BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၄)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၄)

အောင်ဒင်

#အဆင့် (၁) ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလှုပ်ရှားမှုစတင်ခြင်း

(၁/၁) မူများ၊လူများ၊မီဒီယာများနှင့် အတိတ်ကို လေ့လာခြင်း
(Studying Laws, Key Players and Media)

ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို လေ့လာရန်ဖြစ်ပါတယ်။ ဆက်လက်ပြီး အဆိုပါဥပဒေ၊ အချက်အလက်တွေကို အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများနဲ့ မဲဆန္ဒရှင်ပြည်သူများ အမှန်တကယ်သိနားလည်ခြင်း ရှိမရှိ လေ့လာရပါမယ်။ ရွေးကောက်ပွဲကျင်းပရေးအာဏာပိုင်များဟာ ဘက်လိုက်မှုကင်းစင်ခြင်း ရှိမရှိ၊ စနစ်တကျလေ့ကျင့်ထားခြင်း ရှိမရှိ လေ့လာရပါမယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲများမှာ ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုများကို လေ့လာသုံးသပ်ပြီး လာမည့် ရွေးကောက်ပွဲမှာ ဖြစ်ပေါ်နိုင်တဲ့ မသမာမှုများကိုလည်း ခန့်မှန်းနိုင်ရပါမယ်။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများကိုယ်တိုင်က သူတို့ရဲ့ အကျိုးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် စောင့်ကြည့်လေ့လာနိုင်စွမ်းရှိမရှိကိုလည်း လေ့လာရပါမယ်။ 

သတင်းမီဒီယာများအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲများမှာ မျှမျှတတ၊ သန့်သန့်ရှင်းရှင်းရပ်တည်ခဲ့ခြင်း ရှိမရှိကိုလည်း သိနားလည်ဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့  ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများရဲ့ ဆောင်ရွက်ချက်၊ လှုပ်ရှားမှုတွေအပေါ် ယုံကြည်စိတ်ချခြင်းအတိုင်းအတာကိုလည်း လေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီလို လေ့လာသုံးသပ်ပြီးတဲ့နောက်မှ အဖွဲ့အစည်းရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ အစီအစဉ်များ (Operational Plan) ကို ချမှတ်ရပါတယ်။

(၁/၂) အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် မူဝါဒများချမှတ်ခြင်း
(Setting up Objectives and Principles)

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်များနဲ့ အခြေခံမူဝါဒများကို ရှင်းလင်းပြတ်သားစွာ ချမှတ်ဖို့နဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာဖို့ပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်များအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးအပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုများကို မြှင့်တင်ရန်၊ ရွေးကောက်ပွဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ပြည့်စုံမှန်ကန်ရေး အထောက်အကူပြုရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ပြည်သူလူထု၏ သိနားလည်မှုကို အားပေးရန်၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးရန်၊ ပြည်သူလူထုအကြား ဖြစ်ပေါ်တတ်သော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ကြောက်ရွံ့မှုများကို လျှော့ချရန်၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှုများကို ကာကွယ်တားဆီးရန်နှင့် ပေါ်ပေါက်လာပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန်၊ စသည်များ ဖြစ်သင့်ပါတယ်။ အဓိကချမှတ်ရမည့် အခြေခံမူဝါဒများကတော့ ဘက်မလိုက်ရန် (Non-Partisn) နှင့် အကြမ်းမဖက်ရန် (Non-Violence) ဖြစ်ပါတယ်။ 

(၁/၃) အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များချမှတ်ခြင်း (Adopting Operational Plan)

တတိယအနေနဲ့ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ချမှတ်ရန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားလုံးပါဝင်တဲ့ အချိန်စာရင်းတစ်ခု (Election Calender) ကို ရွေးဆွဲရပါမယ်။ လှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် လိုအပ်မည့် ကုန်ကျစားရိတ်တွေကို ခန့်မှန်းတွက်ချက်ရပါမယ်။ လှုပ်ရှားမှုကြီး တစ်ခုလုံးအတွက် သုံးစွဲမည့် ရန်ပုံငွေဟာ အဖွဲ့အစည်းများ (သို့မဟုတ်) ပြည်သူလူထုက တရားဝင်လှူဒါန်းတဲ့ ငွေကြေး၊ ပစ္စည်းတွေ ဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပါတ်သက်ကြောင်း၊ လှူဒါန်းရရှိမှုများအတွက် မည်သည့်အခွင့်အရေးမျှ ပြန်လည်ပေးအပ်ရန် မလိုကြောင်း၊ လှူဒါန်းရရှိမှုများအားလုံးဟာ နှောင်ကြိုးကင်းရှင်းကြောင်း အစစ်ဆေးခံနိုင်ရပါမယ်။

#အဆင့် (၂) စစ်ဆင်ရေးအတွက် ပြင်ဆင်ခြင်း
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ဆိုင်ရာ လှုပ်ရှားမှု (စစ်ဆင်ရေး) ကို ပြင်ဆင်ရာမှာ အောက်ပါအချက်များ ပါဝင်ပါတယ်။,

(၂/၁) အဖွဲ့အစည်းတာဝန်ခံ ပုဂ္ဂိုလ်များ (Personnel)
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းမှာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ဦးဆောင်မည့် သဘာပတိအဖွဲ့ (သို့မဟုတ်) ဘုတ်အဖွဲ့ (Board) နဲ့ နေ့စဉ်လုပ်ငန်းစဉ်များကို ဦးဆောင်ကွပ်ကဲမည့် အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) (သို့မဟုတ်) ညွှန်ကြားရေးမှူး တစ်ဦး ရှိဖို့လိုအပ်ပါတယ်။ ဘုတ်အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူးကို ရွေးချယ်ခန့်အပ်ရမှာဖြစ်ပါတယ်။ အမှုဆောင်ညွှန်ကြားရေးမှူးဟာ ဘုတ်အဖွဲ့ကို တာဝန်ခံပြီး အဖွဲ့အစည်းရဲ့ ဝန်ထမ်းများအားလုံးကို ဦးဆောင်စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းမှာ အချိန်ပြည့်တာဝန်ယူမည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူလူထုနှင့် သတင်းမီဒီယာဆက်ဆံရေးဝန်ထမ်းများ၊ ဒေသအလိုက် ညှိနှိုင်းဆောင်ရွက်သူများ၊ ပစ္စည်းဝယ်ယူရေးဝန်ထမ်းများ၊ ဥပဒေပညာရှင်များ၊ စာရင်းကိုင်များ၊ ကွန်ပြူတာကျွမ်းကျင်သူများလည်း ရှိရပါမယ်။ အဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ကစလို့ တာဝန်ခံပုဂ္ဂိုလ်များ၊ ဝန်ထမ်းများအားလုံးဟာ နိုင်ငံရေးပါတီဝင်များ၊ အစိုးရဝန်ထမ်းများ၊ နိုင်ငံရေးအုပ်စုများနှင့် ပါတ်သက်သူများ၊ ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းဝင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများနှင့် ဆွေမျိုးအရင်းအချာတော်စပ်သူများ မဖြစ်ရပါ။

(၂/၂) ရွေးကောက်ပွဲစောင့်ကြည့်သူများ ရွေးချယ်စုဆောင်းခြင်း (Recruiting)
အဖွဲ့အစည်းရဲ့ ပင်မရုံးအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက်မှာ ရွေးကောက်ပွဲမှာ မဲရုံများကို ကိုယ်တိုင်သွားရောက်ပြီး စောင့်ကြည့်လေ့လာမည့် လုပ်အားပေးများကို ရွေးချယ်စုဆောင်းခြင်းဖြစ်ပါတယ်။ ဒီအတွက် အရင်ဆုံး ဆုံးဖြတ်ရမှာက လိုအပ်မည့် အရည်အသွေး၊ လိုအပ်မည့်အရေအတွက် တွေဖြစ်ပါတယ်။
ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်းတစ်ခုအတွက် တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း လေးသောင်းကျော်လောက်ရှိမည့်အထဲက ၁၀ ရာခိုင်နှုံးခန့်၊ မဲရုံ ၄,၀၀၀ လောက်ကို စောင့်ကြည့်လေ့လာမယ်ဆိုရင် အဆိုပါမဲရုံတိုင်းမှာ ရွေးကောက်ပွဲကျင်းပတဲ့ တစ်နေ့လုံး စောင့်ကြည့်လေ့လာမည့် လုပ်အားပေး ၄,၀၀၀ လောက်၊ မဲရုံစောင့်ကြည့်သူများကို မဲဆန္ဒနယ်အလိုက် အုပ်စုဖွဲ့ပြီး ကြီးကြပ်ဖို့နဲ့ မြို့နယ်ကော်မရှင်ရုံးများမှာ အခြေစိုက်ပြီး မဲရုံစောင့်ကြည့်သူများရဲ့ သတင်းပေးပို့ချက်တွေကို လက်ခံစုဆောင်းမှတ်တမ်းတင်မည့် လုပ်အားပေး ၄၀၀ လောက်၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အလိုက် ကော်မရှင်ရုံးများမှာ အခြေပြုပြီး ဒေသအလိုက်ပေးပို့လာတဲ့ သတင်းပေးပို့ချက်များကို စုပေါင်းမှတ်တမ်းတင်ပြီး ဗဟိုဋ္ဌာနချုပ်ကို ဆက်လက်ပေးပို့မည့် လုပ်အားပေး ၃၀၀ လောက်၊ ဗဟိုဋ္ဌာနချုပ်မှာ တစ်နိုင်ငံလုံးက သတင်းပေးပို့ချက်များကို စုပေါင်းမှတ်တမ်းတင်မည့် လုပ်အားပေး ၂၀၀ လောက်၊ စုစုပေါင်း လုပ်အားပေး ၅,၀၀၀ လောက် အနည်းဆုံးလိုအပ်မှာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များအားလုံးဟာလည်း နိုင်ငံရေးပါတီများ၊ အင်အားစုများနဲ့ မပါတ်သက်တဲ့၊ ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်များဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလောက်များတဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်ကင်းရှင်းတဲ့ လုပ်အားပေးတွေကို တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ စုစည်းနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်လက်အောက်ကနေ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို အသွင်ကူးပြောင်းစနိုင်ငံမှာ လုပ်အားပေးချင်ပေမည့် အာဏာပိုင်များရဲ့ ငြိုငြင်မှု၊ သံသယဖြစ်မှုတွေကို စိုးရိမ်ထိတ်လန့်ကြမည့် ပြည်သူတွေ အများကြီး ရှိနိုင်ပါတယ်။

ဒီပုဂ္ဂိုလ်များနဲ့ ပါတ်သက်ပြီး အရည်အချင်းသတ်မှတ်ချက်တွေ ရှိပါသေးတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအားလုံးဟာ အနည်းဆုံးအဆင့် စာရေးနိုင်၊ စာဖတ်နိုင်၊ စကားပြောဆိုဆက်သွယ်နိုင်သူများ၊ ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်းနားလည်နိုင်သူများ ဖြစ်ရပါမယ်။ ကိန်းဂဏန်းများနဲ့ အချက်အလက်များကို သိနားလည်သူများ ဖြစ်ရပါမယ်။ အဖွဲအစည်းရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံမူဝါဒများကို နားလည်သူ၊ လက်ခံသဘောတူသူများ ဖြစ်ရပါမယ်။ တယ်လီဖုန်းလို ဆက်သွယ်ရေးကိရိယာများ သုံးစွဲတတ်ရပါမယ်။ သတ်မှတ်ထားတဲ့ ပုံစံစာရွက်များပေါ်မှာ လိုအပ်သလို ရှင်းလင်းရေးသားပြီး သတင်းပေးပို့နိုင်သူများ ဖြစ်ရပါမယ်။ မဲရုံအာဏာပိုင်များရဲ့ လုပ်ငန်းစဉ်များကို စွက်ဖက်ခြင်း၊ နှောက်ယှက်ခြင်းမပြုသူများဖြစ်ရပါမယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ ဆွေမျိုးတော်စပ်သူများမဖြစ်ရပါ။ သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ဘက်မလိုက်ပဲ ကူညီပံ့ပိုးလိုသူများ ဖြစ်ရပါမယ်။ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မရှိပဲ သတင်းမီဒီယာများကို သတင်းပေးပို့ခြင်း၊ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခြင်း၊ ပုဂ္ဂိုလ်ရေးထင်မြင်ချက်များထုတ်ဖော်ခြင်း မပြုရန် သဘောတူသူများ ဖြစ်ရပါမယ်။ တစ်ဦးချင်းစီအတွက် သီးခြားသတ်မှတ်တဲ့ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သူများ ဖြစ်ရပါမယ်။
အဖွဲ့အစည်းရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ဖို့ ရွေးချယ်ခံရသူများဟာ မိမိတို့ရဲ့ "အမည်၊ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ လက်ရှိအလုပ်အကိုင်နှင့် အလုပ်ဋ္ဌာနလိပ်စာ၊ အထူးကျွမ်းကျင်မှု၊ လုပ်အားပေးနိုင်မည့် နေ့ရက်/အချိန်/နေရာ" စတဲ့ အချက်အလက်တွေကို အဖွဲအစည်းတာဝန်ခံများထံ ပေးအပ်ကြရမှာဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များအားလုံးဟာ သက်ဆိုင်ရာအဖွဲ့အစည်းက ချမှတ်တဲ့ ကျင့်ဝတ်များနဲ့ ရွေးကောက်ပွဲကော်မရှင်က ချမှတ်တဲ့ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုနိုင်ရပါမယ်။

(၂/၃) လေ့ကျင့်သင်ကြားခြင်း (Training)

လိုအပ်တဲ့ မဲရုံစောင့်ကြည့်သူများ စုဆောင်းရရှိပြီးရင် ၎င်းတို့ကို လေ့ကျင့်သင်ကြားပေးရပါမယ်။ အဓိကသင်ကြားပေးရမှာက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများ၊ မဲဆန္ဒရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ၊ မဲဆန္ဒနယ်ခွဲခြားသတ်မှတ်ခြင်းများ၊ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် နည်းလမ်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်သူများလိုက်နာရန် ကျင့်ဝတ်များ၊ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်တတ်သည့် မသမာမှုများနှင့် မှားယွင်းမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ဝတ္တရားများ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များလိုက်နာရမည့် စည်းကမ်းများ၊ မဲဆွယ်စည်းရုံးရေးကာလ စည်းကမ်းသတ်မှတ်ချက်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ တွေ့ကြုံရမည့် စိန်ခေါ်မှုနှင့် အခက်အခဲများ၊  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု အချိန်ဇယား၊ ရွေးကောက်ပွဲစောင့်ကြည့်သူများ အဆင့်ဆင့် ဆက်သွယ်ရန်နှင့် သတင်းပို့ရန်နည်းလမ်းများ စတဲ့ အကြောင်းအရာများ ဖြစ်ကြပါတယ်။

အဲဒီလို လေ့ကျင့်သင်ကြားနိုင်ဖို့အတွက် အဖွဲ့အစည်းအနေနဲ့ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုအထောက်အကူပစ္စည်းများနဲ့ သင်ကြားပို့ချမည့်ဆရာများကို ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားရမှာလည်း နိုင်ငံတဝှမ်းက ရွေးချယ်ထားသူများအားလုံးကို တစ်နေရာတည်းမှာ၊ တစ်ချိန်တည်းမှာ စုစည်းသင်ကြားဖို့ဆိုတာ မလွယ်ကူလှပါ။ ဒါကြောင့် လက်ရွေးစဉ်အချို့ကို ပထမဆုံး လေ့ကျင့်သင်ကြားပေးပြီး ၎င်းလေ့ကျင့်ပြီးသူများက သင်တန်းဆရာများအဖြစ်နဲ့ နိုင်ငံတဝှမ်း ဒေသများမှာ ဆင့်ပွါးသင်တန်းများ ဆက်လက်သင်ကြားတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရွေးချယ်ထားသူများကို နိုင်ငံတဝှမ်း အချက်အချာကျတဲ့ မြို့ကြီး အချို့မှာ တစ်ချိန်တည်းမှာ စုစည်းပြီး အဖွဲ့အစည်းက လေ့ကျင့်ပေးထားသူများက သင်ကြားပို့ချတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
အဖွဲ့အစည်းက လေ့ကျင့်သင်ကြားပေးမည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဟာ ပြည်သူလူထုအကြားမှာ နေထိုင်တဲ့ ပြည်သူများဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာဒေသက ပြည်သူလူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်တိုးပွါးအောင် အနီးစပ်ဆုံးနဲ့ အထိရောက်ဆုံး ပညာပေးနိုင်ကြသူများ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲစောင့်ကြည့်သူများအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို အပြည့်အဝနားလည်အောင် အဖွဲအစည်းက လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

0 comments: