BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၅)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၅)

အောင်ဒင်

(၂/၄) တာဝန်ခွဲဝေခြင်း (Assignment)
နောက်တဆင့်ကတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို အချိန်ဇယားနဲ့၊ နေရာဒေသနဲ့ သီးခြား တာဝန်ခွဲဝေခြင်းဖြစ်ပါတယ်။
၁။ အခြေခံအကျဆုံးကတော့ အဖွဲ့အစည်းက စောင့်ကြည့်လေ့လာဖို့ ရွေးချယ်ထားတဲ့၊ ရွေးကောက်ပွဲကော်မရှင်ကလည်း လေ့လာခွင့်ပြုထားတဲ့ မဲရုံများမှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့၊ မဲရုံဖွင့်ချိန်ကစလို့ မဲရုံပိတ်ပြီး မဲစာရင်းရေတွက်ပြီးစီးတဲ့အထိ တာဝန်ယူစောင့်ကြည့်မည့် လုပ်အားပေးများကို မဲရုံအလိုက် အတိအကျတာဝန်ပေးရပါမယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ တာဝန်ပေးအပ်ထားပြီးသူတစ်ယောက်ယောက် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ ပျက်ကွက်ခဲ့ရင် ချက်ချင်းအစားထိုးတာဝန်ပေးနိုင်ဖို့ အရံလုပ်အားပေးများလည်း ရှိရပါမယ်။
၂။ အဆိုပါမဲရုံများဟာ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းမှာရှိပြီး မြို့နယ်မဲဆန္ဒနယ်တစ်ခုအတွင်းမှာ ပါဝင်ပါလိမ့်မယ်။ ဒါကြောင့်မို့ မြို့နယ်မဲဆန္ဒနယ်အလိုက် စောင့်ကြည့်နေတဲ့ မဲရုံများက စောင့်ကြည့်သူများကို ဆက်သွယ်ညှိနှိုင်းပြီး လိုအပ်တာတွေ ကူညီဖို့၊ မဲရုံစောင့်ကြည့်သူများထံမှ သတင်းအချက်အလက်များကို ရယူပြီး မြို့နယ်အလိုက် တာဝန်ခံများထံ ဆက်လက်သတင်းပို့ရမည့် ပုဂ္ဂိုလ်များကို တာဝန်ပေးရပါမယ်။
၃။ မြို့နယ်အလိုက် ကော်မရှင်ခွဲရုံးများမှာ အခြေစိုက်ပြီး မဲရုံအသီးသီးက ပေးပို့လာတဲ့ မဲစာရင်းများ၊ ကြိုတင်မဲများကို စုပေါင်းရေတွက်ပြီး အနိုင်အရှုံးကြေညာတာကို စောင့်ကြည့်လေ့လာမည့်ပုဂ္ဂိုလ်တွေ တာဝန်ပေးရပါမယ်။
၎။ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်ရုံးများမှာ အခြေစိုက်ပြီး မြို့နယ်မဲဆန္ဒနယ်အသီးသီးက ပေးပို့လာတဲ့ ရလဒ်တွေကို စုပေါင်းရေတွက်လို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုကြေညာတာကို စောင့်ကြည့်လေ့လာ စောင့်ကြည့်လေ့လာမည့်ပုဂ္ဂိုလ်တွေ တာဝန်ပေးရပါမယ်။
၅။ မြို့နယ်အလိုက် ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် စောင့်ကြည့်သူများက ပေးပို့လာတဲ့ မဲဆန္ဒနယ်အလိုက် အနိုင်၊ အရှုံးစာရင်းများကို စုစည်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲရလဒ်ကို စုပေါင်းရေတွက်မည့် ပုဂ္ဂိုလ်များကို အဖွဲ့အစည်းရဲ့ ဋ္ဌာနချုပ်မှာ တာဝန်ပေးရပါမယ်။
၆။ ရွေးကောက်ပွဲပြီးတဲ့နောက် မဲဆန္ဒနယ်အလိုက် တိုင်တန်းကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနဲ့ ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပုံများကို စောင့်ကြည့်လေ့လာမည့် ပုဂ္ဂိုလ်များကို တာဝန်ပေးရပါမယ်။
၇။ ရွေးကောက်ပွဲကာလတစ်ခုလုံးမှာ လိုအပ်တဲ့ အစီရင်ခံစာများကို အချိန်မီရေးသားထုတ်ပြန်နိုင်ဖို့ အဖွဲ့အစည်းရဲ့ ဋ္ဌာနချုပ်က ဝန်ထမ်းများကို တာဝန်ပေးရပါမယ်။ 
၈။ အဖွဲ့အစည်းရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ လှုပ်ရှားမှုများနဲ့ တွေ့ရှိချက်များကို အများပြည်သူသိရှိအောင် အချိန်နဲ့အမျှ ထုတ်ပြန်ကြေညာနိုင်ဖို့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေးဝန်ထမ်းများကို ဋ္ဌာနချုပ်မှာ တာဝန်ပေးရပါမယ်။
၉။ မဲဆွယ်စည်းရုံးခွင့်ပြုတဲ့ကာလမှာ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများရဲ့  ရေဒီယို၊ တီဗွီ၊ သတင်းစာများတွင် ကြော်ငြာထည့်သွင်းမှုများ၊ မဲဆွယ်စည်းရုံးမှုများကို စောင့်ကြည့်လေ့လာမည့် ပုဂ္ဂိုလ်များကို တာဝန်ပေးရပါမယ်။ ရွေးကောက်ပွဲကာလတလျှောက်လုံးမှာ သတင်းမီဒီယာများရဲ့ ရွေးကောက်ပွဲဆိုင်ရာ၊ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သတင်းဖော်ပြမှုများကို စောင့်ကြည့်လေ့လာဖို့လည်း တာဝန်ပေးရပါမယ်။
၁၀။ ရွေးကောက်ပွဲကာလတလျှောက်လုံးမှာ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပါဝင်ပါတ်သက်မှုများကို  စောင့်ကြည့်လေ့လာဖို့လည်း တာဝန်ပေးရပါမယ်။

#အဆင့် (၃) ရွေးကောက်ပွဲမကျင်းပမီအခြေအနေကို စောင့်ကြည့်လေ့လာခြင်း (Monitoring the Pre-Election Phase)
ရွေးကောက်ပွဲမတိုင်မီအခြေအနေများကို စောင့်ကြည့်လေ့လာရာမှာ အောက်ပါအခြေအနေများပါဝင်ပါတယ်။
၁။ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ရွေးကောက်ပွဲကျင်းပပုံစနစ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ၊ ပြည့်စုံမှန်ကန်ခြင်းရှိမရှိ လေ့လာသင့်ပါတယ်။ ပိုမိုကောင်းမွန်ပြည့်စုံအောင် ပြင်ဆင်သင့်တာများရှိရင်လည်း အကြံပြုသင့်ပါတယ်။
၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ရာဇသတ်ကြီးဥပဒေများကိုလည်း လေ့လာသင့်ပါတယ်။ အဖွဲ့အစည်းအတွက် သတိထားရန်ရှိသည်များကို နားလည်ရပါမယ်။
၃။ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်နေရာ သတ်မှတ်မှုများ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးမှုများ၊ မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းများ၊ မဲစာရင်းပြုစုခြင်းလုပ်ငန်းများ၊ အခြေခံမဲစာရင်းထုတ်ပြန်ခြင်း၊ ပြည်သူလူထု၏အကြံပြုချက်များဖြင့် ပို၍ပြည့်စုံမှန်ကန်သော အချောသတ်မဲစာရင်းထုတ်ပြန်ခြင်း၊ ရွေးကောက်ခံနိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းနှင့် အရည်အချင်းပြည့်မီခြင်းရှိမရှိဆုံးဖြတ်ခြင်းများကို စောင့်ကြည့်လေ့လာရပါမယ်။
၎။ ကော်မရှင်က ထုတ်ပြန်သည့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ ကိုယ်စားလှယ်လောင်းများအတွက် သတင်းမီဒီယာအသုံးချခွင့်နှင့် ရန်ပုံငွေရှာဖွေခွင့်၊ သုံးစွဲခွင့်များကိုလည်း လေ့လာဖို့လိုအပ်ပါတယ်။
၅။ ကော်မရှင်ရဲ့ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ဆက်ဆံမှုများ၊ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း လေ့လာရပါမယ်။
ရွေးကောက်ပွဲတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုကို ဆုံးဖြတ်ရာမှာ အောက်ပါအချက်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။
၁။ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များနဲ့ ဆက်ဆံရာမှာ တန်းတူညီမျှမှုရှိပါမယ်။ ခွဲခြားဆက်ဆံခြင်းများ မရှိရပါ။
၂။ ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများတွင် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များအတွက် အကြောင်းပြချက်မခိုင်လုံသော ကန့်သတ်ချက်များ မပါဝင်ရပါ။
၃။ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်များအတွက် လျှို့ဝှက်မဲဆန္ဒပေးခွင့်နှင့် ခြိမ်းခြောက်မှုများမှ ကင်းဝေးခွင့်ကို အာမခံနိုင်ရပါမယ်။
၎။ ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆောင်ရာ လုပ်ငန်းများဆောင်ရွက်ရာမှာ၊ အငြင်းပွါးမှုများကို ဖြေရှင်းရာမှာ ဥပဒေအရ တိကျမှန်ကန်ရပါမယ်။ လုံလောက်တဲ့ အချိန်အတိုင်းအတာဖြစ်ရပါမယ်။
၅။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးဟာ ပွင့်လင်းမြင်သာမှုရှိပါမယ်။

#ရွေးကောက်ပွဲမတိုင်မီကာလ ဖြစ်ပေါ်နိုင်သော ပြဿနာများ
ရွေးကောက်ပွဲမတိုင်မီကာလမှာ တွေ့ကြုံရနိုင်တဲ့ ပြဿနာတစ်ခုက မဲစာရင်းပြုစုခြင်းနဲ့ ပတ်သက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ခုနှစ်၊ ဇွန်လကနေ ဩဂုတ်လအတွင်း ရှေ့ပြေးစီမံချက်အနေနဲ့ အလုံမြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)၊ တီးတိန်မြို့နယ် (ချင်းပြည်နယ်) နဲ့ မြစ်ကြီးနားမြို့နယ် (ကချင်ပြည်နယ်) ဆိုတဲ့ မြို့နယ် (၃) ခုမှာ အခြေခံမဲစာရင်းပြုစုခဲ့ပါတယ်။ ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အဆိုပါ မြို့နယ် (၃) ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်ခွဲတွေဟာ မဲစာရင်းပြုစုရာမှာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌာနက ပြုစုထားတဲ့ မြို့နယ်အတွင်း အသက် (၁၈) နှစ်နှင့်အထက်လူဦးရေစာရင်းကို အခြေခံပါတယ်။ မြို့နယ်အချို့ကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက မဲစာရင်းကို အခြေခံပါတယ်။ အဲဒီစာရင်းထဲကနေ သေဆုံးပြီးသူ၊ အခြားမြို့နယ်များသို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ပြီးသူများကို ပယ်ဖျက်၊ လာမည့် အောက်တိုဘာလကုန်မှာ အသက် (၁၈) နှစ်ပြည့်မည့်သူတွေကို ထပ်တိုးပြီး အခြေခံမဲစာရင်းရရှိပါတယ်။ အဲဒီ အခြေခံမဲစာရင်းများမှာ အမည်၊ မှတ်ပုံတင်နံပါတ်အမှားတွေ တွေ့ရပါတယ်။ အခြားမြို့နယ်သို့ အပြီးတိုင် ရွှေ့ပြောင်းနေထိုင်သူတွေကို မဲစာရင်းထဲ ထည့်ထားပါတယ်။ သေဆုံးပြီးသူတွေ မဲစာရင်းမှာ ပါဝင်နေပါတယ်။ မြို့နယ်အတွင်း အခြေစိုက်တပ်စခန်းအချို့မှ မဲပေးခွင့်ရှိသူစာရင်းကို သက်ဆိုင်ရာတပ်မှူးများထံက မရရှိပါ။

ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲများက အခြေခံမဲစာရင်းကို အများပြည်သူလေ့လာနိုင်ဖို့ ရပ်/ကျေးကော်မရှင်ရုံးခွဲများမှာ (၁၄) ရက်ကြာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမည့် အဲဒီမဲစာရင်းများကို လာရောက်ကြည့်ရှူစစ်ဆေးသူတွေက အလွန်နည်းလှပါတယ်။ အများစုက မဲစာရင်းကို လာမကြည့်တဲ့အတွက် ၎င်းတို့အမည် မဲစာရင်းမှာပါဝင်ခြင်း၊ မပါဝင်ခြင်းကိုတောင် မသိရှိကြပါ။ မပါဝင်သင့်သူများ ပါဝင်နေရင်လည်း မသိရှိကြပါ။ သက်ကြီးရွယ်အိုများနဲ့ သားသည်မိခင်များ၊ နာမကျန်းသူများ မဲစာရင်းကို လာရောက်မကြည့်နိုင်ပါ။ အချို့ကျေးရွာတွေမှာ မဲစာရင်းကို (၁၄) ရက်ကြာ မကပ်ခဲ့ပါ။ အချို့ကော်မရှင်ခွဲများက မဲစာရင်းကို မဲဆန္ဒရှင်များလာရောက်မေးမြန်းမှ ထုတ်ပြတယ်လို့ ဆိုပါတယ်။ မဲစာရင်းလာကြည့်ပြီး အမည်မပါလို့ ထည့်သွင်းပေးဖို့ တောင်းဆိုကြတဲ့ မဲဆန္ဒရှင်များရဲ့ တောင်းဆိုချက်ကို ရပ်/ကျေးကော်မရှင်က စနစ်တကျဖြေရှင်းမပေးခဲ့ပါ။ အချို့ ရပ်/ကျေးကော်မရှင်ခွဲ အဖွဲ့ဝင်များဟာ နိုင်ငံရေးပါတီဝင်များ ဖြစ်နေကြပါတယ်။

အထက်ဖော်ပြပါအချက်များကို ကြည့်ရင် ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းပြုစုဖို့ ဆိုတာ အင်မတန်ကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းပြုစုဖို့ ရွေးကောက်ပွဲကော်မရှင်မှာတင် တာဝန်ရှိတာမဟုတ်ပဲ မဲဆန္ဒရှင်ပြည်သူများမှာပါ တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်က အခြေခံမဲစာရင်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လထဲမှာ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ရှေ့ပြေးစီမံချက် (၃) မြို့နယ်မှာ ကြုံတွေ့ခဲ့ရသလို အခြေခံမဲစာရင်းမှာ ချို့ယွင်းချက်တွေ၊ မှားယွင်းမှုတွေ ရှိနေမှာပါ။ ပြည်သူလူထုက အဆိုပါမဲစာရင်းများကို တာဝန်သိသိ၊ စိတ်ဝင်တစား သွားရောက်ကြည့်ရှူစစ်ဆေးခြင်းမပြုရင် လာမည့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်အများအပြား မဲပေးခွင့်ဆုံးရှုံးကြမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ရွေးကောက်ပွဲကော်မရှင်ဟာ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ကော်မရှင်အဆင့်ဆင့်မှ ဝန်ထမ်းများကို လေ့ကျင့်ပညာပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို စည်းရုံးခြင်းများကို ဆထက်ထမ်းပိုးဆောင်ရွက်သင့်ပါတယ်။  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းဟာ အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်များကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ စုစည်းရေးသားပြုစုပြီး "ရွေးကောက်ပွဲမတိုင်မီ လေ့လာသုံးသပ်ချက်အစီရင်ခံစာ" ကို အများပြည်သူသိရှိအောင် ထုတ်ပြန်သင့်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

0 comments: