(7-Day
daily နေ့စဉ်သတင်းစာ၊ မေလ ၂၃ ရက်၊ ၂၀၁၅)
http://7daydaily.com/story/37797
လူကြိုက်နည်းမည့်
မှတ်ချက်များ (၄)
အောင်ဒင်
(၄)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပါတ်သက်၍…။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့
အာဏာရ ကြံ့ခိုင်ရေးပါတီအပါအဝင် အများက လက်ခံထားပြီး ဖြစ်ပါတယ်။ လုံးဝအသစ်ပြန်လည်ရေးဆွဲဖို့
တောင်းဆိုကြသူတွေလည်း ရှိကြပေမည့် ပြင်ဆင်ရေးကို ထောက်ခံသူက အများစုပါ။ ဘယ်လောက်အတိုင်းအတာအထိ
ပြင်ဆင်မလဲဆိုတာသာ သဘောထားကွဲလွဲကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပုဒ်မ (၄၃၆) ကို အဓိက ပြင်ဆင်ချင်ပါတယ်။ ပုဒ်မ (၄၃၆) ပါ “လွှတ်တော်တွင်း ထောက်ခံမဲ ၇၅
% နဲ့ အထက်ရမှ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မယ်” ဆိုတာကို “လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့
ထောက်ခံမှု (၅၀ % ကျော်) နဲ့ ပြင်ဆင်နိုင်ဖို့” လိုလားပါတယ်။ အဲဒီလို ပုဒ်မ (၄၃၆) ကို ပြင်ပြီးမှပဲ
ပုဒ်မ (၅၉/စ) ပါ သမ္မတအဖြစ်အရွေးခံခွင့် ကန့်သတ်ချက်တွေ၊ တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှုမှာ
ပါဝင်ခွင့်ပြုထားတဲ့ ပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံမဲနဲ့ အလွယ်တကူပြင်ဆင်နိုင်လိမ့်မယ်လို့
မျှော်လင့်နေပါတယ်။
တိုင်းရင်းသားအင်အားစုများက ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်နယ်လွှတ်တော်ကနေ
တိုက်ရိုက် ရွေးချယ်တင်မြှောက်ချင်ပါတယ်။ ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုအာဏာ၊ အခွန်ကောက်ခံမှုအာဏာတွေကို
တိုးမြှင့်ချင်ပါတယ်။ ပြည်နယ်တွင်းက မြေပေါ်မြေအောက်သယံဇာတတွေကို ကိုယ်တိုင်စီမံခန့်ခွဲချင်ပါတယ်။
ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရထဲက တပ်မတော်သားကိုယ်စားလှယ်တွေကို ဖယ်ရှားချင်ပါတယ်။
ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးဘက်မှာ ရွေးချယ်တာဝန်ပေးခံရတဲ့ သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးများကို
လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်စရာမလိုအောင်၊ ပါတီတာဝန်က ရပ်နားစရာမလိုအောင် ဖွဲ့စည်းပုံကို
ပြင်ချင်ပါတယ်။ တပ်မတော်ကကျတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)
ရဲ့ အာဏာကို ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့အဆင့်အထိ တိုးမြှင့်ချင်ပါတယ်။
အဲဒီလို အဖွဲ့အစည်းအလိုက်၊ ပါတီအလိုက်၊ လူမျိုးစုအလိုက်
မတူကွဲပြားသော ရည်မှန်းချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အင်မတန်ခက်ခဲတဲ့
ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ အားလုံးကျေနပ်လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြင်ဆင်နိုင်ဖို့
နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားမှုဟာ
အတိုင်းအတာအနည်းငယ်မျှသာ အောင်မြင်နိုင်ပါလိမ့်မယ်။
အချို့က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဒီမိုကရေစီနည်းလမ်းကျအောင် မပြင်နိုင်ရင် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့
ပြောကြပါတယ်။ ဒါကြောင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ ထိပ်သီးခေါင်းဆောင်များအကြား
သဘောတူညီမှုရပြီး ဖွဲ့စည်းပုံပြင်နိုင်ရေး မျှော်လင့်နေကြပါတယ်။ အချို့ကဆိုရင် ဖွဲ့စည်းပုံကို
မပြင်ပဲ ရွေးကောက်ပွဲလုပ်ရင် တိုင်းပြည်မှာ ကြီးမားတဲ့ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်လာလိမ့်မယ်လို့
အစိုးရိမ်ကြီးနေကြပါတယ်။
ကျနော်ကတော့ စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုမှာ ရွေးချယ်တင်မြှောက်ခံစရာမလိုပဲ
ပါဝင်ခွင့်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ပဲ ဒီဥပဒေအတိုင်း ရွေးကောက်ပွဲကျင်းပရင်
ရွေးကောက်ပွဲဟာ သန့်ရှင်းစင်ကြယ်ဦးတော့ တရားမျှတမှုမရှိနိုင်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမည့်
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းလမ်းကျအောင် ပြင်ဆင်နိုင်မည့်
သဘောတူညီမှုတွေ ရကြလိမ့်မယ်လို့ မမျှော်လင့်ပါ။ အထက်မှာ တင်ပြခဲ့သလို ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ
၂၀၁၅ ရွေးကောက်ပွဲကျင်းပတဲ့ တိုင်အောင် တစ်စုံတစ်ရာအဖြေမထွက်ပဲ နောက်နှစ်များမှာပါ
ဆက်လက်ဆွေးနွေးနေနိုင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရဲ့
ရလာဒ်ကို စောင့်မနေပဲ အသင့်ပြင်ဆင်ပြီးသား "၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း"
ကို ပြန်စမည့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းပြီး အဆုံးအဖြတ်ခံယူမယ်လို့ မျှော်လင့်ပါတယ်။
တပ်မတော်ရဲ့ အခန်းကဏ္ဍကို မထိပါးတဲ့၊ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို မထိပါးတဲ့ ပုဒ်မအချို့ကိုသာ
ပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝမပြင်ဆင်ပဲ
ဖြစ်စေ၊ အနည်းငယ်မျှသာ ပြင်ဆင်၍ဖြစ်စေ ရွေးကောက်ပွဲကျင်းပရင်လည်း နိုင်ငံရေးအရ ကြီးမားတဲ့
ထိပ်တိုက်တွေ့ဆုံမှုတွေ၊ နိုင်ငံတကာဖိအားပေးမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မထင်ပါ။
အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းဝင်ရောက်
ပြင်ဆင်ရေးဟာ မဖြစ်နိုင်ပဲ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအရဆွေးနွေးညှိနှိုင်းပြီး ပြင်မှဖြစ်နိုင်မယ်လို့
ဆိုပါတယ်။ ဒီအဆိုကို ကျနော် အပြည့်အဝထောက်ခံပါတယ်။ ဒါပေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
အမှန်တကယ် ဒီမိုကရေစီနည်းလမ်းကျအောင်၊ တိုင်းရင်းသားလူမျိုးစုများအားလုံးရဲ့ တန်းတူညီမျှမှုနဲ့
အခွင့်အရေးများ အာမခံချက်ရှိအောင်၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားကြသူများနဲ့သာ
လွှတ်တော်များ၊ အစိုးရများကို ဖွဲ့စည်းနိုင်အောင် ပြင်ဆင်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိတဲ့
လွှတ်တော်ပြင်ပဆွေးနွေးပွဲက အခု အများစိတ်ဝင်စားကြတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မဟုတ်နိုင်ပါ။
"အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်" ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ဆက်လက်ကျင်းပဖို့
သဘောတူထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲများသာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊
အလုပ်သမားများ၊ လယ်သမားများ၊ အမျိုးသမီး၊ လူငယ်၊ ကျောင်းသားကိုယ်စားလှယ်များ၊ အသိပညာရှင်၊
အတတ်ပညာရှင်များ စသည်ဖြင့် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရာမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး
တန်းတူညီမျှ ပါဝင်ဆွေးနွေးအဖြေရှာကြမည့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကသာ
မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးနိုင်ပါလိမ့်မယ်။
(၅)
အပြောင်းအလဲကို ကိုယ်စားပြုသူများ (Agents of Change) နှင့်ပါတ်သက်၍...။
အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရုန်းထွက်ဖို့ ကြိုးစားရင်း
ဒီမိုကရေစီနိုင်ငံသစ်တစ်ခုကို တည်ဆောက်ရာမှာ "အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိသူများ"
ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ အပြောင်းအလဲကို လိုလားတောင့်တသူတွေ၊
အပြောင်းအလဲကို လက်ခံယုံကြည်သူတွေ၊ အပြောင်းအလဲနဲ့ ရှင်သန်နေထိုင်ချင်သူတွေ အများကြီး
ရှိကြပါလိမ့်မယ်။ အပြောင်းအလဲကို မလိုလားသူတွေ၊ ပြောင်းလဲမှာကို ဟန့်တားချင်သူတွေလည်း
အများကြီး ရှိကြပါတယ်။ ဒီအထဲမှာမှ အပြောင်းအလဲကို တကယ်ဖြစ်ပေါ်အောင် ဖန်တီးနိုင်စွမ်းရှိသူတွေက
အရေးအကြီးဆုံးဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို “အပြောင်းအလဲကို ကိုယ်စားပြုသူများ”
(Agents of Change) လို့ ခေါ်ကြပါတယ်။ စနစ်ဟောင်းကို ချန်ထားရစ်ခဲ့ပြီး စနစ်သစ်တစ်ခုကို
တည်ဆောက်ကြရာမှာ အပြောင်းအလဲကို ကိုယ်စားပြုသူများလေလေ၊ အပြောင်းအလဲများက တိုးတက်မှန်ကန်
မြန်ဆန်လေလေ ဖြစ်ပါတယ်။
ကျန်ခဲ့တဲ့ နစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့
အပြောင်းအလဲကို ကိုယ်စားပြုသူများဟာ မြန်မာ့ဒီမိုကရေစီအင်အားစုကြီးရဲ့ ခေါင်းဆောင်များသာ
ဖြစ်တယ်လို့ နိုင်ငံတကာက အကြွင်းမဲ့ ယုံကြည်ထောက်ခံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးဝင်းတင် စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊
ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ နိုင်ငွေသိန်း၊ ဦးပူကျင်ရှင်းထန် စတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊
မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဖြူဖြူသင်း၊ စုစုနွေး၊
နီလာသိန်း စတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ ကိုကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဒေါက်တာစင်သီယာမောင်၊
ကိုဇာဂနာ စတဲ့ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်များတို့ဟာ နိုင်ငံတကာမိသားစုကြီးက ယုံကြည်ထောက်ခံခဲ့တဲ့
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ကိုယ်စားပြုသူများ ဖြစ်ခဲ့ကြပါတယ်။ ဒီခေါင်းဆောင်များရဲ့
တိုင်းပြည်ပြောင်းလဲရေး လှုပ်ရှားမှုများ အားကောင်းကြံ့ခိုင်စေဖို့၊ စစ်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမားများကို
အသိအမှတ်ပြု လေးစားလာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံများက
မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုများ ချမှတ်အရေးယူခဲ့တာပါ။
ဒီဘက်ခေတ်မှာတော့ နိုင်ငံတကာမိသားစုကြီးရဲ့ အမြင်မှာ အပြောင်းအလဲကို
ကိုယ်စားပြုသူများဟာ ဒီမိုကရေစီအင်အားစုကြီးထဲမှာတင် ရှိတာမဟုတ်ပဲ အာဏာရကြံ့ခိုင်ရေးပါတီနဲ့
မြန်မာ့တပ်မတော်ထဲမှာပါ ရှိနေတယ်လို့ အသိအမှတ်ပြုလာရပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုများကို
ဖြေလျော့မှုများ၊ အတိုက်အခံအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးမှုများ၊ နိုင်ငံရေးအကျဉ်းသားများကို
ပြန်လွှတ်ပေးမှုများ၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများနဲ့ ပြုပြင်ပြောင်းလဲရန် ကတိကဝတ်ပြုမှုများက
နိုင်ငံတကာအစိုးရများကို အားတက်စေခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြတဲ့ ဦးရွှေမန်းနဲ့
ဦးခင်အောင်မြင့်တို့ရဲ့ ဥပဒေပြုရေး တက်ကြွတဲ့ ဆောင်ရွက်မှုများ၊ လွှတ်တော်အတွင်း ပွင့်လင်းမြင်သာမှုများ၊
အစိုးရ ဝန်ကြီးဋ္ဌာနများ၏
ဆောင်ရွက်ချက်များအပေါ် စီစစ်မှုများ၊ အစိုးရဘတ်ဂျက်အပေါ် စနစ်တကျကိုင်တွယ်မှုများက နိုင်ငံတကာလေ့လာသူများကို
အံ့အားသင့်စေခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး လွှတ်တော်အတွင်းမှာ
အာဏာရကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ဦးရွက်ပြုလှုပ်ရှားနေတာကိုလည်း
အထူးတလည် အသိအမှတ်ပြုကြပါတယ်။ ဒီလိုအခြေအနေမှာ အပြောင်းအလဲကို ကိုယ်စားပြုသူများဟာ
ဒီမိုကရေစီအင်အားစုအတွင်းမှာရော၊ အာဏာရကြံ့ခိုင်ရေးပါတီအတွင်းမှာပါ ရှိနေတာမို့ မြန်မာနိုင်ငံရဲ့
အပြောင်းအလဲဟာ သွေးထွက်သံယိုမှုနဲ့ ထိခိုက်နာကျင်မှုတွေနည်းပြီး အကောင်းဘက်ကို ဆက်လက်ရွေ့လျားလိမ့်မယ်လို့
နိုင်ငံတကာမိသားစုကြီးက မျှော်လင့်နေကြပါတယ်။
အဲဒီလို မျှော်လင့်ချက်ကြီးနေချိန်မှာ "မြန်မာအစိုးရရဲ့
အပြောင်းအလဲများဟာ ရပ်တန့်နေပြီ၊ နောက်ပြန်ဆုတ်နေပြီ၊ အစိုးရက ကတိမတည်ဘူး၊ အစိုးရကို
မယုံကြည်ရဘူး" စတဲ့ စွပ်စွဲချက်တွေ၊ အပြောင်းအလဲကို သံသယဖြစ်စေတဲ့ အကြမ်းဖက်မှုတွေ
ရှိလာတာတောင်မှ နိုင်ငံတကာမိသားစုကြီးက အရင်ကလို မြန်မာအစိုးရကို ဖိအားပေးမှုတွေနဲ့
ဒဏ်ခတ်အရေးယူမှာ မဟုတ်ပါ။
တကယ်တော့ အပြောင်းအလဲတွေကို အာဏာလက်ဝယ်ရှိသူများကသာ အမှန်တကယ်ဖန်တီးနိုင်မှာ
ဖြစ်ပြီး အာဏာမရသေးတဲ့ အတိုက်အခံများက အပြောင်းအလဲဖြစ်အောင် တွန်းအားပေးတဲ့ အနေအထားမှာပဲ
ရှိတာပါ။ ဒါကြောင့်မို့ အပြောင်းအလဲများဆီ ဦးတည်ရွေ့လျားတဲ့ ခရီးစဉ်မှာ အဆင်မပြေမှု၊
နှောင့်နှေးကြန့်ကြာမှုတွေ ရှိရင်တောင်မှ နိုင်ငံတကာအစိုးရများက အာဏာရအသိုင်းအဝိုင်းထဲက
အပြောင်းအလဲကို ကိုယ်စားပြုသူများ (Agents of Change with the Power) ကို အလွယ်တကူစွန့်ခွါသွားမှာ
မဟုတ်ပါ။ အပြောင်းအလဲတွေ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ အရှိန်မှန်မှန်နဲ့ ရွေ့လျားနိုင်ဖို့မှာ
အစိုးရဘက်မှာပဲ တာဝန်ရှိတာ မဟုတ်ပဲ အတိုက်အခံအင်အားစုကြီးမှာလည်း တာဝန်ရှိပါတယ်။ အပြောင်းအလဲများ
ဆက်လက်မရွေ့လျားရတာဟာ ဘက်နှစ်ဘက်က အပြောင်းအလဲကို ကိုယ်စားပြုသူတွေကြား အပြန်အလှန်
ယုံကြည်မှုအားနည်းချိန်မှာ ဖြစ်တတ်တဲ့ သဘာဝပဲလို့ နိုင်ငံတကာက နားလည်ကြပါလိမ့်မယ်။
0 comments:
Post a Comment