BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, May 26, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ (၇)



(7-Day daily နေ့စဉ်သတင်းစာ၊ မေလ ၂၆ ရက်၊ ၂၀၁၅)
http://7daydaily.com/story/38022

လူကြိုက်နည်းမည့် မှတ်ချက်များ (၇)

အောင်ဒင်

(၈/၂) နည်းလမ်းပြောင်းဖို့ လိုပါပြီ။

အဲဒီလို နိုင်ငံတကာဖိအားတွေ မြင့်မားလာတဲ့အတွက် စစ်အစိုးရပုံသဏ္ဍန်နဲ့ ရေရှည်မှာ ဆက်လက်ရပ်တည်လို့ မဖြစ်နိုင်တာကို သဘောပေါက်လာတဲ့ မြန်မာစစ်အာဏာရှင်တွေက အဆင့် (၇) ဆင့် လမ်းပြမြေပုံကို ဖန်တီးပါတော့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်တိုင်းရင်းသားပါတီများက ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက စစ်အစိုးရက လမ်းပြမြေပုံ (၇) ဆင့်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ အဆင့် (၇) ဆင့်လမ်းပြမြေပုံရဲ့ အလွန်ကာလကို ရောက်ရှိနေပါပြီ။ အာဏာရှင်များက ဖိနှိပ်မှုတွေကို စတင်ဖြေလျော့ပေးလို့ လွတ်လပ်မှုအချို့ကို အတိုင်းအတာတစ်ခုအထိ ရရှိနေပါပြီ။ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြတဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း ပုံစံမျိုးစုံနဲ့ ဖြစ်ပေါ်နေပါပြီ။ အဓိကနိုင်ငံရေးခေါင်းဆောင်များလည်း အကျဉ်းထောင်က လွတ်မြောက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲရောက်ရှိနေပါပြီ။ အာဏာရှင်များဘက်မှ ပြည်သူ့အကျိုးကို သယ်ပိုးလိုသူတွေ၊ ပြည်သူ့ဘက်က ရပ်တည်ချင်သူတွေ၊ ဒီမိုကရေစီအပြောင်းအလဲကို ကိုယ်စားပြုချင်သူတွေကိုလည်း တွေ့မြင်နေရပါပြီ။ အစိုးရကိုယ်တိုင်လည်း နိုင်ငံတကာဖိအားပေးမှုများက လွတ်မြောက်လို့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံနေရပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အများစုလည်း စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲလို့ နိုင်ငံရေးဆွေးနွေးပွဲများသို့ ရှေ့ရှူနေကြပါပြီ။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ်မှာ စိတ်တိုင်းမကျတာတောင်မှ၊ အစိုးရကို မယုံကြည်ဘူးဆိုတာတောင်မှ အပြောင်းအလဲများဆက်လက်ဖြစ်ပေါ်တိုးတက်ရေးအတွက် မြန်မာ့ဒီမိုကရေစီအင်အားစုများဘက်က အရင်အတိုင်း ထိပ်တိုက်ရင်ဆိုင်မှုနည်းလမ်းတစ်ခုတည်းနဲ့ လှုပ်ရှားလို့ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ယူဆပါတယ်။ 

(၉) စစ်မှန်သောအပြောင်းအလဲများ ဖြစ်ပေါ်ရေးနှင့် ပါတ်သက်၍…။

အစိုးရကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဒီမိုကရေစီလှုပ်ရှားသူများအနေနဲ့ စစ်မှန်သောအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် အကြမ်းမဖက်လှုပ်ရှားစရာ နည်းလမ်းတွေအများကြီးရှိနေပါတယ်။ ဒါပေမည့် စိတ်ရှည်ဖို့လိုအပ်ပါတယ်။ အချိန်စောင့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အမြင်၊ သူ့အမြင် နှစ်ခုကို မျှတစဉ်းစားပြီး အဖြစ်နိုင်ဆုံးကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ထိပ်ဆုံးက အာဏာပိုင်များက အောက်ခြေကို အဆင့်ဆင့်ချမှတ်ပေးတဲ့ အပြောင်းအလဲမျိုးထက် လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံးပြည်သူများကနေ အထက်ကို ပြန်လှန်ပြောင်းလဲတဲ့ အပြောင်းအလဲမျိုးကို ဦးစားပေးသင့်ပါတယ်။ အာဃာတတွေ၊ အမုန်းတရားတွေကို မျိုသိပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘက်နှစ်ဘက်စလုံးက အပြောင်းအလဲလိုလားသူများအားလုံး လက်တွဲညီညွတ်ကြဖို့ လိုအပ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကြည့်ရအောင်ပါ။ အစိုးရဘက်က ကျောင်းသားများရဲ့ တောင်းဆိုချက် (၁၁) ချက်ကို ထည့်သွင်းရေးဆွဲထားတဲ့ "အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကို လွှတ်တော်ကို တင်သွင်းပြီး ဖြစ်ပေမည့် ဒီဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်မှာ ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုကြတဲ့အခါ နောက်ဆုံးထွက်ပေါ်လာမည့် ဥပဒေမှာ ကျောင်းသားများတောင်းဆိုတဲ့ အချက် (၁၁) ချက်လုံး ပါဝင်ချင်မှ ပါဝင်မှာပါ။ ဒါ့အပြင် ကျောင်းသားများလက်မခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပိုပြီးပါဝင်လာနိုင်ပါသေးတယ်။ အဲဒီအခါ ကျောင်းသားများက အဲဒီ ဥပဒေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ကျောင်းသားများက အစိုးရနဲ့ လွှတ်တော်က ကတိပျက်ကွက်တယ်လို့ စွပ်စွဲပြီး နောက်တစ်ကြိမ် လမ်းပေါ်ထွက်၊ ချီတက်ဆန္ဒပြကြဦးမှာလား။ 

ကျနော်ကတော့ မဖြစ်စေချင်ပါ။ ကျောင်းသားများအနေနဲ့ လွှတ်တော်က နောက်ဆုံးအတည်ပြုလိုက်တဲ့ ဥပဒေအသစ်ကို သေသေချာချာလေ့လာပြီး လက်ခံနိုင်တဲ့ အတိုင်းအတာရှိရင် လက်ခံပြီး လက်မခံနိုင်တဲ့၊ ပြင်ဆင်ချင်သေးတဲ့ အချက်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်ဆွေးနွေးတဲ့ နည်းလမ်းကို ရွေးချယ်စေချင်ပါတယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ဘက်မှ အပြည့်အဝမှန်ကန်တယ်ဆိုတာ မရှိပါ။ ကျောင်းသားများရဲ့ တောင်းဆိုချက် (၁၁) ချက်ကို သဘောမတူနိုင်သူ အများအပြားရှိမှာ ဖြစ်သလို ၎င်းတို့ရဲ့ သဘောမတူညီမှုတွေဟာလည်း အကျိုးအကြောင်းခိုင်လုံနိုင်ပါတယ်။ နောက်တစ်ချက်က ဥပဒေတစ်ရပ်ကို ပြင်ဆင်တယ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားမည့် လုပ်ငန်းစဉ်ပါ။ မိမိတို့ပြင်ဆင်ချင်တာတွေကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်ဆွေးနွေးပြီး မိမိတို့ကို ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်များ များနိုင်သမျှများအောင် စည်းရုံးနိုင်တဲ့ တစ်နေ့မှာ မိမိတို့လိုအပ်သလို လွှတ်တော်က ဥပဒေပြင်ဆင်ပေးမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုနည်းလမ်းတစ်ခုတည်းနဲ့တော့ ဥပဒေကို ပြင်နိုင်မှာ မဟုတ်ပါ။

အလားတူပဲ ပြင်ဆင်ရမည့် ဥပဒေတွေ၊ ဖျက်သိမ်းရမည့် ဥပဒေတွေ အများကြီးရှိပါသေးတယ်။
"ငြိမ်းစုစီ" လို့ အတိုကောက်ခေါ်ကြတဲ့ “ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ" ကိုလည်း ခွင့်ပြုချက်မတောင်းခံပဲ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ပြစ်ဒဏ်ခတ်အရေးယူခြင်းအား ရုပ်သိမ်းပေးဖို့ တောင်းဆိုရမှာပါ။ "ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးဥပဒေ” မှာပါတဲ့ "ဧည့်စာရင်းတိုင်ဖို့ လိုအပ်ခြင်းနဲ့ ဧည့်စာရင်းမတိုင်ရင် ဖမ်းဆီးအရေးယူခြင်း" ပြဋ္ဌာန်းချက်တွေကိုလည်း ရုပ်သိမ်းပေးဖို့ တောင်းဆိုရမှာပါ။ မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကို မတောင်းဆိုပဲ၊ လွှတ်တော်ကိုယ်စားလှယ်များကို မစည်းရုံးပဲ အစိုးရကို ဆန့်ကျင်ဆန္ဒပြရုံနဲ့တော့ ဥပဒေများကို မပြောင်းလဲနိုင်ပါ။

(၉/၁) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း

တစ်ချိန်တည်းမှာ လက်ရှိဥပဒေများက ပေးအပ်ထားတဲ့ အခွင့်အရေးများကိုလည်း ပိုင်ပိုင်နိုင်နိုင် ရယူတတ်ဖို့ လိုအပ်ပါတယ်။ "ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးဥပဒေ" အရ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်/ကျေးရွာအုပ်စုနေ ပြည်သူများက တဆင့်ခံ ရွေးချယ်တင်မြှောက်ခွင့် ရှိလာပါတယ်။ တဆင့်ခံလို့ ဆိုရတာက အိမ်ထောင်ဦးစီးများက ဆယ်အိမ်စုအလိုက် ဆယ်အိမ်မှူးတစ်ဦးစီကို ရွေးချယ်ရပြီး ဆယ်အိမ်မှူးများကမှ ၎င်းတို့ထဲက တစ်ဦးကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ရတာမို့ပါ။ တစ်ချိန်တုံးက ဒီရာထူးတွေမှာ မြို့နယ်အာဏာပိုင်များက သူတို့နှစ်သက်ရာလူကို ရွေးချယ်ခန့်အပ်ခဲ့ကြတာပါ။ အခုလို တဆင့်ခံရွေးချယ်တင်မြှောက်ခွင့်ရှိလာတာဟာ အပြည့်အဝကျေနပ်စရာ မဟုတ်ပေမည့် အခွင့်အရေးတစ်ခုအဖြစ် အသုံးချသင့်ပါတယ်။ တစ်ဘက်မှာ "ရပ်ကွက်နေပြည်သူများအားလုံးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးကောက် တင်မြှောက်နိုင်ဖို့အတွက် ဒီဥပဒေကို ပြင်ဆင်စေလိုကြောင်း" လွှတ်တော်ကို ချဉ်းကပ်ဆွေးနွေး ဖိအားပေးပြီး တစ်ဘက်မှာလည်း ပြည်သူ့အကျိုးအမှန်တကယ် ဆောင်ရွက်မည့်သူကို ဆယ်အိမ်မှူးများက တဆင့် ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ကြိုးစားသင့်ပါတယ်။

ရပ်ကွက်/ကျေးရွာဆိုတာ မြန်မာနိုင်ငံရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့်မှာ အခြေခံအကျဆုံး နိုင်ငံတော်အဖွဲ့အစည်းဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ အဲဒီ အခြေခံအကျဆုံး လူ့အဖွဲ့အစည်းရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာတွင်းက ပြည်သူများရဲ့ အကျိုးစီးပွါးကို လက်တွေ့နီးနီးကပ်ကပ်ဆောင်ရွက်ပေးနေရသူဖြစ်ပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူများအပေါ် ဩဇာသက်ရောက်မှုအရှိဆုံးပုဂ္ဂိုလ်ပါ။ ရွေးကောက်ပွဲတွေကျင်းပပြီဆိုရင်လည်း ရပ်ကွက်/ကျေးရွာတွင်းက မဲရုံများ၊ မဲဆန္ဒပေးမှုများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ အဲဒီအခြေခံ လူ့အဖွဲ့အစည်းများမှာ ကောင်းမွန်သန့်ရှင်းတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိလာမယ်ဆိုရင် အခြေခံပြည်သူများရဲ့ အကျိုးစီးပွါးကို ပိုပြီးဖော်ဆောင်နိုင်မှာ ဖြစ်သလို အောက်ခြေမှ အထက်သို့ အဆင့်ဆင့် တိုးတက်ပြောင်းလဲရေးကို ဖန်တီးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၅,၀၀၀ ကျော် ၊ ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိတာမို့ အဲဒီ ရာထူးတွေမှာ ဒီမိုကရေစီအင်အားစုထဲက ပုဂ္ဂိုလ်တွေ၊ မှန်ကန်ဖြောင့်မတ်သူတွေ တာဝန်ယူနိုင်ကြမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက် ပိုပြီးအားကောင်းပါလိမ့်မယ်။ အခုအချိန်အထိကတော့ အဲဒီ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရာထူး အများစုမှာ ယခင်စစ်အာဏာရှင်အဆက်ဆက်က နေရာရခဲ့သူများနဲ့ ကြံ့ခိုင်ရေးပါတီဝင် အမာခံများပဲ နေရာရနေတာ တွေ့ရပါတယ်။

(၉/၂) စည်ပင်သာယာကော်မတီဝင်များ ရွေးချယ်ခြင်း


အလားတူအရေးကြီးတာက စည်ပင်သာယာရွေးကောက်ပွဲများဖြစ်ပါတယ်။ စည်ပင်သာယာကော်မတီအဆင့်ဆင့်ဟာ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းများဖြစ်ပြီး အာဏာရှင်ခေတ်မှာတော့ အာဏာပိုင်တို့ခန့်အပ်တဲ့ မိုးကျရွှေကိုယ်များနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ လာဘ်ပေးလာဘ်ယူမှု အများဆုံး အဖွဲ့အစည်းအဖြစ်လည်း နံမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာဒေသရဲ့ လမ်းများ၊ ဈေးများ၊ သန့်ရှင်းရေး၊ ရေပေးရေး၊ လျှပ်စီးမီးပေးရေး၊ သယ်ယူပို့ဆောင်ရေး၊ အဆောက်အအုံဆောက်လုပ်ခွင့်/ပြင်ဆင်ခွင့်ပြုရေး၊ ပန်းခြံများ၊ ကစားကွင်းများ၊ ဖျော်ဖြေမှုများ၊ ကားရပ်နားရန်နေရာများ၊ တံတားများ စသဖြင့် ဒေသလူထုရဲ့ နေ့စဉ်ဘဝတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေအပေါ်မှာ အာဏာရှိတာမို့ အင်မတန်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခုတော့ ဥပဒေအသစ်အရ စည်ပင်သာယာရေးကော်မတီများရဲ့ မြို့တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေမှာ ကော်မတီဝင်အချို့ကို ပြည်သူများက ရွေးကောက်တင်မြှောက်နိုင်ပြီ ဖြစ်ပါတယ်။ 

အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီ်း မှာဆိုရင် မြို့တော်အဆင့် စည်ပင်သာယာကော်မတီမှာ မြို့တော်ဝန်ကို သမ္မတ/ဝန်ကြီးချုပ်က ခန့်အပ်ပြီး မြို့တော်ဝန်က ကော်မတီဝင် (၄) ဦးကို ခန့်အပ်မှာဖြစ်ပါတယ်။ နောက်ထပ်ကော်မတီဝင် (၄) ဦးကို ခရိုင် (၄) ခုက တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်း ခရိုင်အဆင့် စည်ပင်သာယာကော်မတီ (၄) ခုအတွက် ကော်မတီဝင် (၃) ဦးစီကို ခရိုင်တွင်းနေပြည်သူများက ရွေးကောက်တင်မြှောက်ရမှာဖြစ်ပြီး မြို့နယ်ကော်မတီ (၃၃) ခုအတွက် ကော်မတီဝင် (၃) ဦးစီကို မြို့နယ်လူထုက ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက် မြို့တော်အဆင့်ကော်မတီဝင် (၄) နေရာ၊ ခရိုင်အဆင့်ကော်မတီဝင် (၁၂) နေရာ၊ မြို့နယ်အဆင့်ကော်မတီဝင် (၉၉) နေရာ ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်တစ်ခုနေ ပြည်သူတစ်ယောက်ဟာ နှစ်ပေါင်း (၆၀) ကျော်အတွင်း ပထမဆုံး ပြန်လည်ကျင်းပတဲ့ စည်ပင်သာယာရွေးကောက်ပွဲ တွေမှာ မြို့တော်အဆင့်အတွက် (၁) ဦး၊ ခရိုင်အဆင့်အတွက် (၃) ဦး၊ မြို့နယ်အဆင့်အတွက် (၃) ဦး၊ စုစုပေါင်း (၇) ဦးကို ရွေးချယ်တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။

စည်ပင်သာယာရေးကော်မတီဆိုတာ ဒေသခံပြည်သူများရဲ့ အကျိုးစီးပွါးကို လက်တွေ့ကျကျဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို မသမာသူများ၊ ကိုယ်ကျိုးရှာသမားများ ၊ အရည်အချင်းမပြည့်ဝသူများသာ တာဝန်ယူခွင့်ရမယ်ဆိုရင် ဒေသခံပြည်သူတို့ရဲ့ နေ့စဉ်ဘဝကို ထိထိရောက်ရောက် အနှောက်အယှက်ပေးနိုင်မည့် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် စည်ပင်သာယာကော်မတီရွေးကောက်ပွဲများမှာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့၊ ဖြောင့်မတ်စင်ကြယ်တဲ့ ပုဂ္ဂိုလ်များ အရွေးခံနိုင်ကြစေဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းများက စုပေါင်းပြီး ကူညီဆောင်ရွက်သင့်ပါတယ်။ ရွေးကောက်ပွဲထုံးစံ ကုန်ကျစရိတ်က အရမ်းများမှာမို့ အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ အပြည့်အဝထောက်ခံအားပေးမှုမပါပဲ ရိုးသားဖြောင့်မတ်ပေမည့် ပိုက်ဆံမရှိကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါ။

တိုင်းပြည်ရဲ့ အခြေခံကျတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာကော်မတီဝင် စတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှာ နေရာအချို့ကို ရွေးကောက်တင်မြှောက်ခွင့်ရချိန်မှာ ရွေးကောက်ပွဲများကတဆင့် ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်များ ရွေးချယ်တင်မြှောက်ခံရအောင် စုပေါင်းကြိုးစားဆောင်ရွက်ခြင်းဟာ လက်ရှိဖွဲ့စည်းပုံဘောင်ထဲကနေ ဒီမိုကရေစီကို တိုးချဲ့ယူခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၎င်းအဖွဲ့အစည်းများမှာ နေရာအချို့ကိုသာမက  မြို့တော်ဝန်အပါအဝင် နေရာအားလုံးကို လူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ရှိအောင် ဥပဒေများကို ပြင်ဆင်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်များကို အရေးဆိုကြရမှာပါ။

0 comments: