(National Endowment for
Democracy/NED ၌ ဆရာမောင်ဝံသ ဆွေးနွေးနေစဉ်။)
ဝေါမြို့က
ခွပ်ဒေါင်း…. သို့ အမှတ်တရ
အောင်ဒင်
(၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ အန်ကယ်ဦးစိုးသိမ်းမိသားစုက
ထုတ်ဝေတဲ့ "မောင်ဝံသ အမှတ်တရ" စာအုပ်မှ)
(၁)
၁၉၇၉ ခုနှစ်၊ ဇွန်လ ၊ ရန်ကုန်
၁၉၇၉၊ ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ အောင်စာရင်းထွက်တော့ ကျနော်
(၁၀) တန်းစာမေးပွဲအောင်ပါတယ်၊ အင်္ဂလိပ်၊ သင်္ချာ ဂုဏ်ထူး နှစ်ဘာသာနဲ့ပါ၊ ကျနော့်ရဲ့ အောင်မြင်မှုအတွက်
အင်မတန်ဂုဏ်ယူတဲ့ ကျနော့်ဖေဖေ ဦးကျော်ရှိန်က အဲဒီနေ့က ကျနော့်ကို သူနဲ့အတူ အလုပ်ကိုခေါ်သွားပါတယ်၊
အလုပ်ဆိုပေမည့် ဖေဖေ့မှာ ရုံးခန်းအတည်တကျမရှိပါ၊ ဖေဖေက
မြို့နယ်သတင်းထောက်မို့လို့ မနက်ဆိုရင် တောင်ဥက္ကလာပမြို့နယ်၊ စာတိုက်လမ်းဆုံ၊ သုမင်္ဂလာလမ်းပေါ်က
မြို့နယ်ရဲစခန်းကို အရင်ဝင်ပြီး စိတ်ဝင်စားစရာ အမှုအခင်းအခြေအနေကို ရဲအရာရှိများထံ စုံစမ်းမေးမြန်းပါတယ်၊
ပြီးမှ ရဲစခန်းနဲ့ ကပ်ရက်က မြို့နယ်အဖွဲ့အစည်းများစုပေါင်းရုံးကို သွားပါတယ်၊ မြို့နယ်ရုံးမှာက
မြို့နယ်ကောင်စီ၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဥပဒေရုံး၊ တရားရုံး၊ စည်ပင်သာယာ၊ အခွန်၊
မှတ်ပုံတင် စတဲ့ မြို့နယ်အဆင့် အစိုးရ အဖွဲ့အစည်းတွေ စုပေါင်းရုံးစိုက်ပါတယ်၊ အထူးသဖြင့်
မြို့နယ်တရားရုံးတွေရှိလို့ နေ့စဉ် အမှုစစ်ရာကို လာကြတဲ့ တရားလိုတွေ၊ တရားခံတွေ၊ ရှေ့နေတွေ၊
မိသားစုဝင်တွေနဲ့ သူတို့ကိုအမှီပြုပြီးပေါ်ပေါက်လာတဲ့ လက်နှိပ်စက်လုပ်ငန်းတွေ၊ လဘက်ရည်ဆိုင်တွေနဲ့
စည်ကားလှပါတယ်၊ ဖေဖေတို့သတင်းထောက်တွေနဲ့ ရှေ့နေတွေက လက်နှိပ်စက်ရိုက်သူ ဦးဝေလွင်ရဲ့
ဆိုင်ခန်းမှာ စုဝေးလေ့ရှိကြပါတယ်၊ အဲဒီနေရာလေးမှာပဲ အမှုအခင်းတွေ၊ သတင်းတွေကို လေ့လာပြီး
နေ့လည်လောက်မှာ သတင်းရေး၊ ပြီးရင် မြို့ထဲကိုထွက်ပြီး သတင်းစာတိုက်ကို သတင်းသွားပို့ရပါတယ်၊
အဲဒီနေ့က မြို့နယ်ရုံးမှာ တွေ့သမျှ သူ့မိတ်ဆွေတွေကို သူ့သားရဲ့
အောင်မြင်မှုကို ကြွားလို့ မဝသေးတဲ့ ဖေဖေက ကျနော့်ကို သူနဲ့အတူ မြို့ထဲလိုက်စေပြန်ပါတယ်၊
ကျနော်ကလည်း လိုက်ချင်ပါတယ်၊ ဘာကြောင့်ဆိုတော့ ဖေဖေ့မိတ်ဆွေတွေက ကျနော့်ကို မုန့်ဘိုးပေးကြလို့ပါ၊
ဒီလိုနဲ့ ဖေဖေနဲ့အတူ သိမ်ဖြူလမ်းပေါ်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်ကို ရောက်ပါတယ်၊
အဲဒီမှာ တွေ့ရတဲ့ ဖေဖေ့မိတ်ဆွေ အယ်ဒီတာတွေ၊ သတင်းစာဆရာတွေက ကျနော့်ကို ချီးမွမ်းကြ၊
မုန့်ဘိုးပေးကြနဲ့ အဲဒီနေ့က ကျနော်အတော် ချမ်းသာတဲ့နေ့ပါ၊ ညနေစောင်းလောက်ကြတော့ ဖေဖေနဲ့အတူ
ရန်ကုန်မြို့တော်ခန်းမအနားက (၃၃) လမ်း အလယ်ဘလောက်ကို ရောက်ပါတယ်၊ ဖေဖေက အဲဒီမှာ ဖေဖေတို့
သတင်းစာဆရာတွေ၊ စာရေးဆရာတွေ စုဝေးရာနေရာတစ်ခုရှိတယ် ဆိုပြီး ခေါ်သွားတာပါ၊ မြေညီထပ်
တိုက်ခန်းကလေးရဲ့ အဝင်ဝမှာ "ခွပ်ဒေါင်းစာပေ"
ဆိုတဲ့ ဆိုင်းဘုတ်ကလေး ချိပ်ဆွဲထားတာကို တွေ့တော့ အံ့ဩကြည်နူးမိပါတယ်၊ ခွပ်ဒေါင်းဆိုတာ
ကျောင်းသားသမဂ္ဂရဲ့ သင်္ကေတပါ၊ ဒါကြောင့် ခွပ်ဒေါင်းစာပေဟာ ကျောင်းသားသမဂ္ဂနဲ့ ပါတ်သက်လိမ့်မယ်လို့
ကျနော် နားလည်မိပါတယ်၊ အခန်းထဲမှာတော့ ဖေဖေ့မိတ်ဆွေအချို့ စကားပြောနေကြပြီး ဖေဖေက သူတို့ကို
ကျနော်နဲ့ မိတ်ဆက်ပေးပါတယ်၊
ကျနော်မှတ်မိသူကတော့ ခွပ်ဒေါင်းစာပေတိုက်ရဲ့ ပိုင်ရှင်နဲ့ ဗိုလ်တစ်ထောင်သတင်းစာ အယ်ဒီတာ ဦးစိုးသိမ်း
(ခေါ်) စာရေးဆရာ မောင်ဝံသဖြစ်ပါတယ်၊ အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဟောင်း
အန်ကယ်ဦးစိုးသိမ်း (သို့မဟုတ်) စာရေးဆရာမောင်ဝံသကို ကျနော် ပထမဆုံး ဆုံတွေ့ဘူးတာပါ၊
ပြီးတော့ ကျနော်က အန်ကယ် ဘာသာပြန်ဆိုရေးသားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျား၊
အမေရိကန်သမ္မတ နစ်ဆင်၊ အစ္စရေးဝန်ကြီးချုပ် မိုရှေဒါယန်း၊ ချီလီသမ္မတ အာယန်းဒေး၊ ယူဂိုဆလပ်သမ္မတ
မာရှယ်တီးတိုး၊ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၊ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်တို့ရဲ့ အထုပတ္တိစာအုပ်တွေ၊ ရှေ့နေကြီးပယ်ရီမေဆင် ဘာသာပြန်ဝတ္ထုတွေကို ဖတ်ခဲ့ပြီး
အင်မတန်ကြိုက်နှစ်သက်သူပါ၊ အဲဒီနေ့က အန်ကယ့်ဆီက ကျနော် မုန့်ဘိုးမရပါ၊ အန်ကယ့်စာအုပ်တိုက်ကထုတ်ဝေတဲ့
စာအုပ်တွေအများကြီး ရခဲ့ပါတယ်၊
(၂)
၁၉၈၈၊ ၁၉၈၉ ခုနှစ်များ ၊ ရန်ကုန်
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ ကျနော်က
ကျောင်းသားခေါင်းဆောင်လေးတစ်ဦးဖြစ်လာပြီး အန်ကယ်ကလည်း အစိုးရသတင်းစာတိုက်ပေါင်းစုံက
အယ်ဒီတာများ၊ သတင်းစာဆရာများ၊ ပုံနှိပ်စက်ဝန်ထမ်းများကို စုစည်းပြီး မဆလအစိုးရကို ဆန့်ကျင်တဲ့
အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ ဒါ့အပြင် အဘဦးဝင်းတင်နဲ့ အတူ စာပေအနုပညာရှင်များရဲ့
စုစည်းမှုမှာလည်း ပါဝင်ဦးဆောင်ခဲ့ပါတယ်၊ ရလာဒ်ကတော့ အန်ကယ်တစ်ယောက် သတင်းစာတိုက်က အငြိမ်းစားပေးခံရပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ
ဗဟိုဦးစီးအဖွဲ့ဝင်နဲ့ တတ်သိပညာရှင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာပါပဲ၊ အရေးတော်ပုံကာလနဲ့
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အန်ကယ်နဲ့ ကျနော် သပိတ်စခန်းတွေမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ
စသည်ဖြင့် ရံဖန်ရံခါတွေ့ဆုံခဲ့ကြပါတယ်၊ ဒီအချိန်မှာတော့ အန်ကယ်က ကျနော် စစ်ထောက်လှမ်းရေးများလက်က
လွတ်အောင် ပြေးလွှားရှောင်တိမ်းရင်း ငတ်ပြတ်နေတာသိလို့ကျနော့်ကို တွေ့တိုင်း မုန့်ဘိုးပေးပါတယ်၊
ထမင်းကြွေးပါတယ်၊ လဘက်ရည်တိုက်ပါတယ်၊
(၃)
၁၉၉၀ ခုနှစ်၊ ရန်ကုန်
ကျနော်က ၁၉၈၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှာ အဖမ်းခံရပြီး
စစ်ထောက်လှမ်းရေးတပ် စစ်ကြောရေးစခန်းကတဆင့် အင်းစိန်ထောင်ကို ရောက်ပါတယ်၊ အန်ကယ်လည်း
အခြား အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့အတူ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး
အင်းစိန်ထောင်ထဲရောက်လာပါတယ်၊ အင်းစိန်ထောင်ထဲမှာ ကျနော်တို့ မဆုံခဲ့ကြပါ၊ ရွေးကောက်ပွဲမတိုင်ခင်
တစ်လလောက်အလို၊ ၁၉၉၀ ခုနှစ် ဧပြီလမှာ အန်ကယ့်ကို စစ်အစိုးရက ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲဝင်ခွင့်ရလို့ သူ့ရဲ့ ဇာတိဒေသ ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ရွေးချယ်တင်မြှောက်ခံရတယ်လို့
ကြားသိရပါတယ်၊ အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖမ်းခံရလို့ အင်အားလျော့နည်းနေတဲ့
ဗဟိုအလုပ်အမှုဆောင်ကော်မီတီကို လူစားမထိုးပဲ ဗဟိုအလုပ်အမှုဆောင်ကော်မီတီတာဝန်ကို ကိုယ်စားပြု
ဆောင်ရွက်မည့် ဗဟိုအလုပ်ကော်မီတီ (Central Working Committee) ကို အန်ကယ်ဦးကြည်မောင်ခေါင်းဆောင်ပြီး
ဖွဲ့စည်းတော့ အန်ကယ်ဦးစိုးသိမ်းလည်း ဗဟိုအလုပ်ကော်မီတီဝင်တစ်ဦး ဖြစ်လာပါတယ်၊
၁၉၉၀ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရတယ်ဆိုတော့ ထောင်ထဲက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်း
အင်မတန်ပျော်ကြတာပေါ့၊ နဝတစစ်အစိုးရက အဖွဲ့ချုပ်ကို အာဏာလွှဲပြီးတာနဲ့ ငါတို့လွတ်ပြီလို့
ယုံကြည်မှုကြီးခဲ့ကြပါတယ်၊ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဆက်ဆံရေးပြောင်းပြီး
ကောင်းဟန်ဆောင်ခဲ့ကြပါသေးတယ်၊ အဲဒီအချိန်မှာ ကျနော့်ဖေဖေက ကျနော်တို့ ထောင်ဝင်စာရက်မတိုင်မီမှာ
အဖွဲ့ချုပ်ရုံးကိုသွားပြီး အန်ကယ်ဦးစိုးသိမ်းနဲ့တွေ့၊ အခြေအနေတွေကို မေးမြန်းစုံစမ်းပြီး
ထောင်ဝင်စာနေ့မှာ အန်ကယ်ဦးစိုးသိမ်းမှာလိုက်တာတွေကို ကျနော်တို့ကို ပြန်ပြော၊ ကျနော်တို့ကလည်း
အန်ကယ်ဦးစိုးသိမ်းကတဆင့် အဖွဲ့ချုပ်ခေါင်းဆောင်တွေကို မှာချင်တာတွေကို ဖေဖေ့ကိုပြော၊
အဲဒီလိုနဲ့ ဖေဖေက ကျနော်နဲ့ အန်ကယ်ဦးစိုးသိမ်းတို့အကြား ဆက်သွယ်ရေးသမား လုပ်ပေးခဲ့ပါတယ်၊
အဲဒီအချိန်မှာ ကျနော်နဲ့ ထောင်ထဲက ကျောင်းသားတွေက ဖေဖေနဲ့
အန်ကယ်ဦးစိုးသိမ်းက တဆင့် အဖွဲ့ချုပ်ခေါင်းဆောင်များကို ပန်ကြားခဲ့တာက ၁၉၉၀ ခုနှစ်၊
ဇူလိုင်လ (၂၈) နဲ့ (၂၉) ရက်နေ့တွေမှာ ကျင်းပမည့် ဂန္ဒီခန်းမညီလာခံကနေ အဖွဲ့ချုပ်ကဦးဆောင်ပြီး
လွှတ်တော်ဖွဲ့ဖို့၊ ဒါမှမဟုတ်ရင်လည်း နဝတစစ်အစိုးရကို လွှတ်တော်အစည်းအဝေးကို ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားပြီး
ခေါ်ယူပေး ရန် ရာဇသံပေးပြီး တောင်းဆိုဖို့တွေပဲ ဖြစ်ပါတယ်၊ ဂန္ဒီခန်းမညီလာခံကျင်းပတဲ့
ရက်တွေမှာ အင်းစိန် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ မျှော်လင့်ချက်ကြီးကြီးနဲ့ တက်ကြွနေခဲ့ကြတာပါ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဒီခန်းမကြေညာစာတမ်းမှာလည်း ပြည်သူ့လွှတ်တော်ကို
၁၉၉၀ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ခေါ်ယူဖွဲ့စည်းပေးဖို့ စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်၊
ဒါပေမည့်လည်း သူတို့ထင်သလိုဖြစ်မလာတဲ့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဖို့ ပိုင်းဖြတ်ထားတဲ့
စစ်အစိုးရက အန်ကယ်ဦးစိုးသိမ်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အများအပြားကို စက်တင်ဘာလကစပြီး
ဖမ်းဆီးထောင်ချလိုက်ပါတယ်၊ ဒီလိုနဲ့ အန်ကယ်ဦးစိုးသိမ်းတစ်ယောက် အကျဉ်းထောင်ထဲ ဒုတိယအကြိမ်
ပြန်ရောက်ခဲ့ရပါတယ်၊ ၁၉၉၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှာ ထပ်မံဖမ်းဆီးခံရပြီး
ဂန္ဒီခန်းမကြေညာစာတမ်းရေးသားမှုနဲ့ စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခံရပါတယ်၊
(၄)
၁၉၉၄၊ ၁၉၉၅ ခုနှစ်များ၊ ရန်ကုန်
စစ်အစိုးရရဲ့ ခေါင်းဆောင်အပြောင်းအလဲ၊ "ရွေးကောက်ပွဲပြီးရင်
အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပြီး ကျနော်တို့ စစ်တန်းလျားကို ပြန်ပါ့မယ်"
လို့ ကတိပေးရဲခဲ့တဲ့ ဗိုလ်ချုပ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်သန်းရွှေ နဝတ ဥက္ကဋ္ဌဖြစ်လာတဲ့
၁၉၉၂ ခုနှစ်မှာ အမိန့်အမှတ် (၁၁/၉၂) နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမို့ ၁၉၉၂ ခုနှစ်၊
ဧပြီလ (၂၉) ရက်နေ့မှာ အန်ကယ်ဦးစိုးသိမ်း အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပါတယ်၊
ကျနော်ကတော့ ပြစ်ဒဏ် ထောင်လေးနှစ်ပဲကျတာမို့ ပြစ်ဒဏ်စေ့ချိန် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ
(၇) ရက်နေ့မှာ သရက်အကျဉ်းထောင်က လွတ်မြောက်ပါတယ်၊ အဲဒီနောက် ကျနော်နဲ့ အန်ကယ်ဦးစိုးသိန်းတို့
ပြန်လည်ဆုံဆည်းကြပါတယ်၊ ဒီတစ်ခါတော့ စာပေနယ်မှာပါ၊
အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပထမအကြိမ်နေအိမ်အကျယ်ချုပ်က
ပြန်မလွတ်သေး၊ အဖွဲ့ချုပ်ခေါင်းဆောင်အတော်များများက ထောင်ထဲမှာ၊ တောထဲမှာ ရှိနေပြီး
အဖွဲ့ချုပ်ဋ္ဌာနချုပ်မှာလည်း ဦးအောင်ရွှေနဲ့ ကျန်ခေါင်းဆောင်များက အဖွဲ့ချုပ်မပြိုကွဲအောင်
တည်းတည်းလေးရပ်တည်နေကြရတာပါ၊ အဖွဲ့ချုပ်ရဲ့ တရားဝင်ရပ်တည်ခွင့် မပျက်ပြယ်ရေးအတွက် ဥက္ကဋ္ဌဦးအောင်ရွှေနဲ့
လက်ကျန်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနေရဆဲပါတီခေါင်းဆောင်များ၊
တောထဲရောက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပါတီက ထုတ်ပယ်ထားပါတယ်၊ ဒါကြောင့် အန်ကယ်ဦးစိုးသိမ်းက
အဖွဲ့ချုပ်ဆီ ပြန်မသွားတော့ပဲ သူ့ရဲ့ မူလ စာအုပ်စာပေလုပ်ငန်းကိုပဲ ပြန်လည်လုပ်ကိုင်ပါတယ်၊
ဝမ်းနည်းစရာကောင်းတာတစ်ခုက စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် သူ့ရဲ့ "ခွပ်ဒေါင်းစာပေ"
ကို "ဒေါင်းစာပေ" လို့ အမည်ပြောင်းလိုက်ရတာပါ၊
ကျနော်ကလည်း ၁၉၉၃ ခုနှစ်မှာ သရက်အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက်
ဝင်ငွေရှာဖို့အတွက် မဂ္ဂဇင်းတစ်စောင်မှာ တောက်တိုမယ်ရ ဝင်လုပ်ရပါတယ်၊ ကာတွန်းဆရာအချို့အတွက်
ကာတွန်းဇာတ်လမ်းတွေ အမည်မခံပဲ ရေးပေးရပါတယ်၊ အန်ကယ်ဦးစိုးသိမ်းရဲ့ "အတွေးအမြင်"
လစဉ်ထုတ်မဂ္ဂဇင်းကလည်း အတော်အောင်မြင်ပြီး အထူးသဖြင့် အတွေးအမြင်မှာ ပင်တိုင်ရေးသားတဲ့
"ပထဝီမောင်တင်" နဲ့ "တာရာငြိမ်းချမ်း" ဆိုတဲ့ ကလောင်ရှင်နှစ်ဦးရဲ့
စာတွေကို အင်မတန်လူကြိုက်များပါတယ်၊ နောက်ကျမှပဲ "ပထဝီမောင်တင်" ဆိုတာ အဖွဲ့ချုပ်၊
ရန်ကုန်တိုင်းက အန်ကယ်ဦးသိန်းတင် (အကျဉ်းထောင်တွင်း သေဆုံး)၊ "တာရာငြိမ်းချမ်း"
ဆိုတာ အခြေခံပညာကျောင်းသားခေါင်းဆောင် မင်းဇင် (ယခု အမေရိကန်ပြည်ထောင်စု) ဆိုတာ သိရပါတယ်၊
အန်ကယ်ဦးသိန်းတင်က "တင်သိန်းမောင်" ဆိုတဲ့ အမည်နဲ့လည်း စာတွေရေးပါတယ်၊
ကျနော်အလုပ်လုပ်နေတဲ့ မဂ္ဂဇင်းရဲ့ ထုတ်ဝေသူ၊ ပိုင်ရှင်၊အယ်ဒီတာက "ပထဝီမောင်တင်"
ကို အရမ်းသဘောကျပါတယ်၊ သူ့မဂ္ဂဇင်းမှာ ပါဝင်ရေးသားစေချင်ပါတယ်၊ ကျနော်နဲ့ ရင်းနှီးမှန်းသိလို့
"ပထဝီမောင်တင်" ကို သူ့မဂ္ဂဇင်းမှာ ပါဝင်ရေးသားအောင် ဖိတ်ကြားပေးဖို့ တာဝန်ပေးတော့
ကျနော်ကလည်း လွယ်လွယ်ကူကူတာဝန်ယူခဲ့ပါတယ်၊ တစ်နေ့ (၃၃) လမ်းက အန်ကယ်ဦးစိုးသိမ်းရဲ့
တိုက်ခန်းမှာ အန်ကယ်ဦးစိုးသိမ်း၊ အန်ကယ်ဦးသိန်းတင် နှစ်ယောက်စလုံးနဲ့ ဆုံပါတယ်၊ အဲဒါနဲ့
ကျနော်က အန်ကယ်ဦးသိန်းတင်ကို ကျနော့်မဂ္ဂဇင်းထုတ်ဝေသူရဲ့ ဖိတ်ကြားချက်ကို ပြောပြတော့
အန်ကယ်ဦးသိန်းတင်က ပြုံးပြုံးလေးနဲ့ ငြင်းပါတယ်၊
အဲဒီမှာ အန်ကယ်ဦးစိုးသိမ်းက ကျနော့်ကို ပြောပါတယ်၊
"ကိုအောင်ဒင်၊ တကယ်တော့ ပထဝီမောင်တင် ဆိုတာ အန်ကယ့်ရဲ့တိုက်ပိုင်ကလောင်လေ၊ အန်ကယ့်တိုက်ပိုင်ကလောင်ကို
အန်ကယ့်ကိုခွင့်မတောင်းပဲ အခြားတိုက်မှာ ရေးဖို့ကမ်းလှမ်းတာ တကယ်တော့ မလုပ်သင့်ဘူး"
တဲ့၊ ကျနော် ခေါင်းနဘန်းကြီးသွားပါတယ်၊ အဲဒီလိုမျိုး ကျနော်မစဉ်းစားမိခဲ့ပါ၊ ကျနော်
စာပေလောကရဲ့ ကျင့်ဝတ်တစ်ခုကို ချိုးဖောက်မိလိုက်ပါပြီ၊ ချက်ချင်းပဲ ကျနော် အန်ကယ်နှစ်ယောက်စလုံးကို
အနူးအညွတ်တောင်းပန်ရပါတယ်၊ အန်ကယ်နှစ်ယောက်စလုံးက ခွင့်လွှတ်တယ်လို့ ပြောကြပါတယ်၊ သူတို့ခွင့်လွှတ်တယ်ဆိုပေမည့်
ကျနော့်ရင်ထဲမှာတော့ အပြစ်ရှိသူတစ်ယောက်ရဲ့
နာကျင်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရပါတယ်၊
အဲဒီနောက် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျနော် စင်္ကာပူနိုင်ငံကို
အလုပ်ရှာဖို့ ထွက်ခွါခဲ့ပါတယ်၊ ခရီးမထွက်ခင် အလုပ်လျှောက်ဖို့ လိုအပ်တဲ့ ကိုယ်ရေးရာဇဝင်ကို
အင်္ဂလိပ်ဘာသာနဲ့ စာစီပုံနှိပ်တော့ အန်ကယ်ကပဲ ကွန်ပြူတာစာစီပြီး ပုံနှိပ်ပေးပါတယ်၊ အခကြေးငွေလုံးဝမယူပါ၊
၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်မှာ တစ်ကြိမ်၊ မြန်မာနိုင်ငံကို ခေတ္တပြန်ရောက်ပါတယ်၊
နေရတဲ့ရက်က တိုတောင်းလွန်းလို့ အန်ကယ်နဲ့ မတွေ့နိုင်ခဲ့ပါ၊ အဲဒီနောက် ကျနော်လည်း မြန်မာပြည်ကို
ပြန်မရောက်နိုင်တော့ပါ၊
(၅)
၂၀၁၀၊၂၀၁၁ ခုနှစ်များ ၊ အမေရိကန်ပြည်ထောင်စု
တစ်ဆယ့် ငါးနှစ် ကြာခဲ့ပြီးတဲ့နောက်
၂၀၁၀ ခုနှစ်မှာ အန်ကယ်နဲ့ ကျနော် ပြန်ဆုံဆည်းခွင့်ရပါတယ်၊ ဒီတစ်ခါတော့ ကျနော်နေထိုင်တဲ့
အမေရိကန်ပြည်ထောင်စုမှာ ဆုံဆည်းကြတာပါ၊
ကျနော်တို့ မတွေ့ခဲ့ကြတဲ့ (၁၅) နှစ်အတွင်းမှာ အန်ကယ်က အကျဉ်းထောင်ထဲကို
တတိယအကြိမ်ရောက်ရှိခဲ့ပါသေးတယ်၊ ၁၉၉၆ ခုနှစ်၊ မေလ (၂၁) ရက်နေ့ကနေ ၂၀၀၁ ခုနှစ်၊ ဇွန်လ
(၁၃) ရက်နေ့အထိ ငါးနှစ်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်၊ ထောင်က ပြန်လွတ်မြောက်လာပြီးတော့
စာပေလောကထဲ ပြန်လည်ဝင်ရောက်၊ သူအကျဉ်းကျကာလတွေမှာ "အတွေးအမြင်" မဂ္ဂဇင်းကို
မှန်မှန်ဆက်ထွက်နိုင်အောင် ကြိုးစားခဲ့တဲ့ ဇနီးသည် အန်တီဒေါ်မြင့်မြင့် (သီရိဝံသ) ဆီက
စာပေတာဝန်၊ မိသားစုတာဝန်တွေကို မျှဝေကူထမ်းပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ တိုင်းပြု၊ ပြည်ပြုဆောင်းပါးတွေ
ဆက်လက်ရေးသားနေပါတယ်၊ အဲဒီအချိန်က အားကစားဂျာနယ်တွေသာ အလုံးအရင်းနဲ့ ရှိနေချိန်မှာ
"ပြည်သူ့ခေတ်" အမည်နဲ့ ရှားရှားပါးပါးနိုင်ငံရေးဂျာနယ်တစ်စောင်ကို ဆရာဖေမြင့်၊
ကိုမော်လင်းတို့နဲ့ ပူးပေါင်းပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်၊
(ဝါရှင်တန်ဒီစီ မြန်မာစားသောက်ဆိုင်တွင်၊ (ဝဲမှယာ)၊
အန်တီဒေါ်မြင့်မြင့်၊ ထိုက်ထိုက်စိုး၊ အောင်ဒင်၊ အန်ကယ်ဦးစိုးသိမ်း)
၂၀၁၀ ခုနှစ်မှာ အန်ကယ်က National Endowment for
Democracy (NED) အဖွဲ့ကြီးရဲ့ Fellow အဖြစ် ရွေးချယ်ခံရလို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ခြောက်လကြာ (၂၀၁၀ ခုနှစ်
အောက်တိုဘာလကနေ ၂၀၁၁ ခုနှစ် မတ်လအထိ) လာရောက်နေထိုင်ခဲ့ပါတယ်၊ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊
တနင်္ဂနွေနေ့တွေမှာ မေရီလန်းပြည်နယ်မှာရှိတဲ့ ကျနော့်ရဲ့ တိုက်ခန်းကလေးမှာ လာရောက်နေထိုင်ပြီး
စကားတွေအများကြီး ပြောဖြစ်ကြပါတယ်၊ အန်ကယ်က ဖေဖေ့ရဲ့ မိတ်ဆွေဟောင်းကြီး
ဖြစ်တာမို့ အန်ကယ့်ဆီက ဖေဖေ့အကြောင်းတွေလည်း ကြားသိရပါတယ်၊ အများဆုံး ပြောဖြစ်ကြတာကတော့
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ အခန်းကဏ္ဏတွေအကြောင်းပါ၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းလည်း အတော်ဆွေးနွေးဖြစ်ကြပါတယ်၊ အန်ကယ်က ထောင်ထဲမှာ
မင်းကိုနိုင်နဲ့ အခန်းချင်းကပ်ပြီး အချိန်အတော်ကြာနေခဲ့ရတော့ မင်းကိုနိုင်ရဲ့ အတည်ပေါက်နဲ့ နောက်ပြောင်ဖန်တီးပြီးပြောတဲ့ အချစ်ဇာတ်လမ်းတွေကို
သူ့မှာ ယုံခဲ့မိကြောင်းပြောလို့ ကျနော်တို့ ရီကြရပါသေးတယ်၊
(National Endowment for Democracy တွင်၊ (ဝဲမှယာ)၊
ထိုက်ထိုက်စိုး၊ အန်ကယ်ဦးစိုးသိမ်း၊ အန်တီဒေါ်မြင့်မြင့်)
(National Endowment for Democracy တွင်၊ (ဝဲမှယာ)၊
Sally Blair (Fellowship Program Director)၊ အန်ကယ်ဦးစိုးသိမ်း၊ Carl Gershman (NED President)
NED မှာ အန်ကယ် ရေးသားပြုစုတင်ပြခဲ့တဲ့ စာတမ်းက "Writing Between the Lines"
(စာကြောင်းများကြားမှာ ရေးဖွဲ့ခြင်း) လို့ အမည်ရပါတယ်၊ စစ်အစိုးရရဲ့ စာပေစိစစ်ရေးအဖွဲ့က စေ့စေ့စပ်စပ် ဆင်ဆာဖြတ်တောက်နေတဲ့ကြားက
မြန်မာနိုင်ငံက စာရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေ ပြည်သူ့အကျိုးပြုစာပေတွေကို ဘယ်လိုရေးဖွဲ့နေရသလဲ၊
အာဏာရှင်စနစ်ကို ဘယ်လိုလှောင်ပြောင်နေသလဲ ဆိုတာကို ထင်ရှားတဲ့ ဥပမာတွေနဲ့ ဖွဲ့စည်းတင်ပြတာမို့
အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတယ်၊ အန်ကယ့်ကို NED က တာဝန်ရှိသူတွေနဲ့ ဝါရှင်တန်ဒီစီအခြေစိုက်
အဖွဲ့အစည်းများက ပညာရှင်များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများက လေးစားခင်မင်ကြပါတယ်၊
(၆)
၂၀၁၂ ခုနှစ်နောက်ပိုင်းကာလများ
အန်ကယ် မြန်မာနိုင်ငံကို ပြန်သွားပြီးနောက်ပိုင်းမှာလည်း
ကျနော်တို့ အဆက်အသွယ်မပြတ်ကြပါ၊ အန်ကယ်တစ်ယောက် ရှိပြီးသား စာပေတာဝန်များအပြင် လူငယ်စာနယ်ဇင်းသမားများအတွက်
သတင်းစာပညာသင်တန်းတစ်ခုဖွင့်ပြီး ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပို့ချနေတာ ကြား
သိရပါတယ်၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကတဆင့်
အသက်ဝင်လာခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ် အစပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်၊
ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ
စတင်အသက်ဝင်လာပါတယ်၊ နှစ်ပေါင်း (၄၉) နှစ်ကြာ ပျောက်ဆုံးပြီးမှ ပြန်လည်ပေါ်ပေါက်လာတဲ့
ပါတီစုံစံနစ်နဲ့ လှုပ်ရှားတဲ့ ဥပဒေပြုလွှတ်တော်ကို ကျနော် စိတ်ဝင်တစား စောင့်ကြည့်လေ့လာပါတယ်၊
အစပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ဟာ မဆလအစိုးရရဲ့ တစ်ပါတီစံနစ်
ပြည်သူ့လွှတ်တော်နဲ့ ထူးမခြားနားဖြစ်လို့ "၁၅ မိနစ် လွှတ်တော်" လို့တောင် ကျနော်
နောက်ပြောင်ခေါ်ဆိုမိပါတယ်၊ ဒါပေမည့် ၂၀၁၁ ခုနှစ် ဩဂုတ်လလောက်လက စလို့ ပြည်ထောင်စုလွှတ်တော်ရဲ့
လှုပ်ရှားမှုတွေဟာ ပြောင်းလဲ သွက်လက်လာပါတယ်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ပြတာတွေ၊ တိုင်းပြည်အတွက်အကျိုးရှိတဲ့
ဥပဒေအချို့ ပြဋ္ဌန်းတာတွေ၊ ပြည်သူလူထုရဲ့ အသံကို နားထောင်မယ်လို့ ကြွေးကြော်တာတွေ၊ ပွင့်လင်းမြင်သာမှုရှိတာတွေ
စတင်တွေ့လာရပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကို အပြုသဘောဝေဘန်တဲ့ ဆောင်းပါးတွေ
ရေးမည်လို့ စဉ်းစားပြီး အန်ကယ့်ကို တိုင်ပင်တော့ အန်ကယ်က သဘောတူတဲ့အပြင် သူ အတိုင်ပင်ခံအယ်ဒီတာအဖြစ်
တာဝန်ယူဆောင်ရွက်နေတဲ့ "ပြည်သူ့ခေတ်" ဂျာနယ်မှာ အပါတ်စဉ်ဖော်ပြဖို့ အယ်ဒီတာအဖွဲ့နဲ့
ဆွေးနွေးပေးမယ်လို့ ပြောပါတယ်၊
ဒီလိုနဲ့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဆုံးဆောင်းပါးကို
ရေးပြီး အန်ကယ့်ဆီ ပေးပို့ခဲ့ပါတယ်၊ ကျနော်ပေးထားတဲ့ မူလအမည်က "မြန်မာနိုင်ငံ၏
ပြည်ထောင်စုလွှတ်တော်ကို လေ့လာသုံးသတ်ခြင်း" ပါ၊ ဒါပေမည့် အန်ကယ်က "မြန်မာနိုင်ငံ၏
ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့်" လို့ အမည်ပြောင်းပေးပြီး ပြည်သူ့ခေတ်ဂျာနယ်မှာ
အတွဲ (၃)၊ အမှတ် (၁၂၄)၊ ဒီဇင်ဘာ ၁၃ ရက်နေ့၊ ၂၀၁၂ ကစလို့ အပါတ်စဉ်ဖော်ပြပါတယ်၊ ဒီဆောင်းပါးတွေကို
အန်ကယ့်ရဲ့ အားပေးမှု၊ တည်းဖြတ်မှုတွေနဲ့ ရေးဖြစ်၊ ဖော်ပြဖြစ်ခဲ့တာမို့လို့ အန်ကယ့်ကို
အထူးကျေးဇူးတင်ရပါတယ်၊
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့မှာ စင်္ကာပူနိုင်ငံကို
ကျန်းမာရေးစစ်ဆေးဖို့ ရောက်နေတဲ့ အန်ကယ့်ဆီက အီးမေးတစ်စောင်ရပါတယ်၊ စင်္ကာပူဆေးရုံက အဆုတ်ကင်ဆာလို့
အတည်ပြုလိုက်ကြောင်း ကျနော့်ကို အသိပေးတာပါ၊ အဆုတ်နှစ်ဘက်စလုံးမှာပျံ့နှံ့နေပြီး ဦးခေါင်းခွံမှာပါ
ရောက်ရှိနေလို့ ဆရာဝန်များက ခွဲစိတ်ကုသခြင်းမပြုပဲ ကီမိုသရပီ (Chemo Therapy) နဲ့ ကုဖို့
ဆုံးဖြတ်ကြတယ်လို့ ပြောပါတယ်၊ ကီမိုဆေးတွေကို ခြောက်ကြိမ် (Six Cycles) သွင်းရမှာဖြစ်ပြီး
တစ်ကြိမ်ကို စင်္ကာပူဒေါ်လာ ၁၈၀၀၀ ခန့်၊ စုစုပေါင်း စင်္ကာပူဒေါ်လာ တစ်သိန်းကျော် အနည်းဆုံးကုန်ကျနိုင်တယ်လို့
ခန့်မှန်းပါတယ်၊
ကင်ဆာရောဂါသည်တစ်ယောက်အဖို့ ဒီဝေဒနာဆိုးကြီးကို ရင်ဆိုင်ရာမှာ
အရေးတကြီးလိုအပ်ချက် (၅) ခုရှိတယ်လို့ ကျနော်ယူဆပါတယ်၊ (၁) ကာယကံရှင်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊
(၂) မိသားစုရဲ့ ချစ်ခင်စည်းလုံးညီညွတ်မှု၊ (၃)
မိတ်ဆွေအသိုင်းအဝိုင်ရဲ့ ရိုင်းပင်းမှု၊ (၄) ကုသနည်းမှန်ကန်မှု နဲ့ (၅) ဆေးဝါးကုသမှုကုန်ကျစားရိတ်များအတွက်
ငွေကြေးအလုံအလောက်ရှိမှု ဖြစ်ပါတယ်၊ အန်ကယ်ကိုယ်တိုင်က စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်ပြီး
အန်ကယ့်မိသားစုဟာလည်း အန်ကယ်ကို အင်မတန်ချစ်ခင်မြတ်နိုးကြ၊ စည်းလုံးကြင်နာကြပါတယ်၊
အန်ကယ့်မှာ အင်မတန်မှ ရိုင်းပင်းကူညီတတ်တဲ့ မိတ်ဆွေတွေ၊ လေးစားကြည်ညိုသူတွေ အများကြီးရှိပါတယ်၊
ရောဂါကိုလည်း ရှာဖွေတွေ့ရှိပြီး ကုသမည့်နည်းလမ်းကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ၊ ဒီတော့
လိုအပ်ချက်က ငွေကြေးပဲဖြစ်ပါတယ်၊ ဒီလောက်များတဲ့ ငွေကြေးပမာဏကို အန်ကယ့် မိသားစု မတတ်နိုင်လောက်ပါ၊
ဒါပေမည့်လည်း အန်ကယ့်ကို ချစ်သူ၊ ခင်သူ၊ လေးစားသူများက ဝိုင်းဝန်းကူညီကြတာတွေ့ရတော့
ဝမ်းသာကြည်နူးရပါတယ်၊
အန်ကယ့်ကို လူကိုယ်တိုင် အားပေးချင်လို့ စင်္ကာပူနိုင်ငံကို
သွားဖို့ကြိုးစားပါသေးတယ်၊ ဒါပေမည့် ကျနော်က အမေရိကန်နိုင်ငံသားမဟုတ်လို့ အမေရိကန်နိုင်ငံကူးလက်မှတ်
မရှိပါ၊ ကျနော်ကိုင်ဆောင်ခွင့်ရှိတဲ့ ဒုက္ခသည်ခရီးသွားလက်မှတ်ကိုလည်း စင်္ကာပူအစိုးရက
ပြည်ဝင်ခွင့်မပေးပါ၊ ဒါကြောင့် ကျနော် အန်ကယ့်ကို လူကိုယ်တိုင် တွေ့ဆုံပြီး အားမပေးနိုင်ခဲ့ပါ၊
နောက်ဆုံးတော့ ကင်ဆာဆိုတဲ့ မိစ္ဆာဒိဌိကြီးက အင်အားကြီးမားလွန်းလို့
ကျနော်တို့ အရေးနိမ့်ခဲ့ရပါတယ်၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့မှာ အန်ကယ့်ကို ကျနော်တို့
ဆုံးရှုံးလိုက်ရပါတယ်၊
(၇)
ကင်ဆာကျဆုံးပါစေ၊
ဒီမှတ်တမ်းကို ရေးနေရင်း ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး
ပြောခဲ့ဘူးတဲ့ "ချစ်သောသူတို့ အသက်တို၏၊ မုန်းသောသူတို့ အသက်ရှည်၏" ဆိုတဲ့
စကားလေးကို အမှတ်ရမိပါတယ်၊ အမည်မမှတ်မိတော့တဲ့ ကဗျာဆရာကြီး တစ်ယောက်ရဲ့ "လူကိုသတ်တာ၊
ကင်ဆာတဲ့လား၊ ကင်ဆာ ကျဆုံးပါစေ" ဆိုတဲ့ ကဗျာတိုလေးကိုလည်း သတိရမိပါတယ်၊ ကျနော်လည်း
အန်ကယ်ဦးစိုးသိမ်းကို နှမျောတသတဲ့ စိတ်နဲ့ ဒီလို ကြွေးကြော်ချင်ပါတယ်၊
“ချစ်သောသူတို့ အသက်ရှည်ပါစေ၊
ကင်ဆာ ကျဆုံးပါစေ၊”
အောင်ဒင်
ဧပြီလ (၃)၊ ၂၀၁၄