BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

Burma's Parliament Watch Part (94)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၄) ပြည်ထောင်စုလွှတ်တော်နှင့် 

ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (ဆ)

#မြန်မာနိုင်ငံနှင့် ငွေကြေးခဝါချမှုများ (အဆက်)

အဲဒီလိုနဲ့ နိုင်ငံပိုင်ငွေကြေးတွေဟာ ပြည်ပဘဏ်များကို လျှို့ဝှက်စွာရောက်ရှိ၊ တရားမဝင်ငွေကြေးတွေက အဆက်မပြတ် ပြည်တွင်းမှာ လည်ပတ်နေပြီး ငွေကြေးဖောင်းပွမှုတွေမြင့်မားလာပါတယ်။ အိမ်၊ ခြံမြေဈေးကွက်တွေ အဆမတန်ဖောင်းပွပါတယ်။ ကုန်ဈေးနှုံးတွေ အဆမတန်မြင့်တက်ပါတယ်။ အကျင့်ပျက်ချစားမှုတွေ ပိုပြီးကြီးမားပါတယ်။ အခွန်တိမ်းရှောင်မှုတွေ မြင့်မားပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ ဆုံးရှုံးပါတယ်။ ချမ်းသာသူနဲ့ ဆင်းရဲသူများကြား ကွာဟချက်က ပိုပြီးနက်ရှိုင်းကျယ်ပြန့်လာပါတယ်။ ဘိန်းဘုရင်တွေ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးသူတွေက ဘုရားဒကာတွေ၊ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေဖြစ်လာကြပါတယ်။ ဒီလိုနဲ့ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွါးရေး၊ လူမှုရေးအဆောက်အအုံတွေနဲ့ တစ်သားတည်း၊ တစ်ထပ်တည်းရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပါပြီ။  

"ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုအဖွဲ့" (The Financial Action Task Force) ဆိုတာ နိုင်ငံတကာအစိုးရများရဲ့ ဘဏ္ဍာရေးဝန်ကြီးများ စုပေါင်းပါဝင်တဲ့ ၊ နိုင်ငံတကာငွေကြေးလုပ်ငန်းများနဲ့ ပါတ်သက်ပြီး စံချိန်၊ စံညွှန်းများသတ်မှတ်ခွင့်၊ အကြံပြုချက်များ၊ သတိပေးချက်များ ထုတ်ပြန်ခွင့်ရှိတဲ့ ဩဇာကြီးမားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ရုံးစိုက်တဲ့ ဒီအဖွဲ့ကို အတိုကောက်အားဖြင့် FATF လို့ ခေါ်ပါတယ်။ ဒီအဖွဲ့အစည်းက ငွေကြေးခဝါချမှုများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းများနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုများကို တားဆီးရန်၊ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်များအပေါ် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် မူဝါဒနဲ့ လမ်းညွှန်ချက်များ ချမှတ်ပေးပါတယ်။ မြန်မာနိုင်ငံမှာ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ" ပြဋ္ဌာန်းအပြီး (၇) လကျော်အကြာ၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှာ FATF က ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုကို ထောက်ပံ့ခြင်းများကို ထိထိရောက်ရောက် မတားဆီးနိုင်တဲ့၊ တားဆီးရန် လုံလောက်တဲ့ အားစိုက်ထုတ်မှုမပြုတဲ့ နိုင်ငံ (၄) နိုင်ငံရဲ့ အမည်များကို ကြေညာပါတယ်။ အဲဒီနိုင်ငံများက အယ်လ်ဂျီးရီးယား၊ အီကွေဒေါ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံများ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ FATF က အခုလို မှတ်ချက်ပြုပါတယ်။ မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုထောက်ပံ့ခြင်းများကို ထိထိရောက်ရောက် တားဆီးမယ်လို့ တိုင်းပြည်ရဲ့ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်များကိုယ်တိုင်က ကတိကဝတ်ပြုထားပေမည့် လက်တွေ့အကောင်အထည်ဖော်ရာမှာ အားနည်းလွန်းပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာတွေမှာလည်း အားနည်းချက်တွေ အထင်အရှားရှိနေသေးတယ်လို့ ဝေဘန်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ချို့ယွင်းအားနည်းချက်တွေကို ပြင်ဆင်ဖို့နဲ့ လက်တွေ့ဆောင်ရွက်မှုတွေ အားကောင်းဖို့ (၁) အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှုများအပေါ် တိကျပြတ်သားစွာ အရေးယူသင့်တယ်။ (၂) အကြမ်းဖက်သမားများရဲ့ ပိုင်ဆိုင်မှုတွေကို ခိုင်ခိုင်မာမာရှာဖွေဖော်ထုတ်ပြီး သိမ်းဆည်းနိုင်တဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲကျင့်သုံးသင့်တယ်။ (၃) အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့သူတွေဟာ နိုင်ငံများရဲ့ နယ်နမိတ်များကို ကျော်လွန်ပြီး လှုပ်ရှားနေကြတာမို့ အခြားနိုင်ငံများနဲ့ တရားခံအပြန်အလှန်လွှဲပြောင်းခြင်းလုပ်နိုင်မည့် သဘောတူညီမှုတွေ တိုးချဲ့သင့်တယ်။ (၄) နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ထိထိရောက်ရောက်၊ တက်တက်ကြွကြွဆောင်ရွက်နိုင်အောင် ဖွဲ့စည်းသင့်တယ်။ (၅) နိုင်ငံရဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများမှာ ပွင့်လင်းမြင်သာမှုရှိသင့်တယ်။ (၆) ငွေရေးကြေးရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ နိုင်ငံသားများရဲ့ တက်ကြွတဲ့ ပါဝင်ကူညီမှုရအောင် စည်းရုံးသင့်တယ်။ စသည်ဖြင့် အကြံပြုထားပါတယ်။ လိုရင်းကတော့ မြန်မာနိုင်ငံက "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ" နဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" များအပေါ် FATF က ကျေနပ်မှုမရှိဘူးလို့ ဆိုချင်ပါတယ်။

#ပြည်ထောင်စုလွှတ်တော်၊ ဥပဒေ (၄) ခု၊ ဗဟိုအဖွဲ့ (၄) ခု

ဒီဆောင်းပါးရှည်မှာ ပြည်ထောင်စုလွှတ်တော်က ပထမအကြိမ်သက်တမ်းအတွင်း ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ ဥပဒေများအနက်မှ တိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ ဥပဒေ (၄) ခုနဲ့ ၎င်းဥပဒေများအရ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ဗဟိုအဖွဲ့အစည်း (၄) ခုကို နိုင်ငံတကာစံချိန်စံညွှန်းများ၊ ပြည်တွင်းအခြေအနေများနဲ့ နှိုင်းယှဉ်ပြီး ဝေဘန်သုံးသပ်ထားပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးတွေဟာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုအတွက် ထိပ်တန်းဦးစားပေးအဖြစ်နဲ့ ဦးစားပေးဆောင်ရွက်ရမည့် အရေးကိစ္စတွေဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နိုင်မှ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဆိုတာကို တည်ဆောက်နိုင်မှာပါ။ အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်မှ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေကို၊ နိုင်ငံတော်ကို လုံခြုံစိတ်ချစွာ စောင့်ရှောက်ကာကွယ်နိုင်မှာပါ။ ငွေကြေးခဝါချမှုတွေကို တိုက်ဖျက်နိုင်မှ နိုင်ငံတွင်းမှာ အိမ်၊ ခြံ၊ မြေဈေးကွက်နဲ့ အခြေခံကုန်ဈေးနှုံးတွေ တည်ငြိမ်ပြီး တိုင်းပြည်အတွက် အခွန်ငွေတွေ တိုးမြှင့်ရရှိမှာပါ။ 

အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှုတွေကို ရပ်စဲနိုင်ပြီး ဆင်းရဲ၊ ချမ်းသာကွာဟမှုတွေကို တစ်ဖြေးဖြေးကျဉ်းမြောင်းစေမှာပါ။ လူ့အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်နိုင်မှ နိုင်ငံသားအားလုံး နိုင်ငံတော်အတွင်းမှာ တန်းတူ၊ ညီမျှ ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ ရပ်တည်နိုင်ကြမှာပါ။ အဲဒီလို အရေးကြီးတဲ့ အရေးကိစ္စတွေအတွက် ပြည်ထောင်စုလွှတ်တော်က တာဝန်ကျေစွာနဲ့ ဥပဒေများ ပြဋ္ဌာန်းပေးခဲ့ပါပြီ။ ၎င်းဥပဒေများကို တာဝန်ခံအကောင်အထည်ဖော်ဖို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းတာဝန်ပေးခဲ့ပါပြီ။
ဒါပေမည့် ဥပဒေပြဋ္ဌာန်းရုံ၊ ဖွဲ့စည်းတာဝန်ပေးရုံနဲ့ ပြည်ထောင်စုလွှတ်တော်က ရည်ရွယ်မျှော်လင့်တဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်မှာ မဟုတ်ပါ။ ဥပဒေများကိုယ်တိုင်က ပြည့်စုံလုံလောက်ဖို့ လိုသလို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းများကလည်း အရည်အသွေးပြည့်ဝဖို့၊ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီဥပဒေများ၊ ဒီအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိဖို့၊ အပြန်အလှန်အားကိုး ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ပြည်သူများကိုယ်တိုင်က ဒီဥပဒေများ၊ ဒီအဖွဲ့အစည်းများရဲ့ တည်ရှိမှု၊ ရည်ရွယ်ချက်၊ နဲ့ လုပ်ငန်းစဉ်တွေကို နားလည်ပြီး ဒီဥပဒေများ၊ ဒီအဖွဲ့အစည်းများဟာ ပြည်သူလူထုကို အကာအကွယ်ပေးနေတယ်လို့ ခံစားနားလည်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူလူထုက ဒီဥပဒေများ၊ ဒီအဖွဲ့အစည်းများအပေါ် စိတ်ချယုံကြည်ခြင်းမရှိရင် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မရနိုင်ပါ။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ဟာ ဥပဒေများပြဋ္ဌာန်းလို့ မူဝါဒများချမှတ်ပေးရုံနဲ့တင် မလုံလောက်ပဲ ဥပဒေအရပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင်ရွက်မှု၊ ထိရောက်မှု၊ တိုင်းပြည်အတွက်အကျိုးရှိမှုတွေကို အစဉ်တစိုက်လေ့လာသုံးသပ်နေဖို့ လိုအပ်ပါတယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေများရဲ့ အားနည်းချက်၊ ချို့ယွင်းချက်များကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သင့်ပါတယ်။

#ဗဟိုအဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာခြင်း

အထက်ပါ ဗဟိုအဖွဲ့အစည်းများကို ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးက ဖြစ်စေ၊ လွှတ်တော်အလိုက်ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီများကဖြစ်စေ တာဝန်ခံစောင့်ကြည့်လေ့လာသင့်ပါတယ်။ လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာကော်မတီများက သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး အများပြည်သူနဲ့ သတင်းဋ္ဌာနများ တက်ရောက်လေ့လာခွင့်ရှိတဲ့ ကြားနာမှုများ (Hearing) ပြုလုပ်သင့်ပါတယ်။ ၎င်းအဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ သက်ဆိုင်တဲ့၊ သက်ရောက်မှုရှိတဲ့ သာမာန်ပြည်သူများရဲ့ အသံတွေကိုလည်း နားထောင်သင့်ပါတယ်။ ဒါပေမည့်လည်း "အမျိုးသားလူ့အခွင့်အရေးကော်မရှင်" ကလွဲရင် ကျန်တဲ့ဗဟိုအဖွဲ့ (၃) ခုကို ပြည်ထောင်စုလွှတ်တော်က စောင့်ကြည့်လေ့လာဖို့ဆိုတာ ဥပဒေအရကို သိပ်မလွယ်လှပါ။

"အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ" ရဲ့ ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ဌ) မှာ "အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် နိုင်ငံတော်၏ လူ့အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျင်း၍ သင့်တော်သည့်အကြံပြုထောက်ခံချက်များ ပါဝင်သော နှစ်ပါတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်ဟာ ကော်မရှင်က တင်ပြတဲ့ နှစ်ပါတ်လည်အစီရင်ခံစာကို နှစ်စဉ်ရရှိမှာဖြစ်ပြီး ၎င်းအစီရင်ခံစာကို အခြေပြုလို့ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စစ်ဆေးသုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

"အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" ရဲ့ ပုဒ်မ (၁၆)၊ ပုဒ်မခွဲ (ဇ) မှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နှစ်ပါတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ထံ သတ်မှတ်ချက်များနဲ့အညီ တင်ပြရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဟာ ကော်မရှင်ရဲ့ နှစ်စဉ်အစီရင်ခံစာကို ရရှိမှာမဟုတ်ပါ။ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ဥက္ကများက မျှဝေခြင်းမရှိပဲနဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို လေ့လာသုံးသပ်ခွင့်ရှိမှာ မဟုတ်ပါ။ လွှတ်တော်ဥက္ကဋ္ဌများက ၎င်းတို့သာ ရရှိမည့် ကော်မရှင်ရဲ့ နှစ်ပါတ်လည်အစီရင်ခံစာကို လွှတ်တော်ရေးရာကော်မတီတစ်ခုခုကို လေ့လာသုံးသပ်ရန် တာဝန်ပေးအပ်သင့်ပါတယ်။ သတ်မှတ်တဲ့အချိန်ကာလအတွင်းမှာ သက်ဆိုင်ရာကော်မတီက  လေ့လာသုံးသပ်ချက်အစီရင်ခံစာကို လွှတ်တော်တစ်ခုလုံးကိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးဝေဘန်တာမျိုး ပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ နှစ်ပါတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်" လို့ ဥပဒေကို ပြင်ဆင်သင့်ပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" နဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေး" ဥပဒေ နှစ်ခုစလုံးမှာ ပြည်ထောင်စုလွှတ်တော်ဟာ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" နဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" များ ဖွဲ့စည်းရာမှာလည်း ပါဝင်ပါတ်သက်ခွင့်မရှိတဲ့အပြင် အဲဒီဗဟိုအဖွဲ့ (၂) ခုရဲ့ နှစ်ပါတ်လည်အစီရင်ခံစာကိုလည်း ရရှိမှာမဟုတ်ပါ။ ဥပဒေအရ အဲဒီဗဟိုအဖွဲ့နှစ်ခုစလုံးကို ပြည်ထောင်စုအစိုးရက ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်နဲ့ ဖွဲ့စည်းပေးရမှာဖြစ်ပြီး အဲဒီဗဟိုအဖွဲ့များက သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုများနဲ့ပါတ်သက်တဲ့ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရကိုသာ တင်ပြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဟာ အင်မတန်ဩဇာဏာကြီးမားလှတဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" နဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" များရဲ့ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကို လက်ခံရရှိမှာမဟုတ်ပါ။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က အဲဒီဗဟိုအဖွဲ့နှစ်ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို သိရှိနိုင်မှာ၊ စောင့်ကြည့်လေ့လာနိုင်မှာ မဟုတ်ပါ။

ဒီဗဟိုအဖွဲ့ နှစ်ခုစလုံးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးတာဝန်များနဲ့ ဥပဒေကို အကောင်အထည်ဖော်ရတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြစ်ပါတယ်။ 
ဒီအဖွဲ့အစည်းများ မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရင် အကြမ်းဖက်မှုတွေ၊ ငွေကြေးခဝါချမှုတွေ ပပျောက်ပြီး နိုင်ငံတဝှမ်းငြိမ်းချမ်းသာယာမှာ၊ ပြည်သူအများ လွတ်လပ်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းများက မှန်ကန်ထိရောက်စွာ မဆောင်ရွက်နိုင်ရင်၊ အာဏာအလွဲသုံးစားလုပ်ရင်၊ ဥပဒေကို မှားယွင်းနားလည်ရင် ပြည်သူအများ ထိခိုက်နာကျင်ကြရမှာပါ။ ဒီလောက် အာဏာမြင့်မားတဲ့ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ စောင့်ကြပ်ကွပ်ကဲမှုအောက်မှာ ရှိသင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသင့်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" နဲ့ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" များ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံအောင်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ စောင့်ကြပ်ကွပ်ကဲမှုအောက်မှာရှိအောင် ဥပဒေများကို ပြင်ဆင်သင့်ပါတယ်။

#ပထမအကြိမ် လွှတ်တော်သက်တမ်း မကုန်မီ

လက်ရှိ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ သက်တမ်းဟာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ကုန်ဆုံးပါတော့မယ်။ လက်ရှိလွှတ်တော်အတွက် အလုပ်လုပ်ချိန် တစ်နှစ်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သက်တမ်းမှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းတွေ ဆောင်ရွက်ကြရမှာပါ။ အဲဒီအချိန်အတွင်းမှာပဲ ကျနော် ဒီဆောင်းပါးရှည်မှာ တင်ပြတဲ့ "အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ"၊ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ"၊ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ"၊ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ" များနဲ့ ၎င်းဥပဒေများအရ ပေါ်ပေါက်လာတဲ့ "ဗဟိုအဖွဲ့အစည်းများ" ရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်လေ့လာသုံးသပ်ပြီး အားနည်းချက်၊ ချို့ယွင်းချက်တွေကို အချိန်မီပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ (၁၇)၊ ၂၀၁၅

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၇၊ မေလ ၇ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

0 comments: