(7-Day
daily နေ့စဉ်သတင်းစာ၊ မေလ ၂၀ ရက်၊ ၂၀၁၅)
http://7daydaily.com/story/37621
http://7daydaily.com/story/37621
လူကြိုက်နည်းမည့်
မှတ်ချက်များ (၂)
အောင်ဒင်
(၁/၃)
ဖိအားပေးမှုနှင့် အပြုသဘောဆက်ဆံအားပေးမှု မူဝါဒ
ပထမပိုင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအပြောင်းအလဲက
ဖိအားပေးမှုနဲ့ အပြုသဘောဆက်ဆံအားပေးမှု (Combination of Pressure and Engagement) ကို
ပူးတွဲကျင့်သုံးတာပါ။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အဲဒီမူဝါဒအသစ်ကို “လက်တွေ့ကျသော
တိုက်ရိုက်ဆက်ဆံရေးမူဝါဒ” (Pragmatic Engagement) လို့ အမည်ပေးခဲ့ပါတယ်။ ဒီမူဝါဒအရ
အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့အရေးယူမှုကို ဆက်လက်ဆုတ်ကိုင်ထားပြီး
မြန်မာအစိုးရကို အပြုသဘောပြောင်းလဲဖို့ တိုက်ရိုက်ဆက်ဆံဖိအားပေးမယ်။ မြန်မာအစိုးရက
ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုလုပ်တိုင်း ဖိအားပေးမှုတွေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးမယ်။
ကောင်းတာလုပ်ရင် ကောင်းတာနဲ့ တုန့်ပြန်ပြီး မကောင်းတာလုပ်ရင် ပိုပြီးဖိအားပေးမယ် (Action
by Action) လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်ကို တစ်နှစ်တစ်ကြိမ်၊
ဇူလိုင်လတိုင်းမှာ သက်တမ်းကုန်ဆုံးမည့် မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုဥပဒေကို
သက်တမ်းတိုးဖို့ ထောက်ခံပါတယ်။ ကွန်ဂရက်လွှတ်တော်က ဥပဒေကို သက်တမ်းတိုးဖို့ မဲခွဲဆုံးဖြတ်ပြီးတဲ့နောက်
သမ္မတအိုဘားမားက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုများကို
တစ်နှစ်သက်တမ်းတိုးကြောင်း အမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ နောက်ထပ်
အမိန့်ကြေညာချက်တစ်ခုကို ထပ်မံ ထုတ်ပြန်ပါတယ်။
ဒုတိယအမိန့်မှာတော့ မြန်မာနိုင်ငံမှာ
ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲများကို အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့မှုအရေးယူများကို
တစ်နှစ်ဆိုင်းငံ့ကြောင်း ပါဝင်ပါတယ်။ အဓိပ္ပာယ်က ကွန်ဂရက်လွှတ်တော်က မြန်မာနိုင်ငံကို
စီးပွါးရေးပိတ်ဆို့အရေးယူခြင်းကို သက်တမ်းတစ်နှစ်တိုးဖို့ ဥပဒေပြဋ္ဌာန်းထားတယ်။ သမ္မတက
သူ့ရဲ့လုပ်ပိုင်ခွင့်များကို သုံးပြီး အဲဒီအရေးယူမှုတွေကို တစ်နှစ်တာ ဆိုင်းငံ့ထားဖို့
ဆုံးဖြတ်တယ်။ ဒါပေမည့် ဥပဒေက တရားဝင်တည်ရှိနေဆဲမို့ မြန်မာအစိုးရက မကောင်းတာတွေလုပ်ရင်
သမ္မတက သူ့ရဲ့ ဆိုင်းငံ့ချက်ကို ချက်ချင်းရုပ်သိမ်းပြီး ဥပဒေအတိုင်း စီးပွါးရေးပိတ်ဆို့မှုကို
ဆက်လက်အကောင်အထည်ဖော်ရမှာပါ။
ဒါပေမည့် ၂၀၁၃ ခုနှစ်မှာ အခြေအနေတစ်မျိုး ပြောင်းလဲခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ စီးပွါးရေးပိတ်ဆို့မှုတွေကို နောက်တစ်နှစ်သက်တမ်းတိုးဖို့အတွက်
ဥပဒေကြမ်းတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ခုစလုံးမှာ
ဆွေးနွေးနေကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ခေါင်းဆောင်များကို
တိုက်ရိုက်ဆက်သွယ်ပြီး ဥပဒေကြမ်းကို အတည်မပြုဖို့၊ စီးပွါးရေးပိတ်ဆို့မှုတွေကို သက်တမ်းမတိုးဖို့
တောင်းဆိုလိုက်ပါတယ်။ သူမအပေါ် လေးစားမှုအပြည့်အဝရှိတဲ့ ကွန်ဂရက်လွှတ်တော်အမတ်များကလည်း
သူမရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေကို သက်တမ်းမတိုးတော့ဖို့
ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှာ အမေရိကန်ပြည်ထောင်စုက
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့အရေးယူမှုဥပဒေ သက်တမ်းကုန်ခဲ့ရပါတယ်။
ဆုတ်ကိုင်ထားစရာ ဥပဒေမရှိတော့တာမို့ သမ္မတအိုဘားမားက သူကိုယ်တိုင်နဲ့
သမ္မတ ဘွတ်ရှ် တို့ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့အရေးယူမှုဆိုင်ရာ
အမိန့်တွေ (Executive Orders) ကို ပြန်လည်ရုပ်သိမ်းရပါတယ်။ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၆
ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရဲ့ အမိန့်အမှတ် ၁၃၆၅၁ မှာ "မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့
ဒီမိုကရေစီဥပဒေ" နဲ့ "မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာများကို
ပိတ်ဆို့ခြင်းဥပဒေ" များတွင်ပါဝင်သည့် "မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်ပြည်ထောင်စုသို့
တင်သွင်းခြင်းကို ပိတ်ပင်တားဆီးမှု" နဲ့ အခြားအရေးယူမှုများကို ရုပ်သိမ်းကြောင်း
ကြေညာပါတယ်။ ဒါပေမည့် မြန်မာ့အရေးလှုပ်ရှားသူများရဲ့ အကြံပြုချက်အရ သမ္မတက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို
အသုံးချပြီး မြန်မာနိုင်ငံက ကျောက်စိမ်း၊ ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေကို အမေရိကန်ပြည်ထောင်စုကို
တင်သွင်းခွင့်မပြုပဲ ဆက်လက်ပိတ်ဆို့ထားပါတယ်။
(၁/၄)
လျော့နည်းသွားတဲ့ ဖိအား၊ ပြန်မရနိုင်တော့တဲ့ ဖိအား
မြန်မာနိုင်ငံတွင်းမှာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲအနိုင်ရပါတီကို
အာဏာမလွှဲတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပြီးခဲ့တဲ့ နှစ်များအတွင်းက
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ ဆွစ်ဇာလန် စတဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက
မြန်မာစစ်အစိုးရအပေါ် စီးပွါးရေး၊ နိုင်ငံရေး၊ သံတမန်ရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပါတယ်။
အဲဒီ နိုင်ငံတကာအရေးယူမှုတွေထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုများက အပြင်းထန်ဆုံး၊
အကျယ်ပြန့်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာလည်း အခြားနိုင်ငံများက အရေးယူမှုများအားလုံးကို
ရုပ်သိမ်းပြီးဖြစ်ပေမည့် အမေရိကန်အစိုးရကတော့ မြန်မာအစိုးရအပေါ် အရေးယူမှုအနည်းငယ် ကျန်ရှိနေဆဲပါ။
ဒါပေမည့် ကျန်နေသေးတဲ့ အရေးယူမှုအနည်းငယ်ဟာ မြန်မာအစိုးရကို ဖိအားပေးအကြပ်ကိုင်ဖို့
လုံလောက်တဲ့ အတိုင်းအတာမရှိပါ။ အရင်ကဆို မြန်မာအစိုးရရဲ့
ကောင်းမွန်သောဆောင်ရွက်မှုများရှိတိုင်း ဖိအားပေးမှုတွေကို အဆင့်လိုက်ရုပ်သိမ်းပေးလို့
မြန်မာအစိုးရက အပြောင်းအလဲများကို နှေးကွေးမယ်၊ နောက်ကြောင်းပြန်လှည့်မယ်ဆိုရင် ခြိမ်းခြောက်တဲ့အနေနဲ့
ဖိအားပေးမှုတွေကို ပြန်လည်တင်းကြပ်နိုင်တဲ့ အခြေအနေရှိခဲ့ပါတယ်။ အခု ဥပဒေပါ မရှိတော့ပါ။
မြန်မာပြည်တွင်းက အပြောင်းအလဲတွေဟာ မျှော်လင့်သလို ဖြစ်မလာလို့ အမေရိကန်အစိုးရက လက်ရှိ
ထိတွေ့ဆက်ဆံမှုတွေကို ရပ်တန့်ပြီး ဖိအားပေးမှုတွေနဲ့ ပြန်လည်အရေးယူဖို့ဆိုတာလည်း လက်တွေ့မှာ
မဖြစ်နိုင်ပါ။
ဒီနေရာမှာ မြန်မာစစ်အစိုးရအပေါ် စီးပွါးရေးပိတ်ဆို့မှုတွေနဲ့
အရေးယူနိုင်အောင် အမေရိကန်ပြည်ထောင်စုမှာ ကြိုးပမ်းခဲ့ကြရပုံတွေကို ရှင်းပြချင်ပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက စီးပွါးရေးပိတ်ဆို့မှုနဲ့ ပထမဆုံး အရေးယူတာက
၁၉၉၇ ခုနှစ်မှာ သမ္မတကလင်တန် ထုတ်ပြန်ခဲ့တဲ့ "မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုအသစ်များကို
တားမြစ်ခြင်း" (Investment Ban) ဖြစ်ပါတယ်။ ဒီလို အရေးယူနိုင်ဖို့ ကွန်ဂရက်လွှတ်တော်က
"မြန်မာနိုင်ငံစစ်အစိုးရကို စီးပွါးရေးပိတ်ဆို့အရေးယူရေး" ပြဋ္ဌာန်းချက်တစ်ခုကို
ဘတ်ဂျက်ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပြီး သမ္မတကို ညွှန်ကြားခဲ့ရတာပါ။ ကွန်ဂရက်လွှတ်တော်က
ဥပဒေပြဋ္ဌာန်းလို့ သမ္မတက အရေးယူမှုကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အမိန့်ထုတ်ပြန်ချိန်
၁၉၉၇ ခုနှစ်က စလို့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကိုသာ တားမြစ်တာဖြစ်လို့ အဲဒီအမိန့်မတိုင်ခင်ကတည်းက
မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေပြီးဖြစ်တဲ့ ယူနိုကယ် (UNOCAL) ၊ ရှယ်ဗရွန်
(CHEVRON) စတဲ့ ရေနံကုမ္ပဏီကြီးများကိုတော့ မပိတ်ပင်နိုင်ခဲ့ပါ။
သမ္မတကလင်တန်ရဲ့ အရေးယူမှုဟာ မြန်မာစစ်အစိုးရအပေါ် ထိထိရောက်ရောက်
ဖိအားပေးနိုင်ခြင်းမရှိဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူများက ယူဆပြီး ဒီထက်ပြင်းထန်တဲ့
စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့ ကွန်ဂရက်လွှတ်တော်ကို ချဉ်းကပ်စည်းရုံးခဲ့ကြပါတယ်။
ကျနော် လည်း
အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်မှာ ရောက်ရှိပြီး မြန်မာ့အရေးလှုပ်ရှားသူများနဲ့
လက်တွဲလို့ ကွန်ဂရက်လွှတ်တော်ကို ချဉ်းကပ်စည်းရုံးခဲ့ပါတယ်။ အကြိမ်ကြိမ်ကြိုးစားကြပေမည့်
မအောင်မြင်ခဲ့ပဲ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ ဒီပဲယင်းအကြမ်းဖက်မှုကြီး ပေါ်ပေါက်ပြီးတဲ့နောက်
ဇူလိုင်လကျမှပဲ မြန်မာနိုင်ငံက ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်သွင်းခွင့်မရှိအောင်
ကန့်သတ်ပိတ်ပင်ချက် (Import Restriction ) နဲ့ အခြား ပြင်းထန်သောအရေးယူမှုများပါဝင်တဲ့
"မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေ" (The Burmese freedom
and Democracy Act 2003) ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၀၈ခုနှစ်၊ ဇူလိုင်လမှာ မြန်မာနိုင်ငံနဲ့
ငွေကြေးဆက်ဆံမှုကို တားမြစ်တဲ့ အရေးယူမှု (Ban on Financial Transaction) အပြင် အခြားပြင်းထန်သော
အရေးယူမှုတွေ ပါဝင်တဲ့ "မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို
အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းခွင့်ပိတ်ပင်သည့် ဥပဒေ" (The Block Burmese
Jade Act 2008) ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ အထက်ဖော်ပြခဲ့တဲ့ ၂၀၀၃ နဲ့ ၂၀၀၈
ခုနှစ်များမှာ ချမှတ်နိုင်တဲ့ အရေးယူမှုများအတွက် အနည်းဆုံး အချိန် ၅ နှစ်နဲ့ ဒီပဲယင်းလုပ်ကြံမှုလို၊
ရွှေဝါရောင်တော်လှန်ရေးလို သွေးချောင်းစီးမှုကြီးတွေ လိုအပ်ခဲ့ရပါတယ်။
အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရရဲ့ အပြောင်းအလဲများ
နှေးကွေးတယ်၊ နောက်ကြောင်းပြန်လှည့်နေတယ်လို့ သံသယရှိပြီး ဖိအားပေးအရေးယူမှုတွေ ပြန်လုပ်ချင်ရင်တောင်မှ
ကွန်ဂရက်လွှတ်တော်ကနေ စီးပွါးရေးပိတ်ဆို့မှုဥပဒေပြဋ္ဌာန်းပေးဖို့ဆိုတာ အလွယ်တကူမဖြစ်နိုင်ပါ။
ငွေစက္ကူများ တရားမဝင်ဖျက်သိမ်းတာလို၊ စစ်တပ်က အာဏာသိမ်းတာလို၊ ဒီပဲယင်း အကြမ်းဖက်မှုနဲ့
ရွှေဝါရောင်တော်လှန်ရေးလို သွေးချောင်းစီး လူသတ်မှုကြီးတွေကို မြန်မာအစိုးရက
ထပ်မံကျူးလွန်ခြင်းမရှိသ၍ ပြင်းထန်တဲ့နိုင်ငံတကာ ဖိအားပေးမှုကြီးများ ပြန်ဖြစ်လာမှာ
မဟုတ်ပါ။ ရိုဟင်ဂျာပြဿနာကို အကြောင်းပြုပြီး အရေးယူရင်လည်း မြန်မာပြည်သူအများစုက လက်ခံလိမ့်မယ်
မထင်ပါ။
ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အစိုးရအနေနဲ့ ကျန်နေသေးတဲ့
အရေးယူမှုအနည်းငယ်ကို အားကိုးပြီး တင်းမာတဲ့ လမ်းကြောင်း ပြောင်းဖို့ ဆိုတာ
မဖြစ်နိုင်ပါ။ လက်ရှိကျင့်သုံးနေတဲ့ မြန်မာအစိုးရနဲ့ အပြုသဘောထိတွေ့ဆက်ဆံအားပေးရေးမူဝါဒကိုသာ
ဆက်လက်ကျင့်သုံးဖို့ပဲ ရှိပါတယ်။ အဲဒီလို မူဝါဒကို ဆက်လက်ကျင့်သုံးဖို့ တွန်းအားပေးတဲ့
အခြားအခြေအနေ နှစ်ရပ်လည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေနဲ့
အပြောင်းအလဲကို ကိုယ်စားပြုသူများအခြေအနေ ဖြစ်ပါတယ်။
(၂)
တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်း (Political Dialogue) နှင့် ပါတ်သက်၍..။
"တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်း" ဆိုတာကို ဒိုင်ယာလော့
(Dialogue) လို့ အများက သိထားပြီး ဖြစ်လို့ ဒိုင်ယာလော့လို့ပဲ ဆက်လက် သုံးစွဲပါ့မယ်။
၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ တိုက်ပွဲနည်းလမ်းက
"အကြမ်းမဖက်လှုပ်ရှားမှု" ဖြစ်ပြီး တိုက်ပွဲမဟာဗျူဟာက "အာဏာရှင်စစ်အစိုးရနဲ့
တွေ့ဆုံဆွေးနွေးပြီး ပြဿနာများကို ညှိနှိုင်းဖြေရှင်းခြင်း" ပဲ ဖြစ်ပါတယ်။ ၁၉၈၈
ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းမှာလည်း အာဏာရ မဆလပါတီအစိုးရကို ညှိနှိုင်းဆွေးနွေးဖို့
တောင်းဆိုခဲ့ကြပါတယ်။ နဝတစစ်အစိုးရတက်တော့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များက
နဝတအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို
နဝတစစ်အစိုးရက ညင်းပယ်လိုက် ပြီးတဲ့နောက်မှာလည်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ပြည်တွင်းမှ
တိုင်းရင်းသားလူမျိုးစုများနဲ့ နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလည်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တန်းတူညီမျှရေးပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့
စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
စစ်အစိုးရအဆက်ဆက်ကတော့ အဲဒီ တောင်းဆိုချက်ကို အမြဲတမ်း
ညင်းဆန်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ နအဖစစ်အစိုးရလက်ထက်မှာ "အမျိုးသားညီလာခံ"
ဆိုတာကို "တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ဒိုင်ယာလော့" အဖြစ် လှည့်ဖျားဖန်တီးခဲ့ပေမည့်
ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ နိုင်ငံတကာအစိုးရများက အသိအမှတ်မပြုပါ။ ဒါကြောင့်မို့
အမေရိကန်ပြည်ထောင်စုရဲ့ စစ်အစိုးရထံ တောင်းဆိုချက်တွေထဲမှာ "စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနဲ့ သုံးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းရန်" (Tripartite Dialogue) ဆိုတဲ့ တောင်းဆိုချက်
ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ရဲ့ တောင်းဆိုချက်များမှာလည်း "တွေ့ဆုံဆွေးနွေး
ညှိနှိုင်းအဖြေရှာရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး တိုင်းပြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးတွင်
ပါဝင်ခွင့်ရရေး" စတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ အဲဒီ တောင်းဆိုချက်တွေကို
စစ်အစိုးရက လက်ခံအကောင်အထည်ဖော်အောင် ဖိအားပေးတဲ့ အနေနဲ့ စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေကို
အမေရိကန်နဲ့ ဒီမိုကရေစီအစိုးရများက ကိုင်စွဲထားခဲ့ကြတာပါ။
အဲဒီလို ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားများက
တောင်းဆိုခဲ့ကြတဲ့ ဒိုင်ယာလော့ဆိုတာ နိုင်ငံတကာအစိုးရများရဲ့ အမြင်အရ အခုအချိန်မှာ
မြန်မာနိုင်ငံတွင်းမှာ စတင် အကောင်အထည်ဖော်နေပါပြီ။ နိုင်ငံတကာအစိုးရများရဲ့ ဖိအားပေးမှု၊
အရေးယူမှုတွေကို ဖယ်ရှားပြီး နိုင်ငံတကာအစိုးရများရဲ့ အသိအမှတ်ပြုမှုကို ခံယူချင်တဲ့
မြန်မာအစိုးရက ပြည်တွင်းဒီမိုကရေစီအင်အားစုများနဲ့ရော၊ နယ်စပ်အခြေစိုက် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များနဲ့ပါ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ၊ ဒိုင်ယာလော့တွေ ပြုလုပ်နေပါပြီ။
အဲဒီ ဒိုင်ယာလော့များကနေ အားလုံး ကျေနပ်လက်ခံနိုင်တဲ့ အဖြေ ထွက်၊ မထွက်ကတော့ ဒိုင်ယာလော့မှာ
ပါဝင်ဆွေးနွေးကြသူများအပေါ်မှာပဲ မူတည်ပါတယ်။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာမိသားစုကြီးက
“ဒိုင်ယာလော့ကနေ ဘယ်လို ရလာဒ်ထွက်စေ” လို့ အမိန့်ပေးနိုင်စွမ်းမရှိပါ။
0 comments:
Post a Comment