မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၉၁) ပြည်ထောင်စုလွှတ်တော်နှင့်
ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (ဃ)
၂။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှူတိုက်ဖျက်ရေး ဗဟိုအဖွဲ့ (အဆက်)
ဒီဥပဒေဟာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဦးဆောင်ဆင်နွှဲနေတဲ့
"ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး" (Global War on
Terror) မှာ မြန်မာနိုင်ငံက တစ်တပ်တစ်အားပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ရေးဆွဲပြဋ္ဌာန်းတာမို့
ဥပဒေမှာ ပါဝင်တဲ့ အကြမ်းဖက်မှုအမျိုးအစားအများစုက လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံနဲ့
တိုက်ရိုက်ပါတ်သက်ခြင်းမရှိသေးပါ။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့
တိုက်ရိုက်သက်ဆိုင်နေတဲ့ အကြမ်းဖက်မှုအမျိုးအစားများကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားတာ
တွေ့ရပါတယ်။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၀)။ အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊
အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော
အခြေခံအဆောက်အအုံများကို ဖြစ်စေ၊နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့်
အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၄)။ အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြင့်
အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကိုဖြစ်စေ၊ သဘာဝပါတ်ဝန်းကျင်ကိုဖြစ်စေ
ဆိုးရွားစွာ ထိခိုက်စေသည့် အကြမ်းဖက်မှုများ။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၅)။ အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်စေ၊ သူတစ်ဦးဦးအားပါဝင်စေရန် တိုက်တွန်းမှု၊
စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်ချီမှု၊ စုဆောင်းရန်ပြုလုပ်မှုများ။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၆)။ အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊
အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန်
ပြုလုပ်မှုများ။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၇)။ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏
အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍အရေးယူခြင်းမပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှါ
ထိန်ချန်ခြင်း သို့မဟုတ် သိလျက်နှင့်ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊
ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းပြုလုပ်မှုများ။
ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၈)။ အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏
အဖွဲ့ဝင်ကိုဖြစ်စေ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်ပေးရန်၊
အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေးစီစဉ်ဆောင်ရွက်ပေးရန်
ပြုလုပ်မှုများ။
#မြန်မာနိုင်ငံနှင့်
တိုက်ရိုက်သက်ဆိုင်နေသည့် အကြမ်းဖက်မှုများ
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့၊
အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနဲ့ တိုက်ရိုက်အကျုံးဝင်တဲ့ အကြမ်းဖက်မှု
(၂) မျိုးရှိပါတယ်။
(၁) ပြည်တွင်းစစ်ကြောင့် မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ
လက်နက်ကိုင်တပ်ဖွဲ့များက ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာနဲ့ နိုင်ငံပိုင်
အဆောက်အအုံများ၊ ယာဉ်ယန္တရားများကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေတာဟာ အကြမ်းဖက်မှုများဖြစ်ပါတယ်။
ဇန်နဝါရီလ (၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်ဆရာမလေး (၂) ယောက် မုဒိန်းကျင့်ပြီး
အသတ်ခံရတာဟာ အကြမ်းဖက်မှုဖြစ်ပါတယ်။
(၂) ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဟာ မတော်တဆတိုက်ဆိုင်မှုတွေကြောင့်
ဖြစ်ပေါ်နေတာ မဟုတ်ပဲ ဘာသာရေးအစွန်းရောက်များ၊ မကောင်းဆိုးဝါးအင်အားစုများရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့
သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပေါ်ပေါက်နေတာဖြစ်ပါတယ်။ ဘာသာရေးပဋိပက္ခတွေကို သွေးထိုးလှုံ့ဆော်နေခြင်း၊
အားပေးအားမြှောက်ပြုခြင်း၊ ပါဝင်ကျူးလွန်ခြင်းများအားလုံးဟာ အကြမ်းဖက်မှုများ ဖြစ်ပါတယ်။
ဒီကနေ့အထိတော့ "အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့" ဟာ အထက်ဖော်ပြပါ အကြမ်းဖက်မှုတွေကို
အရေးမယူနိုင်သေးတာ တွေ့ရပါတယ်။ ကချင်ဆရာမလေး (၂) ယောက် အသတ်ခံရတာ တစ်လကျော်ခဲ့ပါပြီ။
တရားခံ မပေါ်သေးပါ။ ဘာသာရေးအစွန်းရောက်များက ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်အောင် ပြောင်ပြောင်တင်းတင်း
လှုံ့ဆော်သွေးထိုးနေကြတာကိုလည်း မဟန့်တား၊ မပိတ်ပင်နိုင်သေးပါ။ ပြည်တွင်း ကုန်းကြောင်း၊
ရေကြောင်း၊ လေကြောင်းခရီးသွားလာမှုတွေမှာလည်း အကြမ်းဖက်သမားများက ဝင်ရောက်အခွင့်အရေးမယူနိုင်အောင်
လုံလောက်တဲ့၊ ကာကွယ်တားဆီးနိုင်တဲ့ လုံခြုံရေးပြင်ဆင်မှုတွေလည်း မတွေ့ရပါ။
#ပြည်ထောင်စုလွှတ်တော်နှင့်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
ဒီဥပဒေရဲ့ အားနည်းချက်က "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" ဟာ ပြည်ထောင်စုလွှတ်တော်ကို နှစ်ပါတ်လည်
လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တင်သွင်းစရာ မလိုအပ်တာပါ။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က
ဗဟိုအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်နိုင်ခြင်းမရှိပါ။ ဒီ "ဗဟိုအဖွဲ့"
လို အာဏာကြီးမားလှတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့ကြီးက ပြည်ထောင်စုလွှတ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ
မရှိတာ အန္တရာယ်ကြီးမားလှပါတယ်။ လွှတ်တော်နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီများမှာလည်း
"အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့"
ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ကြီးကြပ်ကွပ်ကဲမည့် ကော်မတီ ဖွဲ့စည်းမထားပါ။
"အကြမ်းဖက်မှုနှိမ်နင်းရေး" ဆောင်ရွက်ရင်း သာမာန်ပြည်သူများရဲ့ လူ့အခွင့်အရေးတွေ
ချိုးဖောက်ခံရနိုင်ပါတယ်။ ဥပဒေထဲမှာလည်း "အကြမ်းဖက်မှုနှိမ်နင်းရေး" ခေါင်းစဉ်အောက်မှာ
ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်မခံရအောင် လုံလောက်တဲ့ အကာအကွယ်တွေ
ပြဋ္ဌာန်းမထားပါ။
"အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့"
ကိုယ်တိုင်ကလည်း ပြည်သူလူထုနဲ့ ကင်းကွာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူလူထုကို အသိပညာပေးတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ
ဖိတ်ခေါ်တာ မတွေ့ရပါ။ ဗဟိုအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြည်သူလူထုအား အသိပေးတာမရှိပါ။
"ဗဟိုအဖွဲ့" ရှိနေတယ်ဆိုပြီး ပြည်သူလူထုအကြားမှာ လုံခြုံစိတ်ချရမှုတွေ မခံစားရပါ။
"ဗဟိုအဖွဲ့" ရှိနေတယ်ဆိုတာကိုတောင် မသိကြတဲ့ ပြည်သူတွေက အများကြီးပါ။
၃။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ
"မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ"
ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေ ပုဒ်မ (၄) အရ နိုင်ငံတော်သမ္မတက အဖွဲ့ဝင် အနည်းဆုံး
(၇) ဦးကနေ အများဆုံး (၁၅) ဦးအထိပါဝင်တဲ့ "မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်" ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဒါပေမည့် သမ္မတကိုယ်တိုင်က
တိုက်ရိုက်ရွေးချယ်ရတာမဟုတ်ပဲ ပုဒ်မ (၅) အရ သမ္မတက "ပြည်ထောင်စုတရားသူကြီးချုပ်၊
ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊
တရားလွှတ်တော်ရှေ့နေများကောင်စီမှ ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်
နှစ်ဦး၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး၊ တရားဝင်ဖွဲ့စည်းထားသည့်
အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ် နှစ်ဦး" တို့ ပါဝင်တဲ့ "ကော်မရှင်အဖွဲ့ဝင်လောင်း
စီစစ်ရွေးချယ်ရေးအဖွဲ့" ကို အရင်ဖွဲ့စည်းရပါတယ်။ အဲဒီအဖွဲ့က ပုဒ်မ (၆) မှာ သတ်မှတ်ထားတဲ့
ကော်မရှင်အဖွဲ့ဝင်အရည်အချင်းတွေ၊ ပုဒ်မ (၇) မှာ သတ်မှတ်ထားတဲ့ ထည့်သွင်းစဉ်းစားရန်
အချက်အလက်တွေကို အခြေခံပြီး ပုဒ်မ (၈) အရ ကော်မရှင်အဖွဲ့ဝင်လောင်း (၃၀) ရဲ့ အမည်စာရင်းကို
သမ္မတထံ တင်သွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါအမည်စာရင်းထဲမှ သင့်တော်မည့်သူများကို ပုဒ်မ
(၉) အရ သမ္မတက လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ညှိနှိုင်းရွေးချယ်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအဖြစ်
ခန့်အပ်တာဝန်ပေးရမှာ ဖြစ်ပါတယ်။ ဒီဥပဒေအရ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာမှာ
ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုမှု မလိုအပ်ပါ။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ သမ္မတက အမိန့်အမှတ်
(၂၃/၂၀၁၄) ကို ထုတ်ပြန်ပြီး "အမျိုးသားလူ့အခွင့်အရေးကော်မရှင်"
ဖွဲ့စည်းလိုက်ပါတယ်။ အငြိမ်းစားသံအမတ်ကြီး ဦးဝင်းမြ (ဥက္ကဋ္ဌ)၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာန
အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးစစ်မြိုင် (ဒု ဥက္ကဋ္ဌ) နဲ့ အကျဉ်းဦးစီးဋ္ဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဝင်း၊ လူမှုဖူလုံရေးအဖွဲ့ အငြိမ်းစားဥက္ကဋ္ဌ ဦးယုလွင်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန
အငြိမ်းစား ဒုညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်
အငြိမ်းစား ဒုပါမောက္ခချုပ် ဒေါက်တာမြင့်ကြည်၊ အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်ဇော်၊
ဥပဒေပညာဋ္ဌာန အငြိမ်းစားပါမောက္ခ/ဋ္ဌာနမှူး ဒေါက်တာဒေါ်သန်းနွဲ့၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန အငြိမ်းစား
ဒုအထွေထွေမန်နေဂျာ ဒေါ်မြမြ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဋ္ဌာန အငြိမ်းစားညွှန်ကြားရေးမှူး
ဦးခင်မောင်လေး၊ ရှေ့နေချုပ်ရုံး အငြိမ်းစားဦးစီးအရာရှိ ဦးစိုင်းဘုန်းမြင့် စတဲ့
အဖွဲ့ဝင်များ ပါဝင်ကြပါတယ်။ ဒီအမိန့်နဲ့ သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်၊ မေလ (၉) ရက်နေ့ကတည်းက
သူကိုယ်တိုင်ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဒီအမိန့်အရ ဖွဲ့စည်းတဲ့ကော်မရှင်အဖွဲ့ဝင် (၁၁) ဦးမှာ အမျိုးသမီး
(၂) ဦးသာ ပါဝင်ပြီး အားလုံးဟာ အငြိမ်းစားအစိုးရ အရာရှိကြီးများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားလူမျိုးစုများနဲ့
ဆက်နွယ်သူ နှစ်ဦးသာ ပါရှိပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ကိုယ်စားပြုသူ တစ်ဦးတစ်ယောက်မှ
မပါဝင်ပါ။
ပုဒ်မ (၁၃) အရ ကော်မရှင်ရဲ့ သက်တမ်းဟာ (၅) နှစ်ဖြစ်ပြီး
ပုဒ်မ (၁၄) အရ ကော်မရှင်အဖွဲ့ဝင်များဟာ သက်တမ်း (၂) ကြိမ်အထိ တာဝန်ထမ်းဆောင်နိုင်ပါတယ်။
ပုဒ်မ (၁၂)၊ ပုဒ်မခွဲ (က) အရ ကော်မရှင်ဥက္ကဋ္ဌဟာ ပြည်ထောင်စုဝန်ကြီးနဲ့ အဆင့်တူ၊ လစာအခွင့်အရေးတူပြီး
ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များဟာ ပြည်ထောင်စု ဒုဝန်ကြီးနဲ့ အဆင့်တူ၊ လစာနဲ့ ခံစားခွင့်တူပါတယ်။
ဒါကြောင့်မို့ "အမျိုးသားလူ့အခွင့်အရေးကော်မရှင်"
ဟာ ဝန်ကြီး (၁) ဦး၊ ဒုဝန်ကြီး (၁၀) ဦးရှိတဲ့ ပြည်ထောင်စုဝန်ကြီးဋ္ဌာနကြီး တစ်ခုနဲ့
သဏ္ဍန်တူပါတယ်။
ဒီဥပဒေကို လူ့အခွင့်အရေးလှုပ်ရှားသူများက နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်တဲ့
ပဲရစ်မူဝါဒများ (Paris Principles) နဲ့ မကိုက်ညီဘူးလို့ ဝေဘန်ကြပါတယ်။ ဥပဒေအရလည်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို
သမ္မတက ခန့်အပ်တာဝန်ပေးတာမို့ ဒီကော်မရှင်ဟာ သမ္မတရဲ့ အရာထမ်းများသာဖြစ်ပြီး လွတ်လပ်သောကော်မရှင်
မဖြစ်နိုင်ပါ။ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ သံအမတ်ကြီးဟောင်း ဦးဝင်းမြနဲ့ အဖွဲ့ဝင် သံအမတ်ကြီးဟောင်း
ဦးညွန့်ဆွေတို့ဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို
ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့မှာ နှစ်ပေါင်းများစွာ ခုခံကာကွယ်ခဲ့တဲ့
သံအမတ်ကြီးများ ဖြစ်ကြတာမို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်တဲ့ အတွေ့အကြုံထက် လူ့အခွင့်အရေးချိုးဖောက်သူများဘက်က
ခုခံကာကွယ်တဲ့ အတွေ့အကြုံပိုများသူများ ဖြစ်ကြပါတယ်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့
ဦးဇော်ဝင်းဟာလည်း စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတဲ့
အကျဉ်းထောင်ကြီးများကို တာဝန်ခံအုပ်ချုပ်ခဲ့သူပါ။
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၄၊ ဧပြီလ ၁၆ ရက်၊ ၂၀၁၅၊
စာမျက်နှာ ၁၄)
0 comments:
Post a Comment