BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 28, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ (၈)



(7-Day daily နေ့စဉ်သတင်းစာ၊ မေလ ၂၈ ရက်၊ ၂၀၁၅)
http://7daydaily.com/story/38151

လူကြိုက်နည်းမည့် မှတ်ချက်များ (၈)

အောင်ဒင်

(၉/၃) လွှတ်တော်အပေါ် အကောင်းမြင်မိရခြင်း အကြောင်းရင်း။

ကျနော့်ရဲ့ တင်ပြချက်တွေမှာ လွှတ်တော်ကို ချဉ်းကပ်စည်းရုံးပြီး ဥပဒေများကို ပြင်ဆင်ရေး၊ မကောင်းတဲ့ ဥပဒေများကို ရုပ်သိမ်းရေး အကြိမ်ကြိမ်ဆွေးနွေးခဲ့တဲ့အတွက် စာဖတ်သူများက ကျနော့်ကို ဒီလွှတ်တော်အပေါ် အယုံအကြည်ကြီးလွန်းရဲ့လို့ အမြင်ကပ်နိုင်ပါတယ်။ ကပ်လည်း ကပ်သင့်ပါတယ်။ ကျနော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့သူပါ။ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော်ချုပ် စတဲ့ အာဏာပိုင်အဖွဲ့အစည်းများအပေါ် အယုံအကြည်မရှိခဲ့သူပါ။ ဒါပေမည့် ဒီမိုကရေစီအင်အားစုကြီးရဲ့ ဦးစီးဦးဆောင်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲက တဆင့် လွှတ်တော်ထဲရောက်သွားပြီးမှတော့ ကျနော့်လို သာမာန်လူတစ်ယောက်ရဲ့ မယုံကြည်မှုဟာ အရေးမပါတော့ပါ။ ကျနော်ကိုယ်တိုင် တစ်တပ်တစ်အားပါဝင် တည်ဆောက်ခဲ့တဲ့ နိုင်ငံတကာဖိအားပေးမှုများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေပါ တဖြေးဖြေး ရုပ်သိမ်းသွားပြီးတဲ့နောက်မှာတော့ စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်ထိုင်မနေပဲ၊ အဝေးကနေ လက်သီးလက်မောင်းတန်းမနေပဲ အပြောင်းအလဲများ အမှန်တကယ်ဖြစ်ပေါ်နိုင်ရေးအတွက် လက်ရှိအခြေအနေနဲ့ အဖြစ်သင့်ဆုံးလမ်းကြောင်းတစ်ခုကို ရှာဖွေတင်ပြနေတာပါ။

ပြည်ထောင်စုလွှတ်တော်ကလည်း အတန်အသင့် တိုးတက်ပြောင်းလဲနေတာ တွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကြောင့် ကြံ့ခိုင်ရေးပါတီနဲ့တပ်မတော်က ကိုယ်စားလှယ်အများစုနဲ့လွှမ်းမိုးထားပြီး တိုင်းရင်းသားနဲ့ အတိုက်အခံအင်အားစုက ကိုယ်စားလှယ်အနည်းငယ်သာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ကျနော်တို့ထင်မြင်ခဲ့သလို အစိုးရဆောင်ရွက်သမျှကို တံဆိတ်တုံးထု အတည်ပြုပေးရတဲ့ ဟန်ပြလွှတ်တော် သက်သက်မဟုတ်တော့ပါ။ အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တက်တက်ကြွကြွစီစစ်တာ၊အစိုးရတင်တဲ့ဘတ်ဂျက်မှာ မလိုအပ်ဘူးထင်တာတွေကို ရဲရဲတင်းတင်း ဖြတ်တောက်ဖို့ ကြိုးစားကြတာ၊ အစိုးရရဲ့ကတိကဝတ်တွေကို လက်တွေ့ကျကျဝေဘန်စီစစ်တာ၊ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ကြိုးစားတာတွေကို တွေ့မြင်နေရပါတယ်။ တကယ့် ဒီမိုကရေစီလွှတ်တော်တစ်ခုလို ရာနှုံးပြည့်ကျေနပ်အားရစရာ မရှိသေးပေမည့် ကျနော်တို့ ကြိုတင်မျှော်လင့်ထားတာထက် ပိုပြီးတက်ကြွတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီလွှတ်တော်မှာ ပြည်သူလူထုက အမှန်တကယ်ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပိုပြီးများပြားလာရင် ပြည်ထောင်စုလွှတ်တော်ဟာ ပိုပြီးအားကောင်းလာလိမ့်မယ်။ အစိုးရနဲ့ တရားစီရင်ရေးစနစ်ကို ပိုပြီး စီစစ်ဝေဘန်နိုင်မယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် ပိုပြီးအားကိုးရတဲ့ အင်စတီကျူးရှင်းကြီး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လာမိပါတယ်။ ဒီလိုယုံကြည်မှုနဲ့ ၂၀၁၅ခုနှစ်၊နိုဝင်ဘာလမှာ ကျင်းပမယ်ဆိုတဲ့အထွေထွေရွေးကောက်ပွဲကို ပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။

(၁၀) ၂၀၁၅ ရွေးကောက်ပွဲနှင့် ပါတ်သက်၍…။

ခေါင်းဆောင်တစ်ယောက်က ၂၀၁၅ ရွေးကောက်ပွဲဟာ ဖြတ်သန်းသွားရမည့် မှတ်တိုင်တစ်ခုဖြစ်တယ်။ ခရီးဆုံးပန်းတိုင်မဟုတ်ဘူးလို့ ပြောတာ ကြားဘူးပါတယ်။ မှန်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေးပြောင်းလဲမှုတွေအတွက် ခရီးဆုံးပန်းတိုင်မဟုတ်ပါ။ ဖြတ်သန်းသွားရမည့် မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါပေမည့် လေးလေးနက်နက်ဖြတ်သန်းသွားရမည့် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုဘက်က စနစ်တကျ၊ စည်းစည်းရုံးရုံး မဖြတ်သန်းနိုင်ရင် ရှေ့ဆက်ရမည့်ခရီးမှာ ဒီမိုကရေစီအပြောင်းအလဲများကို အားနည်းနှေးကွေးစေနိုင်ပါတယ်။

အထက်မှာ တင်ပြခဲ့သလိုပဲ ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ပြည်သူလူထုက အမှန်တကယ် ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းနိုင်မယ်ဆိုရင် အဲဒီလွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးရှိဦးတော့ လွှတ်တော်ဟာ ပိုပြီးတော့အားကောင်းလာမယ်။ လူထုအသံကို ပိုပြီးနားထောင်လာမယ်။ လူထုအလိုရှိတဲ့ ဥပဒေပြင်ဆင်ချက်တွေ ပိုပြီးဆောင်ရွက်နိုင်မယ်။ ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေ၊ အခွင့်အရေးတွေကို ကန့်သတ်ထားတဲ့ တည်ဆဲဥပဒေတွေကို ရုပ်သိမ်းနိုင်မယ်။ အစိုးရကို ပိုပြီး စီစစ်နိုင်မယ်။ အစိုးရအဖွဲ့ထဲက အဂတိလိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ အရည်အချင်းမပြည့်ဝတာတွေကို ပိုပြီးဝေဘန်နိုင်မယ်။ တရားစီရင်ရေးစနစ်ကို ဖြောင့်မတ်မှန်ကန်စေမယ်။ တပ်မတော်နဲ့ အရပ်ဘက်နိုင်ငံရေးသမားများအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများပြီး စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်နိုင်မယ်။ ဒီမိုကရေစီအပြောင်းအလဲကို ပိုပြီးအားကောင်းစေလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ အရေးအကြီးဆုံးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးပါတီများနဲ့ မဲဆန္ဒရှင်များက ရွေးကောက်ပွဲဗဟုသုတအပြည့်အဝနဲ့ တက်ကြွနိုးကြားစွာ ပါဝင်ဆင်နွှဲရေးပဲ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကို တာဝန်ခံကျင်းပပေးမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဘန်နေကြတာတွေ၊ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုနေကြတာတွေကို ကြားသိနေရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ကော်မရှင်ဥက္ကဋ္ဌက ဒုဗိုလ်ချုပ်ကြီးဟောင်းနဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်နေတာ၊ ကော်မရှင်ရုံးအဆင့်ဆင့်မှာ တပ်မတော်အရာရှိဟောင်းများက တာဝန်ယူထားတာတွေကို ထောက်ပြဝေဘန်ခဲ့ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ဖွဲ့ဖွဲ့၊ မကျေနပ်သူ၊ မယုံကြည်သူတွေက အမြဲတမ်းရှိနေဦးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတက ခန့်အပ်တာဝန်ပေးရတာမို့ ဘယ်သူတွေပဲ ပါဝင်သည်ဖြစ်စေ၊ သမ္မတ စိတ်တိုင်းကျ ခန့်အပ်တဲ့ ကော်မရှင်အဖြစ် စွပ်စွဲခံရမှာပါ။ ဒီတော့ ကော်မရှင်ဖွဲ့စည်းမှုထက် ကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို လေ့လာကြည့်တာ ပိုပြီးသင့်တော်မယ် ထင်ပါတယ်။

(၁၀/၁) ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး၊

လေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲကော်မရှင်ဟာ ဥရောပသမဂ္ဂ၊ အမေရိကန်အစိုးရစတဲ့ နိုင်ငံတကာအစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ယင်းအစိုးရများရဲ့ ကိုယ်စား European Union Election Support Team နဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Institute for Democracy and Election Assistance (IDEA) ၊ အမေရိကန်ပြည်ထောင်စုမှ International Foundation for Electoral System (IFES) များက ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတကာအဆင့်မီ သန့်ရှင်းမျှတသော ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းများ၊ မဲစာရင်းကောက်ယူခြင်းများ၊ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်ရေးအတွက်အနီးကပ်ကူညီနေတာ တွေ့ရပါတယ်။ ကော်မရှင်ကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီများ၊ နိုင်ငံတကာနဲ့ ပြည်တွင်းအရပ်ဘက်လူထုအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။

အထူးခြားဆုံးကတော့ ရွေးကောက်ပွဲကော်မရှင်က ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ဒီကနေ့အထိ ကော်မရှင်ဟာ ဥရောပသမဂ္ဂကိုယ်စား IDEA၊ အမေရိကန်ပြည်ထောင်စုကိုယ်စား IFES နဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ The Carter Center တို့ကို နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ စေလွှတ်ခွင့်ပြုဖို့ သဘောတူထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ပြုမယ်လို့ သိရပါတယ်။ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းများကလည်း မဲရုံများမှာ ကိုယ်စားလှယ်စေလွှတ် စောင့်ကြည့် လေ့လာနိုင်ကြပါလိမ့်မယ်။

အဲဒီလို ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းများကို ခွင့်ပြုတာက ရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုကို အတိုင်းအတာတစ်ခုအထိ အာမခံချက်ပေးပြီး မသမာမှုတွေရှိရင်လည်း ချက်ချင်းဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ၂၀၁၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ "ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ" နဲ့ "နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ" ဟာလည်း လက်ခံနိုင်စရာဖြစ်တယ်လို့ ကြားသိရပါတယ်။

(၁၀/၂) ကြိုတင်မဲပြဿနာနှင့် လူထု၏အခန်းကဏ္ဍ

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံကိုယ်စားလှယ်လောင်းအများစုဟာ ရွေးကောက်ပွဲကျင်းပတဲ့နေ့၊ မဲစာရင်းရေတွက်ချိန်မှာ ထောက်ခံမဲအများစုနဲ့ အနိုင်ရခဲ့ကြပြီး နောက်တစ်နေ့မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်ခဲ့ရတာကို သတိရနေကြဆဲပါ။ ရွေးကောက်ပွဲကော်မရှင်က ဒီပြဿနာ ထပ်မဖြစ်စေဖို့ ကြိုတင်မဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကြိုတင်ကြေညာထားပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ ကြိုတင်မဲ ပေးခွင့်ရှိသူဟာ အနည်းစုသာဖြစ်ပြီး ကြိုတင်မဲပေးခွင့်ရှိသူများရဲ့ အမည်စာရင်းကို မဲရုံအလိုက်၊ မဲဆန္ဒနယ်အလိုက် ကြိုတင်ကြေညာထားမှာမို့ အနည်းဆုံး မဲရုံတစ်ရုံမှာ ရှိမည့် ကြိုတင်မဲအရေအတွက်ကို ကြိုတင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲနေ့မှာ ရေတွက်တဲ့ ကြိုတင်မဲအရေအတွက်က ကြိုတင်ကြေညာထားတာထက် ပိုများနေရင် မရိုးသားမှုဖြစ်နေပြီဆိုတာ ချက်ချင်းသိနိုင်ပါတယ်။ ပြီးတော့ ကြိုတင်မဲပေးသူများဟာလည်း လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရမှာဖြစ်ပြီး မဲလက်မှတ်နဲ့ အတူရရှိမည့် စာအိပ်ထဲမှာ မိမိတို့ရဲ့ ဆန္ဒမဲလက်မှတ်ကိုထည့်၊ စာအိပ်ကို ပိတ်ပြီး သက်ဆိုင်ရာကတဆင့် သက်ဆိုင်ရာ မဲရုံဆီ ပြန်ပို့ပေးရမှာပါ။ ရပ်ကွက်ထဲက ကျန်းမာရေးမကောင်းသူများထံ ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်မဲ သွားရောက်ကောက်ခံရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်ပါကြည့်ရှူခွင့်ရှိပါတယ်။ သက်ဆိုင်ရာ မဲရုံကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ ညနေ (၄) နာရီ နောက်ဆုံးထားပြီး ရောက်လာတဲ့ ကြိုတင်မဲများကိုသာ မဲစာရင်းရေတွက်ရာမှာ ထည့်သွင်း ရေတွက်ရမှာဖြစ်ပြီး ညနေ (၄) နာရီနောက်ပိုင်းရောက်လာတဲ့ ကြိုတင်မဲများဟာ ပယ်မဲများ ဖြစ်သွားပါလိမ့်မယ်။ 

နောက်တစ်ခုက မဲဆန္ဒရှင်လူထုရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ လူထုကိုယ်၌ကလည်း မိမိတို့ရဲ့တာဝန်နဲ့ အခွင့်အရေးကို သေချာသိဖို့ လိုအပ်ပါတယ်။ လူထုကိုယ်၌က မိမိကိုယ်တိုင်က မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့် မဲစာရင်းကြေငြာတဲ့အချိန်မှာ ကိုယ်တိုင်သွားရောက် စစ်ဆေးကြည့်ရှူဖို့ လိုအပ်ပါတယ်။ မဲစာရင်းမှာ မထည့်ထားဘူးဆိုလို့ရှိရင် အချိန်မီ သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ ကိုယ့်နာမည်ကို မဲစာရင်းမှာ ပါဝင်ဖို့ တောင်းဆိုရပါမယ်။ အလားတူပဲသေဆုံးပြီးသားလူတွေ၊ တိုင်းပြည်အတွင်းမှာမရှိတော့တဲ့လူတွေ မဲစာရင်းမှာ ပါနေတယ်ဆိုလို့ရှိရင် အဲဒီမဲတွေကို ဖျက်ပေးဖို့ တောင်းဆိုရပါမယ်။ ရွေးကောက်ပွဲနေ့မှာလည်း မဲပေးတဲ့စနစ်ကို နားလည်ဖို့လိုပါတယ်။ လူတစ်ယောက်က ဘယ်လို မဲပေးရမယ်ဆိုတာ သေချာနားမလည်ဘူးဆိုရင် သူ့ရဲ့ မဲလက်မှတ်ဟာ အလွယ်တကူ ပယ်မဲဖြစ်သွားနိုင်ပါတယ်။ ပယ်မဲတွေများပြီဆိုရင် လူထုက သူတို့တကယ်ယုံကြည်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲကတစ်ဆင့် တင်မြှောက်ဖို့ဆိုတာ အတော် ခက်ခဲသွားနိုင်ပါတယ်။ အခုအချိန်ကစပြီးတော့ သတင်းမီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က လူထုကိုရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းတွေလုပ်မယ်၊ နောက် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီကြမယ်ဆိုရင် လူထုမှာရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နားလည်သိမြင်မှုတွေရှိလာပါလိမ့်မယ်။

0 comments: