BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

Burma's Parliament Watch Part (92)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၉၂) ပြည်ထောင်စုလွှတ်တော်နှင့် 

ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (င)

#လူ့အခွင့်အရေးကော်မရှင်နှင့် ပဲရစ်မူဝါဒများ (Paris Principles)

ပဲရစ်မူဝါဒများဆိုတာ ၁၉၉၁ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများရဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာ စံထားရမည့် မူဝါဒတွေဖြစ်ပါတယ်။ အဲဒီ ပဲရစ်မြို့အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက တရားဝင်အတည်ပြုခဲ့ပါတယ်။ ပဲရစ်မူဝါဒများမှာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးနှင့် တာဝန်ခံမှု (Competence and Responsibilities)၊ ဖွဲ့စည်းပုံ၊ လွတ်လပ်ခွင့်နဲ့ အများစုကို ကိုယ်စားပြုမှု (Composition and Guarantees of Independence and Pluralism)၊ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ (Methods of Operation) နဲ့ အဆင့်အတန်းနှင့် အာဏာသက်ရောက်မှု (Status of Commissions with Quasi-Jurisditional Competence) တွေနဲ့ပါတ်သက်ပြီး စံပြုရမည့် လမ်းညွှန်ချက်တွေ ပါဝင်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှာ ဖွဲ့စည်းတည်ထောင်ကြတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများဟာ ပဲရစ်မူဝါဒများနဲ့အညီ ဖွဲ့စည်းတည်ထောင်လှုပ်ရှားဖို့ လိုအပ်ပါတယ်။ 

#အရည်အသွေးနှင့် တာဝန်ခံမှုများနှိုင်းယှဉ်ချက်

ပဲရစ်မူဝါဒများမှာ အရည်အသွေး၊ တာဝန်ခံမှုများနဲ့ ပါတ်သက်လို့ နိုင်ငံတော်လူ့အခွင့်အရေးအဖွဲ့အစည်းများဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ လုံလောက်တဲ့ အရည်အသွေးနဲ့ တာဝန်ခံမှုများ ပြည့်ဝရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖြစ်စေ၊ သီးခြားပြဋ္ဌာန်းတဲ့ ဥပဒေမှာဖြစ်စေ နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်ရဲ့ တည်ရှိမှုနဲ့ ကျယ်ပြန့်တဲ့ ဆောင်ရွက်ခွင့်အတိုင်းအတာကို ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်တစ်ခုမှာ လူ့အခွင့်အရေးကာကွယ်ရေး၊ မြှင့်တင်ရေးနဲ့ ပါတ်သက်ပြီး နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများကို ၎င်းအဖွဲ့အစည်းများရဲ့ တာဝန်ပေးချက်အရဖြစ်စေ၊ မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင်တာဝန်ယူမှုအရဖြစ်စေ အကြံပြုချက်များ၊ အစီရင်ခံစာများ၊ ထင်မြင်သုံးသပ်ချက်များ တင်သွင်းနိုင်ရပါမယ်။ ၎င်းတင်ပြချက်များကို ပြည်သူလူထုသိမြင်အောင် ထုတ်ပြန်ခြင်းနဲ့ ပါတ်သက်ပြီးတော့လည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရပါမယ်။ လူ့အခွင့်အရေးကော်မရှင်ဟာ ဥပဒေပြုအဖွဲ့အစည်းများက အတည်ပြုပြီးသား တည်ဆဲဥပဒေများကို လေ့လာပြီး လူ့အခွင့်အရေးကို ခြိမ်းခြောက်တဲ့၊ ဖောက်ဖျက်တဲ့ ပြဋ္ဌာန်းချက်များပါဝင်ရင် ၎င်းပြဋ္ဌာန်းချက်များကို ရုပ်သိမ်းပေးဖို့၊ ပြင်ဆင်ပေးဖို့ သက်ဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းကို တောင်းဆိုနိုင်ရပါမယ်။ အလားတူပဲ ဥပဒေပြုလွှတ်တော်က စဉ်းစားနေဆဲ ဥပဒေကြမ်းတွေမှာ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်၊ စံညွှန်းများနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါဝင်နေရင် ပြင်ဆင်ဖို့၊ ရုပ်သိမ်းဖို့ တောင်းဆိုနိုင်ရပါမယ်။ နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ခြေမပြတ်စုံစမ်းလေ့လာပြီး အစိုးရက အရေးယူဆောင်ရွက်အောင် သတိပေးနိုင်ရပါမယ်။ 

သက်ဆိုင်ရာနိုင်ငံအစိုးရက သဘောတူလက်မှတ်ရေးထိုးပါဝင်ထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်များ၊ သဘောတူညီချက်များနဲ့ အညီ ကျင့်ကြံဆောင်ရွက်နိုင်ဖို့အစိုးရကို အကြံပေးနိုင်ရပါမယ်။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများထံ သက်ဆိုင်ရာအစိုးရက တင်ပြရန်ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာများမှာ တိုင်းပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေကို အမှန်အတိုင်း ဖော်ပြနိုင်ဖို့ ကူညီပြင်ဆင်ပေးနိုင်ရပါမယ်။ လူ့အခွင့်အရေးအစီရင်ခံစာမှာ တင်ပြတဲ့ အစိုးရရဲ့ သဘောထားကို လူ့အခွင့်အရေးကော်မရှင်က သဘောမတူရင်လည်း ကော်မရှင်ရဲ့ သဘောမတူမှုကို လွတ်လပ်ရဲရင့်စွာ ထုတ်ပြန်နိုင်ရပါမယ်။ နိုင်ငံရဲ့ ပညာရေးစနစ်မှာ လူ့အခွင့်အရေးကို ဘာသာရပ်တစ်ခုအနေနဲ့ ကျောင်းသားတိုင်း သင်ကြားလေ့လာနိုင်ဖို့ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ပေးနိုင်ရပါမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ရာမှာ အဓိကအခြေခံ အကြောင်းတရားဖြစ်တဲ့ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ်၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေကို အများပြည်သူ သတိပြုဖို့နဲ့ ရှောင်ကျဉ်နိုင်ဖို့အရေး ဦးဆောင်ဦးရွက်ပြု ပညာပေးနိုင်ရပါမယ်။

အထက်ပါ မူဝါဒများနဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို နှိုင်းယှဉ်ကြည့်တဲ့အခါ လိုအပ်ချက်တွေ တွေ့ရပါတယ်။ ကော်မရှင်ဟာ အခုအချိန်အထိ နိုင်ငံတော်သမ္မတက ညွှန်ကြားတဲ့ အမှုကိစ္စများနဲ့ ကော်မရှင်ကို တိုက်ရိုက်ပေးပို့လာတဲ့ တိုင်ကြားချက်များကိုသာ စုံစမ်းစစ်ဆေးပြီး ကော်မရှင်ကိုယ်တိုင်က ဦးဆောင်ဦးရွက်ပြုပြီး စုံစမ်းစစ်ဆေးတာ မတွေ့ရပါ။ ဥပမာအားဖြင့် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြမှုမှာ အသတ်ခံရတဲ့ ဒေါ်ခင်ဝင်းရဲ့ ကိစ္စကို သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း စုံစမ်းစစ်ဆေးခဲ့ပေမည့် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဝန်းကျင်ဒေသက ပြည်သူများရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းစစ်ဆေးခြင်းမရှိပါ။ တည်ဆဲဥပဒေများ၊ လွှတ်တော်မှာ စဉ်းစားနေတဲ့ ဥပဒေများမှာ ပါဝင်တဲ့ သို့မဟုတ် ပါဝင်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်ရာရောက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့အရေး ကြိုးစားအားထုတ်တာ မတွေ့ရပါ။ လက်ရှိအခြေအနေမှာကိုပဲ နိုင်ငံတကာလူ့အခွင့်အရေးစံနှုံးများနဲ့ မကိုက်ညီတဲ့ မျိုးစောင့်ဥပဒေကြမ်းများ လွှတ်တော်ကို ရောက်ရှိနေပါပြီ။ ကော်မရှင်ရဲ့ ကန့်ကွက်မှု၊ အကြံပေးမှုတွေ၊ ကော်မရှင်အဖွဲ့ဝင်များက လွှတ်တော်ဥပဒေကြမ်းကော်မတီများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မတွေ့ရပါ။

မျိုးစောင့်ဥပဒေကြမ်းများနဲ့ပါတ်သက်ပြီး လူ့အခွင့်အရေးရှူထောင့်ကနေ ကော်မရှင်ရဲ့ သုံးသပ်ချက်၊ ရပ်တည်ချက်ကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာခြင်း မရှိပါ။ မျိုးစောင့်ဥပဒေများကို ရဲရဲတင်းတင်းကန့်ကွက်လို့ ခြိမ်းခြောက်ကြိမ်းမောင်းခံနေရတဲ့ အမျိုးသမီးခေါင်းဆောင်များဘက်က ရပ်တည်ကာကွယ်ခြင်းမရှိပါ။ ပြည်တွင်းက အမျိုးသမီးများကို ကာကွယ်ဖို့မဆိုထားနဲ့၊ တိုင်းပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေကို လာရောက်စုံစမ်းရင်း ယုတ်ယုတ်မာမာ ဆဲဆိုကြိမ်းမောင်းခံရတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီလီဘက်ကတောင် ရပ်တည်ကာကွယ်နိုင်ခြင်းမရှိပါ။  မြန်မာနိုင်ငံအတွင်းမှာ ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ၊ အသက်အရွယ်၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေကို တားဆီးဖို့ ပြည်သူလူထုအကြား ပညာပေးစည်းရုံးလှုံ့ဆော်တာ မတွေ့ရပါ။ လူ့အခွင့်အရေးကော်မရှင်မှ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ မတွေ့ရပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းသားထုဆန္ဒပြမှုများ၊ အလုပ်သမားထုရဲ့ အခွင့်အရေးတောင်းဆိုမှုများ၊ လယ်သမားထုရဲ့ မြေယာသိမ်းဆည်းခံရမှုများမှာ လူ့အခွင့်အရေးရှူထောင့်ကနေ သမ္မတကို အကြံပေးတာ၊ ထင်မြင်ချက်တင်ပြတာ မတွေ့ရပါ။

အထက်ပါ လိုအပ်ချက်များဟာ တကယ်တော့ "အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ" မှာ ကော်မရှင်က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအဖြစ် ပြဋ္ဌာန်းထားပြီးဖြစ်တာမို့ ဥပဒေရည့် အားနည်းချက်မဟုတ်ပဲ ကော်မရှင်ရဲ့ အားနည်းချက်များသာ ဖြစ်ပါတယ်။

#ဖွဲ့စည်းပုံ၊ လွတ်လပ်ခွင့်နဲ့ အများစုကို ကိုယ်စားပြုမှု နှိုင်းယှဉ်ချက်

ပဲရစ်မူဝါဒများအရ နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်များကို ဖွဲ့စည်းရာမှာ လူ့အခွင့်အရေးကာကွယ်ရေး၊ မြှင့်တင်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရမဟုတ်သော (သို့မဟုတ်) အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ လွတ်လပ်သောရှေ့နေအဖွဲ့အစည်းများ၊ လွတ်လပ်သော ကျန်းမာရေးဝန်ထမ်းအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများ၊ ထင်ရှားသည့်သိပံ္ပညာရှင်များ၊ တိုင်းရင်းသားလူနည်းစုများ၊ တက္ကသိုလ်ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ စတဲ့ အင်အားစုများကို ကိုယ်စားပြုသူများနဲ့ ဖွဲ့စည်းရမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်အတွက် လုံလောက်တဲ့ ရန်ပုံငွေကို သက်ဆိုင်ရာအစိုးရက ခွဲဝေပေးရမှာ ဖြစ်ပေမည့် ကော်မရှင်က အစိုးရထိန်းချုပ်မှုမပါပဲ ရန်ပုံငွေကို စီမံခန့်ခွဲခွင့်ရှိရပါတယ်။ အစိုးရထံမှ ရန်ပုံငွေရယူတာကလွဲလို့ ကော်မရှင်ဟာ အစိုးရနဲ့ မသက်ဆိုင်ပဲ သီးခြားလွတ်လပ်မှုရှိရပါမယ်။ ကော်မရှင်အဖွဲ့ဝင်များဟာ သမ္မတရဲ့ သက်တမ်းနဲ့ မသက်ဆိုင်ပဲ ဥပဒေမှာ ပြဋ္ဌာန်းသတ်မှတ်တဲ့ သက်တမ်းအတိုင်း တာဝန်ထမ်းဆောင်နိုင်ရပါမယ်။ 

"အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ" မှာ ကော်မရှင်ရဲ့ အစိုးရထံမှ လုံလောက်တဲ့ ရန်ပုံငွေတောင်းခံခွင့်ကို ပြဋ္ဌာန်းထားသလို ငွေရေးကြေးရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာ အစိုးရရဲ့ စွက်ဖက်မှုမပါပဲ လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်တွေ ပြဋ္ဌာန်းထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်များရဲ့ သက်တမ်းကိုလည်း (၅) နှစ်သတ်မှတ်ထားပြီး ကော်မရှင်အဖွဲ့ဝင်များကို သက်တမ်းနှစ်ကြိမ်အထိ တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်ရွေးချယ်ရာမှာလည်း အမျိုးသား၊ အမျိုးသမီးနဲ့ တိုင်းရင်းသားလူမျိုးများကို သင့်တင့်မျှတစွာ ပါဝင်စေရမည်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမည့် လက်ရှိ ကော်မရှင် အဖွဲ့ဝင်များ ရွေးချယ်မှုကတော့ ပဲရစ်မူဝါဒများနဲ့ရော၊ လူ့အခွင့်အရေးကော်မရှင်ဥပဒေနဲ့ပါ မညီညွတ်လှပါ။

ကော်မရှင်အဖွဲ့ဝင် (၁၁) ဦးစလုံးဟာ အငြိမ်းစားအစိုးရအရာရှိကြီးများဖြစ်ကြပြီး အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ရှေ့နေအဖွဲ့အစည်းများ၊ အလုပ်သမား/လယ်သမား သမဂ္ဂများ၊ သတင်းမီဒီယာအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့အစည်းများ၊ ထင်ရှားသောသိပံ္ပပညာရှင်များကို ကိုယ်စားပြုသူ တစ်ဦးတစ်ယောက်မှ မပါဝင်ပါ။ ၂၀၁၄ ခုနှစ်မှာ ကောက်ခံခဲ့တဲ့ နောက်ဆုံးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများပါတယ်။ ဒါပေမည့် (၁၁) ဦး ကော်မရှင်မှာ အမျိုးသမီး နှစ်ယောက်ပဲ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေစုစုပေါင်းမှာ ဗမာလူများစုက (၆၀) ရာခိုင်နှုံးနဲ့ တိုင်းရင်းသားလူနည်းစုများက (၄၀) ရာခိုင်နှုံးခန့်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမည့် (၁၁) ဦးကော်မရှင်မှာ တိုင်းရင်းသားလူနည်းစုများထဲက (၂) ဦးသာ ပါဝင်ပါတယ်။ (ဒါကလည်း နံမည်တွေကို ကြည့်ပြီး ဦးဝင်းမြ/ဦးဝင်းမရ ကို ရခိုင်လူမျိုး၊ ဦးစိုင်းဘုန်းမြင့်ကို ရှမ်းလူမျိုးအဖြစ် ခန့်မှန်းကြည့်တာပါ။)

ဥပဒေမှာ ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရာမှာ ထားရှိရမည့် စံတွေကို သတ်မှတ်ရာမှာ "လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာအတွေ့အကြုံရှိသူများ" ဆိုတဲ့ စံတစ်ခုပြဋ္ဌာန်းထားပါတယ်။ ဥက္ကဋ္ဌ ဦးဝင်းမြဟာ နဝတစစ်အစိုးရရဲ့ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂဋ္ဌာနချုပ်တည်ရှိရာ နယူးယောက်မြို့မှာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေဟာလည်း မြန်မာစစ်အစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတည်ရှိရာ ဂျီနီဗာမြို့မှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒီအငြိမ်းစားသံအမတ်ကြီး နှစ်ဦးစလုံးဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပါတ်သက်ပြီး နိုင်ငံတကာအစိုးရများက ပြစ်တင်ဝေဘန်ကြတာကို ခုခံကာကွယ်ခဲ့ကြသူတွေပါ။ သူတို့မှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးအတွေ့အကြုံထက် လူ့အခွင့်အရေးချိုးဖောက်သူများဘက်က ခုခံကာကွယ်တဲ့ အတွေ့အကြုံက ပိုများပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းဆိုရင်လည်း စစ်အစိုးရလက်ထက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုသူများကို ဖမ်းဆီးညှင်းပန်းနှိပ်စက်တဲ့ အကျဉ်းထောင်ကြီးများကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ညွှန်ကြားရေးမှူးချုပ်ရာထူးနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း၊ ဒုတိယရဲချုပ်ဟောင်း တစ်ယောက်ဖြစ်ပါတယ်။

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၅၊ ဧပြီလ ၂၃ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

0 comments: