်းကို စစ်ဆေးခြင်း

ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ခွဲများဟာ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒပေးခွင့်ရှိသူများရဲ့ အမည်စာရင်း (မဲစာရင်း) ကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ကော်မရှင်က သတ်မှတ်တဲ့နေ့ရက်မှာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကြိုတင်ကြေညာရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေခံမဲစာရင်းများကို ရပ်/ကျေးကော်မရှင်ခွဲရုံးများတွင်လည်းကောင်း၊ သက်ဆိုင်ရာမဲရုံအသီးသီးတွင်လည်းကောင်း ကြေညာရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ အထက်ပါနည်းလမ်းတွေအပြင် အင်တာနက်ကပါ ကြေညာနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရပ်/ကျေးကော်မရှင်ခွဲက ထုတ်ပြန်ကြေညာမည့် မဲစာရင်းများက ရွေးကောက်ပွဲနေ့တွင် ကိုယ်တိုင်လာရောက်မဲပေးခွင့်ရှိသူများစာရင်း (ပုံစံ ၁)၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေးခွင့်ရှိသော တိုင်းရင်းသားမဲဆန္ဒရှင်များစာရင်း (ပုံစံ ၁-က)၊ ကြိုတင်မဲပေးခွင့်ရှိသော မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်သားများ၊ ဆေးရုံတက်နေသော အတွင်းလူနာများစာရင်း (ပုံစံ ၁-၁)၊  ကြိုတင်မဲပေးခွင့်ရှိသော မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များစာရင်း (ပုံစံ ၁-၂)၊  ကြိုတင်မဲပေးခွင့်ရှိသော မဲဆန္ဒနယ်ပြင်ပရောက်၊ နိုင်ငံပြင်ပသို့ရောက်ရှိနေသူများစာရင်း (ပုံစံ ၁-၃) ဆိုပြီး မဲစာရင်း (၅) မျိုးရှိပါလိမ့်မယ်။ ကော်မရှင်ခွဲရဲ့ အခြေခံမဲစာရင်းထုတ်ပြန်ကြေညာတဲ့ကာလကို (၁၄) ရက် သတ်မှတ်ထားပါတယ်။

မဲဆန္ဒရှင်ပြည်သူများအနေနဲ့ အဆိုပါမဲစာရင်းများကို ထုတ်ပြန်ကြေညာတဲ့ နေ့ကစလို့ (၁၄) ရက်အတွင်းမှာ သေသေချာချာ စစ်ဆေးကြည့်ရှုဖို့ အထူးလိုအပ်လှပါတယ်။ အဓိက စစ်ဆေးရမှာက မိမိကိုယ်တိုင်နဲ့ မိမိရဲ့ မိသားစုဝင်များဟာ သက်ဆိုင်ရာမဲစာရင်းမှာ ပါဝင်ခြင်းရှိမရှိကို ကြည့်ရမှာပါ။ တကယ်လို့ မိမိရဲ့ အမည်ဟာ မဲစာရင်းမှာ မပါဝင်ဘူးဆိုရင် သက်ဆိုင်ရာကော်မရှင်ခွဲကို (၁၄) ရက်အတွင်း သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ကို ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပါတယ်။ မိမိရဲ့ အမည်ဟာ မဲဆန္ဒနယ်တစ်နယ်ထက်ပိုတဲ့ မဲစာရင်းများမှာ ပါဝင်နေရင်လည်း မိမိမဲပေးလိုတဲ့ မဲဆန္ဒနယ်ကလွဲလို့ အခြားမဲဆန္ဒနယ်မှ အမည်စာရင်းကို ပယ်ဖျက်ပေးဖို့ အကြောင်းကြားရမှာပါ။ ရပ်/ကျေးကော်မရှင်က တောင်းဆိုချက်ကို စိစစ်ပြီး မှန်ကန်တယ်ဆိုရင် မဲစာရင်းမှာ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမည့် မဲစာရင်းကြေညာပြီး (၁၄) ရက်ကျော်ပြီးမှ ရောက်လာတဲ့ တောင်းဆိုလွှာတွေကိုတော့ ကော်မရှင်က လက်ခံစဉ်းစားမှာ မဟုတ်ပါ။
မိမိကိုယ်တိုင်ရဲ့ အမည်စာရင်းကိုစိစစ်ပြီးရင် ဆက်လက်စစ်ဆေးသင့်တာက မဲစာရင်းမှာ မပါသင့်၊ မပါထိုက်တဲ့ အမည်များ ပါဝင်နေခြင်း ရှိ၊ မရှိပါ။ တကယ်တော့ ကော်မရှင်က ထုတ်ပြန်တဲ့ အခြေခံမဲစာရင်းဟာ ရာနှုံးပြည့်မှန်ကန်နိုင်မှာ မဟုတ်ပါ။ အခြေခံမဲစာရင်းထဲမှာ သေဆုံးပြီးသူတွေ၊ အခြားနိုင်ငံရဲ့ နိုင်ငံသားခံယူလိုက်သူတွေ၊ မဲပေးခွင့်အရည်အချင်းမပြည့်မီသူတွေ၊ ဧည့်စာရင်းနဲ့ နေထိုင်သူတွေ၊ အခြားမြို့နယ်ကို အိမ်ထောင်စုစာရင်းပြောင်းရွှေ့ပြီးသူတွေ ပါဝင်နိုင်ပါတယ်။ နေရပ်လိပ်စာတွေ၊ အမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေ မှားယွင်းနိုင်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်ပြီး အမှန်တကယ်မဲပေးခွင့်ရှိရက်နဲ့ မဲစာရင်းမှာ မပါဝင်တာ ရှိနိုင်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများကိုယ်တိုင်က မဲစာရင်းကို စစ်ဆေးကြည့်ရှူပြီး သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်းမှာ ကော်မရှင်ကို အမှားပြင်ဖို့ အကြောင်းကြားနိုင်မှ ကော်မရှင်က အမှားတွေ၊ လိုအပ်ချက်တွေကို စစ်ဆေးပြင်ဆင်ပြီး ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းတစ်ခုကို ရွေးကောက်ပွဲမတိုင်မီ အချောသတ်ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

0 comments: